အပိုင်း ၅၀
Viewers 15k

Chapter 50


သူ့အထင်က မှန်ကန်ခဲ့သည်။ ရွှယ်ယန်က သူ့ကို နန်းတွင်းအပြင်မှ လူတစ်ယောက်ထံမှ ကုံကုမံဝတ်ဆံနှင့် ကတိုးကို ယူခိုင်းခဲ့သည်။


၎င်းတို့က သာမန်ဆေးပစ္စည်းများသာဖြစ်၍ ကျင်းပေါင်က နန်းတွင်းဆေးပေးခန်းသို့သွားကာယူဆောင်လိုက်မည်ဟု ပြောခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် နန်းတွင်းပြင်ပမှ လူတစ်ယောက်ကို ခိုင်းရမည်မှာ စွန့်စားရမည့်ကိစ္စတစ်ခု ဖြစ်သောကြောင့်ပင်။


သို့သော်လည်း ရွှယ်ယန်က သဘောမတူခဲ့ပေ။


 " ဒီဆေးတွေက ဘယ်နေရာကမှန်းမသိပဲ ရောက်လာမှဖြစ်မှာ..."


ကျင်းပေါင်က အကြောင်းရင်းကို မမေးရဲ၍ ထိုပစ္စည်းများ ရရှိပြီးသည့်နောက်တွင် မည်သို့ပြုလုပ်မည်ကိုသာ မေးခဲ့သည်။


မမျှော်လင့်ထားသည်မှာ သူ့သခင်က နန်းတွင်းပြင်ပမှလူနှင့် ဆက်သွယ်ခိုင်းသည်ထက် ဆိုးရွားသောအရာကို လုပ်ခိုင်းခဲ့သည်။


" အဲဒါတွေကို တျန့်ချွေးရဲ့အခန်းထဲ သွားဖွက်ထားလိုက်..."


ရွှယ်ယန်က အပ်ချည်၊ အပ်နှင့် အဝတ်စများကို စားပွဲပေါ်တင်ကာ အမိန့်ပေးလိုက်သည်။


" သူ့အခန်းထဲမှာ ဆေးတချို့တော့ရှိမှာပဲ...  ထင်သာမြင်သာရှိတဲ့နေရာမှာပဲထား ဒါပေမဲ့ နည်းနည်းလောက်သတိပြုရခက်တဲ့နေရာဖြစ်ရမယ်... အမွှေးတိုင်ထွန်းတဲ့နေရာ၊ မျက်နှာချေထည့်ထားတဲ့ဘူး၊ လက်ဖက်ရည်အိုး အဲ့လိုနေရာတွေမှာရှာကြည့်... ရှာတွေ့ပြီးရင် အဲဒါတွေကို စက္ကူနဲ့ထုပ်လိုက်ပြီး အခန်းထဲက တစ်နေရာမှာ အတူဖွက်လိုက်... ပြီးရင် ‌ဆေးတချို့ကိုတော့ ပြန်ယူလာခဲ့..."


ဒါတွေကို တခြားလူတစ်ယောက်ရဲ့ အခန်းထဲမှာ လုပ်ရမှာလား...


ကျင်းပေါင် အလွန်ကြောက်လန့်နေပြီဖြစ်သည်။


ဒါပေမဲ့ သူ့ဘဝလေးနဲ့ သူ့မိသားစုဝင်တွေအားလုံးရဲ့ဘဝက ရွှယ်ယန်ရဲ့လက်ထဲမှာရှိနေတယ်...


ထိုသို့ အကျပ်ကိုင်ခံရခြင်းကြောင့် သူက ရွှယ်ယန်ညွှန်ကြားထားသမျှအားလုံးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

  

သို့ဖြစ်၍ ထိုနေ့တွင် ရွှယ်ယန်နှင့် ကျွင်းဟွိုင်လန်တို့က  မတိုင်ပင်ထားရပဲ စနစ်တကျအကွက်ချထားသကဲ့သို့ဖြစ်သွားပြီး တျန့်ချွေးကို တစ်ဆင့်ပြီးတစ်ဆင့်ဖော်ထုတ်ကာ သေအောင်အထိပြုလုပ်နိုင်ခဲ့သည်ကို ကျင်းပေါင် ကြည့်နေခဲ့ရသည်။


ကျင်းပေါင်၏လက်တွင်လည်း သွေးစွန်းသွားပြီဖြစ်သည်။


အနောက်ဘက်ခန်းမဆောင်တွင် သူမှလွဲ၍ အခြားအစေခံမရှိပေ။ သူ အလွန်ကြောက်လန့်လွန်းနေ၍ ခြေထောက်များတုန်ယင်နေပြီး အားမရှိတော့ပေ။ တျန့်ချွေးက အိမ်မက်ထဲတွင်ပင် သူ့အသက်ကို လာရောက်နှုတ်ယူသွားမည်ဟု ထင်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နေဆဲဖြစ်သည်။ သူမအလောင်းကို တစ်ယောက်ယောက်အားခေါ်၍ သယ်ထုတ်သွားခိုင်းလိုက်ပြီး ဂိုထောင်ထဲမှ ကျန်ရှိနေသည့်သွေးကွက်ကြီးကို သူကိုယ်တိုင် သန့်ရှင်းလိုက်ရသည်။


 အကယ်၍ တစ်စုံတစ်ခု မှားယွင်းခဲ့ပါက ကျင်းပေါင်လည်း သေသွားနိုင်သည်။


ထိုကိစ္စများကို လုပ်ဆောင်ခဲ့ပြီးသော်လည်း တျန့်ချွေးက အသက်ချမ်းသာပေးရန် မတောင်းဆိုခဲ့ပဲ သတ်သေသွားခဲ့သည်။


သို့ရာတွင် ကျင်းပေါင်၏စိတ်ထဲ၌ သံသယအချို့ ရှိနေသေးသည်။


သူ့သခင်က အေးဆေးတည်ငြိမ်ပြီး စိတ်ကောင်းဝင်နေပုံရ၍ သူမေးရန် သတ္တိမွေးလိုက်သည်။

" ဒါပေမဲ့ သခင်... ဒီအစေခံ နားမလည်တာတစ်ခု ရှိပါသေးတယ်..."


ရွှယ်ယန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောပေ။


ထိုအကြည့်များက စူးရှမနေသဖြင့် ရွှယ်ယန်က သူ့‌ကိုမေးခွန်းပြုလိုက်သည်ကိုသိ၍ အလျင်အမြန် မေးလိုက်သည်။


" အဲဒီအပျိုတော် ဂိုထောင်ထဲ သေသွားတဲ့နေ့တုန်းက သခင်က သူနဲ့ မနီးမဝေးမှာ ရှိနေတာလေ... သခင့်ရဲ့ ကိုယ်ခံပညာနဲ့ဆိုရင် သူ့ကို တားလို့ရနေတာ အသိသာကြီးပဲကို...ဘာလို့ သူ့ဘာသာ သတ်သေခိုင်းလိုက်ရတာလဲ... သူသာ မသေသေးရင် ပြစ်ဒဏ်စီရင်ရေးဌာနကိုခေါ်သွားပြီး တစ်ခုခု မေးမြန်းကြည့်လို့ ရလောက်တယ်..."


" ငါ မမေးနိုင်လို့ပေါ့..."

ရွှယ်ယန်က အေးအေးလူလူပင် ပြောလိုက်သည်။


" ဟမ်..."

ကျင်းပေါင် ပဟေဠိဖြစ်သွားမိသည်။


ထို့နောက် ရွှယ်ယန်က ဆက်ပြောပြသည်။


" တျန့်ချွေးကို နောက်ကွယ်က အမိန့်ပေးနေတဲ့လူက ဒီနန်းတွင်းထဲကပဲ ပြီးတော့ ဒီနေရာက သူတို့ပိုင်နက်... သူတို့က တုန်းချန်ကလူတွေလိုမဟုတ်ဘူး... အဲ့အပျိုတော် ပြစ်ဒဏ်စီရင်ရေးဌာနကို ရောက်သွားရင်တောင်မှ သူ့ကိုနှုတ်ပိတ်ပစ်လို့ ရသေးတယ်... မတော်တဆသေသွားတော့ ဒီကိစ္စကို ကျော်သွားလိုက်လို့ရတယ်...  ဧကရာဇ်ရဲ့ရှေ့မှာ သူလုပ်ထားတာတွေအတွက် အပြစ်ပေးခံရမှာကို အကြောက်လွန်ပြီးသတ်သေသွားတော့  ဦးနှောက်မရှိတဲ့ ငတုံးတွေကတော့ ကျိုးကြောင်းဆီလျော်တယ် ထင်ကြမှာပေါ့..."


ကျင်းပေါင်က "ဧကရာဇ်" ဟူသောစကားလုံးကို ဘယ်ဘက်နားထဲမှ ဝင်သွားပြီး "ငတုံး" ဟူသောစကားလုံးကို ညာဘက်နားမှ ကြားလိုက်ရသည်။ ‌၎င်းက အကြိမ်တစ်ရာခန့်ခေါင်းဖြတ်ခံရရန် လုံလောက်နေသည့် သကားမျိုးပင်။ ၎င်းကိုကြားလိုက်ရသည့်အခါ ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထသွားသော်လည်း ပြန်လည် မချေပရဲပေ။ သူကိုယ့်သူ ဘာမှမကြားနိုင်သည့် နားထိုင်းတစ်ယောက်ဟုသာ တွေးလိုက်သည်။


" ဒါဆိုရင် အရှင်မင်းကြီးက ဒီကိစ္စကို သိသွားပါ့မလား..."


ကျင်းပေါင် စပ်စုစွာဖြင့် မေးလိုက်ပြန်သည်။


ရွှယ်ယန်က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။


" သူ့မှာ အဲ့လိုဖြစ်လောက်တဲ့စွမ်းရည်မရှိဘူး... ဒါပေမဲ့ ဒါကို သတိပေးချက်တစ်မျိုးအနေနဲ့ အသုံးချလို့ရတယ်... အဲဒီဘက်ကလူတွေကလည်း ခဏတဖြုတ်တော့ သတိထားနေကြဦးမှာပဲ..."


ဒီလိုကိုး...

ကျင်းပေါင် သဘောပေါက်သွားသည်။


" ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်တဲ့သူကို မသိလိုက်ရတာတော့ နှမြောစရာကြီး..."


သူ သက်ပြင်းချလိုက်သည်။


" ဘာလို့ မသိလိုက်ရမှာလဲ..."


ရွှယ်ယန် သူ့ကို လှမ်းကြည့်လိုက်သည်။


ကျင်းပေါင် သူနှင့် မျက်လုံးချင်းဆုံသွားချိန်တွင် ရင်ထဲ အေးခဲတောင့်တင်းသွားသည်။


သေချာပြီ ... ဒီလိုမျိုးကြည့်နေပုံထောက်ရင်တော့ သူ့ကို တစ်ခုခုလုပ်ခိုင်းဦးမှာပဲ...


" သခင် အမိန့်ပေးစရာတစ်ခုခု ရှိသေးလားမသိဘူး..."

ကျင်းပေါင် တုန်ယင်စွာဖြင့် ပြောလိုက်သည်။


ရွှယ်ယန်က ရွှင်မြူးစွာဖြင့် နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။


" မင်းတောင် ရင့်ကျက်လာပြီပဲ..."


ထို့နောက် စက္ကူထုပ်ငယ်လေးတစ်ထုပ်ကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။


 " ဒါက အရင်တစ်ခေါင်တုန်းက မင်းခိုးလာခဲ့တဲ့ ဆေးမှုန့်ပဲ... ဒီလ ၁၅ရက်နေ့ရောက်တဲ့အထိစောင့်ပြီးရင် အရင်ချိန်အတိုင်းပဲသွား မင်းကို နန်းတော်အပြင်မှာ တစ်ယောက်ယောက် စောင့်နေလိမ့်မယ်... ဒီဆေးမှုန့်ရဲ့ မူလရင်းမြစ်ကိုရှာပြီး နန်းတော်ထဲ ဘယ်လိုပို့လဲဆိုတာပါ စုံစမ်းခဲ့... ပြီးတော့ သစ္စာရှိပြီး သွက်သွက်လက်လက်လည်းဖြစ် ထိန်းချုပ်လို့လည်းလွယ်တဲ့ အပျိုတော်တစ်ယောက်ရှာပြီး ကိုယ်လုပ်တော်ရှု့အနားကိုပို့ဖို့ နည်းလမ်းရှာလိုက်..."


ကျင်းပေါင် အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်သွားသည်။


" ဒါ... အဲ့လိုလုပ်လို့ ရပါ့မလား..."


ရွှယ်ယန်က သူ့ကို ကြည့်ရုံသာကြည့်နေပြီး ဘာမှ မပြောပေ။

50. 2


ယန်ယွင်သံမဏိမြင်းစစ်သည်များက ယန်ဘုရင်လက်အောက်တွင် နှစ်နှစ်ဆယ်ခန့် လေ့ကျင့်ခဲ့ကြသည့် လက်ရွေးစင်များဖြစ်သည်။ ယန်ဒေသက ယခုအခါတွင် ပြိုကွဲသွားပြီး ယန်ယွင်သံမဏိမြင်းစစ်သည်များကို ထိန်းချုပ်ထားခံရ၍ ယခုချိန်တွင် အသုံးမပြုတော့သော်လည်း သူတို့ကို ယန်ဘုရင်၏ စစ်သူကြီးဟောင်းနှင့် ယန်မန်တံခါးဝ၏ စစ်သူကြီးဖြစ်သူထံတွင် ပို့ဆောင်ထားသည်။


ရွှယ်ယန်နှင့်ပြန်လာသည့် ဒါဇင်နှင့်ချီသော စစ်သားများကို ယန်ယွင်သံမဏိမြင်းစစ်သည်များက ထောက်ခံထားသူများ ဖြစ်သည်။ ထိုအချိန်က သူတို့ကို ရန်သူ၏ စစ်အင်အားကို စုံစမ်းရန် သူလျှိုများအဖြစ် အသုံးပြုကြခြင်းဖြစ်သည်။


သို့ဖြစ်၍ သူတို့အတွက် ချန်အန်းတွင်နေထိုင်ကာ အမှုထမ်းရခြင်းက များစွာလွယ်ကူသည်။

    

ထိုလူများကအမှောင်ထဲတွင် ပုန်းကွယ်နေကြပြီး ရွှယ်ယန်ကို့အကူအညီပေးကာ သူ ညီလာခံသို့ တက်ရောက်နိုင်သည့်အချိန်ရောက်မှ အလင်းထဲ ဝင်ရောက်လာကြမည့်လူများဖြစ်သည်။ သို့ဖြစ်၍ ရွှယ်ယန်ကိုယ်တိုင်ကလည်း သိုသိုသိပ်သိပ်သာနေပြီး အားနည်းချက်များကို ဖော်ထုတ်ပြသကာ တုန်းချန်က ငါးစာကိုလာဟပ်ရန် စောင့်နေခဲ့ခြင်းပင်။ 

( T/N - ရွှယ်ယန်နဲ့ ကျင်းပေါင်စကားပြောနေရင်း ယန်ယွင်သံမဏိမြင်းစစ်သည်တွေကြောင်းပါလာတာ အပိုဒ်မှားရေးတာမဟုတ်ပါဘူး... အပေါ်မှာပြောသွားတဲ့ ကျင်းပေါင်ကို ဆေးပစ္စည်းရှာပေးတဲ့လူဆိုတာ နန်းတော်အပြင်ကနေ ရွှယ်ယန်ကို နောက်ကွယ်က ကူညီပေးနေတဲ့ အဲ့လူတွေကြောင်းပဲမို့ ထည့်ရေးတာပါ ) 


ရွှယ်ယန်က ဘာမှဆက်မပြောတော့၍ ကျင်းပေါင်ကလည်း ဘာမှထပ်မမေးရဲတော့ပေ။ သူ အပြင်ထွက်ရန်ပြင်လိုက်စဉ် ရွှယ်ယန်က သူ့ကိုတားလိုက်သည်။


" တစ်ခုရှိသေးတယ်..."


ကျန်သေးတာလားဟ ...

ကျင်းပေါင် သတိလစ်မတတ်ဖြစ်လာသည်။

   

ကျင်းပေါင် ရွှယ်ယန့်ရှေ့တွင် ဒူးထောက်တောင်းပန်ချင်စိတ်ပင် ပေါ်လာသည်။

အရှင့်သားရဲ့လက်ထဲမှာ ဘာမဆိုလုပ်ပေးမယ့် လက်အောက်ငယ်သားတွေအများကြီးရှိတာပဲ... ကျန်တော်မျိုးကိုလွှတ်ပေးပါ... လွှတ်ပေးလိုက်ပါတော့... ‌ဒီနိမ့်ကျတဲ့အစေခံက ကိုယ့်ဘာသာ အေးဆေးနေပါရစေ...


ရွှယ်ယန်က သူ့မျက်နှာပေါ်မှ အမူအရာကို မမြင်ပဲ ဆက်ပြောသည်။


" ဒီနေ့လည်း တုန်းချန်ကို သွားလိုက်ဦး... အထဲကိုဝင်ဖို့ တွေးနေစရာမလိုဘူး... မင်းဦးနှောက်ကို တံခါးဝမှာပဲ ချိတ်ထားခဲ့... အဲ့ကလေကချေတွေက မင်းကို တွေ့သွားရင် ဝင်လို့ရမှာပဲ... ဟန်ဆောင်နေစရာလည်းမလိုဘူး... မင်း ပုံစံအတိုင်းပဲနေ ပိုပြီးတုံးလေ ပိုပြီး လုံခြုံလေပဲ..."


  ကျင်းပေါင် : "..."


ဒီတိုင်းဆူလိုက်ရင်တောင် နေသာထိုင်သာရှိဦးမယ်...

   

" ပြီးရင် ကျွန်တော်မျိုး သူတို့ကို ဘာပြောရမှာလဲ..."


ကျင်းပေါင်က စောဒကမတက်ရဲ၍ သတိထားပြီး လိုရင်းကိုသာ မေးလိုက်သည်။


" ဒီရက်ပိုင်းအတွင်း ဘာတွေဖြစ်သွားတယ်ဆိုတာ သူတို့ကို ပြောပြလိုက်... မင်း အခွင့်အရေးရလို့ ဒီကိစ္စထဲက ရှောင်လာနိုင်တယ်ဆိုတဲ့အကြောင်းရယ် မိန်းမစိုးဝူရဲ့ အကြံပြုချက်ကြောင့် တျန့်ချွေးရဲ့အခန်းကို ဝင်ရှာတုန်း ဆေးကို မတော်တဆတွေ့ခဲ့တယ်ဆိုတာပါ ပြောပြလိုက်... အခု ငါက ဒီကိစ္စကြောင့် ကိုယ်လုပ်တော်ရှု့ရဲ့ မျက်နှာသာပေးမှု ရသွားပြီ အဲဒါတွေအားလုံးက မိန်းမစိုးဝူရဲ့ကျေးဇူးကြောင့်ပဲ ပြီးတော့ အခြေအနေတွေက ပိုကောင်းလာလို့ သူ့ကိုကျေးဇူးတင်နေပါတယ်ဆိုတာ ပြောလိုက်..."


ကျင်းပေါင် အံ့ဩသွားပြီး ရွှယ်ယန့်ကိုကြည့်ကာ ပြောစရာစကားမဲ့သွားသည်။ သူ့မျက်နှာက အေးစက်ပြီး အထင်သေးမှုများဖြင့် ပြည့်နေသော်လည်း သူ့နှုတ်မှထွက်ပေါ်လာသည့် ဖော်လံဖားသောစကားလုံးများက ပြဇာတ်ဆန်ပြီး စည်းလွတ်ဝါးလွတ်ဖြစ်လွန်းလှသည်။


စကားဆုံးသည်နှင့် ရွှယ်ယန်က ကျင်းပေါင်ကိုကြည့်လိုက်သည်။


" ငတုံးလို ဘာရပ်လုပ်နေတာလဲ... ငါပြော‌တာတွေ မှတ်မိလား..."


ကျင်းပေါင်က တစ်ချက်ပြန်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

" မှတ်မိပါတယ်..."


ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည်။


" တစ်ဖက်လူက ကိုယ်လုပ်တော်ရှု့က အနာဂတ်မှာ သူတို့ကို မှီခိုနိုင်ပြီလို့ပြောရင် မင်းရဲ့တာဝန် အောင်မြင်ပြီ..."

 

ဤနည်းဖြင့် ကိုယ်လုပ်တော်ရှု့မိသားစုအတွက် တောက်ပသောလမ်းတစ်ခုဖွင့်လှစ်ပေးနိုင်သကဲ့သို့ ဖြစ်သွားမည်။ တုန်းချန်က နန်းတွင်းတွင် အာဏာမရှိသော်လည်း ကျင်းပေါင်ကို သဘောမကျခြင်း မရှိသကဲ့သို့ ကိုယ်လုပ်တော်ရှု့နှင့် ကျွင်းမိသားစုကိုလည်း သူတို့ဘက်တော်သား ပြုလုပ်ရမည်ကို ငြင်းဆိုလိမ့်မည်မဟုတ်ပေ။ 


ဤသို့ဖြင့် ကိုယ်လုပ်တော်ရှု့နှင့် ကျွင်းမိသားစုက အနာဂတ်တွင် ပြဿနာတစ်ခုခုဖြစ်ခဲ့ပါက တုန်းချန်က ကူညီထောက်ပံ့ပေးလိမ့်မည်သာဖြစ်သည်။


တုန်းချန်က မြစ်ကိုဖြတ်ကူးလာပြီးမှ တံတားကိုဖျက်ဆီးမည်ဆိုလျှင်လည်း ဖြစ်လာသမျှက သူတို့အပေါ်တွင်သာ မူတည်တော့သည်။


ကျင်းပေါင်က ထပ်ခါတလဲလဲ ခေါင်းငြိမ့်နေပြီး ထိုသို့ပြုလုပ်ရခြင်းအကြောင်းရင်းကို  ရွှယ်ယန်ရှင်းပြမည်ကို မျှော်လင့်တကြီးဖြင့် စောင့်နေသည်။ သို့ရာတွင် ရွှယ်ယန်၏ မျက်လုံးများကသူ့ရှေ့မှ စာအုပ်ပေါ်သို့သာ ပြန်ရောက်သွားပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် စာပြန်ဖတ်နေပြီး အချိန်အတန်ကြာသည်အထိ သူ့ကို မရှင်းပြပေ။


ကျင်းပေါင်က ရွှယ်ယန်နှင့်အတူ နေထိုင်စဉ်ကတည်းက အရူးလုပ်ခံရခြင်းကို အသားကျနေပြီဖြစ်၍ သူ့ကို အချိန်အတန်ကြာသည်အထိ စကားပြန်မပြောသောအခါ နောက်ဆုတ်သွားသည်။


ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။


ကျင်းပေါင် တံခါးသွားဖွင့်သောအခါ ကျွင်းဟွိုင်လန်က တံခါးဝတွင်ရပ်နေပြီး သူ့ကိုပြုံးပြနေသည်။


" အနှောင့်အယှက်ဖြစ်သွားသေးလား..."


ကျင်းပေါင်က သူ့ကိုအရိုအသေပြုလိုက်ပြီးနောက် အထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်သည်။


ကျွင်းဟွိုင်လန် အခန်းထဲဝင်လာပြီးနောက် ပြတင်းပေါက်နားမှာ စားပွဲတွင်ထိုင်နေသည့် ရွှယ်ယန့်ကိုကြည့်ကာ ပြောလိုက်သည်။


" အရီးတော်က မင်းအတွက် ဝတ်ရုံရှည်‌ချုပ်ပေးမယ်တဲ့... အဲဒါကြောင့် ငါ့ကို ကိုယ်တိုင်းလာယူခိုင်းလိုက်တာ..."


ရွှယ်ယန်က ထိုကိစ္စများကို နားမလည်သူဖြစ်၍ ကြောင်အမ်းအမ်းဖြစ်သွားပြီး ကျင်းပေါင်ကို လှမ်းကြည့်လိုက်သည်။


ကျင်းပေါင်ကလည်း ဘာလုပ်ရမည်မသိ၍ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။


" အရှင့်သား ကိုယ်တိုင်းယူဖို့အတွက် ဒီအစေခံ တစ်ယောက်ယောက်ကို သွားရှာလိုက်ရမလား..."


ကျွင်းဟွိုင်လန်က ထိုသို့ဖြစ်မည်ဟု ထင်ထားပြီးဖြစ်သည်။ ရွှယ်ယန့်ထံတွင်ခစားသည့် နန်းတွင်းသူတစ်ယောက်မှ မရှိပေ။ ယခင်က ကျန့်ကွမ်းသဲ့က သူ့အတွက် အဝတ်အစားများချုပ်ပေးခဲ့သော်လည်း သူက ဂရုမစိုက်ခဲ့ပေ။


 မင့်လွမ်နန်းဆောင်က ဤရက်ပိုင်းအတွင်းတွင် အလွန်အလုပ်များနေ၍ ကျွင်းဟွိုင်လန်က ကျန့်ကွမ်းသဲ့ကို ထပ်မံမနှောင့်ယှက်လိုတော့ပေ။ သို့ဖြစ်၍ သူလာကတည်းက ပေကြိုးယူလာခဲ့သည်။ ကျင်းပေါင်က တစ်ယောက်ယောက်ကို သွားရှာမည်ဟု ပြောသောအခါ ကျွင်းဟွိုင်လန်က လက်ထဲမှ ပေကြိုးကို ကျင်းပေါင်၏လက်ထဲထည့်ပေးကာ ပြောလိုက်သည်။


" ငါ ယူခဲ့တယ်... ဝတ်ရုံက သိပ်ကရိကထ မများပါဘူး... ခန္ဓာကိုယ်အပေါ်ပိုင်းကိုပဲ တိုင်းလိုက်ပါ..."


ကျင်းပေါင်က သူ့လက်ထဲမှ ပေကြိုးကို ‌‌ ကြောင်အအဖြင့်ပင် ယူလိုက်ပြီး သူ့သခင်ကို လှည့်ကြည့်လိုက်သည်။


ရွှယ်ယန်၏ မျက်ဆံများက အလွန်စူးရှနေ၍ အေးစက်စက်မျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားချိန်တွင် ကျင်းပေါင်၏လက်များ အားမရှိတော့သလိုပင် ခံစားလိုက်ရသည်။


သူ့သခင်က အခြားလူများ ထိတွေ့ခြင်းကို မုန်းတီးသူဖြစ်သည်။ သူ အပြင်းအထန်ဒဏ်ရာရပြီး လက်မောင်းတစ်ဖက် မမြှောက်နိုင်စဉ်ကပင် ကျင်းပေါင်ကို သူ့အသားကိုထိခွင့်မပြုခဲ့ပေ။


ကျင်းပေါင်က သူ့အသက်ကို တန်ဖိုးထားသူဖြစ်ပြီး သု့လက်နှစ်ဖက်ကိုလည်း တန်ဖိုးထားသည်။


တစ်ဖက်သို့ပြန်လှည့်လိုက်သောအခါ ဘေးတွင်ရပ်နေသော သခင်ငယ်လေးက သူ့အဖြေကို စောင့်နေပုံရသည်။


သူ့သခင်က သူနှင့် မျက်နှာချင်းဆိုင်လျှင် မျက်နှာက မာကြောခက်ထန်နေသော်လည်း ဤနတ်သားလေးနှင့်ဆိုပါက တစ်ချက်မှ မျက်နှာကြောတင်းမနေပေ။


ကျင်းပေါင်က ပေကြိုးကို ကျွင်းဟွိုင်လန်၏လက်ထဲ ပြန်ထည့်ပေးလိုက်သည်။


" သခင်လေး ဒီအစေခံက အရေးတကြီး လုပ်စရာကိစ္စရှိသေးလို့ အရှင့်သားကိုတိုင်းတာပေးဖို့ သခင်လေးကိုပဲ ဒုက္ခပေးပါရစေ..."


စကားဆုံးသည်နှင့် ကျင်းပေါင်က ခြေထောက်တွင် ဆီသုတ်ထားသကဲ့သို့ လှစ်ခနဲ ပြေးထွက်သွားသည်။

  

သူ့မှာ တကယ်ပဲ အရေးတကြီး လုပ်စရာကိစ္စရှိတာလေ... သူ မလိမ်ပါဘူး...


သူက ဒီမှာသက်ရှိထင်ရှားရှိနေတဲ့ ငရဲမင်းကြီးရဲ့ ကိုယ်တိုင်းယူရမယ့်အစား တုန်းချန်မှာရှိတဲ့ လူသားစားမကောင်းဆိုးဝါးတွေ အုပ်လိုက်ကြီးနဲ့ပဲ ရင်ဆိုင်လိုက်တော့မယ်...


Xxxxxxx