Chapter 47
အပြင်ဘက်မှ အုတ်အော်သောင်နင်းဖြစ်မှုများက ဧကရာဇ်ချင်းဖျင်၏ အာရုံစိုက်မှုကိုရရှိရန် အချိန်မကြာလိုက်ပေ။
" အပြင်မှာ ဆူဆူညံညံနဲ့ ဘာတွေဖြစ်နေတာလဲ..."
သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
တျန့်ချွေးက ကျင်းပေါင်ကို အသံကျယ်ကျယ်ဖြင့်အော်နေသည်ကို ကြားသည့်အခါ ကိုယ်လုပ်တော်ရှု့လည်း လှမ်းကြည့်မိသည်။
" နင် မလိမ်ဘူးဆိုရင် ဘာလို့ သော့ကို မထုတ်ပေးတာလဲ..."
ကျင်းပေါင်က တစ်ခုခုကို ရှင်းပြနေသကဲ့သို့ အသံတိုးတိုးဖြင့် ပြောနေသည်ကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက်အကြား အငြင်းပွားနေသည်က ဧကရာဇ်ချင်းဖျင်ကို နှောင့်ယှက်နေ၍ မျက်မှောင်ကြုတ်ကာ လင်းဖူကို ပြောလိုက်သည်။
" အဲဒီနှစ်ယောက်ကိုသွားခေါ်ပြီး ဘာဖြစ်နေတာလဲ မေးလိုက်စမ်း..."
လင်းဖူက သူ့အမိန့်ကိုနာခံပြီး ခြံဝင်းထဲသို့ ခပ်သွက်သွက်လျှောက်သွားသည်။
မူလက ပျော်ရွှင်နေသော ဧကရာဇ်ချင်းဖျင်၏ မျက်နှာထက်တွင် စိတ်မရှည်တော့သည့် အမူအရာတစ်မျိုးဖြစ်လာသည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။
တျန့်ချွေး၏နောက်ကွယ်မှ ခိုင်းစေသူက ဧကရာဇ်ချင်းဖျင်ကို မည်သို့ရန်စရမည်ကို သိရှ်ိသူတစ်ယောက် ဖြစ်လိမ့်မည်။ သူက တျန့်ချွေးကို ကိစ္စတစ်ခုဖန်တီးခိုင်းကာ ကိုယ်လုပ်တော်ရှု့ကို ဧကရာဇ်ချင်းဖျင် စိတ်ပျက်သွားအောင် စီမံထားခြင်းဖြစ်လိမ့်မည်။
သေချာပေါက် အဲ့အဆင့်လောက်နဲ့တော့ ရပ်မှာမဟုတ်ဘူးပေါ့လေ...
ကျွင်းဟွိုင်လန်က သူ့ဘေးတွင်ထိုင်ပြီး ငြိမ်သက်စွာစောင့်နေစဉ်မှာပင် လင်းဖူက ကျင်းပေါင်နှင့် တျန့်ချွေးကိုခေါ်ပြီး ပြန်ရောက်လာသည်။
ကျင်းပေါင် အခန်းထဲ ရောက်လာချိန်တွင် ကျွင်းဟွိုင်လန်ကို ကြောက်လန့်စွာကြည့်လိုက်မိသည်။ ကျွင်းဟွိုင်လန်က သူ့ကို မျက်စပစ်ပြလိုက်ပြီး စိတ်အေးအေးထားခိုင်းကာ အကြည့်လွှဲလိုက်သည်။
ဧကရာဇ်ချင်းဖျင်က မည်သည့်အရာများဖြစ်ပျက်ခဲ့ကြောင်းကို သူတို့နှစ်ယောက်ကို မေးနေသည်။
" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... အရှင်နဲ့ အရှင်မတို့ အချိန်တူတူကုန်ဆုံးနေတာကို ဒီအစေခံ မနှောင့်ယှက်သင့်မှန်းသိပါတယ်... ဒါပေမဲ အရှင်မရဲ့ နန်းဆောင်က ပစ္စည်းတွေ ခိုးနေတာကိုတော့ ဒီအစေခံ ထိုင်ကြည့်မနေနိုင်လို့ပါ..."
တျန့်ချွေးက ဧကရာဇ်ချင်းဖျင်ကို ကြမ်းပြင်နှင့် ခေါင်းနှင့်ထိသည်အထိ ဦးညွတ်လိုက်သည်။
ဧကရာဇ်ချင်းဖျင်က လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
" ပစ္စည်းတွေခိုးတာက ဘယ်လိုဖြစ်တာလဲ ပြောပါဦး..."
တျန့်ချွေးက ဆက်ပြောသည်။
" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ကျွန်တော်မျိုးမက အရှင်မရဲ့ ဂိုထောင်ကို ဒီရက်ပိုင်းစစ်ဆေးနေတုန်းမှာ အရှင်မရဲ့တူမလေး သူ့မိခင်အိမ်ကယူလာတဲ့ငွေထည်လေးတစ်ခု ပျောက်နေတာ သတိထားမိပါတယ်... ဂိုထောင်တစ်ခုလုံးရှာပြီးတာတောင်မှ ရှာမတွေ့လို့ နေရာမှားထားမိတယ်ထင်ပြီး အရှေ့ဘက်နဲ့ အနောက်ဘက် ခန်းမဆောင်က ဂိုထောင်တွေကိုပါ သွားရှာခဲ့ပါတယ်... အရှေ့ဘက် ခန်းမတွေဘက်ကိုရှာပြီးသွားလို့ အနောက်ဘက်ကို စစ်ဆေးမယ်လုပ်တော့ ကျင်းပေါင်က သော့မရှိလို့ဆိုပြီး ဝင်ခွင့်မပြုပါဘူး..."
ဧကရာဇ်ချင်းဖျင်က မျက်မှောင်ကြုတ်လိုက်သည်။
ဒီလို အသေးအဖွဲ့ကိစ္စတွေက သူ့ရှေ့အထိ ရောက်လာရလား... ကိုယ်လုပ်တော်ရှု့ဆီကို သူလာတာ စိတ်အေးလက်အေးနေချင်လို့လေ... ကိုယ်လုပ်တော်ရှု့က တကယ်ပဲ အိမ်ထောင်မှုကိစ္စထိန်းသိမ်းတတ်တဲ့စွမ်းရည်မရှိပါလား... ဒီလို ကိစ္စလေးကတောင် ပြဿနာဖြစ်ရတယ်လို့...
သူ ကျင်းပေါင်ကိုကြည့်ကာ စိတ်ရှည်လက်ရှည်ဖြင့် မေးလိုက်သည်။
" ဒါက ဘယ်လိုဖြစ်ရတာလဲ..."
ကျင်းပေါင် ကြမ်းပြင်နှင့် ဦးခေါင်းကို အမြန်ထိလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်သည်။
" အရှင်မင်းကြီးကို လျှောက်တင်ပါတယ် ... ကျွန်တော်မျိုးမှာ သော့မရှိတာ အမှန်ပါပဲ
" သော့မရှိဘူးတဲ့လား....မင်း သခင်ရဲ့ဂိုထောင်သော့က ဘယ်နေရာမှာထားတာလဲ..."
ဧကရာဇ်ချင်းဖျင် အံ့အားသင့်သွားမိသည်။
ကျင်းပေါင် ကြမ်းပြင်နှင့်ခေါင်းကို ထိလိုက်ပြန်သည်။
" အရှင်မင်းကြီး အနောက်ဘက်ခန်းမဆောင်ရဲ့ စတိုခန်းက သော့တစ်ချောင်းပဲရှိတာပါ... လွန်ခဲ့တဲ့ ၇ရက် ၈ရက်လောက်က အပျိုတော်ချွေးက အရှင့်သားအတွက် သိမ်းထားပေးမယ်ဆိုပြီး ယူသွားတာပါ..."
သူ့ဘေးမှ တျန့်ချွေးက မယုံကြည်နိုင်သည့် အမူအရာဖြစ်သွားသည်။
တစ်ချောင်းတည်းတဲ့လား... သူပြောတော့ သူ့လက်ထဲမှာ သော့မရှိဘူးဆိုပြီး တံခါးဖွင့်ပေးဖို့ ငြင်းနေခဲ့တာ မဟုတ်ဘူးလား... ဘာလို့ အခုမှ စိတ်ပြောင်းသွားရတာလဲ...
ငါ့ကို ဒီအစေခံက လှည့်စားလိုက်တာလား... ဒါပေမဲ့ သူလုပ်လိုက်တာကို ဘယ်သူမှ သတိမပြုမိကြဘူး... ဒီအစေခံက ပြင်ဆင်ထားတဲ့ပုံပဲ...
သူမဘေးမှ ကိုယ်လုပ်တော်ရှု့က ဆူညံသံများကြောင့် ခေါင်းကိုက်လာပြီး ကျန့်ကွမ်းသဲ့ကို မေးလိုက်သည်။
" မင်း ကျင်းပေါင်ကို အနောက်ဘက်ခန်းမဆောင်က သော့တွေပေးထားတယ်မလား.. ဂိုထောင်အတွက်သော့က ဘယ်နှချောင်းရှိတာလဲ..."
ကျန့်ကွမ်းသဲ့က မနှောင့်နှေးရဲပဲ အလျင်အမြန်ဖြေလိုက်သည်။
" တစ်ချောင်းတည်းရှိတာပါ အရှင်မ..."
ကိုယ်လုပ်တော်ရှု့က မျက်မှောင်ကြတ်ပြီး တျန့်ချွေးကို ကြည့်လိုက်သော်လည်း သူမကို အဆိုးမမြင်ပေ။
" အမှားလုပ်မိတာလား..."
တျန့်ချွေးက ပျာယာခတ်နေပြီဖြစ်၍ တစ်ထစ်လျှော့ကာ ပြောလိုက်သည်။
" ဒီအစေခံ အမှားလုပ်မိတာ ဖြစ်ပါလိမ့်မယ်... သော့တစ်ချောင်းတည်းရှိတာကို ကျွန်တော်မျိုးမ မေ့သွားလို့ပါ... ကျွန်တော်မျိုးမ သွားစစ်ဆေးလိုက်ပါ့မယ်..."
သော့ကိစ္စကို အသေးအမွှားဟု သူမ တွေးလိုက်သည်။ ကျင်းပေါင်နှင့်အတူ သော့မည်မျှရှ်ိကြောင်းကို သူမ ငြင်းဆန်နေမည်မဟုတ်ပေ။ ဂိုထောင်တံခါးကိုဖွင့်လိုက်ချိန်တွင် သူမဖွက်ထားသည့်ပစ္စည်းကို မြင်တွေ့သွားကြသည်နှင့် သူမတာဝန်ပြီးပြီဖြစ်သည်။
ဧကရာဇ်ချင်းဖျင်က စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်သည်။
" ငွေစလေးနည်းနည်းပဲကို အဲ့လောက် ရေးကြီးခွင်ကျယ် လုပ်နေစရာလိုလို့လား..."
သို့သော်လည်း သူ့အကြည့်များ အေးခဲသွားသည်။
ယနေ့မနက်တွင် ချင်ထျန်ကျန့် ဟောကိန်းထုတ်လိုက်သည်ကို သူသတိရသွားသည်။
မင့်လွမ်နန်းဆောင်က နတ်ဆိုးဝိညာဉ်ကို တောင့်မခံနိုင်တော့၍ အနာဂတ်တွင် ပြဿနာအနည်းငယ်ဖြစ်လာနိုင်သည်ဟူသော စကားပင်။ သူ၏ ပြောကြညးချက်များက ထိုမျှ တိကျမှန်ကန်နေမည်ဟု သူ မထင်ခဲ့မိပေ။
ထိုကိစ္စကို တွေးမိသည့်အခါ ဧကရာဇ်၏ အမူအရာက အကျည်းတန်လာသည်။
47.2
ဟောကိန်းအရဆိုပါက နတ်ဆိုးကြယ်က ရွေ့လျားနေပြီး ထို့နောက်တွင် ပရမ်းပတာဖြစ်မှုများ လိုက်ပါလာနိုင်သည်။ ဤပရမ်းပတာကိစ္စများ၏ အရင်းခံကိစ္စများ မတည်မငြိမ်ဖြစ်လာခြင်းက ဖိနှိပ်မှု မရှိသောကြောင့်ပင်ဖြစ်သည်။
မတည်မငြိမ်ဖြစ်လာရသည့်အကြောင်းရင်းမှာလည်း ဤနေရာမှလူများက ကွဲပြားခြားနားသော စိတ်ထားများရှိခြင်းကြာင့်ဖြစ်သည်။
ဒီနေရာမှာရှိတဲ့သူဆိုတော့ ကျွင်းမိသားစုဝင်တွေ မဟုတ်ဘူးလား...
ထိုအကြောင်းကို တွေးမိသည့်အခါ ဧကရာဇ်ချင်းဖျင်က လက်ထဲမှ လက်ဖက်ရည်ကိုပင် ဆက်မသောက်နိုင်တော့ပေ။
သူ့ဘေးမှ ကိုယ်လုပ်တော်ရှု့က ဤအသေးအဖွဲ့ကိစ္စလေးကို အမှုမထားပဲ လက်ဖက်ရည်ကြမ်းအိုးကို ဆက်တည်နေသည်။
သို့ရာတွင် ဧကရာဇ်ချင်းဖျင်က စကားတစ်ခွန်းမှ မပြောတော့ပေ။ ဧကရာဇ်က ဤကိစ္စကြောင့် စိတ် စိတ်ဆိုးသွားသည်ဟုထင်၍ ကိုယ်လုပ်တော်ရှု့က လုပ်လက်စများကို ရပ်လိုက်ပြီး တျန့်ချွေပစ္စည်းကိုရှာဖွေပြီး ပြန်လာမည့်အချိန်ကိုသာ စောင့်နေလိုက်သည်။
ကိုယ်လုပ်တော်ရှု့က ရွံ့မီးဖိုငယ်လေးကိုစိုက်ကြည့်နေပြီး မပျော်မရွှင်ဖြစ်သွားပုံရသည်။
ဤလက်ဖက်ရည်ကြမ်းအိုးက သူမကိုယ်တိုင်ပထမဆုံးတည်ဖူးသည့်အိုးဖြစ်သည်။
ထိုစဥ်အချိန်တွင် အနောက်ဘက်ခန်းမဆောင်၌ အုတ်အော်သောင်းနင်းဖြစ်နေသည်။
တျန့်ချွေးက အခန်းတံခါးဝမှ ထွက်လိုက်စဉ်မှာပင် အပျိုတော်တစ်ယောက်က ကတိုက်ကရိုက်ပြေးလာပြီး လျှောက်တင်သည်။ ထို့နောက်တွင် တျန့်ချွေး၏ အမူအရာက ပြောင်းလဲသွားသည်။ သူမ အမောတကောဖြင့် ပင်မခန်းမဆောင်ထဲသို့ ပြေးလာသည်။
" တစ်ခုခုဖြစ်နေပါပြီ... အရှင်မင်းကြီးနဲ့ အရှင်မ... လာကြည့်ကြပါဦး..."
တျန့်ချွေးက ကြောက်လန့်သွားသကဲ့သို့ မြေပြင်ပေါ်တွင် တုန်ယင်စွာ ဒူးထောက်လိုက်သည်။ သူမက ထိတ်ထိတ်ပျာပျာဖြစ်နေသောမျက်လုံးများကို ဖုံးကွယ်ထားသကဲ့သို့ ခေါင်းငုံ့ထားသည်ကို ကျွင်းဟွိုင်လန် သတိထားမိသည်။
" ဘာဖြစ်လို့ ဒီလောက် အလောတကြီးပြေးလာတာလဲ..."
ကိုယ်လုပ်တော်ရှု့က မျက်မှောက်ကြုတ်လိုက်ပြီး မတ်တပ်ရပ်လာသည်။
ဧကရာဇ်ချင်းဖျင်က အနည်းငယ် စိတ်အလိုမကျဖြစ်သွားပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာသည်။
" ဘာလို့ မြန်မြန်မပြောပဲ နှေးတိနှေးတုံ့ လုပ်နေတာလဲ..."
တျန့်ချွေးက တုန်ယင်နေပြီး သူမခေါင်းကို ကြမ်းပြင်ဖြင့်ထိကာ ပြောလိုက်သည်။
" အရှင်မင်းကြီးနဲ့ အရှင်မကို လျှောက်တင်ပါတယ်... အနောက်ဘက်ဂိုထောင်ထဲမှာ ငွေထည်တွေပဲမဟုတ်ပဲ အဲဒီငွေထည် ထည့်ထားတဲ့ဘူးအောက်မှာဖွက်ထားတဲ့ သတ္တာဘူးတစ်ဘူးရှိနေပါတယ်..."
" အဲဒီဘူးထဲမှာ စုန်းမပုံစံအရုပ်နဲ့ မင်းသား၅ရဲ့ လက်ရေးတွေ ပါပါတယ်... အဲ့ပေါ်မှာ ရေးထားတာက အရှင်မရဲ့ မွေးနေ့ဖြစ်နေပါတယ်..."
နန်းတွင်းထဲတွင် စုန်းမတစ်ယောက် ရှိနေသည်။
မည်သည့် မင်းဆက် သို့မဟုတ် မျိုးဆက်တွင်ဖြစ်စေ ဤကဲ့သို့သောကိစ္စကို မလုပ်အပ်သောအရာဟု သတ်မှတ်ထားကြသည်။ ဤအရာကိုအသုံးပြု၍ အခြားလူများကို အန္တရာယ်ပြုသည့် ကိုယ်လုပ်တော်များမှာ မည်မျှ မျက်နှာသာပေးခံရသည်ဖြစ်စေ၊ မိသားစုနောက်ခံအင်အား မည်မျှကောင်းသည်ဖြစ်စေ ကွပ်မျက်ခံရမည်မှာ ဧကန်မုချဖြစ်သည်။
၎င်းက နန်းတွင်းထဲတွင် အကြီးလေးဆုံးသော ပြစ်ဒဏ်ဖြစ်သည်။
သို့ရာတွင် ယနေ့၌ ဤကိစ္စကို ပြုလုပ်ခဲ့သူက မင်းသားတစ်ပါးဖြစ်နေသည်။
မင်းသားက အောက်လမ်းနည်းအသုံးပြု၍ ဘုရင်၏ကိုယ်လုပ်တော်ကို ကျိန်စာတိုက်ခဲ့သည့်အပြင် ထိုလူက သူ၏ နာမည်ခံမိခင်လည်းဖြစ်သည်။ ဤကဲ့သို့သော အတိတ်နိမိတ်မကောင်းသည့် ကိစ္စက တော်ဝင်မိသားစုအတွင်းတွင် ဖြစ်လာသည်။ အကယ်၍ ထိုကိစ္စ အပြင်သို့ပေါက်ကြားသွားပါက တော်ဝင်မိသားစု၏ဂုဏ်သိက္ခာက မြောင်းထဲ ရောက်သွားမည်ဖြစ်သည်။
တျန့်ချွေး၏စကားများကိုကြားသည်နှင့် ဧကရာဇ်ချင်းဖျင်နှင့် ကိုယ်လုပ်တော်ရှု့တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
ကိုယ်လုပ်တော်ရှု့က လန့်သွားပြီး နှုတ်မှ လွှတ်ခနဲထွက်သွားသည်။
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... နင် ဘယ်ကနေ ရှာတွေ့တာလဲ..."
ဧကရာဇ်ချင်းဖျင်၏ မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာဖြစ်သွားပြီးနောက် ဒေါသထွက်လာသည်။ သူချက်ချင်း မတ်တပ်ရပ်လိုက်ပြီးနောက် ဒေါသတကြီးပြောလိုက်သည်။
" ရွှယ်ယန် ဘယ်မှာလဲ... သူ့ကို ကိုယ်တော့်ဆီခေါ်ခဲ့ကြစမ်း..."
စကားဆုံးသည်နှင့် သူ နေရာမှထသွားသည့်အခါ ကိုယ်လုပ်တော်ရှု့က သူ့နောက်က အမြန်လိုက်သွားသည်။
" အရှင် ဒါ အထင်လွဲတာ ဖြစ်မှာပါ... ကျေးဇူးပြုပြီး ဒေါသကို ရှေ့တန့်မတင်ပါနဲ့..."
ကိုယ်လုပ်တော်ရှု့က အံ့အားသင့်သွားသော်လည်း သု့နောက်မှ လိုက်လာပြီး ကမန်းကတန်း ပြောလိုက်သည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းတွင် ဤကလေးက မည်သို့သောလူဖြစ်ကြောင်း သူမ သဘောပေါက်ခဲ့၍ ထိုသို့သောကိစ္စမျိုးကို လုပ်မည့်သူ မဟုတ်ကြောင်းသိသည်။ ထို့အပြင် သူမနှင့် ရွှယ်ယန်၏အကြားတွင် ရန်ငြှိုးရန်စ မရှိပေ။
သူတို့တွေ ဒီရက်ပိုင်း အဆင်ပြေပြေ နေခဲ့ကြတာကို ဘယ်သူက ဒီလိုမျိုး အကွက်ကျကျ လုပ်ကြံရတာလဲ...
ပြီးတော့ အဲ့လိုမပြောအပ်တဲ့ပစ္စည်းမျိုးကို ဘယ်သူက ရွှယ်ယန့်အခန်းထဲ သွားထည့်ထားတာလဲ...
" သူက မင်းကို ကျိန်စာတိုက်ချင်နေတာကိုတောင်မှ မင်းက သူ့အတွက် ကာပြောပေးနေတာလား..."
ဧကရာဇ်ချင်းဖျင်က တစ်ဖက်သို့လှည့်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။
သူ့ပုံစံက စိတ်အနှောင့်အယှက်ဖြစ်နေပုံရပြီး မျက်လုံးများက အေးစက်နေသည်။ ကိုယ်လုပ်တော်ရှု့က မင်းကြီး ဤကဲ့သို့ ဒေါသထွက်ခြင်းမျိုးကို ဆယ်နှစ်အတွင်းတွင် မြင်တွေ့ရခြင်းက အလွန်ရှားပါးလှသည်။
သူ့ဒေါသကြောင့် ကိုယ်လုပ်တော်ရှု့က ထိတ်လန့်သွားပြီး နေရာတွင်သာ ရပ်နေကာ ဘာမှထပ်မပြောရဲတော့ပေ။
ဧကရာဇ်ချင်းဖျင်က သူမကို လျစ်လျူရှု့ထားပြီး ဝတ်ရုံလက်ကိုခေါက်တင်ကာ အနောက်ဘက်ခန်းမဆောင်ဘက်သို့ ထွက်သွားသည်။
အစေခံများကလည်း သူ့နောက်မှ ခပ်သွက်သွက် လိုက်ပါသွားကြသည်။ ဤလူအုပ်ကြီးက မကြာမီအချိန်တွင် အနောက်ဘက်ခန်းမဆောင်၏ ဂိုထောင်ငယ်လေးထဲတွင် ပြည့်သိပ်သွားသည်။
ကိုယ်လုပ်တော်ရှု့က အလွန် ကြောက်လန့်လွန်းနေ၍ ထိုနေရာတွင် လဲကျသွားပြီး မရပ်နိုင်တော့ပေ။ ကျွင်းဟွိုင်လန်က သူ့ကိုထူပေးပြီး ချိုသာစွာပြောလိုက်သည်။
" အရီးတော် စိတ်မပူပါနဲ့... အားလုံးအဆင်ပြေသွားမှာပါ..."
ကိုယ်လုပ်တော်ရှု့က သူ့လက်ကို ဖမ်းဆွဲလိုက်သည်။
" ရွှယ်ယန်က အဲ့လိုကလေးမျိုး မဟုတ်လောက်ပါဘူးနော်..."
ကိုယ်လုပ်တော်ရှု့က ကျွင်းဟွိုင်လန်၏လက်မောင်းကို တင်းတင်းဆွဲထားပြီး ရေရွတ်လိုက်သည်။
" ပြီးတော့ မင်းကြီးက သူ့ကို တစ်ခါမှ အဲ့လောက်ထိ ဆိုးဆိုးဝါးဝါးမဆက်ဆံဖူးဘူး... ပြီးတော့ မင်းကြီးကလည်း အရီးတော်ကို အဲ့လိုမျိုး ဆိုးဆိုးဝါးဝါးမဆက်ဆံဖူးဘူး..."
ကျွင်းဟွိုင်လန်က သူမလက်ကို ဆုပ်ကိုင်ထားပေးလိုက်သည်။
ကိုယ်လုပ်တော်ရှု့က ကြောက်နေကြောင်းကို သူသိသည်။ အောက်လမ်းပညာက သူမကိုသတ်ပစ်မည်ကိုသာမက သစ္စာဖောက်ခံရမည်ကိုလည်း ကြောက်လန့်နေခြင်းဖြစ်သည်။
ရွှယ်ယန်က ထိုသို့သောကိစ္စမျိုးကို မလုပ်ခဲ့သော်လည်း အောက်လမ်းပညာက အမှန်ပင်ဖြစ်ပြီး သစ္စာဖောက်မှုကလည်း အစစ်အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ထိုသစ္စာဖောက်မှုက ကိုယ်လုပ်တော်ရှု့နှင့် နက်ရှိုင်းသည့်ဆက်ဆံရေးရှိသော လူတစ်ယောက်ထံမှဖြစ်သည်။
ကျွင်းဟွိုင်လန်က သူမကျောပြင်ကို ပွတ်သပ်ပေးလိုက်ပြီး စကားများများမပြောတော့ပဲ သူမကို လမ်းလျှောက်ရန် ထူပေးလိုက်သည်။
" အရီးတော် မကြောက်ပါနဲ့... ရွှယ်ယန်က အဲ့လိုမလုပ်ပါဘူး... သူနဲ့ ကျွန်တော်တို့ကို ဘယ်သူက ဒုက္ခပေးချင်တာလဲဆိုတာ သွားကြည့်ကြတာပေါ့..."
ကိုယ်လုပ်တော်ရှု့က ခေါင်းငြိမ့်ပြလိုက်သည်။ သူမကို အထပ်ထပ်အခါခါ ချော့မော့ပြီးသည့်နောက်တွင် သူနှင့်အတူ အနောက်ဘက်ခန်းမဆောင်ဘက်သို့ လိုက်ပါလာခဲ့သည်။
သူတို့ အခန်းထဲရောက်ချိန်တွင် လူတစ်စုက အမှောင်ထဲတွင် ဒူးထောက်နေကြပြီး လင်းဖူက မင်းကြီး၏ဘေးတွင် ဘူးတစ်ဘူးကိုင်ကာ ဒူးထောက်နေပြီး လုံးဝမလှုပ်ရဲပေ။
ဧကရာဇ်ချင်းဖျင်၏လက်ထဲ စာရွက်ပုံတစ်ပုံရှိနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သူအလွန်ဒေါသဖြစ်နေကြောင်း သိနိုင်ကြသည်။ ရွှယ်ယန်က သူ့ဘေးတွင်ရပ်နေပြီး အသံတစ်သံမှ မထွက်ပေ။
ကိုယ်လုပ်တော်ရှု့ ဝင်လာသည်ကို မြင်သောအခါ ဧကရာဇ်ချင်းဖျင်က ထိုစာရွက်များကို သူမဘက်သို့ ပစ်ပေါက်လိုက်သည်။
" မင်းရဲ့နန်းဆောင်မှာ ဘာတွေဖြစ်နေလဲ ကြည့်လိုက်စမ်း... ဒီလောက်ဖြစ်နေတာတောင်မှ သတိမထားမိဘူး..."
ကိုယ်လုပ်တော်ရှု့က မင်းကြီး၏ ရုတ်ချည်းပြောင်းလဲသွားသော အပြုအမူကြောင့် ထိတ်လန့်သွားပြီး ကျွင်းဟွိုင်လန်၏ဘေးတွင် အလိုလိုပုန်းနေလိုက်မိသည်။
စာရွက်များက သူမအပေါ်သို့ မကျလာခဲ့ပေ။ ကျွင်းဟွိုင်လန် ခေါင်းမော့ကြည့်လိုက်သည့်အခါ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သောရွှယ်ယန်က ကိုယ်လုပ်တော်ရှု့၏ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
Xxxxxx