အပိုင်း ၄၆
Viewers 15k

Chapter 46


ဧကရာဇ်အနားတွင် နှစ်ပေါင်းများစွာနေခဲ့သည့်အတွင်း ထိုလူ၏ စိတ်နေစိတ်ထားကို သူမ သဘောပေါက်နားလည်ထားသည်။


" မောင်းမဆောင်ထဲက မိန်းမတွေကိစ္စကို သားတော် စိတ်ပူစရာမလိုပါဘူး... မင်းက ခမည်းတော်ရဲ့ သွေးသားဖြစ်တဲ့အပြင် မင်းသားအနည်းစုထဲက တစ်ယောက်ပဲလေ... သားတော်ရဲ့ အောင်မြင်မှုကို ကိုယ်တိုင်ယူမှရမှာ... သားတော် လုပ်စရာလိုတာက ခမည်းတော်ရှေ့မှာ မျက်နှာရအောင်လုပ်ပြီး သူ့ရဲ့စိုးရိမ်မှုတွေကို ဝေမျှခံစားပေးဖို့ပဲ... ကျန်တဲ့ကိစ္စတွေကို မယ်တော်နဲ့ သားတော်ရဲ့အဖိုးကို လွှဲထားရင်ရတယ်..."


ရွှယ်ယွင်ဟုန် ထိုစကားများကိုကြားသည့်အခါ ခေါင်းငြိမ့်ပြလိုက်ပြီး ရိုးသားစွာပြောလိုက်သည်။

" သားတော် သဘောပေါက်ပါပြီ... မယ်တော် စိတ်အေးအေးပဲနေပါ... သားတော်က မယ်တော်နဲ့ အဖိုးရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးအောင် မလုပ်ပါဘူး..."


ထိုအခါမှ ယီကျဲယွီ ပြုံးလိုက်ပြီး ရွှယ်ယွင်ဟုန်၏ ခွက်ထဲသို့ လက်ဖက်ရည်ကြမ်း ဖြည့်ပေးလိုက်သည်။


" မယ်တော်ရဲ့ ပုအာလက်ဖက်ရွက်တွေကို ဘယ်နေရာပို့ပို့ ကိစ္စမရှိပါဘူး... လက်ဖက်ရည်ကြမ်းငှဲ့ဖို့ကို နည်းလမ်းမှန်မှန်နဲ့ သေချာမလုပ်ဘူးဆိုရင် ဘယ်သူ့လက်ထဲရောက်ရောက် ပျက်စီးသွားမှာပဲ..."


သူမ ပြောလိုက်သည့်စကားက အဓိပ္ပါယ်များစွာ ပါဝင်နေ၍ သားအမိနှစ်ယောက်လုံး ပြုံးလိုက်ကြသည်။


––


ကိုယ်လုပ်တော်ရှု့က ခန်းမဆောင်ထဲတွင် လက်ဖက်ရည်ကြမ်းနံ့ရ၍ မျက်ခုံးများတွန့်ချိုးသွားသည်။


" ဘာလို့ အဲ့လောက်ခါးတဲ့ဟာကြီးကို တည်နေရတာတုန်း..."


သူမက သလွန်တွင်ထိုင်နေပြီး ယပ်တောင်တဖျတ်ဖျတ်ခတ်ကာ သူမ နှာသီးဖျားနားသို့ရောက်လာသည့် လက်ဖက်ရည်ကြမ်းအနံ့ကို လွင့်သွားအောင်လုပ်နေသည်။


သူမရှေ့မှ လက်ဖက်ရည်ကြမ်းတည်သည့် မီးဖိုအသေးလေးရှေ့တွင် ထိုင်နေသည်က ကျွင်းဟွိုင်လန်ဖြစ်သည်။ ကိုယ်လုပ်တော်ရှု့က တဗျစ်တောက်တောက်ပြောနေသည်ကို ကြားသောအခါ သူ ပြုံးလိုက်ပြီး ပြောလိုက်သည်။


" မင်းကြီးက ပုအာလက်ဖက်ခြောက်ကို အရမ်းသဘောကျတာလေ... သူက အရီးတော်ကို ဒီလောက်အများကြီးပေးထားတာ အရီးတော်ကို ကြင်နာလို့ပဲပေါ့ ... များများသောက်သင့်တယ်..."


ဤရက်ပိုင်းအတွင်း ကိုယ်လုပ်တော်ရှု့ ကျွင်းဟွိုင်လန်ကို ပို့ပေးထားသည့်ပစ္စည်းများက အလွန်များပြားလှ၍ တောင်ပုံရာပုံဖြစ်လုနီးပါးပင် ဖြစ်သည်။ ဤပုအာလက်ဖက်ခြောက်ကိုပင် ထိုအပုံထဲမှ ကျွင်းဟွိုင်လန် ဆွဲထုတ်လာခြင်းဖြစ်သည်။


သူ အနည်းငယ် ကူကယ်ရာမဲ့သွား၍ ကျွင်းလင်ဟွမ်ကို ပစ္စည်းအနည်းငယ်ပေးလိုက်ပြီးသည့်နောက်တွင် ကျန်ရှိနေသော ပစ္စည်းအားလုံးကို ကိုယ်လုပ်တော်ရှု့၏ ဂို‌ထောင်ထဲသို့ ပြန်ထည့်ပေးထားလိုက်သည်။


 အဘယ့်ကြောင့်ဆိုသော် သူက နွေဦးရာသီအစတွင် အိမ်ပြန်ရတော့မည်ဖြစ်သည်။ အချို့ပစ္စည်းများက နန်းတော်ထဲတွင်သာ အဖိုးတန်ပြီး အိမ်သို့ပြန်ယူသွားရန် အသုံးမဝင်ပေ။ သို့ဖြစ်၍ ကိုယ်လုပ်တော်ရှု့ကိုသာ ပြန်ပေးခဲ့ခြင်းဖြစ်သည်။ အခြားသူ‌တစ်ယောက်ယောက်ကို ပေးလိုက်ပါကလည်း အသုံးဝင်နိုင်သေးသည်။


ထိုလက်ဖက်ရွက်ကို ယွင်နန်ရှိ နှစ်တစ်ထောင်လက်ဖက်ပင်မှ ခူးယူထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် အချိန်တစ်ဆယ်ခန့်သာ ရရှိ၍ အလွန်အဖိုးတန်ကြောင်း ကျန့်ကွမ်းသဲ့က သူ့ကိုပြောပြထားသည်။


ကျွင်းဟွိုင်လန်က ကိုယ်လုပ်တော်ရှု့ သူ့ကို ပင်မခန်းမဆောင်ထဲတွင် စကားစမြည်ပြောရန် ခေါ်ချိန်ကို အသုံးချကာ သူမသောက်ရန်အတွက် လက်ဖက်ရည်ကြမ်း တည်ပေးနေခြင်းဖြစ်သည်။

  

သို့ရာတွင် ကိုယ်လုပ်တော်ရှု့က သဘောကျပုံမရသည့်အပြင် နှာမှုတ်လိုက်သည်။


" အရှင်မင်းကြီးက သူသောက်ချင်ရင် သု့ဘာသာယူထားတာမဟုတ်ဘူး... ဘာလို့ ဒီကို ပို့လိုက်တာပါလိမ့်..."


 ဤကဲ့သို့သော ဂရုစိုက်မှုမျိုးကို အခြားလူများက လိုချင်လျှင်ပင် မရရှိနိုင်ပေ။ ကျွင်းဟွိုင်လန်က မပြုံးပဲ မနေနိုင်ဖြစ်သွားပြီး လက်ဖက်ရည်ဆက်တည်နေသည်။


" အရီးတော် လက်ဖက်ရည်ကြမ်းတည်နည်းသင်ထားမယ်ဆိုရင် မင်းကြီး နောက်တစ်ခါ မင့်လွမ်နန်းဆောင်ကိုလာရင် သူ့အတွက် တည်ပေးလို့ရတာပေါ့..."


ကိုယ်လုပ်တော်ရှု့က လက်မခံပေ။


" မင်းကြီးကို ဒီမီးဖိုလေးရှေ့မှာ ရှီရှန်တစ်ဝက်စာလောက် ထိုင်စောင့်ခိုင်းရမှာလား... သူက နေမယ့်လူမဟုတ်ပါဘူး..."


ကျွင်းဟွိုင်လန် ရယ်လိုက်သည်။


" ကျွန်တော် သင်ပေးရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အရီးတော်သိသွားမှာပဲ အဲ့လောက် အချိန်မကြာတော့ပါဘူး..."


ထို့နောက် တည်ထားသည့် လက်ဖက်ရည်ကို မီးဖိုပေါ်မှယူကာ ခွက်ထဲသို့ ဖြည်းညင်းစွာ လောင်းချလိုက်သည်။


" ဒီ လက်ဖက်ရည်ကြမ်းက အရီးတော်ထင်သလောက် မခါးပါဘူး..."


ကျွင်းဟွိုင်လန်က ပြောလျက်နှင့်ပင် ကိုယ်လုပ်တော်ရှု့ထံသို့ လက်ဖက်ရည်ကြမခွက်ကို ယူသွားလိုက်သည်။ ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားပြီး ကြည်လင်သောလက်ဖက်ရည်ကြမ်းဖြင့် ပြည့်နေ၍ အနည်းငယ် ချိုမည့်ပုံပင်ပေါက်နေသည်။


" ကျွန်တော် မတည်ခင်က အခေါက်ခေါက်အခါခါ ဆေးကြောထားပါတယ်... သောက်ကြည့်ပါဦး..."


လက်ဖက်ရည်ခွက်က ရှေ့ရောက်လာသည့်အခါ ကိုယ်လုပ်တော်ရှု့က တွန့်ဆုတ်စွာဖြင့် လှမ်းယူလိုက်သည်။


ကျွင်းဟွိုင်လန်က ယခင်ဘဝတွင်လည်း လက်ဖက်ရည်ကြမ်းတည်ရာတွက် ကျွမ်းကျင်ခဲ့သူဖြစ်၍ သူ၏စွမ်းရည်ကို ယုံကြည်ချက်ရှိနေသည်။ ကိုယ်လုပ်တော်ရှု့က မျက်မှောင်ကြုတ်၍ တစ်ငုံသောက်လိုက်ပြီးနောက် ခဏအကြာတွင် မျက်ခုံးနှစ်ဖက်က ပြေလျော့သွားပြီး နေရခက်စွာပြောလိုက်သည်။


" သိပ် မဆိုးဘူးပဲ..."


လက်ဖက်ရည်ကြမ်းက အဝင်ဆိုးသည်ဟု ထင်ရသော်လည်း ခံတွင်းထဲရောက်သွားချိန်တွင် ချိုမြိန်ပြီး အရသာရှိလှသည်။


ကျွင်းဟွိုင်လန် ပြုံးပြုံးဖြင့် ပြောလိုက်သည်။


" အရီးတော် သင်ချင်လား ... ကျွန်တော် ထပ်လုပ်ပြမယ်လေ..."


ကိုယ်လုပ်တော်ရှု့က ခေါင်းမော့လိုက်ပြီး တွန့်ဆုတ်စွာပြောလိုက်သည်။

" သွားလုပ်ချေ..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြီး လက်ဖက်ရည်စားပွဲတွင် ပြန်ထိုင်လိုက်သည်။


တစ်ဝက်တစ်ပျက်သာဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် တျန့်ချွေးက အနောက်ဘက်ခန်းမဆောင်အနားတွင်ရပ်နေပြီး ကျင်းပေါင်ကို တစ်ခုခုပြောနေသည်ကို မြင်လိုက်ရသည်။

46.2


တျန့်ချွေး၏ လုပ်ရပ်များအရ သူမကို မောင်းမဆောင်ထဲမှ ကိုယ်လုပ်တော်တစ်ယောက်က ခိုင်းစေထားခြင်းဖြစ်ပြီး ရွှယ်ယန်ကို အသုံးချကာ မင့်လွမ်နန်းဆောင်တွင် ပြဿနာတစ်ခုခုဖြစ်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်ကို သူ ဝိုးတဝါးဖြင့် သိလိုက်သည်။


 ယခုအခါ နှစ်သစ်ကူးချိန်လည်း နီးကပ်လာပြီဖြစ်၍ ရွှယ်ယန်၏ အခန်းထဲတွင် ပြဿနာရှာရန် ရည်ရွယ်ထားပုံရသည်။ သို့ဖြစ်၍ နန်းဆောင်သို့ ဧကရာဇ်ရောကါရှိလာချိန်ကို ကျွင်းဟွိုင်လန်က အခွင့်ကောင်းယူကာ ဧကရာဇ်ကြည့်ရှု့ရန်တွက် ပြဇာတ်ကောင်းတစ်ခု စီစဉ်ပေးရမည်သာဖြစ်သည်။

 

ထို့အပြင် ထိုကိစ္စမတိုင်မီတွင် ဧကရာဇ်ချင်းဖျင် ကြိုတင် ရောက်ရှိနေရမည်ဖြစ်သည်။


အဲ့လိုဆိုရင်တော့ အခုလောလောဆယ် ဘာကိစ္စမှ လုပ်စရာမရှ်ိဘူးပဲ... ဒါဆိုရင်တော့ ဧကရာဇ်ချင်းဖျင်ကို လက်ဖက်ရည်ကြမ်းတည်ပေးဖို့အတွက် အရီးတော်ကို သင်ပေးနေတာပဲ ကောင်းပါတယ်လေ... အဲဒါမှ ဧကရာဇ်ချင်းဖျင်က လက်ဖက်ရည်ကြမ်းသောက်ပြီး ပြဇာတ်ကိုကြည့်နိုင်တော့မှာပေါ့...


နှစ်တစ်နှစ်၏ ဆယ့်နှစ်လမြောက်လကို ဝင်ရောက်လာပြီဖြစ်၍ နန်းတွင်းတစ်ခုလုံးတွင် နှစ်သစ်၏ အနှစ်သာရများ ထုံမွှမ်းနေသည်။


နှစ်သစ်ရောက်တိုင်းတွင် နန်းတွင်းထဲမှ ပစ္စည်းများကို အသစ်များဖြင့် လဲလှယ်လေ့ရှိသည်။ မင့်လွမ်နန်းဆောင်က စောစီးစွာပြင်ဆင်ထားပြီး လင်းလော့ပိုးထည်များဖြင့် ပစ္စည်းများကို လဲလှယ်ရန်  နှစ်သစ်၏ပထမဆုံးရက်ကို စောင့်ဆိုင်းနေရန်သာရှိတော့သည်။

 

ပစ္စည်းများ အစားထိုးပြောင်းလဲခြင်းအပြင် နန်းတွင်းဂိုဒေါင်ထဲမှ ပစ္စည်းများကိုလည်းရေတွက်ကာ စာရင်းအသေးစိတ်လုပ်ထားပြီး ၎င်းတို့ကို သပ်ရပ်သေချာစွာစီထားမှသာ ယခင်နှစ်ကို ကောင်းမွန်စွာအဆုံးသတ်နိုင်မည်ဟု ယုံကြည်ကြသည်။


သို့ဖြစ်၍ နန်းတွင်းထဲတွင် စတင် အလုပ်များနေပြီဖြစ်သည်။ အချိန်အတော်ကြာ အလုပ်ရှုပ်နေကြပြီးသည့်နောက်တွင် ဆယ့်နှစ်လမြောက်လ၏ ရှစ်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။


ယနေ့က လာ့ပါးပွဲတော်နေ့ဖြစ်၍ ဧကရာဇ်က နန်းတွင်းညီလာခံသို့ သွားစရာမလိုပေ။ နန်းတွင်းထဲမှ အမျိုးသမီးများက ဧကရာဇ်က သူတို့ကိုခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ သို့ရာတွင် မကြာမီအချိန်၌ သတင်းတစ်ခု ထွက်ပေါ်လာသည်။ ဧကရာဇ်က မည်သူ့ကိုမျှ မခေါ်ပဲ မနက်စောစောတွင် ချင်ထျန်ကျန့်ဆီသို့ မနက်စောစော ထွက်သွားသည်ဟူ၍ပင်။ 


( T/N - လာ့ပါးပွဲတော်က တရုတ်ပြက္ခဒိန်က ၁၂လမြောက်လရဲ့ ၈ရက်မြောက်နေ့မှာ ကျင်းပရတဲ့ပွဲပါ... တရုတ်နှစ်သစ်ကူးပွဲတော်တွေရဲ့အစ လို့လည်းခေါ်နိုင်ပါတယ် အဲဒီနေ့မှ လာ့ပါးဆန်ပြုတ်လို့ခေါ်တဲ့ ပဲဆန်ပြုတ်ကိုစားရတဲ့ဓလေ့ရှိပါတယ် )


ဧကရာဇ်က ချင်ထျန်ကျန့်အိမ်တော်သို့သွားပါက နေ့တစ်ဝက်ခန့်အထိ ပြန်မလာတတ်ပေ။ သို့ဖြစ်၍ ကိုယ်လုပ်တော်ရှု့က စားဖိုဆောင်ကို ဆန်ပြုတ်စောစောပြုတ်ခိုင်းထားပြီး အားလုံးတူတူ ဆန်ပြုတ်စားကြရန်အတွက် ပင်မခန်းမဆောင်ထဲသို့ ခေါ်လိုက်သည်။


သို့ရာတွင် နေ့လယ်အချိန်ရောက်မှ လင်းဖူက အမိန့်တော်တစ်ခုဖြင့်ရောက်လာပြီးနောက် ဧကရာဇ်က နေ့လယ်စာစားရန် မင့်လွမ်နန်းဆောင်သို့ ကြွလာမည်ဖြစ်ကြောင်း သိလိုက်ရသည်။


ကိုယ်လုပ်တော်ရှု့က လာ့ပါးဆန်ပြုတ်များကို အတူတူစားရန်အစီအစဉ်ကို ကတိုက်ကရိုက် ပြန်သိမ်းလိုက်ရပြီး စားဖိုဆောင်ကို နေ့လယ်စာအတွက် ပြင်ဆင်ခိုင်းလိုက်သည်။ ကျွင်းဟွိုင်လန်က ဘေးနားမှ ခန်းမဆောင်တွင် သူ့ညီမငယ်လေးနှင့်အတူတူ နေ့လယ်စာစားလိုက်သည်။ 


နေ့လယ်စာစားပြီးချိန်တွင် ကျွင်းလင်ဟွမ်က အိမ်မောကျသွားသည်။ ထိုအချိန်တွင် မိန်းမစိုးတစ်ယောက် ရောက်လာပြီ ဧကရာဇ်က စကားစမြည်ပြောရန်အတွက် ကျွင်းဟွိုင်လန်ကို ပင်မခန်းမဆောင်သို့ ခေါ်လာရန်အမိန့်ပေးလိုက်ကြောင်း လာပြောသည်။


၎င်းက ကျွင်းဟွိုင်လန်အတွက် သမားရိုးကျဖြစ်စဉ်မဟုတ်ပေ။


အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်ပြီးသည့်နောက် ပင်မခန်းမဆောင်သို့ လမ်းလျှောက်သွားလိုက်သည့်အခါ အတွင်းမှ ရယ်သံများကို ကြားလိုက်ရသည်။ ကိုယ်လုပ်တော်ရှု့က မီးဖိုငယ်လေးရှေ့တွင်ထိုင်ပြီး ကိုးရို့ကားယားဖြင့် လက်ဖက်ရည်ကြမ်းတည်နေသည်။ ဧကရာဇ်ချင်းဖျင်က စားပွဲတွင်ထိုင်နေပြီး လက်ထဲတွင် လက်ဖက်ရည်ခွက်ကိုကိုင်ထားကာ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေသည်။


" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."


ကျွင်းဟွိုင်လန် အခန်းထဲသို့ ခြေချလိုက်သည်

နှင့် ဧကရာဇ်ချင်းဖျင်ကို ဦးညွှတ်အရိုအသေပြုလိုက်သည့်အခါ သူက လက်ကာပြလိုက်သည်။ 


သူ့ဘေးနားမှနေရာကို ညွှန်ပြကာ ကျွင်းဟွိုင်လန်ကို ထိုင်ခိုင်းလိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။


" မင်းရဲ့ အရီးတော်ဆီက ကြားထားတာတော့ သူ့ကို လက်ဖက်ရည်ကြမ်းတည်နည်း ‌သင်ပေးနေတယ်ဆို..."


ကျွင်းဟွိုင်လန် သဘောပေါက်သွားသည်။


ကိုယ်လုပ်တော်ရှု့က ဧကရာဇ်အတွက် လက်ဖက်ရည်ကြမ်းတည်ပေးကာ သူ့ကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးလိုက်သည်ဖြစ်၍ ဧကရာဇ်က သဘောကျသွားပြီး သူ့ကို ချီးကျူးရန် ခေါ်ခြင်းပင်ဖြစ်သည်။


ကျွင်းဟွိုင်လန်က အမှတ်ဝင်မယူရဲ၍ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။


" ကျွန်တော်မျိုးမှာ တခြားလုပ်စရာလည်းမရှိလို့ပါ... အရီးတော်ကလည်း အဲ့လောက်ဂရုတစိုက်နဲ့ လက်ဖက်ရည်တည်တတ်မယ် မထင်ထားမိလိုက်ပါဘူး..."


ထိုစကားများကြောင့် ဧကရာဇ်ချင်းဖျင်က သဘောတကျ ရယ်မောလိုက်သည်။


" သူက အဲ့လိုပျင်းစရာကောင်းပြီး အလုပ်ရှုပ်တာတွေလုပ်တာ ကိုယ်တော်တစ်ခါမှ မမြင်ဖူးလို့လေ... မင်း သေချာသင်ပေးထားတယ်လို့ပဲ ကိုယ်တော်တွေးမိလို့ပါ..."


ကိုယ်လုပ်တော်ရှု့က ထိုစကားများကိုကြားသည့်အခါ လက်ဖက်ရည်အိုးကို ဆူလာအောင် ခတ်ပေးနေသည့်ယပ်တောင်ကို ဧကရာဇ်ဆီသို့ ပစ်ပေါက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။


" အရှင်မင်းကြီးက တော်တော်ဘက်လိုက်တာပဲ... ဒီကိုယ်လုပ်တော်က အရှင့်အတွက် ကြိုးကြိုးစားစားနဲ့ လက်ဖက်ရည်ကြမ်းတည်‌ပေးထားတာကို ကျွန်တော်မျိုးမကိုတော့ တစ်ချက်မှ မချီးကျူးဘူး..."


ဧကရာဇ်ချင်းဖျင်က ထပ်မံရယ်မောလိုက်၍ သူ့ဘေးနားက လူအားလုံးပါ လိုက်ရယ်မိသွားပြီး မင့်လွမ်နန်းဆောင်တစ်ခုလုံးတွင် ခဏတာခန့် စည်ကားသက်ဝင်သောလေထုဖြင့် ဖုံးလွှမ်းသွားသည်။


ကျွင်းဟွိုင်လန်က ပြုံးပြီး ဘေးနားတွင် ဝင်ထိုင်လိုက်သည်။   


ယခင်ဘဝတွင် သူက နှစ်အနည်းငယ်ခန့် နန်းတွင်းအမှုထမ်းဖြစ်ခဲ့ရ၍ ဧကရာဇ်ချင်းဖျင်အကြောင်း တစ်စွန်းတစ်စကိုသိသည်။ သူက အယူသီးပြီး သံသယစိတ်များသူဖြစ်သည်။ ကိုယ်လုပ်တော်ရှု့ သူ့ဘေးနားတွင် နှစ်ပေါင်းများစွာနေနိုင်ခဲ့ခြင်းမှာ သူမက ရိုးစင်းပြီး ဆွဲမက်ဖွယ်ကောင်းသည့်စိတ်ထားရှိသောအမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့်ပင်။


သူ့အဒေါ်ဖြစ်စေ ဖခင်ဖြစ်စေ ကျွင်းမိသားစုမှ လူအားလုံးက ဧကရာဇ်ချင်းဖျင်ကို ယုံကြည်ကြသည်။ မမျှော်လင့်ထားသည်မှာ ထိုသို့ယုံကြည်မိသောကြောင့်ပင် နှစ်အနည်းငယ်အကြာတွင် ကျွင်းမိသားစု၏ဂုဏ်ကျက်သရေက ညှိုးနွမ်းခြောက်သွေ့ပြီး တစ်မိသားစုလုံး ဖျက်ဆီးခံလိုက်ရခြင်းပင်။


ယခင်ဘဝမှ အတွေ့အကြုံများကြောင့် ဘုရင်တစ်ပါးက ကျားတစ်ကောင်နှင့် တူသည်ကို ကျွင်းဟွိုင်လန်သိရှိခဲ့ရသည်။ ဧကရာဇ်က သူ့ရှေ့တွင် ပျော်ရွှင်နေသည့်ပုံစံပြသော်လည်း စိတ်ထဲတွင်မူ တည်ငြိမ်အေးစက်နေတတ်သူဖြစ်၍ သူနှင့် ခပ်ကင်းကင်းနေသည်က ပိုကောင်းသည်။ 


ထိုအပြင် တစ်ဝက်ခန့်သာဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကျွင်းဟွိုင်လန်၏ အမြင်စူးရှမှုကြောင့် တွေ့မြင်နေရသည်။


ထိုသို့ အုတ်အော်သောင်းနင်းဖြစ်နေရခြင်း၏ အရင်းခံအကြောင်းရင်းက တျန့်ချွေးဖြစ်သည်။ သူမကိုကြည့်ရသည်မှာ ပြဿနာတက်နေပုံပေါ်ပြီး နန်းတွင်းသူများနှင့် မိန်းမစိုးများပါ သူမနှင့်အတူ အလုပ်ရှုပ်နေကြသည်။


သို့ရာတွင် သူမက ထိုကိစ္စများကို အာရုံမစိုက်ပေ။ သူမရှေ့မှကိစ္စများဖြင့် အလုပ်များနေစဉ်မှာပင် ပင်မခန်းမဆောင်ထဲမှ လှုပ်ရှားမှုများကို မသိမသာ အကဲခတ်နေပုံပေါ်သည်။


သူမ၏ အမူအကျင့်များက သာမန်နှင့်မတူသော်လည်း ရက်အနည်းငယ်က ကျွင်းဟွိုင်လန်၏ မှန်းဆချက်များဖြင့် တိုက်ဆိုင်နေသည်။ ကျွင်းဟွိုင်လန်၏ ရင်ထဲတွင် အေးခဲတောင့်တင်းသွားပြီး သူ့မျက်လုံးများက သူမကို တည်ငြိမ်စွာဖြင့်သာ စောင့်ကြည့်နေသည်။


သူမက နောက်ဆုံးတွင် စိုးရိမ်တကြီးဖြစ်နေရာမှ ဒေါသထွက်လာပြီး အနောက်ဘက်ခန်းမဆောင်ဝင်ပေါက်မှ ကျင်းပေါင်ကို မေးခွန်းထုတ်နေသည်ကို မြင်လိုက်ရသည်။ ကျင်းပေါင်ကလည်း စိုးရိမ်‌သွားသကဲ့သို့ တွန့်ဆုတ်နေသည်ကို မြင်လိုက်ရသည်။ သူ့ပုံစံကြောင့် တျန့်ချွေးက တစ်ခုခုကို အမိဖမ်းနိုင်သွားသကဲ့သို့ စိတ်ဆိုးမာန်ဆိုးဖြင့် သူ့ကိုအော်ဟစ်ပြောဆိုနေသည်။


ကျွင်းဟွိုင်လန် အလွန်ပင် စိတ်သက်သာရာရသွားသည်။ 


ဒါဆိုရင်တော့ သူမှန်တာ သေချာနေပြီ... 


ရွှယ်ယန်၏နောက်လိုက် ကျင်းပေါင်က ကြောက်တတ်ပြီး သတ္တိနည်းသော်လည်း လူလိမ္မာလေးတစ်ယောက်ဖြစ်သည်။ သူက ပြောသမျှနာခံတတ်သူတစ်ယောက်လည်းဖြစ်သည်။


Xxxxx