Chapter 43
ဆောင်းဥတု၏ နေ့တာအတိုဆုံးနေ့ရက်များရောက်ရှိလာပြီ ဖြစ်သောကြောင့် နေ့ရက်တိုင်းမှာ စောစီးစွာမှောင်လေ့ရှိသည်။
အခမ်းအနားငယ်များအတွက်မူ နန်းတော်တွင်းရှိ မည်သည့်အရာမျှ လုပ်ကိုင်စရာမရှိသော သခင်မလေးများမှာ နည်းလမ်းမျိုးစုံရှာဖွေပြီး ပွဲကျင်းပလေ့ရှိသည့်အတွက် ထိုအချိန်တွင် နှစ်စဉ်နှစ်တိုင်း မင့်လွမ်နန်းဆောင်၌ လူစည်ကားနေမြဲဖြစ်သည်။ သို့သော်လည်း ယခုနှစ်တွင် ကိုယ်လုပ်တော်ရှုက ဖိတ်ကြားလွှာများအားလုံးကို ကြိုတင်ငြင်းပယ်ထားခဲ့လေသည်။
ရာသီဥတုမှာ စတင်မှောင်မိုက်လာသည်နှင့် သူမ၏နန်းဆောင်၌ ဖက်ထုပ်စားကြရန်အတွက် ကျွင်းဟွိုင်လန်တို့ကလေး၃ဦးကို အဓိကခန်းမဆောင်သို့လာရန် ခေါ်လိုက်သည်။
နန်းတော်တွင်းရှိ မိန်းမစိုးများနှင့် အပျိုတော်များမှာ ယနေ့တွင် အပြင်တွင်တာဝန်မထမ်းဆောင်ရဘဲ သူတို့အားလုံးခန်းမအတွင်း၌သာ ခစားနေကြသည်။ ကြီးကျယ်ခမ်းနားလှသော အဓိကခန်းမဆောင်မှာ ယနေ့တွင် အထူးစည်ကားနေခဲ့သည်။
သူတို့သုံးဦးဝင်ရောက်လာသည်နှင့် ကိုယ်လုပ်တော်ရှုမှ ရက်ရက်ရောရောဖြင့် အရှေ့ပင်လယ်ပုလဲများပါဝင်သည့် အိတ်တစ်အိတ်စီပေးလာခဲ့သည်။ ကျွင်းဟွိုင်လန် သိမ်းဆည်းရန်အတွက် အိတ်ကို ဖုရိထံပေးလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်
" အရီးတော် ဘယ်လိုတောင်တိုက်ဆိုင်တာလဲ လင်ဟွမ်နဲ့ကျွန်တော်တို့ဆီမှာလည်း အရီးတော်ကိုပေးဖို့အိတ်ရှိနေတယ်…"
ထိုစကားကိုကြားလိုက်ရချိန်တွင် ကိုယ်လုပ်တော်ရှုမှ သူမ၏မျက်လုံးများကိုပင့်လိုက်ပြီး ပျင်းတိပျင်းရွဲ့အမူအယာဖြင့် " ပန်ကုန်းဆီကိုယူလာခဲ့ပါဦး.. နန်းတော်ထဲမှာ ဒီရက်ပိုင်းပစ္စည်းကောင်းတွေအများကြီးမြင်ဖူးထားတာ ပုံမှန်အရာလေးတွေနဲ့တော့ ဒီအဒေါ်ကိုမလှည့်စားရဘူးနော်…"
" သေချာပေါက် ပုံမှန်အရာလေးဘယ်ဟုတ်မလဲ အရီးတော်ရဲ့…"
ကျွင်းဟွိုင်လန် ပြုံးကာ ဖုရိထံသို့ လက်လှမ်းလိုက်သည်။
ဖုရိသည်လည်း ပြုံးလျက် သူကိုင်ထားသည့်အိတ်ကို ကျွင်းဟွိုင်လန်ဆီသို့ ပေးလိုက်လေသည်။
အိတ်အပုံလိုက်ကြီးတွင် အပေါ်ဆုံးတစ်ခုမှာ သိသိသာသာပင် အားစိုက်ထားကာ ပုတီးစေ့လေးများဖြင့်တန်ဆာဆင်ထားသည်။ သို့သော်လည်း အိတ်၏ချည်ထိုးထားပုံမှာ အတော်အတန်ကြမ်းတမ်းလှပြီး ထိပ်ပိုင်းရှိချည်များမှာလည်း ရှုပ်ထွေးနေကာ တိုက်ရိုက်ပင်မကြည့်နိုင်အောင် စစ်မှန်လှသည်။
" ဒါကအရီးတော်အတွက် လင်ဟွမ်ထိုးလာပေးတာလေးပါ.. အရီးတော် တစ်ချက်ကြည့်ကြည့်မလားဟင်…" ကျွင်းဟွိုင်လန် ပြုံးလျက် အိတ်ကို ကိုယ်လုပ်တော်ရှုထံကမ်းပေးလိုက်ပြီး " သူချည်ထိုးနေတာ တော်တော်ကြာပြီလေ.. ဒါကကြည့်အကောင်းဆုံးတစ်ခုပဲရယ်…"
ရှုပ်ထွေးနေသည့်ချည်ထုံးလေးကို ကြည့်လိုက်ပြီးနောက် ကိုယ်လုပ်တော်ရှု ရုတ်တရက်ထရီမိတော့သည်။
" ချည်ထိုးထားတဲ့နည်းလမ်းကို ကြည့်ရုံနဲ့တင် ကျွင်းမိသားစုကသမီးဆိုတာ တန်းပြောနိုင်တာပဲ…"
ကိုယ်လုပ်တော်ရှု သူမခါးတွင်ချိတ်ထားသော ရွှေချည်ထိုးအမွှေးအိတ်လေးကို ဖြုတ်လိုက်ပြီး အနီးဆုံးနေရာရှိ အစေခံကိုလှမ်းပေးလိုက်ကာ " မင်းကိုဆုချတာ " ဟူ၍ပြောလိုက်လေသည်။
ထို့နောက် ကျွင်းလင်ဟွမ်ပြုလုပ်ထားသည့် အမွှေးအိတ်ကို သူမခါးတွင် ချည်လိုက်ကာ အပြုံးတစ်ပွင့်ဖြင့် " မနက်ဖြန်ကျရင်လည်း ငါဒါကိုဝတ်သွားဦးမယ်.. အဲ့ဒါဆိုရင် အရှင်မင်းမြတ်လည်း လင်ဟွမ်ရဲ့ချည်ထိုးထားတာကို ချီးမွန်းလို့ရတာပေါ့…"
" ဒီမှာနည်းနည်းရှိသေးတယ်.." ကျွင်းဟွိုင်လန် သူမ၏အပြုအမူကြောင့် ရွှင်မြူးသွားပြီး ဖုရိလက်ထဲမှကျန်ရှိသော အိတ်အားလုံးကိုယူကာ အနီးအနားမှ မိန်းမစိုးများနှင့် အပျိုတော်များကို ခွဲဝေပေးလိုက်သည်။ အောက်ဆုံးတစ်ခုကို သူ၏အင်္ကျီလက်ရှည်ထဲတွင် ဖုံးကွယ်ထားပြီး တိတ်တဆိတ်ကိုင်ထားကာ အဆုံးတွင် တျန့်ချွေး၏လက်ထဲသို့ထည့်ပေးလိုက်သည်။
" ဒါကလင်ဟွမ်ကိုယ်တိုင်လုပ်ထားတာလေ အမွှေးနံ့သာတွေကိုလည်း သူကိုယ်တိုင်ရွေးပေးထားတာ..မကြိုက်တဲ့သူမရှိရဘူးနော်…" ကျွင်းဟွိုင်လန် နောက်သလိုပြောင်သလိုဖြင့် ပြောလိုက်လေသည်။
သူ၏ဘေးမှ ကိုယ်လုပ်တော်ရှုကလည်း ပြုံးလျက်ပြောလာခဲ့သည်။
" မင်းတို့ကြားတယ်မလား အဲ့ဒါကိုနေ့တိုင်းဝတ်ဆင်ထားရမယ်နော်.. ချွတ်ရဲတဲ့သူကို နန်းတော်စည်းကမ်းအတိုင်းအပြစ်ပေးမှာ…"
ထိုအချိန်၌ နန်းတော်တစ်ခုလုံးတွင် ရယ်မောသံများဖြင့် ပြည့်နှက်သွားခဲ့သည်။ အနားတွင်ရှိနေသော မိန်းမစိုးများနှင့် အစေခံနန်းတွင်းအပျိုတော်များမှာ ကိုယ်လုပ်တော်ရှုထံမှ မြောက်များလှစွာသော လက်ဆောင်များကို ရထားပြီးဖြစ်သည့်အပြင် ယခုအချိန်တွင် သခင်မလေးကိုယ်တိုင်ပြုလုပ်ထားသော လက်ဆောင်သေးသေးကိုလည်းလက်ခံရရှိကြသည်ဖြစ်ရာ သူတို့အားလုံးပြုံးလျက် ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
" ပန်ကုန်းထင်တာတော့မင်းမှာလည်း တစ်ခုရှိမယ်ထင်တယ်…" ရုတ်တရက်ဆိုသလို ကိုယ်လုပ်တော်ရှုမှ မေးလာခဲ့သည် " မင်းရွှယ်ယန်ကိုကော တစ်ခုပေးပြီးပြီလား.."
သူမ သာမန်ပေါ့ပေါ့ပါးပါးလေသံဖြင့် တမင်တကာပြောလိုက်သော်လည်း သူမရွှယ်ယန်ကိုဂရုစိုက်ပြီး သူအနောက်တွင်ချန်ရစ်ခံရမည်ကိုစိုးရိမ်နေကြောင်း ကျွင်းဟွိုင်လန်ချက်ချင်းဆိုသလို သိလိုက်လေသည်။
" သေချာတာပေါ့ ကျွန်တော်ပေးပြီးပါပြီ…" ကျွင်းဟွိုင်လန်ပြန်ဖြေလိုက်သည်။
ကိုယ်လုပ်တော်ရှုမှာမူ သူ့ကိုစနောက်နေချင်သေးသည်။
" တကယ်လား ငါ့ကိုမလှည့်စားရဘူးနော်..ပန်ကုန်းကိုထုတ်လာပြပါဦး တစ်ချက်ကြည့်ရအောင်လို့…"
ကျွင်းဟွိုင်လန် ရယ်မောလိုက်မိသည်။ သူသည် အမွှေးအိတ်ကို နေ့တိုင်းဝတ်ဆင်သော်လည်း ရွှယ်ယန်ဝတ်ထားသည်ကိုမူ မမြင်ခဲ့ဖူးသည်ဖြစ်ရာ ကိုယ်လုပ်တော်ရှုမြင်အောင် သူမည်သို့ထုတ်ပြနိုင်မည်နည်း…
ကျွင်းဟွိုင်လန်ပြုံးလိုက်ကာ သူ၏ဘေးတွင်ရှိနေသော စကားတစ်လုံးမျှမပြောဘဲ ထိုင်နေသည့် ရွှယ်ယန်အတွက် ပြန်ဖြေပေးမည်အပြုတွင် ရွှယ်ယန်မှ သူ၏အမည်းရောင်ဝတ်ရုံကိုလှပ်ကာ အတွင်းမှ အရောင်တူအမွှေးအိတ်ကိုထုတ်၍ ကိုယ်လုပ်တော်ရှုအား ပြသလာသည်။
၎င်းမှာလည်း ထူထဲသောချုပ်ရိုးများဖြင့် အရုပ်ဆိုးသောအိတ်တစ်လုံးဖြစ်ပြီး ကောက်ယူလိုက်ချိန်တွင် အတွင်းမှ အမွှေးနံ့သာများမှာ အောက်သို့ကျဆင်းနေဆဲဖြစ်သည်။
ကျွင်းဟွိုင်လန် ကြောင်အသွားပြီး ရွှယ်ယန်ကိုကြည့်လိုက်ချိန်တွင် ထိုသူမှာ အိတ်ကိုသဘာဝကျကျပင် အတွင်းသို့ပြန်ထည့်လိုက်ပြီး သူဝတ်ဆင်ထားသည့်အရာမှာ မည်မျှအကျည်းတန်လှသည်ကို မသိသယောင်ပြုမူနေခဲ့သည်။
ကျွင်းဟွိုင်လန်၏စိတ်ထဲ၌ ရုတ်တရက်ဆိုသလို နွေးထွေးသွားလေသည်။
43.2
ထိုသူမှာ အေးစက်ကာ မသိကျိုးကျွံပြုတတ်သော်ငြားလည်း အတွင်းဘက်တွင်မူ စိတ်ထားကောင်းသူတစ်ဦးဖြစ်ကာ အခြားသူများအပေါ်တွင် တိတ်တဆိတ်ဖြင့်ဂရုစိုက်ပေးတတ်သူဖြစ်သည်။
ဖြစ်နိုင်သည်မှာ ရွှယ်ယန်သည်လည်း သူကဲ့သို့ပင် ကျွင်းလင်ဟွမ်အပေါ် ညီမငယ်လေးတစ်ဦးဖြင့် မြင်ယောင်နေခြင်းဖြစ်ရပေမည်။
အစပိုင်းတွင် နောက်ပြောင်နေခဲ့သော ကိုယ်လုပ်တော်ရှုသည်ပင် ကြောင်အသွားကာ ခဏအကြာ၌ သူမအသံမှာ အတော်အတန်နူးညံ့သွားပြီး " မင်းအဲ့လိုအရာတွေကို ဂရုစိုက်တတ်မယ်လို့ ပန်ကုန်းတကယ်မထင်မိခဲ့ဘူး…"
မကြာခင်အချိန်တွင် နန်းတွင်းအစေခံများမှာ ဖက်ထုပ်များကိုသယ်ဆောင်လာကြသည်။ ၎င်းတို့ကို ကိုယ်လုပ်တော်ရှု၏ စားဖိုဆောင်ငယ်မှပြုလုပ်ထားခြင်းဖြစ်ပြီး သေးငယ်ကာ နူးညံ့လှပ၍ လက်ရာမြောက်စွာဖန်တီးထားခြင်းဖြစ်ကာ ပန်းကန်ပြားပေါ်တွင်တည်ခင်းထားကြသည်။
နန်းတွင်းအစေခံလေးများမှ ဖက်ထုပ်နှင့်အမွှေးအကြိုင်အဆာပလာတို့ကို စားပွဲပေါ်တွင် တည်ခင်းလိုက်ကာ ဘေးတွင်ရပ်နေကြသည်။ ကိုယ်လုပ်တော်ရှုမှ ဆင်စွယ်တူကိုကောက်ယူကာ ဘေးမှလူများကိုလည်း စားရန် နှိုးဆော်လိုက်လေသည်။
" မအေးခင်အမြန်စားကြချည် အေးသွားရင်စားမကောင်းတော့ဘူး…"
ထိုသို့ပြောရင်းမှ ဖက်ထုပ်တစ်ခုကိုအရင်ကောက်ယူလိုက်ကာ ပြုံးလျက်ပြောလာခဲ့သည် " ဒီနှစ်ရဲ့စည်းမျဉ်းကတော့ မနှစ်ကအတိုင်းပဲ ကံကောင်းတဲ့သူရလိမ့်မယ်…"
ထိုအရာကိုကြားလိုက်ချိန်တွင် ကျွင်းလင်ဟွမ်သည်လည်း ပျော်ရွှင်သွားပြီး ဖက်ထုပ်တစ်ခုကို ကောက်ယူကာ ပါးစပ်ထဲသို့ ထိုးသိပ်ထည့်လိုက်လေသည်။ ထို့နောက် အပူလောင်သွားသောပါးစပ်ဖြင့် တစ်ဖူးဖူးမှုတ်ထုတ်၍ နောက်တစ်ခုကောက်ယူရန် ဟန်ပြင်လိုက်သည်။
ကျွင်းဟွိုင်လန်သည်လည်း သူမ၏အပြုအမူကြောင့် ကြည်နူးသွားရပြီး ရယ်လိုက်မိကာ သူမကိုဖြည်းဖြည်းချင်း စကားလှမ်းပြောလိုက်ချိန်တွင် သူ၏အစေခံများမှ ကျွင်းလင်ဟွမ်အတွက် အချဉ်ဆော့စ်ကို ကျွမ်းကျင်စွာရောမွှေပေးနေခဲ့သည်။
ကျွင်းမိသားစုတွင် အမြဲလို စည်းကမ်းတစ်ခုရှိလေသည်။ နှစ်စဉ်နှစ်သစ်ကူးနေ့၌ ဖက်ထုပ်လုပ်စားရာတွင် ကြေးပြားအချို့ကိုပါ ထည့်သွင်းထုပ်ပိုးထားပြီး ထိုကြေးပြားကိုရသည့်သူမှာ တစ်နှစ်လုံးအတွက်ကံကောင်းလိမ့်မည်ဟူသော ဓလေ့ပင်ဖြစ်သည်။ ထိုအရာမှာ ငွေကြေးအများအပြားရရှိနိုင်မည့်နည်းလမ်းသာဖြစ်သော်လည်း မိသားစုထဲတွင် ဖက်ထုပ်စားချိန်တိုင်း ၎င်းမှာ သက်ဝင်လှုပ်ရှားပြီး စိတ်ဝင်စားဖွယ်ကောင်းသည်ကို သင်ကြားပေးသည်လည်းဖြစ်သည်။
ယခင်ဘဝတွင်မူ ကျွင်းဟွိုင်လန်မှာ ဖက်ထုပ်စားချိန်တိုင်း အရင်ဦးဆုံးတို့ထိကြည့်တတ်ပြီး ကြေးပြားကိုထိမိသွားချိန်တွင် မသိဟန်ဆောင်ကာ ကျွင်းလင်ဟွမ်၏ပန်းကန်ထဲသို့ထည့်ပေးလေ့ရှိသည်။
ယခုဘဝတွင်လည်း အတူတူပင်ဖြစ်ပြီး ကျွင်းလင်ဟွမ်အတွက် ဟင်းခတ်အမယ်များစပ်ဟပ်ပေးပြီးချိန်တွင် ပန်းကန်ထဲသို့ဖက်ထုပ်များထည့်ကာတို့ကြည့်လိုက်သည်။
ဖက်ထုပ်မှာ နူးညံ့ပျော်ဝင်နေပြီး တစ်ချက်တို့ရုံနှင့်တင် အောက်ခြေထိမြင်နေရကာ ထိုအရာထဲတွင် ကြေးပြားမရှိသည်ကို သိလိုက်ရသည်။
ဖက်ထုပ်အနည်းငယ်ခန့်စားလိုက်ပြီးနောက် ကျွင်းဟွိုင်လန်ဖက်ထုပ်တစ်ခုကိုယူကာ အနည်းငယ်တို့ထိကြည့်ချိန်တွင် အတွင်း၌မာကျောသောကြေးပြားရှိနေသည်ကို ခံစားလိုက်ရသည်။
သူမနေနိုင်ဘဲ ပြုံးမိသွားကာ ဖက်ထုပ်ကိုကောက်ယူ၍ ကျွင်းလင်ဟွမ်၏ပန်းကန်ထဲသို့ ထည့်ပေးမည်ပြုလိုက်သည်။
ထိုအချိန်တွင် စားပွဲထောင့်၌ တစ်ဦးတည်းတည်ငြိမ်စွာ စားသောက်နေသော ရွှယ်ယန်ကို မြင်လိုက်ရသည်။
ထိုသူမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး စိတ်လှုပ်ရှားပျော်ရွှင်နေသည့်ခံစားချက်မျိုးပင် မရနိုင်တော့သည်အထိ ဖြစ်နေခဲ့ရာ ကျွင်းဟွိုင်လန်၏လက်မှာ ရပ်တန့်သွားရလေသည်။
ကျွင်းဟွိုင်လန် သူနန်းတော်ထဲသို့ စတင်ဝင်ရောက်ချိန်မှစ၍ ရွှယ်ယန့်ထံတွင် ဖြစ်ပျက်ခဲ့သောအရာများနှင့် ယနေ့ အမွှေးနံ့သာများထွက်ကျနေသောအိတ်ကို ချိတ်ဆွဲထားသည်ကို ပြန်လည်တွေးတောမိခဲ့သည်။
ယခုအချိန်တွင် သူ့ကိုမင့်လွမ်နန်းဆောင်မှ လက်ခံခဲ့သည့်တိုင် ရွှယ်ယန်မှာ သူတို့ပျားပန်းခတ်လှုပ်ရှားနေသည်ကို တိတ်ဆိတ်စွာကြည့်ရှုနေသည့်အပြင်လူတစ်ဦးနှင့်တူညီနေပြီး ယခင်ဘဝထက်ပို၍ အနည်းငယ်ကံပိုကောင်းလာသည်ဟုဆိုနိုင်သော်ငြား ထိုသူမှာ မည်သည့်နေရာတွင်မျှ မပါဝင်သကဲ့သို့ တစ်ဦးတည်း အထီးကျန်တိတ်ဆိတ်နေရမြဲသာဖြစ်သည်။
မတော်တဆအားဖြင့် ကျွင်းဟွိုင်လန် ဖက်ထုပ်ကို ရွှယ်ယန်၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
အကယ်၍သာ ကြေးပြားမှာ တစ်နှစ်စာကံကောင်းမှုကို ယူဆောင်ပေးနိုင်မည်ဆိုပါက ဆောင်းလလယ်ပွဲရှိတစ်ခုနှင့် နှစ်သစ်ကူးအကြိုည၏တစ်ခုတို့မှာ သူနှင့်လင်ဟွမ်တို့အတွက် လုံလောက်နေပြီဖြစ်သည်။
အကယ်၍သာ သူရွှယ်ယန့်ကို ကံကောင်းမှုအနည်းငယ်ပေးနိုင်မည်ဆိုလျှင် ထိုအရာမှာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဖက်ထုပ်တစ်ခုမှာ ရွှယ်ယန်၏ပန်းကန်ထဲသို့ ရုတ်တရက်ဝင်ရောက်လာခဲ့ပြီး သူမော့ကြည့်လိုက်ချိန်တွင် မျက်ခုံးများတွန့်ကွေးနေသည်အထိ တောက်ပစွာပြုံးနေသောကျွင်းဟွိုင်လန်ကို မြင်လိုက်ရသည်။
ကျွင်းဟွိုင်လန်မှ ပြောလာခဲ့သည်။
" မင်းရှေ့မှာရှိတဲ့တစ်ခုကို ဘာလို့မစားသေးတာလဲ အဲ့ဒါရဲ့အစာသွပ်ထားဝာာကတကယ်ပဲကောင်းလွန်းတယ်.. မင်းမြည်းစမ်းမကြည့်ချင်ဘူးလား…"
ရွယ်ယန် အောက်ကိုငုံ့၍ အငွေ့တစ်ထောင်းထောင်းထနေသည့်ဖက်ထုပ်ကို ကြည့်လိုက်ချိန်တွင် ထိုမင်းသားရွှယ်မှာ ချစ်ဖို့ကောင်းသည်ဟု ကျွင်းဟွိုင်လန်ခံစားမိသွားသည်။
ရွယ်ယန် ထပ်မံ၍ ကျွင်းဟွိုင်လန်ကို ကြည့်မိချိန်တွင် ထိုသူမျက်လုံးထဲတွင် ပူးပေါင်းဆောင်ရွက်ချင်မှုအနည်းငယ်ပါဝင်နေပြီး တလက်လက်တောက်ပကာ ဖက်ထုပ်ကိုစားလိုက်ရန်အတွက် မျှော်လင့်တကြီးကြည့်နေခဲ့သည်။
ကျွင်းဟွိုင်လန်မှာ ပုံမှန်အားဖြင့် သူ၏အသက်ထက်ပိုသော ရင့်ကျက်မှုမျိုးကိုသာ ထုတ်ဖော်ပြသလေ့ရှိပြီး ထိုကဲ့သို့ သက်ဝင်လှုပ်ရှားနေမှုမှာ ရှားပါးလှသဖြင့် ရွှယ်ယန်၏စိတ်များဗလာဖြစ်သွားရကာ တူကိုယူ၍ ဖက်ထုပ်ကိုပါးစပ်ထဲသို့ထည့်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ရွှယ်ယန်မျက်မှောင်ကြုတ်လိုက်သည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။
" ဘာဖြစ်လို့လဲ…" ကျွင်းဟွိုင်လန်မှ အလျင်စလိုမေးမြန်းလိုက်သည်။
ရွယ်ယန်မှာ စကားတစ်ခွန်းမှမပြောဘဲ မျက်မှောင်ကြုတ်နေခဲ့ပြီး ခဏအကြာတွင် ငွေရောင်တလက်လက်တောက်ပနေသည့် ကြေးပြားတစ်ခုကိုထွေးထုတ်လာခဲ့သည်။
" ကိစ္စမရှိပါဘူး စားတော်ချက်ကဂရုမစိုက်မိတာနေမယ်…" ရွယ်ယန် ကြေးပြားကို စားပွဲပေါ်သို့ မတင်လိုက်ခင်အထိ မျက်မှောင်ကြုတ်၍ကြည့်နေခဲ့သည်။
သို့သော် ကျွင်းလင်ဟွမ်မှ အသံကိုလျော့၍ပြောလာခဲ့သည်။
" အာ အစ်ကိုတော်မင်းသား၅ အစ်ကိုတော်တော့ကံကောင်းပြီ…"
ရွှယ်ယန် တုန့်ခနဲ ရပ်တန့်သွားပြီး " ဘယ်လိုကံကောင်းခြင်းမျိုးလဲ…"
ကျွင်းလင်ဟွမ် ကြေးပြားကို ညွှန်ပြလိုက်ကာ " အဲ့ဒါလေ…"
ဘေးမှ ကိုယ်လုပ်တော်ရှုသည်လည်း အပြုံးတစ်ပွင့်ဖြင့် ဝင်၍ရှင်းပြလိုက်သည်။
" အဲ့ဒါက ပန်ကုန်းတို့မိသားစုဓလေ့လေ.. ဖက်ထုပ်တွေထဲမှာ ကြေးပြားထည့်ပြီးထုပ်ကြတာ… ကြေးပြားကိုရတဲ့သူက နောက်လာမဲ့နှစ်မှာကံကောင်းမယ်ဆိုတဲ့အယူရှိတယ်…"
ရွှယ်ယန် ရပ်တန့်သွားပြီး စားပွဲပေါ်မှ ကြေးပြားကို လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် ကျွင်းဟွိုင်လန်၏စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်ကို ကြားလိုက်ရသည်။
" အာ အထဲမှာကြေးပြားရှိနေမယ်မှန်းသာသိရင် မင်းကိုမပေးပဲစားလိုက်ပါတယ်…"
ရွှယ်ယန်မျက်လုံးပင့်ကာ ကျွင်းဟွိုင်လန်ကို ကြည့်လိုက်ချိန်တွင် ကျွင်းဟွိုင်လန်၏မျက်လုံးများမှာ စိတ်ပျက်နေသည့်ပုံပြနေသော်လည်း တောက်ပစွာပြုံးနေသည်ကိုမြင်လိုက်ရသည်။
ဒေါင်းငယ်လေးမှာ သူ၏ပန်းကန်ထဲသို့ ကံကောင်းမှုကို တမင်တကာထည့်ပေးလိုက်ခြင်းဖြစ်ရပေမည်။
ရွယ်ယန်မှာ ဗုဒ္ဓနှင့်နတ်ဘုရားများကိုပင် မယုံကြည်သူဖြစ်ရာ ထိုကဲ့သို့ ကံကောင်းမှုလှည့်ကွက်သေးသေးလေးအား ပို၍မယုံကြည်ချေ။
သို့သော်လည်း ကျွင်းဟွိုင်လန်၏တောက်ပစွာပြုံးနေသည့်မျက်လုံးများကိုကြည့်လိုက်ချိန်တွင် ထိုသူမှာ ကြေးပြားမှကံကောင်းမှုများကိုယူဆောင်လာပြီး သူ့ထံပေးအပ်မည်ကို အလိုရှိနေကြောင်း ရွှယ်ယန်သိလိုက်ရသည်။
သူနှင့်တွေ့ဆုံရသည်ကပင် ရွယ်ယန်အတွက် ကံကောင်းမှုကြီးတစ်ခုဖြစ်နေကြောင်းကို ဒေါင်းငယ်လေးမသိခဲ့ခြင်းပေလော… အဘယ့်ကြောင့် ကြေးပြားပါထပ်ပေါင်းပေးလာရသည်နည်း…
ဘေးတွင်ရှိနေသည့် ကိုယ်လုပ်တော်ရှုမှ ရယ်လျက် ကျွင်းဟွိုင်လန်၏နဖူးကိုလက်ဖြင့်တောက်လိုက်ပြီး " မင်းဘာလို့အဲ့လောက်ကပ်စေးနည်းရတာလဲနော်..ပေးပြီးမှနောင်တရတယ်ပေါ့… အဲ့ဒါကရွှယ်ယန်ရဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီနော် ဒါဘယ်လိုမှတိုက်ဆိုင်မှုမဟုတ်ဘူး.."
ကျွင်းလင်ဟွမ်သည်လည်း နားလည်သယောင်ဖြင့် ခေါင်းငြိမ့်လိုက်ကာ " အစ်ကိုကြီး ကပ်စေးမနည်းသင့်ဘူးနော်…"
အခန်းတွင်းအလွန်နွေးထွေးနေသည်။ လူများရှုပ်ထွေးနေကြသည့်အခန်းထဲတွင် အခြားသူများ၏မျက်နှာပေါ်မှ အပြုံးများကို ကြည့်၍ ရွှယ်ယန်အနည်းငယ်မိန်းမောနေခဲ့လေသည်။
Xxxxxxxx