အပိုင်း ၄၈
Viewers 15k

Chapter 48


  

ထိုစာရွက်အပုံက သူ့ပေါ်သို့သာ ကျလာသည်။

    

သူ၏ ကျောပြင်က ဖြောင့်တန်းနေပြီး အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်များကြောင့် တစ်ယောက်တည်းသာ ‌ရပ်နေသော်လည်း ဖော်ညွှန်းမရနိုင်သည့် တည်ငြိမ်မှုတစ်ခု ရှိနေသည်။

    

ထို့နောက် ရွှယ်ယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြန့်ကျဲနေသည့်စာရွက်များကို ကောက်လိုက်ကာ ဧကရာဇ်ချင်းဖျင်ကိုကြည့်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။


" ဒီစာတွေကို ကျွန်တော်မျိုးရေးထားတာ မဟုတ်ပါဘူး... တစ်ယောက်ယောက်က ကျွန်တော်မျိုးလက်ရေးကို တုပြီးရေးထားတာပါ..."

    

ရွှယ်ယန် နန်းတွင်းထဲရောက်ပြီးချိန်မှစ၍ အထင်လွဲခံရသည်ကို ပြန်ရှင်းပြခြင်းကို ကျွင်းဟွိုင်လန် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


တစ်ဖက်လူက တိတ်ဆိတ်စွာနေသည်ကို မြင်နေရသည်ကိုသာ နေသားကျခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဧကရာဇ်က သူ့ကိုပြဿနာဖြစ်တိုင်း ပြန်လည်ရှင်းပြခွင့်မ‌ပေးပဲ အပြစ်ပေးခဲ့သည်သာဖြစ်သည်။ သို့ဖြစ်၍ သူက နေသားကျသွားပြီး ပြန်ရှင်းပြရန် မကြိုးစားတော့ခြင်းပင်။


သို့ရာတွင် ယနေ့၌ သူ့နှုတ်ခမ်းများ ပွင့်ဟလာသည်။


ဧကရာဇ်ချင်းဖျင်က သူ့စကားများကို မယုံကြည်ပဲ စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလိုက်သည်။


" မင်း မရေးဘူးဆိုတာကို ဘယ်လို သက်သေပြမှာလဲ..."


" ဒီစာလုံးတွေရဲ့ ပုံစံကဆင်ပေမယ့် ကျွန်တော်မျိုးဆွဲတဲ့စုတ်ချက်တွေနဲ့ ကွာခြားပါတယ်... တစ်ချက်တည်းကြည့်လိုက်ရုံနဲ့ မတူ တူအောင်ရေးထားတယ်ဆိုတာ သေချာပါတယ်..."


ရွှယ်ယန်က လက်ထဲမှ စာရွက်အပုံလိုက်ကို ဧကရာဇ်ကို ပြန်ပေးပြီး ပြောလိုက်သည်။


" တကယ်လို့ ခမည်းတော်မယုံဘူးဆိုရင် စာသင်ဆောင်ကိုသွားပြီး ကျွန်တော်မျိုးရေးထားတဲ့စာတွေနဲ့ သွားတိုက်ကြည့်လို့ရပါတယ်..."


ဧကရာဇ်ချင်းဖျင်က သရော်လိုက်သည်။


" ဒါဆိုရင် ဒီစာတွေက ဘာလို့ မင်းရဲ့ဂိုထောင်ထဲ ရောက်နေတာလဲ..."

    

" ဂိုထောင်သော့ကိုကိုင်တာ ကျွန်တော်မျိုးရဲ့ အစေခံတစ်ယောက်တည်း မဟုတ်ပါဘူး..."


ရွှယ်ယန်က တျန့်ချွေးကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။


ထိုအကြည့်က အရောင်ဖျော့တော့နေသေည်လည်း ပြိုင်ဘက်ကင်းလောက်သည်အထိ စူးရှနေသည်။ သို့ဖြစ်၍ တျန့်ချွေးမှာ တစ်ချက်ကြည့်ခံလိုက်ရရုံဖြင့် တုန်ယင်သွားကာ သူမ လုပ်ခဲ့သမျှကိစ္စအားလုံးကို ဖော်ထုတ်ခံလိုက်ရသည်ဟု ခံစားရသည်။


ဒူးထောက်ထားသော်လည်း သူမတစ်ကိုယ်လုံး မသိမသာ တုန်ယင်လာသည်။


" ဒါဆိုရင် ကိုယ်လုပ်တော်ရှု့ရဲ့လူတွေက မင်းကို ချောက်ချတယ် ပြောချင်တာလား..."


ဧကရာဇ်ချင်းဖျင်က ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ သရော်လိုက်သည်။


ထိုစဉ် တစ်ချိန်လုံး ကြောက်လန့်နေခဲ့ပြီး စကားတစ်ခွန်းမှ ဝင်မပြောခဲ့သည့် ကိုယ်လုပ်တော်ရှု့စကားပြောလာသည်။

 

" အရှင်မင်းကြီး... အဲ့စာရွက်တွေပေါ်မှာ ဘာရေးထားတယ်ဆိုတာ ကျွန်တော်မျိုးမ ကြည့်ခွင့်ရမလား..."


ဧကရာဇ်ချင်းဖျင်က သူ့လက်ထဲမှစာရွက်များကို သူမလက်ထဲ ထည့်ပေးလိုက်သည်။


 စာရွက်ပေါ်တွင် ကိုယ်လုပ်တော်ရှု့က ရွှယ်ယန့်ကို မည်မျှဆိုးရွားစွာဆက်ဆံသည့်အကြောင်းများ ရေးသားထားသည်။ အခြေအမြစ်မရှိသည်များကို စာရွက်ပေါင်းများစွာရေးထားသော်လည်း အချိန်နှင့်နေရာက အလွန်တိကျလွန်း၍ အမှန်ပင် ဖြစ်ပျက်ခဲ့သည်ဟု ထင်ရသည်။


စာ၏အဆုံးသတ်တွင် ကိုယ်လုပ်တော်ရှု့ကို ကျိန်ဆဲထားပြီး ၎င်းတို့က သူမအပြစ်များဟုသာ ပြောထားသည်။ 

    

ကိုယ်လုပ်တော်ရှု့က စာရွက်များကို အကြမ်းဖျင်းဖတ်ပြီးနောက် ရွှယ်ယန့်ဘက်မှ ကာကွယ်ပေးရန် ပြင်လိုက်ချိန်တွင် ဧကရာဇ်က သူမကို ဆူပူကြိမ်းမောင်းလိုက်သည်။


" ကိုယ်လုပ်တော်ရှု... မင်းကိုယ်တော်စီစဉ်ပေးတဲ့ကိစ္စကို မကျေနပ်ရင် ပွင့်ပွင့်လင်းလင်းပြောပြလို့ရတာပဲ... ဘာလို့ နောက်ကွယ်မှာ ဒီလိုကိစ္စမျိုးတွေဖြစ်အောင် လုပ်ရတာလဲ..."


ရွှယ်ယန် အရှက်ခွဲခံရသည်ကို သူက စိတ်ထဲမထားသော်လည်း ရှေတွင်တစ်မျိုး နောက်တွင်တစ်မျိူလုပ်တတ်သူများကိုမူ ဧကရာဇ်က သဘောမကျပေ။

    

 သူ့ရှေ့မှာ သူမ ရိုးရိုးသားသားပဲနေတာလည်း အတုအယောင်တွေများလား...

    

၎င်းက ဧကရာဇ်ချင်းဖျင်အပေါ် မလုပ်သင့်ဆုံးအရာဖြစ်သည်။


ဧကရာဇ်ချင်းဖျင်၏ ပြင်းပြင်းထန်ထန်အပြစ်တင်ကြိမ်းမောင်းသည့်စကားကြောင့် ကိုယ်လုပ်တော်ရှု့က သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူမ ပါးစပ်ဟပြီး ရှင်းပြချင်သော်လည်း ဧကရာဇ်ချင်းဖျင်၏ အပြစ်တင်စိတ်များဖြင့်ပြည့်နေသည့် မျက်ဝန်းများကြောင့် သူမနှုတ်မှ မည်သည့်ရှင်းပြချက်မှ ထွက်ပေါ်မလာတော့ပေ။ 


ကျွင်းဟွိုင်လန်ကိုင်ထားပေးသော သူမလက်များက တုန်ယင်လာသည်ကို ခံစာမိသည်။

    

 ကျွင်းဟွိုင်လန်က သူမ ဝတ်ရုံလက်ဖျားကိုကိုင်ကာ  လက်မောင်းကို ညင်သာစွာပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် ဤအခြေအနေကို အခွင့်ကောင်းယူကာ ပြောလိုက်သည်။


" အရှင်မင်းကြီး ‌ဒီကိစ္စကို ကျွန်တော်မျိုး ဝင်မပါသင့်မှန်းတော့သိပေမယ့်...  အဲဒီအရုပ်ကို ကျွန်တော်မျိုး တစ်ချက်လောက်ကြည့်ခွင့် ရမလား..."


ဧကရာဇ်ချင်းဖျင်က မျက်မှောင်ကြုတ်လိုက်သည်။


" အဲလိုညစ်ပတ်တဲ့ပစ္စည်းနဲ့ ဘာလုပ်မလို့လဲ... ကိုယ်တော် တစ်ယောက်ယောက်ကို အမိန့်ပေးပြီး မီးရှို့ခိုင်းလိုက်မယ်... အဲဒါမှ ဘာအန္တရာယ်မှ မဖြစ်တော့မှာ..."

 

သို့ရာတွင် ကျွင်းဟွိုင်လန်က ခေါင်းခါလိုက်သည်။ သူ့လေသံက ညင်သာလေပြီး စိတ်ချလက်ချဖြစ်စေရန် ဆွဲဆောင်မှုမျိုး အနည်းငယ်ပါနေသည်။

    

" အရှင်မင်းကြီးကို ပြန်ဖြေကြားပါတယ်... အဲဒီအရုပ်ကို လူတစ်ယောက်ယောက်ကပဲ ချုပ်ထားတာပါ... ချည်ထိုးထားတဲ့ပုံစံကိုကြည့်ပြီး သဲလွန်စနည်းနည်းလောက် ရလာနိုင်ပါတယ်... ပြီးတော့ အရုပ်မှာ နာမည်နဲ့ မွေးရက်တွေလည်း ပါသေးတယ်ဆိုတော့ ဒီလိုအထည်စပေါ်မှာစာရေးရတာက တော်တော်လေးခက်ပါတယ်... အဲ့တော့ ကျင့်သားရနေတဲ့ လူတစ်ယောက်ယောက်ကပဲလုပ်တာ ဖြစ်မှာပါ... ကျွန်တော်မျိုးက မင်းသား၅နဲ့ ရက်အနည်းငယ်လောက် စာတူတူလေ့လာဖူးတော့ သူ့လက်ရေးကို ရင်းနှီးနေပါပြီ..."


ယခင်ဘဝတွင် ကျွင်းဟွိုင်လန်က ဧကရာဇ်ချင်းဖျင်၏လက်အောက်တွင် နှစ်အနည်းငယ်ခန့် အမှုထမ်းဖူး၍ သူ့ကို မည်သို့ကိုင်တွယ်ရမည်ကို သိသည်။ သူကို့မည်သို့စကားပြောရမည်နှင့် မည်သည့်စကားကို နားထောင်ရခြင်းကို နှစ်သက်သည်ကိုလည်းသိသည်။


ဧကရာဇ်ချင်းဖျင်၏အမူအရာက အနည်းငယ်ပျော့ပျောင်းသွားပြီး လက်ကာပြကာပြောလိုက်သည်။


" သွားကြည့်ချေ... ဝေးဝေးနေဖို့လည်း သတိရ‌ဦး..."

48.2


ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်ပြီး ကိုယ်လုပ်တော်ရှု့၏ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး ရှေ့တိုးသွားသည်။ ကြမ်းပြင်တွင်ဒူးထောက်နေသည့် တျန့်ချွေး၏အနားမှ ဖြတ်သွားသည့်အခါ သူ ခဏရပ်လိုက်ပြီး အေးအေးလူလူပင် မေးလိုက်သည်။


" မမတျန့်ချွေး... သော့က ဒီရက်တွေထဲ မမရဲ့လက်ထဲမှာရှိနေတာပဲ... အဲဒီစာရွက်တွေနဲ့ အရုပ်ကို တစ်ခါမှ မထိဘူးလား..."

    

တျန့်ချွေးက အလျင်အမြန်ပင် ခေါင်းခါပြလိုက်သည်။


" ဒီအစေခံက အဲ့ပစ္စည်း ဘယ်နေရာမှာ ရှိနေမှန်းကို မသိပါဘူး... အဲဒါကြောင့်မို့ တစ်ခါမှလည်း မထိဖူးပါဘူး... ဒီနေ့ ဧကရာဇ်နဲ့ အရှင်မ ရောက်မလာချင်အချိန်ကအထိ အနောက်ဘက်ခန်းမဆောင်ရဲ့ ဂိုထောင်ဘက်ကို မသွားခဲ့ပါဘူး... အဲဒီပစ္စည်းကို ထိဖို့ အခွင့်အရေးလည်းမရှိပါဘူး..."


ကျွင်းဟွိုင်လန် ပြုံးပြလိုက်သည်။

" မကြောက်ပါနဲ့ မထိထားဘူးဆိုရင် ပြီးတာပါပဲ..."


ထိုအချိန်တွင် သူမက ခပ်ပြတ်ပြတ်ငြင်းဆိုလိုက်သည်။


ကျွင်းဟွိုင်လန်က အရုပ်ကိုထည့်ထားသည့်ဘူးဆီသို့ လျှောက်လာကာ ခေါင်ငုံ့ပြီး ဂရုတစိုက် စစ်ဆေးကြည့်နေသည်။

    

ရုတ်တရက် ဂိုထောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အစေခံများကလည်း အသံတစ်သံမျှ မထွက်ရဲတော့ပေ။ ကျွင်းဟွိုင်လန်က တိတ်ဆိတ်စွာ ကြည့်ရှု့စစ်ဆေးနေပြီးသည့်နောက်တွင် စိတ်ရှုပ်ထွေးစွာဖြင့် "ဟမ်" ဟု ပြောလိုက်သည်။


" ဒီအရုပ်ပေါ်က အနံ့ကို ဘာလို့ ရင်းနှီးနေပါလိမ့်..."

 

ထိုသို့ပြောပြီး လက်ဆန့်ထုတ်ကာ ဘူးထဲမှ အရုပ်ကိုကိုင်ရန် ပြင်လိုက်သည်။ 


သို့ရာတွင် အရုပ်ကို မထိခင်မှာပင် သူ့လက်ကောက်ဝတ်ကို အခြားလက်တစ်ဖက်က ဖမ်းဆွဲလိုက်သည်။

    

ကျွင်းဟွိုင်လန်မော့ကြည့်လိုက်သည့်အခါ ရွှယ်ယန်က သူ့လက်ကိုကိုင်ထားပြီး သူ့ကိုငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။


" ခမည်းတော်က ဝေးဝေးနေခိုင်းထားတယ်လေ..."

    

ရွှယ်ယန်က ဘယ်တုန်းက ဧကရာဇ်ချင်းဖျင်ရဲ့အမိန့်ကို နာခံတတ်သွားတာလဲ...

ရွှယ်ယန်၏ မျက်ဝန်းထဲမှ အကြည့်များအရ သူကိုယ်တိုင်ကလည်း ကျွင်းဟွိုင်လန်ကို ထိုအရုပ်အား မထိစေချင်သည့်ပုံပင်။

    

ကျွင်းဟွိုင်လန် ခဏတာခန့် ပြောစရာစကားမဲ့သွားသည်။


သူ ပြန်လည်မွေးဖွားပြီးချိန်မှစ၍ ထူးဆန်းသည့်စွမ်းအားများကို သာမန်လူများထက်ပို၍ ရှင်းလင်းစွာမြင်နိုင်ခဲ့ပြီး ထိုသို့သောလူများပြုလုပ်ထားသည့်ပစ္စည်းများကို မကြောက်လန့်ခဲ့ပေ။ သို့ရာတွင် ယခုအခါတွင် ဤဖြစ်စဉ်အကြောင်းကို တစ်ဆင့်ခြင်း ရှင်းလင်းစွာသိလာကာ သူ့သရုပ်ဆောင်ချက်များကလည်း ကောင်းမွန်‌လာပြီဖြစ်သည်။


ရွှယ်ယန်က ဒီအချိန်ရောက်မှ ဘာလို့ ဝင်နှောင့်ယှက်တာပါလိမ့်...


ရွှယ်ယန့်ကို အပြစ်တင်ဟန်ဖြင့်ကြည့်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် အရုပ်ကို လှမ်းယူရန်ပြင်လိုက်သည်။


မင်းဒါကို မကိုင်ဘူးဆိုရင် ဧကရာဇ်နဲ့  ကိုယ်လုပ်တော်ရှု့ကို ဘယ်လိုရှင်းပြမှာလဲ... ကိုယ်လုပ်တော်ရှု့ ပေးထားတဲ့ အနောက်ပိုင်းဒေသက အမွှေးနံ့တွေကို တျန့်ချွေးရဲ့ကိုယ်ပေါ်ဖြူးထားတာ ဒီလိုအချိန်အတွက်ပဲလေ...

    

သို့သော် သူ အရုပ်ကို မကိုင်မီမှာပင် ရွှယ်ယန်က စုန်းမရုပ်ကို ဦးအောင်ယူလိုက်သည်။


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသည်။

    

 ငါ အရုပ်ကို ကိုင်မလို့ လုပ်တုန်းကကျတော့ ဧကရာဇ်ရှေ့ကို အကြောင်းပြပြီးတားတယ်... အခု သူ့ဘာသာလှမ်းကိုင်လိုက်တယ်ဆိုတည်းက ဧကရာဇ်စကားကို ခေါင်းထဲတောင်မထည့်တာ သိသာနေတာပဲ...

    

 ကိစ္စက ဤ‌အခြေအနေထိ ရောက်လာပြီဖြစ်သော်လည်း ကျွင်းဟွိုင်လန်က မူလအစီအစဉ်အတိုင်း ဆက်လက်သရုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

    

ရွှယ်ယန့်လက်ထဲတွင် ကိုင်ထားသည့်အရုပ်ကိုငုံ့ပြီး အနံ့ခံကြည့်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ 


" ဟုတ်တယ်... ဒီအနံ့ကို တော်တော်ရင်းနှီးနေတယ်... အဲ့အနံ့က မမတျန့်ချွေးကို ကျွန်တော်ပေးခဲ့တဲ့ အမွှေးအိတ်ကအနံ့ပဲ..."

    

သူ့ဘေးတွင် ဒူးထောက်နေသည့်တျန့်ချွေးက အလွန်ထိတ်လန့်သွားသည်။

    

" ဒါ... အရှင့်သား အနံ့မှားတာ ဖြစ်ပါလိမ့်မယ်..."

သူမက ကျွင်းလင်ဟွမ်ပြုလုပ်ပေးထားသည့်အမွှေးအိတ်ကို ခါးတွင်ချိတ်ထား၍ ၎င်းကို ထိလိုက်မိသည်။


" ဒီအနံ့က အဲ့ပစ္စည်းပေါ် မစွဲနေနိုင်ပါဘူး... ပြီးတော့ အားလုံးဆီမှာ ဒီအမွှေးအိတ်ရှိတယ်လေ..."

တျန့်ချွေး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

    

" မမတျန့်ချွေးက ကျွန်တော့်ရဲ့အရီးတော်အိမ်တော်ကနေ ခေါ်လာတဲ့သူပဲ ... အရီးတော်နဲ့တူတူ ကြီးပြင်းလာတဲ့သူတွေဆိုတော့ အမွှေးအိတ်ကို တခြားလူတွေနဲ့ တူတူပေးပါ့မလား..."


ကျွင်းဟွိုင်လန်က တျန့်ချွေးကိုကြည့်ပြီး စကားကို တစ်လုံးချင်းပြောလိုက်သည်။

    

 သူ့စကားများကြောင့် တျန့်ချွေးက တုန်ယင်လာပြီး အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။

    

  " အဲ့အမွှေးအိတ်က ကျွန်တော်ကိုယ်တိုင် ဂိုထောင်ထဲက ထုတ်လာတာ... ပြီးတော့ အဲဒါက အနောက်ပိုင်းဒေသက လာတာမို့ ခန္ဓာကိုယ်ပေါ်မှာဆောင်ထားသရွေ့ တစ်ကိုယ်လုံးမှာ အမွှေးနံ့ရနိုင်တယ်... ဘယ်ပစ္စည်းကိုထိထိ အနည်းဆုံး လဝက်လောက်တော့ အနံ့က စွဲနေဦးမှာပဲ..."


ကျွင်းဟွိုင်လန်က သူမကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။


" ကျန့်ကွမ်းသဲ့... မင်းဒီဟာကိုယူပြီး မမတျန့်ချွေးဆီက အမွှေးအိတ်အနံ့နဲ့တူလား ယှဉ်ကြည့်လိုက်..."

    

ကျန့်ကွမ်းသဲ့ကလည်း ကြောက်ကြောက်ဖြင့် ရှေ့တိုးလာသည်။

    

တျန့်ချွေးမှာ ပျာယာခတ်နေပြီး သူမခါးပေါ်မှ အမွှေးအိတ်ကိုပေးရန် တွန့်ဆုတ်နေမိသည်။ ထိုနှစ်ခုကို အနံ့ခံကြည့်လိုက်သည့်အခါတွင် ထပ်တူကျနေသည်မှာ သိသာထင်ရှားသွားသည်။


" မမတျန့်ချွေး... ဒီပစ္စည်းက မမဆီက ရောက်လာတာလား..."


ကျွင်းဟွိုင်လန်က စိတ်ထဲတွင် လှောင်ပြောင်သရော်နေသော်လည်း အပေါ်ယံတွင်မူ တအံ့တဩဖြစ်နေသည့် အမူအရာမျိုးဖြစ်နေသည်။


" ခုနကပြောတော့ ဒီပစ္စည်းကို လုံးဝမထိထားဘူးဆို..."


ကျန့်ကွမ်းသဲ့က သူမလက်ထဲမှအမွှေးအိတ်ကိုယူလိုက်ပြီး ရွှယ်ယန်၏အနားသို့ တုန်ယင်စွာချဉ်းကပ်လာကာ အမွှေးအိတ်ပေါ်မှရနံ့နှင့် အရုပ်ပေါ်မှရနံ့ကို နှိုင်းယှဉ်ကြည့်ပြီးသောအခါ ဧကရာဇ်ချင်းဖျင်၏ရှေ့တွင် ဒူးထောက်ပြီးလျှောက်တင်လိုက်သည်။


" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ဒီအနံ့နှစ်ခုက ဆင်တူနေပါတယ်..."


ဤသို့ဖြင့် သက်သေခိုင်လုံသွားပြီဖြစ်သည်။


ဤရက်ပိုင်းအတွင်းတွင် တျန့်ချွေးတစ်ယောက်တည်း၏ လက်ထဲတွင်သာ ဂိုထောင်သော့ရှိခဲ့သည်။ အကယ်၍ ထိုအရုပ်က ဤနေရာတွင် ကြာမြှင့်စွာ ရှိနေခဲ့၍ တျန့်ချွေးက မသိဟု ဖြေပါက ကျိုးကြောင်းဆီလျော်နိုင်သေးသည်။ သို့သော်လည်း အရုပ်ပေါ်မှ အနံ့နှင့် သူမကိုယ်ပေါ်ရှိရနံ့က တစ်ထပ်တည်းကျနေခဲ့သည်။


သူကလွဲပြီး ဘယ်သူမှ မရှိတော့ဘူးပေါ့...


" တျန့်ချွေး..."


ကိုယ်လုပ်တော်ရှုက လန့်သွားပြီး သူမကို ငေးငိုင်လျက် ကြည့်နေသည်။ တျန့်ချွေးက မြေပြင်ပေါ်လဲကျသွားပြီးနောက် ခေါင်းခါယမ်းကာ သူမ မမှားကြောင်း ပြောနေသည်။


သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမှ သူမကို မယုံကြည်တော့ပေ။ ဧကရာဇ်ချင်းဖျင်က သူမကိုကြည့်လိုက်ပြီး မည်သူကခိုင်းစေကြောင်း မေးမည့်အချိန်တွင် ရွှယ်ယန်က ရုတ်တရက် စကားထပြောလာသည်။

    

" တျန့်ချွေးက အမှားကို ဝန်မခံဘူးဆိုမှတော့ ခမည်းတော်ကိုယ်တိုင်စစ်ဆေးမှ ရတော့မယ်ထင်တယ်..."

    

မည်သူမျှ အာရုံမစိုက်သည့်အချိန်တွင် အရုပ်ကို ဘူးထဲ ပြန်ပစ်ထည့်လိုက်သည်။ သူ့ပုံစံက လူ့အန္တရာယ်ကိုရှိစေသည့်အရာကို ပစ်လိုက်သကဲ့သို့မဟုတ်ပဲ အရေးမပါသည့် ပစ္စည်းတစ်မျိုးကို လွှင့်ပစ်လိုက်သကဲ့သို့ပင်။


" သူ တစ်ခုခုလုပ်ထားလား သိချင်တယ်ဆိုရင် သူ့အခန်းကို စစ်ဆေးကြည့်ရင်ရတာပဲ ခမည်းတော်..."


ရွှယ်ယန်က ဧကရာဇ်ချင်းဖျင်ကိုကြည့်ကာ ပြောလိုက်သည်။


သူ့လေသံက အရိုအသေမဲ့သည့်ပုံစံမဟုတ်သော်လည်း မမြင်ရသောအင်အားတစ်ခုက သူ၏ ဧကရာဇ်ဟူသော ကြီးမြတ်မှုကို နင်းချေလိုက်သကဲ့သို့ ဧကရာဇ်ချင်းဖျင်၏ရင်ထဲတွင် ခံစားလိုက်ရသည်။

    

သို့သော်လည်း သူပြောသည်က မှန်ကန်သည်။ ဧကရာဇ်ချင်းဖျင်က စိတ်အလိုမကျမှုကို မျိုသိပ်ထားကာ လက်ဝှေ့ယမ်းပြလိုက်ပြီး လင်းဖူနှင့် ကျန့်ကွမ်းသဲ့ကို ပြောလိုက်သည်။


" သွားရှာကြစမ်း..."


တစ်ဖက်တွင်မူ ရွှယ်ယန့်အနားတွင် ရပ်နေသည့် ကျွင်းဟွိုင်လန်က အနည်းငယ် ကပျာကသီဖြစ်ပြီး ရွှယ်ယန်ကို စောင်းငဲ့ကြည့်လိုက်သည်။


Xxxxxx