အပိုင်း ၄၄
Viewers 15k

Chapter 44


သူသည် ရှုတ်ချမှုနှင့် အေးစက်မှုကို ကျင့်သားရနေခဲ့ပြီး တောက်ပသောကမ္ဘာမှ သူ့ကို လက်ခံနိုင်မည်ဟု မည်သည့်အချိန်ကမှ မတွေးခဲ့မိပေ။


ထိုအရာအားလုံးမှာ ကျွင်းဟွိုင်လန်မှပေးအပ်ခဲ့ခြင်းဖြစ်သည်ကိုလည်း သူသိရှိနေခဲ့သည်။


ကိုယ်လုပ်တော်ရှု၏အဓိကခန်းမဆောင်မှာ အလွန်လှပတင့်တယ်ကာ ကျောက်စိမ်းများ၊ပုလဲများနှင့် ရွှေရောင်ခြယ်သထားမှုတို့ကြောင့် ကျွင်းဟွိုင်လန်၏အပြုံးမှာ ပို၍ပင် ထွန်းလင်းတောက်ပနေကာ သူ၏ပုံရိပ်သည် ရွှယ်ယန်၏နှလုံးသားထဲတွင် စူးရှစွာငြိတွယ်သွားခဲ့သည်။


သူ၏နှလုံးခုန်သံမှာ ကျယ်လောင်စွာ ကခုန်နေပြီး သူ့နားစည်ကို လိုက်လျောညီထွေစွာ ပဲ့တင်ထပ်စေကာ  ရင်ဘတ်ထဲတွင် စိမ့်ဝင်နေသည့် နွေးထွေးသော စိတ်ခံစားမှုတစ်ခုမှ ရွှယ်ယန်၏သွေးများကို ယခင်ကထက် ပို၍ပူနွေးလာစေသည်။


မသိစိတ်ကြောင့် လက်ထဲတွင်ရှိနေသည့် ကြေးပြားလေးကို ရွှယ်ယန် တင်းတင်းဆုပ်ကိုင်သွားမိခဲ့သည်။


၎င်းမှာတစ်စုံတစ်ခုပိုင်ဆိုင်ချင်စိတ်ကို တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားရန် သူ့စိတ်ထဲရှိ ရုတ်တရက်ဖြစ်ပေါ်လာသော တွန်းအားကို သက်သာစေပုံပင်။


.....


ရွှယ်ယန် အနောက်ဘက်ခန်းမဆောင်သို့ ‌ပြန်ရောက်လာချိန်တွင် ညနက်နေပြီဖြစ်သည်။


မီးအိမ်အနားတွင် တစ်ယောက်တည်းထိုင်နေပြီး လက်ထဲမှ ကြေးနီဒင်္ဂါးလေးဖြင့် ေဆာ့ကစားနေသည်။


၎င်းက သာမန်ကြေးနီပြားလေးသာဖြစ်ပြီး အပေါ်တွင် " ချင်းဖျင်တုန်းပေါင်" ဟူသည့် စာလုံးရေးထွင်းထားကာ မီးအိမ်အောက်တွင် အရောင်က မှုန်မှိုင်းနေသည်။ 


သို့သော်လည်း သူ့အကြည့်များက ဒင်္ဂါး၏အပေါ်ပိုင်းမှ အကြည့်မလွှဲသွားခဲ့ပေ။ 


ကျင်းပေါင်က သူ့ကိုမနှောင့်ယှက်ရဲပဲ သူ့အမူအရာကို ရံဖန်ရံခါ ချောင်းကြည့်နေသည်။


ရွှယ်ယန်၏ မျက်တောင်ရှည်များက မီးရောင်အောက်တွင် ကော့ညွတ်နေပြီး မျက်လုံးများက တည်ငြိမ်ကာ နက်ရှိုင်းနေသော်လည်း ကျင်းပေါင်က သူ မည်သည်ကို တွေးနေသည်အား မခန့်မှန်းနိုင်ဖြစ်နေသည်။


သို့ဖြစ်၍ ကျင်းပေါင် အပြင်သို့ထွက်လာပြီး ကိုယ်လက်သန့်စင်ရန်အတွက် ရေနွေးသွားယူလိုက်သည်။


သူ ထွက်သွားပြီး မကြာမီမှာပင် ပြန်ရောက်လာသည်။


 တံခါးဖွင့်သံကြောင့် ရွှယ်ယန်မျက်ခုံးပင့်ပြီး လှမ်းကြည့်လိုက်သည့်အခါ ကျင်းပေါင်က တံခါးဝတွင် တွန့်ဆုတ်စွာ ရပ်နေသည်ကို မြင်လိုက်ရသည်။


" ပြောစရာရှိလို့လား..."


ရွှယ်ယန်၏ အမူအရာက ဂရုမစိုက်သကဲ့သို့ပင်ဖြစ်နေပြီး လက်ထဲမှ ဒင်္ဂါးကိုသာ ပြန်စိုက်ကြည့်နေသည်။


" သခင် မင့်လွမ်နန်းဆောင်အပြင်ဘက်မှ ရှောင်ဝေ့ဇီရောက်နေပါတယ်... အရှင့်သားကို မြို့စားမင်းက တွေ့ချင်တယ်လို့ ပြောပါတယ်..."


ရွှယ်ယန် ရပ်တန့်သွားပြီး မျက်လုံးလှန်ကြည့်လိုက်သည်။


ကျင်းပေါင်က တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။ 


" အရှင့်သား ဘေးဘက်တံခါးက ထွက်လာရင်တော့ ဘယ်သူမှ သတိမပြုမိလောက်ဘူးလို့ ပြောပါတယ်... သခင် ဖြစ်နိုင်တာက..."

    

ထိုသို့ပြောနေစဉ်မှာပင် ရွှယ်ယန်၏အကြည့်ကြောင့် ဘာဆက်ပြောရမည်မသိဖြစ်သွားသည်။


ရွှယ်ယန် မျက်ခုံးပင့်လိုက်ပြီး သူ့ကို သင်္ကာမကင်းစွာ ကြည့်လိုက်သည်။


" မင်း ဘာလို့ အဲ့လောက်တောင် ကြောက်နေရတာလဲ..."


ကျင်းပေါင် ထိုစကားများကိုကြားသည့်အါ တောင့်မထားနိုင်တော့ပေ။ သူ့ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ ငိုလုဆဲဆဲဖြစ်လာသည်။ 


" ဒီအစေခံက သူ့ကိုနောက်ယောင်ခံလိုက်မိလို့ သူ သခင့်ကို ရှာတွေ့သွားတာပါ... သခင် မသွားသင့်ပါဘူး... လူသတ်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူတို့ဘာသာသူတို့ လုပ်ပါစေ..."


ထိုစကားများပြောနေစဉ်မှာပင် ကျင်းပေါင်က ငိုတော့မည်ဖြစ်သည်။ 


ရွှယ်ယန်က မျက်နှာသေဖြင့်သာ နေသည်။ စားပွဲမှ ထလာပြီးနောက် ဝတ်ရုံကိုယူလိုက်ပြီး အပြင်သို့ထွက်သွားစဉ်တွင် ဝတ်လိုက်သည်။ တံခါးနားတွင် ဒူးထောက်နေသည့် ကျင်းပေါင်နားမှ ဖြတ်လာစဉ်တွင် သူ့တင်ပါးကို ဖြတ်ကန်လိုက်ပြီး တံခါးကိုပိတ်နေ၍ ဖယ်ရန် ပြောလိုက်သည်။


" အချိန်တွေ ဘယ်လောက်တောင်ကြာပြီလဲ မင်းက ကြောက်နေတုန်းလား... "


ရွှယ်ယန်က ခါးပတ်ကြိုးချည်နေစဉ်တွင် ကျင်းပေါင်ကို ငုံ့ကြည့်လိုက်သည်။


" ငိုမနေနဲ့တော့ ဒါက သတင်းကောင်းပဲကို..."


ကျင်းပေါင် ကြောက်လန့်တကြားဖြင့် မျက်ရည်များသုတ်လိုက်သည်။ ထိုစကားကြောင့် မျက်ရည်များဝဲနေသည့် မျက်လုံးများဖြင့် မော့ကြည့်လိုက်သည့်အခါ သူ့သခင်၏ ပယင်းရောင်မျက်ဝန်းများနှင့် ဆုံတွေ့သွားသည်။


ထိုမျက်ဝန်းများက အေးစက်၍ တည်ငြိမ်နေသော်လည်း အတွင်းတွင် မီးတောက်များ လောင်ကျွမ်းနေပြီး သူ့အပြုံးများကိုလည်း ထိန်းချုပ်ထားသည်။


" ဘယ်လို ကောင်းတဲ့ကိစ္စများပါလိမ့်..."

ကျင်းပေါင် ပဟေဠိဖြစ်သွားသည်။


ရွှယ်ယန် ဝတ်ရုံရှည်ကို လွှမ်းခြုံလိုက်ပြီး အပြင်ဘက်မှ ညအမှောင်ထုကို လှမ်းကြည့်လိုက်သည်။


သူ့ နှုတ်ခမ်းများတွန့်ကွေးပြီး ကျင်းပေါင်ကို ငုံ့ကြည့်လိုက်သည်။

" သိပ်မကြာတော့တဲ့ အနာဂတ်မှာ တုန်းချန်ကိုအုပ်ချုပ်တဲ့လူက မင်းဆီမှာ ဒူးထောက်ပြီး ခစားရတော့မှာ... အဲဒါက သတင်းကောင်း မဟုတ်ဘူးလား..."


ကျင်းပေါင် အလွန်ကြောက်လန့်သွားသဖြင့် သူ့ ကျောက်ကပ်ပင် တုန်ယင်လာသည်ဟု ထင်ရသည်။ 


သူ့သခင် စိတ်မမှန်တော့တာများလား...


သူ အမြန်ထလာပြီး သူ့သခင်ကို ရူးနှမ်းသည့်စကားများပြောနေခြင်းမှ တားမြစ်ရန် ပြင်လိုက်သော်လည်း ရွှယ်ယန်က ညအမှောင်ထုထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။


ကျင်းပေါင် သေချာမမြင်လိုက်ရသော်လည်း ရွှယ်ယန် တံခါးမှထွက်ခွာသွားချိန်တွင် ကြေးနီဒင်္ဂါးကို အင်္ကျီထဲပြန်ထည့်ထားသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။


    ——


ရွှယ်ယန် မှန်းဆထားသည့်အတိုင်း မင့်လွမ်နန်းဆောင်၏ဘေးဘက်တွင် လမ်းကျဉ်းတစ်ခုရှိပြီး ထိုနေရာတွင် မိန်းမစိုးအဝတ်အစားများ ဝတ်ဆင်ထားသည့် လူနှစ်ယောက် ရပ်နေသည်။


ဆောင်းရာသီလယ်သို့ရောက်ရှိလာပြီဖြစ်၍ အလွန်အေးစက်နေကာ နန်းတွင်းထဲမှ အအေးကြောက်သူများ ပျင်းရိနေကြချိန်လည်းဖြစ်သည်။  ထို့အပြင် ယနေ့ ဆောင်းယဉ်စွန်းတန်းအချိန်အရ နန်းတွင်းမှအစေခံတစ်ဝက်ခန့်က ပွဲတော်အတွက် နားရက်ယူသွားကြချိန်ဖြစ်နေသည်။ တုန်းချန်အတွက်မူ ယခုချိန်က နန်းတွင်းသို့ဝင်ရန် အချိန်ကောင်ဖြစ်သည်။


သူ့ထံတွင် မီးအိမ်မပါလာ၍ အနားကပ်လာသည်အထိ သူတို့နှစ်ယောက်က သူ့ကို မမြင်ကြပေ။ ဘေးမှတစ်ယောက်က သူ့ကိုမြင်သည့်အခါ ပြေးလာသည်။

44.2


၎င်းက ရှောင်ဝေ့ဇီဖြစ်ကြောင်း ရွှယ်ယန် မူလတည်းက သိသည်။


ရှောင်ဝေ့ဇီက သူ့ကို ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။


" အရှင့်သား... ရောက်လာပါပြီလား... မိန်းမစိုးဝူက အရှင့်သားနဲ့တွေ့ဖို့စောင့်နေတာ..."


ရွှယ်ယန် ထိုနေရာကို လှမ်းကြည့်လိုက်သည့်အခါ မနီးမဝေးတွင် ရပ်နေသည့် မိန်းမစိုးအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။


အဲ့လူပဲဖြစ်ရမယ်...


ယခင်က သူ့မယ်တော်၏ သီးသန့်မိန်းမစိုးဖြစ်ခဲ့သူ ဝူရွှင်းဟိုင်က တုန်းချန်၏ အုပ်ချုပ်သူသွမ့်ချုံး၏ အလေးထားရဆုံးလက်အောက်ငယ်သားတစ်ယောက် ဖြစ်လာပြီဖြစ်သည်။


ရွှယ်ယန်၏ လှုပ်ရှားမှုများ ခဏတာရပ်တန့်သွားပြီးနောက် တွန့်ဆုတ်သည့်ပုံစံဖြစ်သွားသည်။ ထို့နောက် အရှိန်မြှင့်ပြီး သူ့ရှေ့မှလူဆီသို့ လျှောက်သွားလိုက်သည်။

  

သူ စကားမပြောနိုင်မီမှာပင် ဝူရွှင်းဟိုင်က သူ့ရှေ့တွင် ဒူးထောက်ပြီး ကြမ်းပြင်နှင့်ခေါင်းကိုထိကာ ဦးညွှတ်လိုက်သည်။ 


" အရှင့်သား... ဒီအစေခံအိုကြီးက နောက်ဆုံးတော့ အရှင့်သားနဲ့ တွေ့ရပါပြီ..."

    

ငိုကြွေးနေသည့်အသံနှင့်အတူ အက်ရှရှအသံက နန်းဆောင်၏ လမ်းကြားလေးထံတွင် ပဲ့တင်ထပ်သွားသည်။ သူ့လေသံက အမှန်ပင် ခံစားနေရသည့်ပုံပေါ်သည်။


ရွှယ်ယန်က သဘောပေါက်သည်။


အကယ်၍ တစ်စုံတစ်ယောက်ကို အသုံးချလိုပါက သူ့ရှေ့တွင် ပျော့ညံ့ဟန်ဆောင်ရမည်ဖြစ်သည်။ ထိုသို့ ကြိမ်ဖန်များစွာ လုပ်မှသာ သူ့ကို ကောင်းကောင်းအသုံးချနိုင်မည်ဟု ထင်ထားပုံရသည်။ 


သူ့ရှေ့မှလူအိုကြီးကလည်း သူ့ကို ခံစားချက်ဟောင်းများဖြင့် ချည်နှောင်ထားပြီး တုန်းချန်နှင့် ရင်နှီးကျွမ်းဝင်စေကာ သူ့ကိုနောက်ကွယ်မှ ကြိုးကိုင်တော့မည်ဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် သူတို့က ထိပ်ဆုံးနေရာသို့ ရောက်လိုသည့်လူများဖြစ်၍ ထိုသို့ထိန်းချုပ်ရာတွင်လည်း စွန့်စားရမည်ကို သိကြသည်။ သို့ဖြစ်၍ ခံစားချက်အစစ်အမှန်များကို ဟန်ဆောင်ပြသပြီး သူ့ကို ခြယ်လှယ်ရန် လိုအပ်နေသည်။


သရုပ်ဆောင်ခြင်းဆိုသည်မှာ ရွှယ်ယန်အတွက် လွယ်ကူသောအရာတစ်မျိုးဖြစ်သည်။


ရွှယ်ယန်က ကိုယ်ကိုကိုင်းညွှတ်ပြီး ဝူရွှင်းဟိုင်၏လက်မောင်းကို ဆွဲထူပေးလိုက်ပြီး တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။


 " မိန်းမစိုးဝူ ဘာလုပ်တာလဲ... မြန်မြန်ထပါ..." 


ဝူရွှင်းဟိုင်က ကြမ်းပြင်နှင့်ခေါင်းကိုထိကာ ဦးညွှတ်နေဆဲဖြစ်သည်။ သူ ငိုကြွေးလေ သူ့အသံက သနားစရာကောင်းလာလေဖြစ်ကာ တစ်ဖက်လူ၏အာရုံစိုက်မှုကို ဖိနှ်ိပ်ရန်ကြိုးစားနေပြီး အလွန်သနားစဖွယ်ပုံစံလည်းဖြစ်နေသည်။


" ကျွန်တော်မျိုးက အသုံးမဝင်ပါဘူး... ဒီအစေခံက အသုံးမကျခဲ့ပါဘူး..."


ဝူရွှင်းဟိုင် ငိုနေဆဲဖြစ်သည်။


" သခင်ငယ်လေးကို နှစ်ပေါင်းများစွာ ဒုက္ခခံစားစေခဲ့ရပါတယ်... ဒီအစေခံက သေဖို့နီးနေပါပြီ... တမလွန်မှာ ကိုယ်လုပ်တော်ရုန်နဲ့တွေ့ရင် ဘယ်လိုရင်ဆိုင်ရပါ့မလဲ..."


စကားဆုံးသည်နှင့် သူငိုကြွေးနေပြန်သည်။ သူ့ဘေးနားမှ ရှောင်ဝေ့ဇီကလည်း မျက်ရည်များသုတ်ကာ ဝမ်းနည်းနေပုံပေါ်သည်။


ရွှယ်ယန်က စိတ်ထဲတွင်သရော်နေသော်လည်း အပေါ်ယံတွင်မူ ငိုချင်စိတ်ကို ထိန်းချုပ်ထားရသည့်လေသံဖြင့် ပြောလိုက်သည်။


" ကျွန်တော် ခင်ဗျားကို အပြင်မတင်ရက်ပါဘူး... ကျွန်တော့်ကို အခုထိ မှတ်မိနေသေးတာနဲ့တင် ကျွန်တော်..."


နောက်ထပ်စကားလုံးများ ထပ်မထွက်လာတော့ပေ။ 


အဖိုးကြီးက သရုပ်ဆောင်ကောင်းလွန်းနေ၍ ရွှယ်ယန် စိတ်မရှည်ဖြစ်လာသည်။ သူ့မျက်မှာပေါ်တွင် မည်သည့်အမူအရာမှ မပြသသော်လည်း အချိန်အတော်ကြာ နှစ်သိမ့်ပြီးသည့်နောက်တွင်မူ ဝူရွှင်းဟိုင်က နောက်ဆုံးတွင် ထလာသည်။


" အရှင့်သား ကောင်းကောင်းမွန်မွန်နေရတာကို မြင်တာနဲ့တင် ဒီအစေခံ စိတ်အေးသွားပါပြီ..."


ဝူရွှင်းဟိုင်က မျက်ရည်များသုတ်ကာ ပြောလိုက်သည်။


" အရှင့်သား အရမ်းမျက်နှာငယ်နေရတယ်ဆိုတာကို ဒီအစေခံကြားရရင် စိတ်မချမ်းသာလို့ပါ..."


ရွှယ်ယန်က ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်ပြီး သူ့ကိုနှစ်သိမ့်လိုက်သည်။


" စိတ်မပူပါနဲ့ ကျွန်တော် တောင့်ခံနိုင်ပါတယ်..."


" တကယ်လို့ ကိုယ်လုပ်တော်ရုန် ရှိနေသေးတယ်ဆိုရင် အရှင့်သားရဲ့ဘဝက ဒီလိုမျိုး သနားစရာကောင်းနေမှာမဟုတ်ဘူး... ဒီအစေခံအိုကြီးက ရာထူးကြီးကြီးတော့ မဟုတ်ပေမယ့် အခု နေရာတစ်ခု ရထားပါတယ်... အရှင့်သားက ၁၆နှစ်ပြည့်ခါနီးပြီဆိုတော့ ညီလာခံတက်ရတော့မယ့်အရွယ် ရောက်လာပြီပဲ နန်းတွင်းက ကိစ္စတွေကို ဒီအစေခံ ဝင်မပါနိုင်ပေမယ့် အရှင့်သား ညီလာခံကိုဝင်မယ့်အချိန်ရောက်ရင်တော့ နောက်ကွယ်ကနေ ပံ့ပိုးပေးဖို့ အကောင်းဆုံးကြိုးစားပါ့မယ်..."


တကယ်ကိုပဲ...

ရွှယ်ယန့်စိတ်ထဲတွင် သရော်နေသည်။


ဘုရင်ရဲ့ မျက်နှာသာပေးမခံရတဲ့မင်းသားတစ်ပါးကို ကူညီတာက အချည်းနှီးဖြစ်တဲ့ တာဝန်ပဲကို ဝူရွှင်းဟိုင်က လင်းဖူရဲ့ ထိန်းချုပ်မှုအောက်မှာ သူ့အသက်ကို စွန့်စားဦးမယ်ပေါ့...

 


သို့သော်လည်း အတိတ်ကာလကမူ ထိုသို့မဟုတ်ခဲ့ပေ။ တုန်းချန်က ရာထူးကြီးမှူးမတ်များကို ခစားခဲ့ရ၍ အာဏာက အခြားသူများနှင့်ယှဉ်လျှင် နိမ့်ကျနေသော်လည်း ဂုဏ်သိက္ခာတစ်ခု ရှိနေခဲ့ပြီး မည်သည့်ကိစ္စကိုမဆို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်။ ယခုအခါတွင်လည်း သူတို့က နာမည်ကျဆင်းနေချိန်ဖြစ်၍ နန်းတွင်းထဲမှ အချစ်မခံရသည့် မင်းသားတစ်ပါးကို အသုံးချရန် ပြင်နေသည်။ အကယ်၍ တုန်းချန်က အားစိုက်ထုတ်ပြီး သူ့ကိုကူညီခဲ့ပါက သူ့အတွက် အကျိုးအမြတ်များစွာ ရနိုင်မည်ဖြစ်သည်။


သို့ဖြစ်၍ ဝူရွှင်းဟိုင်က သူ့ကို ကူညီရန် ကတိပေးလိုက်သည်။ အမှောင်ထဲတွင် တစ်ကိုယ်တည်းရုန်းကန်နေရသည့်မင်းသားကို သူတို့က မျှော်လင့်ချက်ပေးလိုက်သည်နှင့် သူတို့၏ကျေးဇူးကို မှတ်ထားလိမ့်မည်ဟု ထင်နေကြပုံပင်။

    

ရွှယ်ယန်၏စိတ်ထဲတွင် ဤသို့တွေးနေသော်လည်း မျက်နှာထက်တွင် အလွန်ကြောက်လန့်သွားသည့်အမူအရာလုပ်ပြလိုက်သည်။


" မိန်းမစိုးဝူ... ကျွန်တော် အဲ့လောက်ထိ မတွေးထားခဲ့ဖူးဘူး..."


ဝူရွှင်းဟိုင်၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးသည့် အကြည့်တစ်ခု ဖြစ်သွားသော်လည်း ၎င်းကို တခြားအမူအရာတစ်မျိုးဖြင့် အစားထိုးလိုက်သည်။ 


ထင်ထားတဲ့အတိုင်းပဲ... ဒီလိုမင်းသားမျိုးက ကိုင်တွယ်ရ အလွယ်ဆုံးပဲ...

 

သူက စကားများဖြင့် ဖြေသိမ့်လာသည်။

" အရှင့်သားရဲ့အသက်က မငယ်တော့ပါဘူး... အနာဂတ်အတွက်လည်း ကြိုတွေးသင့်နေပါပြီ... အရှင့်သားရဲ့ ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးကို အနိုင်ကျင့်ခံပြီး ကုန်ဆုံးသွားလို့မရပါဘူး... ဒီအစေခံ တမလွန်ရောက်ရင် ကိုယ်လုပ်တော်ရုန်ကို ဘယ်လိုရှင်းပြရမလဲ..."


" မိန်းမစိုးဝူပြောတာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော် ကလေးဘဝတည်းက ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာပဲ သင်လာခဲ့ရတာ... တခြားကိစ္စတွေဆို သိပ်မသိဘူး..."


သူက စိတ်မသက်မသာဖြင့် ဝူရွှင်းဟိုင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ ပယင်းရောင်မျက်လုံးများထံတွင် အံ့ဩမှုများဖြင့် ပြည့်နေသော်လည်း အမြင့်တစ်နေရာကို မျှော်မှန်းနေဆဲဖြစ်သည့် အရိပ်အယောင်များကို တွေ့လိုက်ရသည်။


ဝူရွှင်းဟိုင်က စိတ်အေးသွားပြီဖြစ်၍ သူ့ရှေ့မှမြေခွေးငယ်လေးကို အန္တရာယ်မပြုသည့်သတ္တဝါတစ်ကောင်ဟုသာ ထင်နေပြီဖြစ်သည်။


ထိုစကားများကိုကြားသည့်အခါ ဝူရွှင်းဟိုင် စိတ်ကျေနပ်သွားသည်။


သူ့မျက်မှာတွင် ချစ်ခင်သနားသောအကြည့်တစ်ခု ဖြစ်တည်လာပြီး ကြင်နာစွာပြောလိုက်သည်။


" အရှင့်သား စိတ်မပူပါနဲ့... ဒီအစေခံ အားလုံးလုပ်ပေးပါ့မယ်..."


ရွှယ်ယန်က စိတ်သက်သာရာရသွားပုံရသည်။


" ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးသွားပါပြီ... ကျွန်တော်က မိန်းမစိုးဝူကို ဒုက္ခမပေးချင်လို့ပါ..."


ဝူရွှင်းဟိုင်က မင်းသား၅ သူ့စကားကို နာခံသည်ကို မြင်သည့်အခါ အလွန် စိတ်အေးသွားပုံရသည်။ သူ့မျက်နှာထက်တွင် ဝမ်းသာသွားသည့်အပြုံးတစ်ခု ဖြစ်တည်လာကာ ပြောလိုက်သည်။


" အရှင့်သား ဘာတွေပြောနေတာလဲ... ဒီအစေခံရဲ့အသက်ကို ကိုယ်လုပ်တော်ရုန်က ပိုင်တာပါ... အခု အရှင့်သားကို အကောင်းဆုံး စောင့်ရှောက်ပေးမှ ကိုယ်လုပ်တော်ရုန်ရဲ့ ကြင်နာမှုတွေကို ပြန်ပေးဆပ်ရာရောက်မှာပေါ့..."


ရွှယ်ယန်က အလွန်ဝမ်းနည်းသွားသည့်ပုံဖြစ်သွားသည်။


" ရွှယ်ယန် အနာဂတ်မှာ ဘာပဲလုပ်လုပ် ဒီနေ့ မိန်းမစိုးဝူရဲ့ ကြင်နာမှုတွေကို မှတ်ထားပါ့မယ်..."


ဝူရွှင်းဟိုင်က မျက်ရည်များဝဲလာပြန်သည်။ ထို့နောက် သူထပ်မေးပြန်သည်။


" ဒီနေရာမှာနေတဲ့ သခင်ငယ်လေးကရော ဘယ်လိုလဲ အရှင့်သား..."


ရွှယ်ယန် စိုးရိမ်မှုကို ကွယ်ဝှက်ထားလိုက်သည်။


ထိုသို့မေးလာရသည့်အကြောင်းရင်းမှာ ရွှယ်ယန်က ကျွင်းမိသားစုမှသခင်လေးနှင့် မင်းသား၆တို့နှင့် နေ့တိုင်းလမ်းလျှောက်ထွက်လေ့ရှိ၍ သူတို့က သူငယ်ချင်းဖြစ်နေကြခြင်း ဖြစ်နိုင်ကြောင်း ရှောင်ဝေ့ဇီက စောင့်ကြည့်ပြီး နေ့တိုင်းတင်ပြနေသော‌ကြောင့်ဖြစ်သည်။ 


Xxxxxx