အပိုင်း ၄၅
Viewers 15k

Chapter 45


သို့သော်လည်း မင်းသား၅က သူတို့နှစ်ယောက်နောက်မှသာ တိတ်တဆိတ်လိုက်သွားလေ့ရှိကာ သူတို့ကလည်း မင်းသားကို အာရုံမစိုက်ကြ၍ သူ့ကို နိမ့်ကျသူတစ်ယောက်အဖြစ်သာ ဆက်ဆံသည်ဟု ထင်သွားကြ၍ ပြဿနာမရှိပေ။


နန်းတွင်းတွင် အစောင့်အကြပ်ထူပြောလှ၍ နန်းတွင်းထဲမှ နေရာအနှံ့တွင် သူလျှိုလွှတ်ထားရန် မဖြစ်နိုင်၍ အခြေအနေကို အတိအကျမသိနိုင်သော်လည်း သူ အနည်းငယ် စိုးရိမ်နေသေးသည်။


ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ ရွှယ်ယန်က သဘာဝကျကျသာနေ၍ မျက်လွှာချလိုက်ပြီး  ထိုကိစ္စကို မပြောချင်သည့်ပုံဖြစ်သွားသည်။

" ကျွန်တော့်ကို မင့်လွမ်နန်းဆောင်က ဘယ်သူမှ နေရခက်အောင် မလုပ်ပါဘူး... မိန်းမစိုးဝူ စိတ်ချပါ..."


သူ့စကားကြောင့် ၈၀%ခန့် စိတ်အေးသွားသည့် ဝူရွှင်းဟိုင်က ထပ်မံ စိတ်ပူလာပြန်သည်။


" ကိုယ်လုပ်တော်ရှု့က ကိုင်တွယ်ရလွယ်ပါတယ်... သူက မျက်နှာသာပေးခံရလို့ နန်းတွင်းထဲ အနေချောင်နေတာ..."


ရွှယ်ယန်က ပဟေဠိဖြစ်သွားသည်။

" မိန်းမစိုးဝူ..."


သူ့ပုံစံအရ မင့်လွမ်နန်းဆောင်တွင် နေရသည်မှာ အဆင်မပြေပုံရ၍ ဝူရွှင်းဟိုင်ဝမ်းသာသွားသည်။


သူက အနည်းငယ် ဂုဏ်ယူသွားပုံဖြင့် ပြောလိုက်သည်။


" သူက ဧကရာဇ်ရဲ့ မျက်နှာသာပေးခံရပေမယ့် ဘာလို့ ခုချိန်ထိ ကလေးမရသေးပါလိမ့်... သူ့ဘေးနားကလူတွေကလည်း စည်းမရှိ ကမ်းမရှိတွေချည်းပဲ..."


တုန်းချန်က နန်းတွင်းတွင် အင်အားနည်းသွားသော်လည်း နန်းတွင်းအပြင်တွင် လူယုံများ ရှိနေဆဲဖြစ်သည်။ ကိုယ်လုပ်တော်ရှု့နန်းဆောင်မှ အပျိုတော်ခေါင်းဆောင်က နန်းတွင်းသမားတော်ဆီသို့သွားကာ ယီကျဲယွီနန်းဆောင်မှလူများနှင့် လျှိုဝှက်တွေ့ဆုံနေ၍ ကောင်းသည့်ကိစ္စ မဟုတ်နိုင်ပေ။ 


သို့သော်လည်း ယီကျဲယွီက မတော်တဆဖြစ်ရပ်တစ်ခုကြောင့် တုန်းချန်နှင့် လက်တွဲဖြုတ်ခဲ့သူဖြစ်၍ သူမနှင့် ပြဿနာမဖြစ်ချင်ပေ။ ယီကျဲယွီက ဘာတွေ ကြံစည်နေပါလိမ့်...


နန်းတွင်ထဲနေပြီး ကိုယ့်ဝမ်းဗိုက်ကိုတောင် စိတ်မပူနိုင်တဲ့ အမျိုးသမီးကို ဘယ်သူက ကာကွယ်မယ်လို့ မျှော်လင့်လို့ရမှာလဲ...


ထိုအကြောင်းကိုတွေးတောသည့် ဝူရွှင်းဟိုင်မှာ ရွှယ်ယန်၏မျက်ဝန်းထဲမှ စူးစန်းရှာဖွေမှုနှင့် တွက်ချက်မှုတစ်မျိုးကို သတိမထားလိုက်မိပေ။


နှစ်သစ်ကူးအကြိုမရောက်မီ တစ်လအလိုတွင် တာ့ယုံ ဝန်းကျင်မှ တိုင်းပြည်ငယ်လေးများက ချန်အန်းမြို့သို့ တစ်ခုပြီးတစ်ခု ရောက်လာကာ ဤနှစ်အတွက် လက်ဆောင်ပဏ္ဍာများကို ဧကရာဇ်အတွက် လာရောက်ဆက်သကြသည်။


မင့်လွမ်နန်းဆောင်အတွက်မူ ဤအချိန်က တစ်နှစ်ပတ်လုံးတွင် အလှဆုံးအချိန်ဖြစ်သည်။


နန်းတော်သို့ လက်ဆောင်ပဏ္ဍာများရောက်ရှိလာချိန်တွင် ဧကရာဇ်က အခြားနန်းဆောင်များသို့ ခွဲဝေပေးလေ့ရှိသည်။ ထိုလူများထဲတွင် ကိုယ်လုပ်တော်ရှု့က လက်ဆောင်အများဆုံးရရှိသူဖြစ်သည်။ ထိုလက်ဆောင်များအတွင်းတွင် တာယုံတွင်ပင် မရှိသည့် ရှားပါးလှသောရတနာပစ္စည်းများလည်း ပါဝင်သည်။ 


ကိုယ်လုပ်တော်ရှု့က နန်းတွင်းတွင် နေထိုင်ခဲ့သည်မှာ ဆယ်နှစ်ကျော် ကြာမြင့်ပြီဖြစ်၍ ပစ္စည်းကောင်းများကို မြင်တွေရခြင်းနှင့် နေသားကျနေပြီဖြစ်သည်။ လက်ဆောင်များ ရောက်ရှိလာချိန်တွင် သူမ စိတ်တိုင်းကျ ရွေးချယ်ထားပြီး အသုံးမလိုသည့် ပစ္စည်းများကို ကလေးများကို ပေးလိုက်သည်။


အခြားနန်းဆောင်များတွင်မူ လက်ဆောင်ပဏ္ဍာများက အနည်းငယ်သာဖြစ်သည်။

  

ယီကျဲယွီနေထိုင်ရာ ယင်းချွေနန်းဆောင်က လွန်ခဲ့သည့် နှစ်နှစ်ခန့်အတွင်း သက်ဝင်လှုပ်ရှားခဲ့သည့်နေရာဖြစ်လာခဲ့သည်။ 


ယီကျဲယွီ နန်း‌တွင်းသို့ ရောက်ရှိလာပြီး မင်းသား၄ကို ဖွားမြင်ပေးခဲ့သည့်အချိန်ထိ သူမ အခြေအနေက သာမန်ကာလျှံကာမျှသာဖြစ်ခဲ့သည်။

 

သို့သော် ယခုအခါတွင်မူ ရှုမိသားစုက ညီလာခံအတွင်းတွင် မင်းကြီးမျက်နှာသာပေးခြင်းခံရသူများ ဖြစ်လာသည်။ ယီကျဲယွီ၏ အဖေကလည်း မှူးမတ်များထဲတွင် တတိယအမြင့်ဆုံးနေရာတွင်ရှိကာ လက်ယာအမတ်ကြီး ဖြစ်လာခဲ့သည်။ ထို့အပြင် ဤနှစ်များအတွင်းတွင် သူမ၏ နူးညံ့သိမ်မွေ့သော စိတ်နေစိတ်ထားကြောင့် ဧကရာဇ်က သူမကို ပို၍သဘောကျလာခဲ့သည်။ ယခုအခါတွင်မူ ကိုယ်လုပ်တော်ရှု့ပြီးလျှင် သူမက ဒုတိယမြောက် ပစားအပေးခံရဆုံးလူ ဖြစ်သည်။

   

ယနေ့တွင် တိမ်ကင်းစင်၍ နေသာလျက်ရှိသောကြောင့် ဤဆောင်းရာသီအတွင်း ရှားရှားပါးပါး ရာသီဥတုကောင်းသည့်နေ့ဖြစ်သည်ဟု ဆိုရပေမည်။ မိန်းမစိုးပေါင်းများစွာကလည်း ဧကရာဇ်၏အမိန့်အရ လက်ဆောင်များကို ယင်းချွေနန်းဆောင်သို့ ယူဆောင်လာကြသည်။

 

ယီကျဲယွီ၏အပျိုတော် ထောင်ကျစ်က ပို့ဆောင်လိုက်သည့် လက်ဆောင်စာရင်းကိုကြည့်ကာ မိန်းမစိုးများကို ဂိုဒေါင်ထဲ ထည့်ခိုင်းလိုက်ပြီးနောက် ထိုစာရင်းကိုယူ၍ ပြန်လာသည်။


ယင်းချွေနန်းဆောင်၏ ပင်မခန်းမဆောင်တွင် လက်ဖက်ရည်ကြမ်းရနံ့က မွှေးပျံ့နေပြီး ယီကျဲယွီက ပြတင်းပေါက်အနားတွင် မင်းသား၄နှင့်အတူထိုင်ကာ လက်ဖက်ရည်နှပ်နေသည်။ အနားတွင် ဗျတ်စောင်းတစ်ခုရှိပြီး ၎င်း၏ကိုယ်ထည်ကို သဖန်းပိုးစာပင်၏ အသားနှင့် ပြုလုပ်ထားသည်။ 


ထောင်ကျစ် ပြန်ရောက်လာသော်လည်း ယီကျဲယွီက မျက်လုံးလှန်မကြည့်ပဲ လက်ဖက်ရည်နှပ်နေသည်ကိုသာ တွေ့လိုက်ရသည်။


" ပို့ခဲ့ပြီလား..."


ထောင်ကျစ် ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည်။


" အရှင်မရဲ့ အမိန့်အတိုင်း အားလုံးကို ဂိုဒေါင်ထဲ ထည့်ခဲ့ပါတယ်..."


ရွှယ်ယွင်ဟုန်က ခေါင်းမော့ကာမေးလိုက်သည်။

" ခမည်းတော်က ဒီတစ်ခေါက်ရော ဘာတွေပို့လိုက်တာလဲ..."


သူ့အမေးကြောင့် ထောင်ကျစ်က အနည်းငယ် မခံမရပ်နိုင်သည့်ပုံဖြင့် ပြန်ဖြေလိုက်သည်။


" ထျန်ကျူးက သန္တာကျောက်တန်းပင်၊ ဆင်စွယ်နဲ့ထုထားတဲ့ ကွမ်ရင်မယ်တော်ရုပ်တုက ကိုယ်လုပ်တော်ရှု့ဆီ ရောက်သွားပါတယ်...  နှစ်တစ်ထောင်သစ်ပင်က ပုအာလက်ဖက်ရွက် နည်းနည်းလည်း အဲ့ကိုရောက်သွားတယ်ထင်ပါတယ်... မင်းကြီးက သူ့အတွက် လက်ဆောင်ပဏ္ဍာနည်းနည်းပဲ ချန်ထားပြီး ရှိသမျှအားလုံးကို ကိုယ်လုပ်တော်ရှု့ဆီ ပို့ပေးလိုက်တာပါ... ကျွန်တော်မျိုးမတို့က ကျောက်မျက်ရတနာနည်းနည်းနဲ့ ရွှေတွေပဲရပါတယ် ထူးဆန်းတာတစ်ခုမှ မပါပါဘူး..."

45.2


ထိုစကားများ‌ကြောင့် ယီကျဲယွီ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။


စကားဆုံးသည်နှင့် ထောင်ကျစ်က အနည်းငယ် စောဒကတက်လိုက်သည်။


" မင့်လွမ်နန်းဆောင်က အဲဒီတစ်ယောက်က လက်ဖက်ပင်တွေအကြောင်း ဘာများသိလို့လဲ... သက်သက်မဲ့ ဖြုန်းတီးနေတာပဲ..."


" ထောင်ကျစ် စကားပြောတာ သတိထားစမ်း..."

ယီကျဲယွီက လက်ဖက်ကြမ်းငှဲ့နေဆဲဖြစ်သည်။


" ငါ နင့်ကို သင်ပေးထားတာတွေ မေ့ကုန်ပြီလား... နင် အဲ့လောက် ရှေ့နောက်မကြည့်တတ်ရင် နောက်ကျ ဧကရာဇ်ရှေ့မှာ လက်လွတ်စပယ်နဲ့ပြောမိရင် ဘယ်လိုလုပ်မလဲ..."

 

ထောင်ကျစ်က ဘာမှမပြောတော့သော်လည်း သူမမျက်နှာပေါ်မှ အငြိုးထားသည့်အမူအရာက မပျောက်သွားပေ။

 

ယီကျဲယွီ မျက်နှာသာပေးခံရချိန်မှစ၍ သူမနှင့် မင့်လွမ်နန်းဆောင်မှ ကိုယ်လုပ်တော်ရှု့ကို မယှဉ်သည့်လူမရှိပေ။  သို့သော်လည်း ယီကျဲယွီက ရယူလိုစိတ်မပြင်းထန်သူဖြစ်၍ အေးအေးဆေးဆေးသာနေသည်။


" သွားလို့ရပြီ..."


ယီကျဲယွီက လက်ဖက်ရည်ကြမ်းငှဲ့နေလျက် ပြောလိုက်သည်။


ထောင်ကျစ် အရိုအသေပြုပြီးနောက် ပြန်ထွက်သွားသည်။

 

" မယ်တော်..."


သားအမိနှစ်ယောက်တည်း ခန်းမဆောင်ထဲတွင် ကျန်ရှိတော့သည့်အချိန်မှ ရွှယ်ယွင်ဟုန်က စိုးရိမ်တကြီးဖြင့် ပြောလာသည်။


  

" မယ်တော် လုံးဝ စိတ်မဆိုးဘူးလား.... မယ်တော်နဲ့ ကိုယ်လုပ်တော်ရှုက ဘာတွေများ ကွာခြားနေလို့လဲ... အဆင့်အတန့်နည်းနည်းပဲ ကွာတာလေ... သူ့အမေဘက်က မိသားစုတွေဆို ဘာမှအသုံးဝင်တာ မဟုတ်ဘူး... သူ့နန်းဆောင်မှာလည်း နတ်ဆိုးကြယ်‌ကို ခေါ်ထားသေးတာကို သူက ဘာလို့ မယ်တော့်ထက်မြင့်တဲ့နေရာမှာ ရှိနေရတာလဲ..."


ယီကျဲယွီက ဘာမှမပြောပဲ မင်းသား၄ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရှေ့မှ ခွက်ထဲသို့ လက်ဖက်ရည်ကြမ်း ငှဲ့ပေးလိုက်သည်။


ရွှယ်ယွင်ဟုန်က သူမဆိုလိုသည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။


စကားပြောရာတွက် အလျင်စလိုဖြစ်နေပါက မပြောမီတွင် လက်ဖက်ရည်ကြမ်းတစ်ခွက် သောက်ရမည်ဟူသည်မှာ ယီကျဲယွီ သူ့ကို ငယ်စဉ်ကလေးဘဝတည်းက သင်ပေးထားခဲ့သည့်စည်းမျဉ်းဖြစ်သည်။


လက်ဖက်ရည်ကြမ်းခွက်ကို ပါးစပ်နားတေ့၍ ရနံ့ကိုရှုသွင်းပြီးမှ သောက်လိုက်သည်။ တစ်ဝက်ခန့် သောက်ပြီးသည့်အခါ ခွက်ကို စားပွဲပေါ် ပြန်တင်ထားလိုက်ပြီး စကားပြန်ပြောသည့်အခါ အနည်းငယ် စိတ်တည်ငြိမ်သွားပုံရသည်။


" ဒါပေမဲ့ မယ်တော် စီစဉ်ထားသမျှတွေက ခုချိန်ထိ ဘာရလဒ်မှ မရလာဘူးလေ..."


" ဘာလို့ မရ ရမှာလဲ..."


ယီကျဲယွီက သူ့ကိုတစ်ချက်ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။


" ဒီနန်းဆောင်က သာမန် အနေအထားမှာပဲရှိပေမယ့် မင်းကြီးက  ဒီနှစ်တွေအတွင်းမှာ ရှုမိသားစုကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့ဖူးလို့လား... အခု မင်းသား၂က ၁၈ နှစ်ပြည့်ခါနီးပြီဆိုပေမယ့် သူ့ကို ရာထူးတစ်ခု ပေးသေးလို့လား... သားကိုတော့ ဧကရာဇ်က လျှို့ပုမှာ နေရာတစ်ခုပေးမယ် လို့ပြောထားတယ်..."


ရွှယ်ယွင်ဟုန်၏ မျက်လုံးများ ချက်ချင်းအရောင်လက်သွားသည်။

" မင်းကြီးက တကယ်ပဲ အဲ့လိုပြောခဲ့တာလား..."


ယီကျဲယွီ ခေါင်းငြိမ့်ပြလိုက်သည်။


" ဘယ်လို လက်ဆောင်မျိုးပဲပေးပေး  အကုန်လုံးက စိတ်ထဲက ပါတာမှမဟုတ်တာ..."


သူမ ပြတင်းပေါက်မှ တစ်ဆင့် အပြင်သို့လှမ်းကြည့်လိုက်သည်။ သူမ၏ နန်းဆောင်ဝင်းထဲတွင် မက်မွန်ပင်များစွာ စိုက်ပျိုးထားသည်။ ဆောင်းရာသီတွင် ၎င်းတို့က နှင်းများဖြင့် ဖုံးလွှမ်းနေသော်လည်း ရနံ့က အလွန်ကောင်းမွန်နေဆဲဖြစ်သည်။


" နန်းတော်ထဲက ဘယ်မိန်းကလေးကများ ဧကရာဇ်ရဲ့ ကစားစရာ မဟုတ်လို့လဲ... အာဏာနဲ့ လုပ်ပိုင်ခွင့်တွေဆိုတာလည်း ဧကရာဇ်က ပျော်နေလား မပျော်ဘူးလားဆိုတဲ့အပေါ်မူတည်တယ်... အဲ့လိုအရာတွေကို ဖမ်းဆုပ်ထားမယ့်အစား ဧကရာဇ်ရဲ့နှလုံးသားကို ဖမ်းဆုပ်ထားတာ ပိုကောင်းတယ်..."

ယီကျဲယွီက ပြုံးလိုက်သည်။


" မယ်တော်ပြောတာ မှန်ပါတယ်... ဒါပေမဲ့ မင့်လွမ်နန်းဆောင်က တစ်ယောက်ကို အမြဲတမ်းလိုလို စိတ်ကြီးဝင်နေခွင့် မပေးနိုင်ဘူး..."


ယီကျဲယွီက ခပ်ဖွဖွသာ ပြုံးလိုက်သည်။


သေချာပေါက် ထိုသို့ဖြစ်ခွင့်မပြုနိုင်ပေ။ သူမ မိသားစုက ဤရက်ပိုင်းအတွင်း စာတစ်စောင်ပေးပို့လာပြီး ကျွင်းမိသားစုက ယခုနောက်ပိုင်းတွင် ပြောင်းလဲလာပြီဖြစ်၍ သတိထားရန်လိုအပ်ကြောင်း ပြောလာသည်။


နန်းတွင်းက ယခုချိန်တွင် မငြိမ်မသက် ဖြစ်လာ၍ ဂိုဏ်းအုပ်စုတိုင်း၏ အခြေအနေကလည်း စတင်ပြောင်းလဲတော့မည်ဖြစ်သည်။


မင်းမျိုးနွယ်မိသားစုဖြစ်သော ရှုမိသားစုကလည်း ခိုင်မာသည့် အခြေခံအုတ်မြစ်ရှိသည်။ ဤနှစ်ပိုင်းအတွင်းတွင် အမတ်အများစုက ရှုမိသားစုလက်အောက်သို့ ခိုဝင်လာပြီး သူတို့အားလုံးက မင်းသား၄ကို မှီခိုလာကြသည်။ သို့သော်လည်း ဧကရီ၏နောက်ကွယ်မှ ကျန်းမိသားစုကလည်း တပည့်တပန်းပေါင်းများစွာရှိသည်။ ဆင်းရဲသည့်မိသားစုမှ သူတစ်ယောက်က နန်းတွင်းထဲ ရောက်လာသည့်အခါ သူတို့ဆရာများ၊ လက်ထောက်များ၊ မွေးရပ်မြေတူသည့်လူများကို မှီခိုရသဖြင့် အုပ်စုတစ်စုဖြစ်လာကြသည်။ ကျန်းမိသားစုနှင့် ဆက်ဆံရေးတည်ဆောက်ထားသည့်အမတ်အများစုက ဆင်းရဲသည့်မိသားစုမှ လာသူများဖြစ်ပြီး အချိန်အတော်ကြာသည့်အခါ ကိုယ်ပိုင်အုပ်စုတစ်စု ဖြစ်လာကြသည်။


ထိုပညာရှိများက အိမ်ရှေ့စံမင်းသားအကြောင်းကို ဝင်ရောက်မစွက်ဖက်ကြသော်လည်း သူတို့လက်ထဲတွင် အာဏာကို အလိုရှိကြသည့်လူများသာဖြစ်သည်။ သို့ဖြစ်၍ ဤအုပ်စုနှစ်စုက နှစ်ပေါင်းများစွာကြာမြင့်သည့်အထိ တိုက်ခိုက်လာကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အစေးမကပ်ကြပေ။


လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင်မူ ကျန်းမိသားစုနှင့် ရှုမိသားစုက သူမသာ ကိုယ်မသာဖြစ်နေခဲ့ပြီး ကျွင်းမိသားစုက ထိုကိစ္စများ၏အပြင်ဘက်‌တွင်သာ နေခဲ့သည်။ ကျွင်းမိသားစုမှ မြို့စားမင်းယုံနင်က ရာထူးနိမ့်၍ လုပ်ပိုင်ခွင့်လည်း များများစားစားမရှိသောကြောင့် ရှုမိသားစုက သူတို့ကို အတည်မယူခဲ့ပေ။ 


ယခုနှစ်တွင်မူ မိသားစုနှစ်စုကြားမှ တိုက်ခိုက်မှုက ပြင်းထန်လာခဲ့၍ ဧကရာဇ်၏ သံသယကို မြင့်တက်စေခဲ့သည်။ လစ်လပ်သောရာထူးကြီးတစ်နေရာတွင် မြို့စားမင်းယုံနင်ကို ခန့်အပ်လိုက်ပြီး သူ့ကို ကျန်းနန်သို့ပို့ကာ နန်းတွင်းစာမေးပွဲကို ကြီးကြပ်စေခဲ့သည်။


ကောဇီကျန်း ကျောင်းတော်က စတုတ္ထနေရာတွင် သာရှိသော်လည်း ၎င်းက တာ့ယုံ၏ အဆင့်မြင့်ဆုံးကျောင်းများထဲတွင်ပါဝင်ပြီး အရည်အချင်းရှိသူအများစုကလည်း ထိုနေရာမှ လာကြခြင်းဖြစ်သည်။ ထို့အပြင် ကျန်းနန်ကလည်း နန်းတွင်းစာမေးပွဲအတွက် အရေးကြီးဆုံးနေရာတစ်ခုတွင် ပါဝင်သည်။ အနာဂတ်တွင် ကျန်းနန်းတစ်ခုလုံးက မြို့စားမင်းယုံနင်အတွက် ဖြစ်သွားပြီဟုပင် ပြောနိုင်သည်။


ယုံနင်၏ အမြင်တွင် ထိုလူများက အကူအညီလိုကြသောပညာရှင်များဖြစ်ပြီး ထိုပညာရှင်များကလည်း ကျန်းမိသားစုမှလူများဖြစ်သည်။


သို့ဖြစ်၍ မြို့စားမင်းယုံနင်က ကျန်းမိသားစုဘက်သို့ ရောက်သွားပြီဖြစ်သည်ဟု ရှုမိသားစုဘက်က သတ်မှတ်လိုက်ကြသည်။


( T/N - ဒီနေရာမှာ နည်းနည်းရှုပ်သွားမှာစိုးလို့ပါ ... မြို့စားမင်းယုံနင်က နန်းတွင်းစာမေးပွဲတွေကို ကြီးကြပ်ရပြီဆိုတော့ နန်းတွင်းကိုဝင်ချင်တဲ့ပညာရှင်တွေရော နန်းတွင်းပညာရှင် ဖြစ်ပြီးသားလူတွေရောက ယုံနင်နဲ့ အဆင်ပြေအောင်နေရတော့မှာပါ၊ အဲဒီပညာရှင်တွေအများစုက ဧကရီရဲ့ ကျန်းမိသားစုဘက်ကလူတွေဖြစ်လို့ သူတို့အပြန်အလှန်ကူညီရတော့မယ်ဆိုရင် တစ်ဖက်ထဲ ဖြစ်သွားပြီဆိုတဲ့သဘောပါ mtlက ရေးတာမို့ တချို့နေရာတွေ အတိအကျမဖြစ်သွားတာပါ )


သို့ဖြစ်၍ ကျွင်းမိသားစု၏ မူလဟန်ချက်ညီမှုက ပျက်စီးသွားပြီဖြစ်သည်။

( T/N - အရင်က ဘယ်ဘက်မှ မပါပဲ ကြားနေအဖြစ်ပဲ နေခဲ့ရာကနေ ခုတော့ ကျန်းမိသားစုဘက် ရောက်သွားလို့ပါ )


သူမအဖေနှင့် အစ်ကိုဖြစ်သူက ယခင်အတိုင်း မူမပျက်နေမည်ကို ယီကျဲယွီက သိရှိပြီးဖြစ်၍ သူတို့ကို ပူပန်ရန် မလိုအပ်ပေ။ သူမ လုပ်စရာရှိသည်မှာ ဘုရင့်မောင်းမဆောင်အတွင်းမှ ကျွင်းမိသားစုဝင်တစ်ယောက်ကို ပြဿနာဖြစ်အောင်လုပ်ရန်ဖြစ်သည်။ သို့မှသာ ဧကရာဇ်က ကျွင်းမိသားစုကို စိတ်ကုန်သွားပြီး သူမဆီသို့ စိတ်ပြန်လည်လာနိုင်မည်ဖြစ်သည်။


Xxxxxxx