အပိုင်း ၄၉
Viewers 15k

Chapter 49


ယခုအခါတွင် တျန့်ချွေး၏ ပြစ်မှုက သိသာလွန်းနေပြီဖြစ်သည်။ ဘုရင့်ကိုယ်လုပ်တော်ကို ကျိန်စာတိုက်မိပြီဖြစ်၍ သူမနောက်ကွယ်တွင် မည်သူရှ်ိသည်ဖြစ်သေ ကွပ်မျက်ခံရမည့်ပြစ်ဒဏ်မှ ရှောင်ဖယ်၍ မရနိုင်တော့ပေ။ သို့ရာတွင် ယခု သူမ အခန်းကို သွားရောက် ရှာဖွေခိုင်းလိုက်ပြန်သည်။

တကယ်လို့ သူက သဲလွန်စတွေကိုရှင်းလင်းထားပြီး အခန်းထဲလည်း ခြေရာလက်ရာမပျက်နေဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ...

  

ရွှယ်ယန်ကလည်း သူ့ကို ပြန်ကြည့်နေသည်။ 


ပယင်းရောင်မျက်ဝန်းများက တည်ငြိမ်ကာ သူ့ကို နှစ်သိမ့်ချော့မြူနေသကဲ့သို့ပင်။ ထိုအကြည့်တစ်ချက်ကြောင့် ကျွင်းဟွိုင်လန်၏ ကပျာကသီဖြစ်နေသော ခံစားချက်များကို တည်ငြိမ်သွားစေသည်။


ကျန့်ကွမ်းသဲ့ အခန်းထဲသို့ ပြန်ရောက်လာရန် အချိန်မကြာမြင့်လိုက်ပေ။

    

 သူ့အခန်းထဲသို့ ဝပ်တွားပြီး ဝင်လာစဉ်တွင် ခလုတ်တိုက်မိ၍ ကိုယ်လုပ်တော်ရှု့၏ရှေ့တွင် ဒူးထောက်ကျသွားသည်။ သူ့နောက်မှ လင်းဖူ၏လက်ထဲတွင် ပစ္စည်းအချို့ ပါလာသည်။ ၎င်းတို့အားလုံးက အပ်နှင့်အပ်ချည်များ၊ အရုပ်ပြုလုပ်ရာတွင် အသုံးပြုသည့်အထည်စများဖြစ်သည်။


" အရှင်မ..."


ကျန့်ကွမ်းသဲ့က မြေပြင်ပေါ် ဒူးထောက်နေပြီး သူ့လေသံကလည်း တုန်ယင်နေသည်။


" ဘာလိုဖြစ်ရတာလဲ..."

 

ကိုယ်လုပ်တော်ရှု့မှာ အိမ်မွေ့ချခံလိုက်ရသကဲ့သို့ မတန်မလှုပ်ဖြစ်သွားသည်။ သူမရှေ့တွင် သက်သေအထောက်အထားအားလုံး ရောက်ရှိနေပြီဖြစ်ပြီး ကြမ်းပြင်တွင် ဒူးထောက်နေသော တျန့်ချွေးကလည်း သူမကို ဖြေရှင်းချက်တစ်ခွန်းမှ မပေးပေ။ 

    

 ဒီအပျိုတော်က သူနဲ့အတူရှိလာခဲ့တာ နှစ်၂၀လောက်ရှိပြီမို့ တျန့်ချွေးကို သူအရမ်းယုံကြည်ခဲ့တာ... သူ့ကို တစ်ခါမှလည်း ဆိုးဆိုးရွားရွားမဆက်ဆံခဲ့ဖူးတာကို ဘာလို့ ဒီလိုမျိုး သစ္စာဖောက်ရတာလဲ...

    

သူမရှေ့တွင် ဒူးထောက်နေသည့် ကျန့်ကွမ်းသဲ့ကို သူမ မိန်းမောစွာကြည့်နေပြီး မေးခွန်းမေးရန်ပင် တွန့်ဆုတ်နေမိသည်။


ကျန့်ကွမ်းသဲ့က မျက်ရည်ကျလုနီးပါးဖြစ်နေပြီး သူ့လက်ထဲမှ အဝတ်အိတ်ထဲအတွင်းရှိ ပစ္စည်းများကို ကိုယ်လုပ်တော်ရှု့ကို ထုတ်ပြလိုက်သည်။ ၎င်းတို့က ဆေးမှုန့်များထည့်ကာ ထုပ်ပိုးထားသည့် စာရွက်အိတ်များဖြစ်သည်။ 

    

" အဲဒါ ဘာတွေလဲ..."


ဧကရာဇ်ချင်းဖျင်က မေးလိုက်သည်။


ကျန့်ကွမ်းသဲ့က ထိုပစ္စည်းများကို ဘေးနားတွင်ချထားလိုက်ပြီး ကြမ်းပြင်နှင့် ဦးခေါင်းကိုထိကာ ဦးညွတ်ပြီး တုန်ယင်စွာပြောလိုက်သည်။


" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ဒါတွေအားလုံးက ဆေးမှုန့်တွေပါ... ဒါပေမဲ့ ဘာမှန်းတိတိကျကျ မသိရလို့ ဒီအစေခံက နန်းတွင်းသမားတော်ဆီကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါတယ်... ပါဝင်ပစ္စည်းတွေက ကုံကုမံဝတ်ဆံ၊ ကတိုးနဲ့ တည်သီးမှုန့်တွေပါ..."


ထိုနေရာတွင် ရှိနေသူအားလုံး ချက်ချင်းပင် ထိတ်လန့်သွားရသည်။


၎င်းတို့က သာမန်ဆေးဖက်ဝင်ပင်များဖြစ်ပြီး ၎င်းတို့၏ အကျိုးသက်ရောက်မှုများကလည်း လူသိများသည်။ ကုံကုမံဝတ်ဆံနှင့် ကတိုးက ‌သန္ဓေတားဆေးများဖြစ်ကာ တည်သီးမှုန့်အညှာကလည်း အေးစက်သည့် သဘာဝရှိ၍ ၎င်းတို့ကို အမျိုးသမီးများ မှန်မှန်မှီဝဲမိပါက ကိုယ်ဝန်ဆောင်နိုင်စွမ်း ဆုံးရှုံးသွားနိုင်သည်။

    

ကိုယ်လုပ်တော်ရှု့၏ ခြေချောင်းများပျော့ခွေလာပြီး လဲကျလုမတတ်ဖြစ်သွား၍ ဘေးနားမှ အပျိုတော်က ထိန်းပေးထားရသည်။


" တျန့်ချွေး... " 


သူမ အသံက တုန်ယင်နေပြီး စကားမပြောနိုင်တော့ပဲ တျန့်ချွေး၏အမည်ကိုသာ ခေါ်တိုင်တော့သည်။


ကြမ်းပြင်တွင် ဒူးထောက်နေသည့်တျန့်ချွေးက ကျန့်ကွမ်းသဲ့၏ လက်ထဲမှအရာကို အသက်မဲ့စွာဖြင့် ကြည့်နေသည်။

    

 ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဒါတွေအကုန်လုံးကို သူလုပ်ခဲ့တာဆိုပေမယ့် အခန်းထဲမှာ ခြေရာလက်ရာတွေ မချန်ထားခဲ့ပါဘူး...

    

သူမက အရုပ်ချုပ်သည့် အထည်စများကိုလည်း မီးရှို့ထားခဲ့ပြီးဖြစ်ကာ ဆေးမှုန့်ကိုလည်း သူမသောက်သည့် လက်ဖက်ရည်ကြမ်းအိုးထဲတွင် ဖွက်ထားခြင်းဖြစ်သည်။ ထိုဆေးမှုန့်ကို သူမအား ယီကျဲယွီမှ ပေးထားခြင်းဖြစ်ပြီး ပြုလုပ်နည်းကလည်း လျှို့ဝှက်သိုသိပ်လှသည်။ ကုံကုမံဝတ်ဆံနှင့် ကတိုးကဲ့သို့သော သိသာထင်ရှားစေမည့် ပါဝင်ပစ္စည်းများ မပါဝင်‌၍ လက်ဖက်ရည်အိုးထဲတွင် ရှာတွေ့ခဲ့ပါကလည်း သတိပြုစရာဖြစ်မည်မဟုတ်ပေ။


တစ်ယောက်ယောက်က သူလုပ်နေသမျှ အားလုံးကို ကြိုသိထားလို့ အခန်းထဲမသိအောင်ဝင်ပြီး ဒီသက်သေတွေကို ဖွက်သွားတာပဲဖြစ်ရမယ်...


ထိုလူက မည်သူပင်ဖြစ်စေ အစီအစဉ်ဆွဲထားပြီး ယနေ့တွင် သူမ၏ လျှို့ဝှက်ချက်များကိုဖော်ထုတ်ရန် စောင့်ဆိုင်းနေသည့်ပုံပေါ်သည်။

    

ထို စုန်းမရုပ်က ကိုယ်လုပ်တော်ရှု့ကို ရန်ငြှိုးရှိ၍ သူမကိုယ်တိုင် ချုပ်ထားခဲ့သည်ဟု သံသယဝင်နိုင်သော်လည်း ဆေးမှုန့်က ကလေးမရစေရန် ပြုလုပ်ထားသည့်အရာဖြစ်ကြောင်း နန်းတွင်းသမားတော်ရောက်လာပြီး ၎င်း၏ပါဝင်ပစ္စည်းများကို ဖော်ထုတ်လိုက်မှသာ အားလုံးသိသွားနိုင်မည့်ကိစ္စဖြစ်သည်။


သူက အပျိုတော်တစ်ယောက်မို့ ကတိုးနဲ့ တခြားပစ္စည်းတွေကိုရှာဖို့ လွယ်ပေမယ့် ဆေးညွှန်းကို သူ့ဘာသာဘယ်လိုဖော်ရမှာတုန်း...

 

သူမကို ဖမ်းဆီးနှိပ်စက်ပြီး နောက်ကွယ်မှတရားခံကို စစ်မေးကြတော့မည်မှာ ဧကန်မုချဖြစ်သည်။   


တျန့်ချွေး၏ ကြမ်းပြင်ပေါ် ခွေလဲကျသွားပြီး မျက်လုံးများနီရဲလာကာ ကိုယ်လုပ်တော်ရှု့ကို ကြည့်လိုက်သည်။

    

သူမက ငယ်စဉ်ကလေးဘဝတည်းက ကိုယ်လုပ်တော်ရှု့၏ဘေးတွင် ခစားခဲ့သူဖြစ်သည်။ သို့ရာတွင် သူမ၏ တစ်ဦးတည်းသောအစ်ကိုက ယီကျဲယွီ၏ ထိန်းချုပ်ခြင်းခံခဲ့ရ၍ သူမ အစ်ကိုကိုလည်း မစွန့်ပယ်နိုင်ပေ။ 


သူမ ဝန်မခံချင်သောအရာတစ်ခုမှာ သူမ ကလေးဘဝတည်းက ဤမာနကြီးသောမိန်းကလေးဖြင့် ကြီးပြင်းခဲ့ရသည်ကိုပင်။ ထိုမိန်းကလေးက သခင်ဖြစ်ပြီး သူမက ကျေးကျွန်ဖြစ်ခဲ့သည်။ သူမလက်ထဲတွင် ထိုမိန်းကလေးက ကြီးပြင်းလာသော်လည်း သူမထက်ပိုမြင့်သည့်နေရာသို့ရောက်သွားခဲ့သည်။


သူမ၏ မနာလိုမှုကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။ 


တျန့်ချွေးက သူမကို ဦးညွှတ်လိုက်ပြီး မည်သူမှ မတုံ့ပြန်နိုင်မီအချိန်တွင် အနားမှ သေတ္တာဘူးမှ ကြေးနီသတ္တုထောင့်စွန်းဖြင့် ခေါင်းကို တိုက်ချလိုက်သည်။


ကျွင်းဟွိုင်လန်၏ မျက်လုံးများကို နွေးထွေးခြောက်သွေ့သော လက်တစ်စုံကို လာပိတ်ထားသည်။ ထိုလက်ဖဝါးပြင်တွင်လည်း အသားမာအလွှာပါးတစ်ခုက ဖုံးအုပ်ထားသည်။ သူ့လှုပ်ရှားမှုများကို တမင်သက်သက်နှေးလိုက်သော်လည်း အဝေးတစ်နေရာသို့ အမည်မဖော်နိုင်သည့်အကြည့်မျိုးဖြင့် ကြည့်နေသည်။


" မကြည့်နဲ့..."


သူ့နားထဲတွင် ရွှယ်ယန်၏အသံက ပဲ့တင်ထပ်လာသည်။

  

    ——

  

တျန့်ချွေး၏ သေဆုံးမှုကြောင့် မင့်လွမ်နန်းဆောင်က ရက်အတော်ကြာသည်အထိ မှုန်မှိုင်းသွားသည်။


တျန့်ချွေးက ကိုယ်လုပ်တော်ရှု့၏ အယုံကြည်ရဆုံးလူတစ်ယောက်ဖြစ်သော်လည်း သူမကို တစ်ယောက်ယောက်က နောက်ကွယ်မှ ကြိုးကိုင်နေမည်ဟု မထင်ခဲ့မိကြပေ။

    

 ကိုယ်လုပ်တော်ရှုက ဆယ်နှစ်ကျော်သည်အထိ မီးမဖွားနိုင်ခဲ့ခြင်းမှာ တျန့်ချွေး၏ လုပ်ရပ်ကြောင့်ပင်ဖြစ်သည်။

    

အပျိုတော်များကလည်း အစေခံအချင်းချင်းဖြစ်သော်လည်း သူမနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ကြသူများဖြစ်၍ သူတို့တွင်လည်း ခံစားချက်များရှိသည်။ သို့ရာတွင် ကိုယ်လုပ်တော်ရှု့နှင့် အရင်းနှီးဆုံးအစေခံက သူမကို နှစ်ပေါင်းများစွာ နာကျင်စေခဲ့သည့်လူဖြစ်နေသည်။

49.2


ကျွင်းဟွိုင်လန် အရှေ့ဘက်ခန်းမဆောင်မှထွက်လာပြီး ပင်မခန်းမဆောင်ဆီသို့ စင်္ကြန်အတိုင်း လျှောက်လာသည့်အခါ ကျန့်ကွမ်းသဲ့က မိန်းမစိုးများနှင့် အစေခံများကို ခြံဝင်းအတွင်း သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားနေသည်ကို ကြားလိုက်ရသည်။

    

" အရှင်မက ကြင်နာတတ်ပေမယ့် ဒီလို မျက်ဆံဖြူမြေခွေးတစ်ကောင်ကို ပျိုးထောင်ခဲ့မိမယ်လို့ ဘယ်သူထင်ထားမှာလဲ... မင်းတို့တွေ အလောင်းကိုလာသယ်‌တဲ့နေ့က မြင်တယ်မလား... စိတ်အလိုလိုက်ပြီး အဲ့လိုအရာမျိုးလုပ်ခဲ့ရင် ဒီလိုပဲ အဆုံးသတ်မှာပဲ..."


သူ့အသံက စူးရှ ကျယ်လောင်လှ၍ အဝေးမှပင် ကြားနေရသည်။

 

ကျန့်ကွမ်းသဲ့က စိတ်မအေးနိုင်ပဲ တျန့်ချွေးကိုအပြစ်တင်ရန်အကြောင်းရှာနေဆဲဖြစ်ကြောင်းကို မင့်လွမ်နန်းဆောင်မှ အစေခံအားလုံးသိသည်။ အားလုံး၏ရင်ထဲတွင်လည်း မွန်းကြပ်နေပြီး ထိုစကားများကိုကြားသည့်အခါ တီးတိုးပြောကုန်ကြသည်။


" ကိုယ်လုပ်တော်ရှု့က သူ့ကို ဒီလောက်ကောင်းကောင်းဆက်ဆံတာတောင်မှ သူလုပ်သွားတာကိုကြည့်ပါဦး..."


" ဟုတ်တယ် ငါတို့တွေတောင်မှ သူ့လိုမျိုး ဆက်ဆံခံရတာမဟုတ်ဘူး..."


" နောက်ဘဝသာရှိခဲ့ရင်တော့ သူက တိရစ္တာန်ပဲဖြစ်နေမှာ... ဒီဘဝမှာလည်း သူကောင်းတာတစ်ခုမှ မလုပ်ခဲ့ဘူးလေ..."

    

မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော်အုပ်စုက တီးတိုးပြောနေကြပြီး ကျွင်းဟွိုင်လန် အနားရောက်လာသည့်အခါမှသာ သူ့ကို မြင်လိုက်ကြသည်။


ကျန့်ကွမ်းသဲ့က သူ့အနားသို့ အမြန်ပြေးလာပြီး ဦးညွတ်လိုက်သည်။


 " သခင်လေး ပင်မခန်းမဆောင်ကို သွားမလို့လား..."


သူ အလွန်ပင် အလုပ်များနေပုံရပြီး အသံကပင် အက်ရှရှဖြစ်နေသည်။ ယခင်ကမူ နန်းဆောင်၏ ကိစ္စအဝဝကို သူနှင့် တျန့်ချွေးကသာ ကိုင်တွယ်စီမံရခြင်းဖြစ်သည်။ ယခုအခါတွင် တျန့်ချွေးသေဆုံးသွားပြီဖြစ်၍ ကိစ္စအားလုံးက သူ့ခေါင်းပေါ်ရောက်လာသည်။ ယခုချိန်က နှစ်သစ်ကူးသို့ ရောက်ရှိခါနီးဖြစ်၍ အလုပ်များပြားနေချိန်‌ဖြစ်သော်လည်း မင့်လွမ်နန်း ဆောင်တွင် ထိုသို့သောကိစ္စကြီး ဖြစ်ပျက်ခဲ့သည်။ ယခင်ရက်များအတွင်းတွင်း ကျန့်ကွမ်းသဲ့မှာ အလုပ်များလွန်း၍ ကြမ်းပြင်နှင့်ခြေထောက် မထိနိုင်အောင်ပင်ဖြစ်နေခဲ့ရသည်။


ကျွင်းဟွိုင်လန်က သူ့ကို ပြုံးပြလိုက်သည်။


" မိန်းမစိုးကျန့် ထပါ... ဒီရက်ပိုင်းအတွင်း အရမ်းအလုပ်များနေမှာပေါ့..."


ကျန့်ကွမ်းသဲ့က အလျင်အမြန်ပင် ပြောလိုက်သည်။


" အလုပ်မများပါဘူး လုံးဝ မများပါဘူး သခင်လေးရဲ့... သခင်လေးရဲ့ အရီးတော်နဲ့တူတူ အချိန်ဖြုန်းပေးလိုက်ပါဦး သူမ ဒီရက်ပိုင်းအတွင်း စိတ်ညစ်နေပုံပဲ..."

    

ကျွင်းဟွိုင်လန် သိသည်။


ဧကရာဇ်ချင်းဖျင်သည်လည်း တျန့်ချွေးက ကိုယ်လုပ်တော်ရှု့ကို ဆေးခတ်နေကြောင်း မသိခဲ့ရပေ။  သူ ဤတစ်ကြိမ်တွင် ကိုယ်လုပ်တော်ရှု့အပေါ် အမှားလုပ်မိပြီး သူမနန်းဆောင်မှ အပျိုတော်တစ်ယောက်က သူမကို နာကျင်စေသည့်အတွက် သူ့ရင်ထဲတွင် သနားနေမိသည်။


နန်းတွင်းသမားတော်များထဲမှ အတော်ဆုံးလူများကိုခေါ်၍ ကိုယ်လုပ်တော်ရှု့ကို စစ်ဆေးစေခဲ့သော်လည်း သူမ ပြန်လည်ကောင်းမွန်လာရန်က တဖြည်းဖြည်းအချိန်ယူရမည်ဟုသာ ပြောကြသည်။ ဤရက်များအတွင်းတွင် ဧကရာဇ်ချင်းဖျင်က သူမ၏နန်းဆောင်သို့ လက်ဆောင်ပစ္စည်းများစွာပို့ပေးပြီး သူမကိုနေ့တိုင်းလာတွေ့ခဲ့သော်လည်း ကိုယ်လုပ်တော်ရှု့က မပျော်မရွှင်ဖြစ်နေဆဲပင်။

    

ကိုယ်လုပ်တော်ရှု့က သူမအနားမှလူကြောင့် နာကျင်နေရခြင်းဖြစ်သည်ကို ကျွင်းဟွိုင်လန်သိသည်။


ဧကရာဇ်ချင်းဖျင်မရှိချိန်တွင် ကျွင်းဟွိုင်လန်က ကိုယ်လုပ်တော်ရှု့နှင့်အတူ စကားစမြည်ပြောလေ့ရှိသည်။ ယနေ့တွင် ဧကရာဇ်ချင်းဖျင်မရောက်လာ၍ သူမနှင့်စကားပြောရန် မနက်စောစော ရောက်လာခြင်းဖြစ်သည်။

   

  ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


" ကျွန်တော် ကြည့်လုပ်လိုက်ပါ့မယ် စိတ်ချလက်ချသာနေပါ..."


ကျန့်ကွမ်းသဲ့က ‌အထပ်ထပ်အခါခါ ခေါင်းငြိမ့်ပြနေသည်။


ကိုယ်လုပ်တော်ရှု့၏အဆောင်ထဲတွင် အမွှေးတိုင်တစ်တိုင်ထွန်းထားပြီး အပူပေးစနစ်ကိုလည်း ဖွင့်ထားသည်။ အခန်းထဲရောက်သွားသည်နှင့် မွှေးပျံ့နွေးထွေးသွားနိုင်သည်။ ဘေးပတ်ပတ်လည်တွင် လှပသည့် ပန်းချီကားချပ်များ အစီအရီရှိကာ ပရိဘောဂများကလည်း ပြောင်မြောက်စွာရေးထွင်းထားသည်ဖြစ်၍ နတ်သမီးတစ်ပါး၏အိပ်ဆောင်ထဲ ရောက်ရှိသွားသည်ဟုပင် ထင်ရစေသည်။


အပျိုတော်များက ကျွင်းဟွိုင်လန်ရောက်လာသည်ကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ကြပြီး ကိုယ်လုပ်တော်ရှု့က အတွင်းခန်းထဲတွင်ရှိကြောင်း လျှောက်တင်ကြသည်။


ကျွင်းဟွိုင်လန်အထဲသို့ဝင်သွားသည့်အခါ ကိုယ်လုပ်တော်ရှု့က ပြတင်းပေါက်ဘေးတွင်ထိုင်နေပြီး လက်ထဲတွင် သိုးမွေးစများကိုင်ထားသည်ကို တွေ့လိုက်ရသည်။

    

" အရီးတော် ဘာလုပ်နေတာလဲ..."


ကျွင်းဟွိုင်လန်က တဖြည်းဖြည်းချင်းလျှောက်သွားသည်။


တျန့်ချွေးက ဖယ်ထုတ်ပစ်မှ ရမည့်လူတစ်ယောက်ဖြစ်သော်လည်း ကိုယ်လုပ်တော်ရှု့၏ ညှိုးနွမ်းနေသောပုံစံကို မြင်ရသည့်အခါ ကျွင်းဟွိုင်လန်ရင်ထဲမကောင်းဖြစ်သွားသည်။


ကျွင်းမိသားစုဝင်တွေထဲက လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် ကိုယ်လုပ်တော်ရှု့ခံစားနေရမှာကို ဘယ်သူမှ မကြည့်ရက်နိုင်ကြဘူး... ဒါပေမဲ့လည်း မကောင်းတဲ့လူတစ်ယောက်က သူ့အနားမှာ တစ်ချိန်လုံး ရှိနေခဲ့တာပဲ...

    

သူ ဝင်လာသည်ကို မြင်သောအခါ ကိုယ်လုပ်တော်ရှု့က လှမ်းကြည့်ပြီး ပြုံးပြလိုက်သည်။


သို့သော် သူမပုံစံက ညှိုးငယ်နေဆဲဖြစ်သည်။

    

" ဒီကိုလာပါဦး..."


 ကျွင်းဟွိုင်လန်ကို သူမဘေးနားတွင် ဝင်ထိုင်ခိုင်းလိုက်သည်။ 

    

" ဒီ သိုးမွေးထည်တွေကို မင်းကြီးက ချီးမြှင့်ထားတာလေ ဘယ်အရောင်လှလဲ လာကြည့်ပါဦး..."

    

 " သား အနောက်ဘက်ခန်းမဆောင်ကိုသွားပြီး ရွှယ်ယန်ရဲ့ ပခုံးအတိုင်းအတာယူခဲ့... သိပ်မကြာခင် နှစ်သစ်ကူးကို ရောက်တော့မှာ... အရီးတော်လည်း လုပ်စရာမရှိဘူးဆိုတော့ သားတို့တွေအတွက် ဝတ်ရုံချုပ်ပေးမယ်..."


ကျင်းပေါင် အနောက်ပိုင်းခန်းမဆောင်ထဲ ရောက်လာသည့်အခါ ခြေထောက်များပင် ပျော့ခွေနေပြီဖြစ်သည်။ 


" အရှင့်သားကို လျှောက်တင်ပါတယ်... အားလုံး သန့်ရှင်းရေးလုပ်လိုက်ပါပြီ... သေတ္တာထဲကို စိမ့်ဝင်သွားတဲ့သွေးတွေပဲ ကျန်ပါတော့တယ်... မိန်းမစိုးကျန့်ကတော့ အရှင့်သားအတွက် သေတ္တာအသစ်တစ်လုံး ထပ်ယူလာပေးမယ်ပြောပါတယ်..."


ကျင်းပေါင် ဦးညွတ်လိုက်သည်။


 ရွှယ်ယန်က စာရွက်ကို နောက်တစ်မျက်နှာသို့ လှန်လိုက်ပြီး "အင်း" ဟုသာ တုံ့ပြန်လိုက်သည်။


ကျင်းပေါင် သက်ပြင်းရှည်ကြီးချလိုက်သည်။


သူ ရွှယ်ယန်၏ အစေခံဖြစ်သွားသည့်အချိန်မှစ၍ အခြားအရာများ မတိုးတက်လာလျှင်ပင် အရာအားလုံးကို တောင့်ခံနိုင်သည့်စွမ်းရည်ကအလွန် တိုးမြင့်လာသည်။ 


လူတစ်ယောက်က သေတ္တာဘူးနဲ့ ခေါင်းကိုဆောင့်ပြီး သေကြောင်းကြံသွားလို့ သွေးတွေက ကြမ်းပြင်ပေါ်အပြည့်ပဲ... ကျင်းပေါင် ဒီမတိုင်ခင်ကဆိုရင် ကြက်သတ်တာကိုပဲ မြင်ဖူးခဲ့တာ... ဘယ်လိုဖြစ်လို့ သူ့ရှေ့မှာ လူတစ်ယောက် သေသွားတာကိုပါ မြင်နေရတာလဲ...


တျန့်ချွေးက သူ့ကိုသော့လာတောင်းစဉ်က အရှင့်သား(ကျွင်းဟွိုင်လန်)က ၁၂လမြောက်လ ရောက်သည်အထိ ရက်အနည်းငယ်ဆိုင်ငံ့ထားခိုင်းပြီး နောက်မှ ပေးရန်ညွှန်ကြားခဲ့သည်။ သူမ သော့နှစ်ချောင်းရှိသည်ဟု ထင်သွားအောင်လုပ်ပြီး အလျင်စလိုပြန်ပေးရန်မလိုအပ်သည့်အကြောင်းပါ ပြောခိုင်းခဲ့သည်။


ထို့နောက် တျန့်ချွေးက သူ့ကို နောက်တစ်ကြိမ်သော့လာတောင်းချိန်တွင်  ရွှယ်ယန်က သူ့ကိုတွေ့သွားခဲ့သည်။


ထိုအချိန်တွင် ရွှယ်ယန်က သူ့ကိုပြုံးပြလိုက်သည်။

" တိုက်ဆိုင်လိုက်တာ... ငါလည်း မင်းကို ခိုင်းစရာတစ်ခု ရှိတယ်..."


ထိုအချိန်က ကျင်းပေါင်၏ရင်ထဲ ကြက်သီးထသွားပြီးနောက် မကောင်းသည့်အရာတစ်ခုခုကို ခိုင်းတော့မည်ဖြစ်ကြောင်း သိလိုက်သည်။


Xxxxxxx