အပိုင်း ၅၁
Viewers 15k

Chapter 51


ကျင်းပေါင် ပြေးထွက်သွားပြီဖြစ်၍ အနောက်ဘက်အဆောင်တစ်ခုလုံးတွင် ကျွင်းဟွိုင်လန်နှင့် ရွှယ်ယန်သာ ကျန်နေခဲ့သည်။


ကျွင်းဟွိုင်လန်က ပေကြိုးကိုကိုင်ထားပြီး ထွက်ပြေးသွားသောကျင်းပေါင်၏ ကျောပြင်ကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားမိသည်။


ဘာလို့ သူ့နောက်ကို သရဲလိုက်နေသလိုမျိုး အမြန်ပြေးသွားရတာလဲ...


ထိုအချိန်တွင် ရွှယ်ယန်က ကျွင်းဟွိုင်လန်ကို မော့ကြည့်လိုက်သည်။


ကျွင်းဟွိုင်လန်က တံခါးရှေ့တွင် ရပ်နေခြင်းဖြစ်ပြီး တံခါးကလည်းပွင့်နေ၍ နေရောင်နွေးနွေးက သူ့အပေါ်ဖြာကျနေကာ သူ့ဘေးနားမှ အလင်းမှုန်လေးများကလည်း သူ့ကို တောက်ပနေစေသည်။ အလင်းရောင်ကလည်း တိမ်တိုက်ကဲ့သို့ သူ့ခန္ဓာကိုယ်ကို နူးညံ့စွာရစ်ပတ်ထားသည်။


ကြောင်အမ်းအမ်းဖြစ်သွားသော သူ့အမူအရာကြောင့် သတ္တဝါငယ်လေးတစ်ကောင်နှင့်ပင် တူနေသည်။ မည်းနက်၍ ဖောက်ထွင်းမြင်နိုင်သည်အထိ ကြည်လင်သောမျက်ဝန်းများကြောင့် သူ့ပုံစံက လူအများ၏ဝိညာဉ်ကို ဆွဲဆောင်နိုင်သည့် နတ်ပြည်မှ နတ်သားလေးတစ်ပါးနှင့်ပင်တူနေသည်။


ကျွင်းဟွိုင်လန်ကို မြင်ဖူးချိန်မှစ၍ ဤကမ္ဘာပေါ်တွင်လည်း နတ်ဘုရားများရှိကြောင်း ရွှယ်ယန် ယုံကြည်လာခဲ့သည်။


 အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့မှလူကို မည်သည့်အချိန်တွင် ကြည့်လိုက်သည်ဖြစ်စေ သေမျိုးကမ္ဘာသို့ မတော်တဆ နတ်သက်ကြွေလာသည့် နတ်သားလေးတစ်ပါးနှင့်တူနေသည်။


ရွှယ်ယန်၏ မျက်လုံးများက ဖမ်းစားခံလိုက်ရသကဲ့သို့ဖြစ်သွား၍ သူ့လက်ထဲမှစာအုပ်ကို တင်းတင်းဆုပ်ထားမိသည်မှာ စာရွက်များပင် တွန့်ကြေလာသည်။


အချိန်အနည်းငယ်ကြာပြီးသည့်နောက်တွင် စာအုပ်ကိုချလိုက်ပြီး မျက်နှာသေကြီးဖြင့် မတ်တပ်ရပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" ဒီအစေခံက စည်းမရှိကမ်းမရှိပဲ... ငါ တစ်ယောက်ယောက်ကိုလွှတ်ပြီး သူ့ကို ဖမ်းခိုင်းလိုက်ပါ့မယ်..."


သူ ခဏတာစိတ်လွတ်သွားသည်ကို ဖုံးကွယ်ရန်အတွက် အေးစက်စက်အသံဖြင့်သာ ပြောလိုက်သည်။


သူ့စကားကိုကြားသည့်အခါ ကျွင်းဟွိုင်လန်က တစ်ဖက်သို့လှည့်ပြီး သူ့ကို အမြန်တားလိုက်သည်။


" ထားလိုက်ပါ... ငါ တစ်ယောက်ယောက်..."


သူ ဖုရိကိုဖုရိကိုခေါ်ရန်ပြင်လိုက်စဉ် ဤနေရာသို့လာရာလမ်းတွင် ရွှယ်ယန်ကို တစ်ခုခုပြောရန် စဉ်းစားလာသည်ကို သတိရသွားသည်။


ကိုယ်လုပ်တော်ရှု့က ရွှယ်ယန်အတွက် အဝတ်အစားများချုပ်ပေးလိုခြင်းမှာ လွန်ခဲ့သည့်ရက်များက အထင်လွဲမှုအနည်းငယ်ဖြစ်ခဲ့၍ သူနှင့် ပြန်အဆင်ပြေရန် ကြိုးစားချင်နေခြင်းဖြစ်သည်ကို ကျွင်းဟွိုင်လန်သိသည်။


ထို့အပြင် ယခုချိန်၌ ရွှယ်ယန်က ကိုယ်လုပ်တော်ရှု့၏ သားတော် ဖြစ်နေသည်။ ကျွင်းဟွိုင်လန်ကလည်း နွေဦးရာသီရောက်ပါက ဤနေရာမှထွက်ခွာပြီး ကျန်းနန်သို့ ပြန်မည်ဖြစ်သည်။ ထိုအချိန်တွင် ကိုယ်လုပ်တော်ရှု့နှင့် ရွှယ်ယန်သာ မင့်လွမ်နန်းဆောင်တွင် ကျန်နေခဲ့မည်ဖြစ်သည်။


ရွှယ်ယန်၏ စိတ်နေသဘောထားက အေးစက်စက်ဖြစ်ပြီး ကိုယ်လုပ်တော်ရှု့ကလည်း အနားတွင် သူမကိုအလိုလိုက်ပြီး အဖော်ပြုပေးမည့်သူကို လိုအပ်သူတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်တည်းကျန်ရှိနေပါက တစ်ယောက်နှင့်တစ်ယောက် စကားမပြောပဲ အေးစက်စက်နေမည်မှာ သိသာထင်ရှားလှသည်။


သို့ဖြစ်၍ ကျွင်းဟွိုင်လန်က ဤရက်ပိုင်းများအတွင်းတွင် အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး ရွှယ်ယန်နှင့် ကိုယ်လုပ်တော်ရှု့ကို ရင်နှီးလာစေရန် ကြိုးစားမည်ဖြစ်သည်။ ထိုသို့ဖြစ်မှသာ သူထွက်သွားသည့်အချိန်တွင် ကိုယ်လုပ်တော်ရှု့က အထီးကျန်မနေတော့မည်ဖြစ်သည်။


ရွှယ်ယန်က ထိုနေရာတွင်ပင်ရပ်နေပြီး နောက်ထပ် ထွက်ပေါ်လာမည့်စကားလုံးများကို စောင့်ဆိုင်းနေသည်။


ထိုစကားများကို နှစ်ယောက်တည်းသီးသန့်ပြောခြင်းက ပို၍သင့်တော်မည်ဟု ကျွင်းဟွိုင်လန်ခံစားမိသွားသည်။ သူ ခဏတာရပ်သွားပြီးနောက် ရွှယ်ယန့်ကို ပြုံးပြလိုက်သည်။


" ဒုက္ခမရှာပါနဲ့တော့... ငါ ဘယ်လိုတိုင်းရမယ်ဆိုတာသိပါတယ်... ငါပဲ တိုင်းပေးတော့မယ်..."

 

ပြောနေလျက်နှင့်ပင် ပေကြိုးကိုယူပြီး ရှေ့တိုးလာသည်။


သူ့စကားကိုကြားသည့်အခါ ရွှယ်ယန့်ရင်ထဲ တစ်မျိုးတစ်မည်ဖြစ်သွားသည်။


သူက တစ်ကြိမ်တစ်ခါမှ အဝတ်အစားကို ကိုယ်တိုင်းယူ၍ မချုပ်ခဲ့ဖူးသည့်အတွက် မည်သို့ ကိုယ်တိုင်းယူသည်ကိုမသိပေ။


သူက ယန်ဒေသတွင် ကလေးဘဝတည်းက နေခဲ့ရပြီး စစ်တပ်ထဲတွင်သာ ကြီးပြင်းခဲ့ရသည်။


ယန်ဘုရင်က သူ့ကိုစစ်တန်းလျားများတွင်သာ နေထိုင်စေခဲ့၍ အများနည်းတူ စစ်ဝတ်စုံများကိုသာ ဝတ်ဆင်ခဲ့ရသည်။


ကံကောင်းသည်မှာ သူ့မျိုးရိုးကြောင့် ကလေးဘဝတည်းက အခြားလူများထက် အရပ်ပိုရှည်ခဲ့သည်။ ထိုအဝတ်အစားများက ပထမဆုံး ၂နှစ်တွင် သူနှင့်မတော်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပြဿနာမရှိတော့ပေ။ 


ထိုသို့ပင်ဖြစ်သော်ငြားလည်း ပေါင်းပင်နှင့်တူသောသူ၏ အကျင့်စရိုက်ကြောင့် မည်သည့်နေရာတွင်မဆို သက်တောင့်သက်သာ နေနိုင်သည်။ မည်ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရသည်ဖြစ်စေ သူရောက်ရှိနေသောနေရာအပေါ်တွင်မူတည်ပြီး တည်ငြိမ်စွာနေတတ်သည်။


သို့သော်လည်း ကျွင်းဟွိုင်လန်၏ရှေ့သို့ရောက်သည့်အခါ ရုတ်တရက် ရှက်နေမိသည်။


 တစ်ဖက်လူက ငယ်စဉ်ကတည်းက ကျောက်စိမ်းနှင့် သစ်ခွပင်များအကြားတွင် ကျက်သရေရှိစွာ ကြီးပြင်းခဲ့ရသည့် သခင်လေးဖြစ်သည်။ သို့သော်လည်း သူက ဘဝကို ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရပြီး သူ့ကိုယ်ပေါ်တွင်သန့်စင်၍ မရနိုင်သော ယမ်းမှုန့်နှင့် သွေးရနံ့များ ရောနှောနေသည့် ရနံ့ရှိနေသည်။


ကျွင်းဟွိုင်လန်က စုတ်တံနှင့် စာရွက်ကိုယူကာ ပေကြိုးကိုဖြည်လိုက်ပြီး အပေါ်မှ နံပါတ်များကို ဂရုတစိုက်ကြည့်နေသည်ကို သူစောင့်ကြည့်နေသည်။


ကျွင်းဟွိုင်လန်က သူနှင့် အလွန်နီးကပ်နေ၍ ခေါင်းငုံ့လိုက်ချိန်တွင် ကျွင်းဟွိုင်လန်၏ အနက်ရောင်ဆံနွယ်များကိုပင် မြင်တွေ့နိုင်သည်။ စန္ဒကူးရနံ့တစ်မျိုးက ကျွင်းဟွိုင်လန်၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေပြီး  ရွှယ်ယန်၏ နှာသီးဖျားကိုပါ ထိနေသည်။


သူ ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်နေသော်လည်း ရင်ခုန်သံများ မြန်ဆန်လာပြီး လက်နှင့်ခြေထောက်များကိုပင် မည်သို့ထားရမည်မသိဖြစ်လာသည်။


ကျွင်းဟွိုင်လန်က ဘေးနားတွင်ရပ်ကာ ပေကြိုးကိုကြည့်နေ၍ ရွှယ်ယန်နှင့်ပတ်သက်ပြီး တစ်ခုခုထူးခြားနေသည်ကို မသိလိုက်ပေ။


" အဲ့နေ့ကအတွက် ကျေးဇူးတင်ပါတယ်..."


ကျွင်းဟွိုင်လန်က ပေကြိုးပေါ်မှ နံပါတ်များကို ဖတ်နေလျက် ပြောလိုက်သည်။


" အဲ့နေ့က တျန့်ချွေးရဲ့အခန်းကိုရှာကြည့်ဖို့ မင်းကြီးကို မင်း မလျှောက်တင်ပေးခဲ့ရင် ငါ့အရီးတော် ဘာလို့ ကလေးမရတာလဲသိရမှာမဟုတ်ဘူး..."


ရွှယ်ယန်က အက်ရှရှအသံဖြင့် "အင်း" ဟုသာ ဖြေလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။


သူက အမြဲတစေ စကားနည်းသူဖြစ်၍ ကျွင်းဟွိုင်လန်က ထူးဆန်းသည်ဟု မထင်လိုက်မိပေ။ နံပါတ်များကို ကြည့်ပြီးသည့်နောက်တွင်မှ ပေကြိုးကို ဆွဲဖြန့်လိုက်သည်။


ထိုအခါ ရွှယ်ယန်က ယခင်ထက်ပိုပြီး ခပ်တောင့်တောင့်ဖြစ်နေကာ စစ်သားများကို တန်းစီခိုင်းထားသကဲ့သို့ ရပ်နေသည်ကိုတွေ့လိုက်သည်။


သူက စစ်တပ်ထဲတွင် နေခဲ့ရသူဖြစ်၍ သာမန်လူများနှင့် အနည်းငယ်ကွဲပြားနေသည့်ပုံပင်။


ကျွင်းဟွိုင်လန်က မူမမှန်ဖြစ်နေသည်ကို သတိမပြုမိသေး၍ စိတ်ထဲတွင်သာ သက်ပြင်းခပ်ဖွဖွချလိုက်ပြီး ရွှယ်ယန်၏အနောက်သို့သွားကာ ပေကြိုးကို ရွှယ်ယန့်ပခုံးပေါ်တင်ပြီး တစ်ဖက်ကို ဖိထားကာ တိုင်း‌တာနေသည်။


  ရွှယ်ယန်၏ကျောပြင်က အကြောင်းအရင်းမဲ့စွာဖြင့် တောင့်တင်းသွားပြီး ကျွင်းဟွိုင်လန်ထိထားသည့်နေရာမှ အပ်စိုက်ကုလိုက်၍ ကြွက်တက်သွားသကဲ့သို့ ခံစားနေရသည်။


 ကျွင်းဟွိုင်လန်က ပေကြိုးကိုဆွဲလျက် ဆက်ပြောလိုက်သည်။


" ဒါပေမဲ့ အဲဒီ့နေ့တည်းကစပြီး အရီးတော်ရဲ့ စိတ်အခြေအနေမကောင်းတော့ဘူး... နောက် ရက်နည်းနည်းလောက်ဆိုရင် ဝမ်ဟွားနန်းဆောင်လည်း ပိတ်တော့မှာဆိုတော့ အဲ့အချိန်ကျရင် လုပ်စရာမရှိတော့ဘူးမလား... အဲ့ကျရင် ငါနဲ့တူတူပင်မခန်းမဆောင်ထဲလိုက်ပြီး အရီးတော်ကို အဖော်ပြုပေးပါလား..."


နွေးထွေးသောဝင်လေထွက်လေများက ရွှယ်ယန်၏ လည်ပင်းပေါ် ကျရောက်လာသည်။

51.2


ရွှယ်ယန်က အစောပိုင်းနှစ်များတွင် တာ့ခ်များ၏ ခြုံခိုတိုက်ခိုက်ခြင်းခံရတာ လူရိုင်းများ၏  ချောင်းမြောင်းပစ်ခတ်ခြင်းကိုလည်း ခံခဲ့ရသည်။ ထိုအဆိပ်အပ်တွင် သုတ်လိမ်းထားခဲ့သည်မှာ အလွန်အဆိပ်ရှိသောပျား၏ အမြီးမှထုတ်ယူထားခြင်းဖြစ်၍ တစ်ချက်ထိလိုက်ရုံဖြင့် ခန္ဓာကိုယ်တစ်ပိုင်းလုံးကို ထုံကျင်သွားစေပြီး တိုက်ခိုက်နိုင်စွမ်းများကိုပါ ဆုံးရှုံးသွားစေသည်။


ရွှယ်ယန်၏ လည်ပင်းနောက်မှ ဝင်လေထွက်လေ ပူနွေးနွေးများကြောင့် ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထသွားပြီး လည်ပင်းကို အပ်အသေးစားလေးဖြင့် ထိုးလိုက်သကဲ့သို့ ခံစားသွားရသည်။


သို့သော်လည်း အဆိပ်အပ်ကြောင့် ဖြစ်ပေါ်လာသည့်က စူးရှရှနာကျင်မှုမျိုးဖြစ်သည်။ ယခုချိန်တွင်မူ သူ့လည်ပင်းက ထုံကျင်သွားပြီး ယားကျိကျိဖြစ်လာကာ ခြေလက်များနှင့် အရိုးများထဲအထိ လျှပ်စစ်စီးကြောင်း ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။


ရလဒ်အနေဖြင့် သူ့စိတ်ထဲတွင် ဘာမှမတွေးနိုင်လောက်အောင် ထိုင်းမှိုင်းသွားသည်။


သူ့နောက်မှ ရွှယ်ကျွင်းလန်က သူ့နာမည်ကို နောက်တစ်ကြိမ်ခေါ်လိုက်သည့်အခါမှသာ ရွှယ်ယန် အသိပြန်ဝင်သွားသည်။


" အင်း..."

စိတ်နှင့်လူနှင့်မကပ်သည်ကို သတိမထားမိအောင် အတတ်နိုင်ဆုံး အေးစက်စက်ပြောလိုက်သည်။


"အင်း" ဟု ပြန်ဖြေပြီးသည့်အခါမှသာ ရွှယ်ယန်ပြန်တွေးလိုက်သည်။

သူ ခုနက ဘာပြောလိုက်တာပါလိမ့်... သူ့ကို ဘာလုပ်ခိုင်းနေတာလဲ...


ရွှယ်ကျွင်းလန်က ရွှယ်ယန် ကတိပေးလိုက်သည်ကိုကြားသည့်အခါမှ သူတစ်ချိန်လုံးတွေးတောနေခဲ့သည့်ကိစ္စက အဆုံးသတ်သွား၍ အပြုံးလေးဖြင့် ပြောလိုက်သည်။ 


" ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်... ငါ့ရဲ့ အရီးတော်က မင်းကိုသဘောကျပေမယ့် ထုတ်မပြတတ်ဘူးဖြစ်နေတာ... မင်း သူနဲ့တူတူ စကားများများပြောပေးဖို့တော့လိုမယ်..."


ကိုယ်လုပ်တော်ရှု့အကြောင်း ပြောနေတာပဲ...

ရွှယ်ယန်က ထိုအခါမှ ဆက်စပ်တွေးမိသွားသည်။


ရွှယ်ယန်၏စိတ်ထဲတွင် တွေးလိုက်မိသည်။

ဒေါင်းပေါက်လေး ဒီကိစ္စကို စိတ်ချထားလို့ရပါတယ်... သူတို့တွေက သူ့မိသားစုတွေလို့ သတ်မှတ်ထားလိုက်ပြီဆိုတော့ သူတို့တွေကို ကာကွယ်ပေးမှာပါ...


သူကိုယ်တိုင်ကတော့ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်သေးပေမယ့် သူတို့တွေကို ကာကွယ်ပေးဖို့က အဲ့လောက်မခက်ပါဘူး...


ရွှယ်ယန် တည်ငြိမ်စွာဖြင့်ပင် မျက်လွှာချလိုက်သည်။


ထိုကိစ္စကြောင့် သူ့လည်ပင်းမှ ထုံကျင်မှုက အနည်းငယ်သက်သာသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏နောက်ထပ် အစီအစဉ်အကြောင်းကိုပါ တွေးနေလိုက်မိသည်။

  

ထိုအချိန်တွင် သူ့ကျောဘက်မှ ဝင်လေထွက်လေက ရုတ်တရက် ချဉ်းကပ်လာသည်။


" တစ်ပေ သုံးလက်မ၊ တစ်ပေ လေးလက်မ ... အဲဒါဆို ဘယ်လောက်လဲ..."


ကျွင်းဟွိုင်လန်က သူ့လက်ထဲမှ ပေကြိုးကိုသာ အပြည့်အဝ အာရုံစိုက်နေ၍ ရွှယ်ယန့်အနားကပ်သွားမိသည်ကို သူကိုယ်တိုင်ပင် သတိမပြုမိပေ။ သူ၏ တတွတ်တွတ်ရေရွတ်နေသံက ရွှယ်ယန်၏ နားရွက်နားသို့ပင် ထိခတ်သွားသည်။


ရွှယ်ယန်၏ ရင်ထဲကို ထုံကျင်သွားအောင် နောက်ထပ်အဆိပ်အပ်တစ်ချောင်းက လာစိုက်ပြန်ပြီဖြစ်သည်။


သူ ထိုနေရာတွင်ပင် ကျောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ တောင့်တင်းသွားသည်။


လွန်ခဲ့သည့် နှစ်နှစ်ခန့်က စစ်တပ်ထဲတွင်နေစဉ် စစ်သားအချို့ပြောသော တုံးအအစကားများကို စိတ်ထဲတွင် ပြန်ပေါ်လာသည်။


ထိုအချိန်က သူတို့အားလုံး စစ်မြေပြင်တွင် ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ညအချိန်တွင် စခန်းချကာ မီးလှုံနေကြစဉ်ဖြစ်သည်။ စစ်သားများက စကားစမြည်ပြောနေစဉ်တွင် ထိုအကြောင်းများကိုပါ ပြောနေကြခြင်းဖြစ်သည်။


" အဲဒီမိန်းကလေးက တကယ်ကို နတ်သမီးလေးနဲ့တူတာ... ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူ နားနားကိုကပ်ပြီး စကားပြောလိုက်ရင် ဝိညာဉ်က တိမ်တွေပေါ်တောင် လွင့်သွားတော့မလိုပဲ..."


" စစ်သူကြီးရွှယ်က ဘယ်မိန်းမနဲ့မှ ပတ်သက်ဖူးတာ မဟုတ်ဘူးလေ..."


" ဟေး စစ်သူကြီးပေါက်စလေး မင်း မိန်းကလေးတစ်ယောက်ကို တစ်ကြိမ်မြည်းစမ်းကြည့်ဖူးမယ်ဆိုရင် မင်းအရိုးတွေက သံမဏိနဲ့လုပ်ထားလို့ မာနေရင်တောင်မှ ပျော့ပျောင်းပြီး ကျိုးကြေသွားမှာ ဟားဟား..."


ထိုစစ်သားများ၏ ညစ်ညမ်းသောစကားများကို ရံဖန်ရံခါကြားရလေ့ရှိသောါလည်း သူတို့က စကားလုံးအနည်းငယ်ဖြင့် ဟာသလုပ်နေခြင်းသာဖြစ်၍ ရွှယ်ယန်က ကြားပြီးသည်နှင့် စိတ်ထဲမှ ပြန်ထုတ်လိုက်သည်က များသည်။


သို့ရာတွင် ဤတစ်ကြိမ်မူ ထိုပရမ်းပတာစကားများက သူ့စိတ်ထဲ ပြန်ပေါ်လာ၍ အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်သွားမိသည်။ အမည်မဲ့မီးတောက်တစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် လောင်ကျွမ်းသွားပြီး လုံးဝမငြိမ်းတော့မည်ပုံပေါ်သည်။


ထိုအချိန်တွင် ရွှယ်ယန်က ကြည်လင်သောအသံတစ်သံကို ကြားလိုက်ရသည်။

" အရှင့်သား လက်မောင်းကို မြှောက်လိုက်ပါဦး..."


ထိုအမည်မဲ့မီးတောက်တစ်ခုကို မိုးရေစီးကြောင်းများဖြင့် လောင်းချငြှိမ်းသတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

  

ရွှယ်ယန်က နာခံစွာဖြင့်ပင် လက်မောင်းကိုမြှောက်လိုက်သည်။


ချက်ချင်းပင် လက်‌တစ်စုံက သူ့ခါးကို နောက်မှနေ၍ ရစ်ပတ်လိုက်သည်။


လက်များက သူ့အရှေ့တွင်ရှိနေပြီး တစ်ချိန်တည်းမှာပင် ကျွင်းဟွိုင်လန်၏မျက်မှာက သူ့ကျောပြင်နှင့် အနည်းငယ်တိုက်မိသွားသည်။

(T/N - ခါးကို ပေကြိုးနဲ့တိုင်းနေတာဆိုတော့ သိုင်းဖက်လိုက်သလို ဖြစ်သွားတာမျိုးပါ မျက်လုံးထဲ မမြင်မှာစိုးလို့ 〜⁠(⁠꒪⁠꒳⁠꒪⁠)⁠〜 )


သစ်တော၏ရနံ့သင်းသင်းလေးက နွယ်ပင်များကဲ့သို့ သူ့ကို ညင်သာစွာရစ်ပတ်သွားသည်။


"(အထူးသခြင့် အဲဒီလက်သွယ်သွယ်တွေနဲ့ မင်းကိုဖက်ထားမယ်ဆိုရင် မင်းပြေးနိုင်မယ်တဲ့လား...)


ထိုစစ်သားများ၏ စကားများကို သူ့နားထဲတွင် ပြန်လည်ကြားယောင်လာပြီး အမည်မဲ့မီးတောက်က ငြိမ်းလုနီးနီးဖြစ်နေရာမှ သူ့ရင်ဘတ်နားသို့ရောက်လာပြီး နှလုံးခုန်သံများကို မြန်ဆန်လာစေသည်။


ကျွင်းဟွိုင်လန်က ကိုယ်တိုင်းယူခြင်းကို လုပ်နေကျမဟုတ်၍ ကျွမ်းကျင်မှုမရှ်ိဖြစ်‌ကာ ရွှယ်ယန်၏ကျောပြင်နှင့် တိုက်မိသွား၍ အနည်းငယ်ရှက်သွားမိသည်။ ပေကြိုးကိုလက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်က စမ်းတဝါးဝါးဖြစ်နေကာ နှစ်ကြိမ်လောက်ဆွဲလိုက်ပြီးမှ ခါးကိုတိုင်း၍ ရသွားသည်။


 ထိုလက်များက သေးသွယ်၍ သန့်စက်နေကာ အသားအရည်ကလည်း ဖြူဖွေးလွန်း၍ အရိုးများကိုပင် ထွင်းဖောက်မြင်ရတော့မည်ဟု ထင်ရသည်။


၎င်းက ဖြူဖြူသွယ်သွယ်လက်တစ်စုံဖြစ်ပြီးလှပသော်လည်း မိန်းမဆန်ဆန်လှနေခြင်းမဟုတ်ပေ။ ထိုစစ်သားများ၏ စကားက ရွှယ်ယန်၏စိတ်ထဲတွင် ပဲ့တင်ထပ်လာပြန်သည်။


"(အဲဒီလက်ကလေးတွေနဲ့ မင်းကိုထိတွေ့လိုက်မယ်ဆိုရင် မင်းစိတ်ကို မထိန်းထားနိုင်ပဲ အဲ့နေရာမှာတင် တစ်ခုခုလုပ်မိမှာမလား...)


အမည်မဲ့မီးတောက်က နောက်ဆုံးတွင် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားပြီး နှလုံးနှင့် အဆုတ်ကိုကျော်ဖြတါကာ ဝမ်းဗိုက်အောင် သုံးလက်မနေရာသို့ တစ်ဟုန်ထိုးရောက်သွားသည်။

   

ရွှယ်ယန်က သူတစ်ခါက ဖတ်ဖူးသည့် ကဗျာတစ်ပုဒ်ကို ရုတ်ချည်းတွေးမိသွားသည်။


( မသေမျိုးတစ်ယောက်က ငါ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထိလိုက်တယ်ဆိုရုံနဲ့ အသက်ရှည်မှုကို တောင့်ခံထားနိုင်တယ်... )

( T/N - ကွင်းစကွင်းပိတ်ထဲက ကဗျာစာပိုဒ်ပါ )


အခုတော့ ဒီမသေမျိုးကောင်လေးက သူ့ခါးကို တစ်ခါဖက်လိုက်ရုံလေးနဲ့ ငရဲ၁၈ထပ်ရဲ့ အောက်ဆုံးအလွှာကို သူကိုယ်တိုင် ကျေကျေနပ်နပ် ခုန်ဆင်းသွားချင်နေပြီ...


Xxxxx