Chapter 52
ရွှယ်ယန်က ရုတ်တရက် မပျော်မရွှင်ဖြစ်သွားပုံရ၍ ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားမိသည်။
ကိုယ်တိုင်းယူနေစဉ်တွင် စကားပြောအဆင်ပြေနေခဲ့သော်လည်း သူ့မျက်နှာက ရုတ်ချည်းအေးစက်သွားပြီး ခါးကိုတိုင်းတာနေစဉ်အချိန်တွင် သူ့ကို အပြင်ထွက်သွားခိုင်းတော့သည်။
ကျွင်းဟွိုင်လန်က ရွှယ်ယန်၏ အေးစက်စက်မျက်နှာကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူ့အနည်းငယ် မရှင်းမလင်းဖြစ်သွားသော်လည်း ရွှယ်ယန် စိတ်မကြည်သည်ကိုသိ၍ ပခုံးနှင့် ခါးကို တိုင်းတာပြီးသည့်နောက် ပေကြိုး၊ စာရွက်နှင့် စုတ်တံများကိုယူပြီး အနောက်ဘက် ခန်းမဆောင်မှ ထွက်လာခဲ့သည်။
ရွှယ်ယန်က ကိစ္စပေါင်းများစွာကို ကြုံတွေ့ခဲ့ရ၍ နက်နဲစွာ တွေးခေါ်တတ်သည့်ကြောင်းကို သူသိသည်။ သူ တစ်စုံတစ်ရာကို တွေးမိသွား၍ စိတ်အခြေအနေက ရုတ်ချည်းပြောင်းလဲသွားရခြင်းဖြစ်ပေမည်။
သူ မေးစရာတစ်ခုကျန်တာလေးကို မမေးခဲ့ရတာ နှမြောစရာပဲ...
တျန့်ချွေး၏ ဖြစ်စဉ်တွင် ရွှယ်ယန်က ဧကရာဇ်ချင်းဖျင်ကို တျန့်ချွေး၏အခန်းကို ရှာဖွေရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် ဆေးမှုန့်ကို ရှာတွေ့သွားခဲ့၍ တျန့်ချွေးက သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။ ထိုအချိန်က ရွှယ်ယန်က သူ့မျက်လုံးကိုအုပ်ထားပေးပြီး သွေးထွက်သံယိုမြင်ကွင်းကို မြင်စေခြင်းမှ တားမြစ်ပေးခဲ့သည်။
ထိုအချိန်က ရွှယ်ယန်က မျက်လုံးကို အုပ်ထားပြီးနောက် ခန္ဓာကိုယ်ကို သူ့ဘက်လှည့်စေလိုက်သည်။ သို့ဖြစ်၍ ကျွင်းဟွိုင်လန်မျက်လုံးများဖွင့်လိုက်ချိန်တွင် ပယင်းရောင်မျက်ဝန်းများက သူ့မျက်လုံးများနှင့် အလွန်နီးကပ်စွာရှိနေခဲ့သည်။
အခန်းထဲမှ လူအားလုံးက ထိတ်လန့်သွားပြီး ဧကရာဇ်ချင်းဖျင်သည်ပင် ထိုမြင်ကွင်းကြောင့် နောက်သို့ သုံး၊ လေးလှမ်းဆုတ်သွားခဲ့သည်။ ကိုယ်လုပ်တော်ရှု့ကလည်း အော်ဟစ်ပြီး သတိလစ်လုမတတ်ဖြစ်သွားသည်။ ရွှယ်ယန်တစ်ယောက်တည်း၏ မျက်လုံးများကသာ ရေသေကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့သည်။
အရာအားလုံးက သူ မျှော်လင့်ထားသည့်အတိုင်းဖြစ်နေ၍ လုံးဝ မအံ့ဩသကဲ့သို့ပင်။
ရွှယ်ယန်က ဤကိစ္စဖြစ်မည်ကို မျှော်လင့်ထားခဲ့ခြင်း သို့မဟုတ် ၎င်းက သူ့အကြံအစည်များဖြစ်နေသည်လားဟု ကျွင်းဟွိုင်လန် မေးချင်ခဲ့သည်။
သို့ရာတွင် ထိုကိစ္စကိုမေးရန် အခွင့်အရေးပင် မရလိုက်ချေ။ သူ စင်္ကြန်လမ်းမှ လျှောက်လာစဉ်တွင် ဆောင်းလေပြင်းများက တိုက်ခတ်နေသည်။ အေးစက်စက်လေများကြောင့် အသိစိတ် ပြန်ကပ်သွားပြီး သူအတွေးလွန်နေသည်ဟုသာ ထင်လိုက်သည်။
လောလောဆယ် ရွှယ်ယန့်ဘေးမှာ ကျင်းပေါင်တစ်ယောက်တည်းပဲရှိတာလေ ... သူက တျန့်ချွေးအကြောင်းတွေသိပြီး သူ့အကြံအစည်တွေကို ဘယ်လိုလုပ်ရှာတွေ့နိုင်မှာလဲ... တကယ်လို့ သူကိုယ်တိုင်ကလည်း ဒီကိစ္စကို ကြိုသိပြီး အဲ့နေ့က မပြင်ဆင်ထားခဲ့ဘူးဆိုရင်တော့ ရွှယ်ယန်က သေချာပေါက်ကို ချောက်ချခံရတော့မှာပဲ...
ယခင်ဘဝက မင့်လွမ်နန်းဆောင်တွင် ဤကဲ့သို့သောဖြစ်ရပ်မျိုး မဖြစ်ခဲ့ဖူးပေ။
ထိုအကြောင်းကို တွေးမိသည့်အခါ ကျွင်းဟွိုင်လန်နောက်သို့ ပြန်မကြည့်ပဲ မနေန်ိုင်တော့ပေ။
အနောက်ဘက်ခန်းမဆောင်၏ တံခါးများက တင်းတင်းပိတ်ထားပြီး ထိုနေရာတွင် ဝင်ထွက်နေသည့်လူ တစ်ယောက်မှ မရှိပေ။
ကျွင်းဟွိုင်လန် တစ်ဖက်သို့ပြန်လှည့်ပြီး အရှေ့ဘက်အဆောင်သို့ တည့်တည့် ပြန်သွားသောကြောင့်အနောက်.ဘက်ဆောင်မှ လူတစ်ယောက်က အလွန်ရှက်ရွံ့စွာဖြင့် တံခါးကိုကျောပေးရပ်နေသည်ကို သူ မသိလိုက်ပေ။
တိတ်ဆိတ်နေသောအခန်းထဲတွင် လူငယ်လေးတစ်ယောက်၏ အချစ်ကြောင့်ဖြစ်ပေါ်လာသော ထိတ်လန့်မှုနှင့် ကူကယ်ရာမဲ့မှုများနှင့်အတူ အသက်ပြင်းပြင်းရှုရှုသံများဖြင့်သာ ပြည့်နှက်နေသည်။
——
ထိုအချိန်တွင် ယင်းချွေနန်းဆောင်တွင်မူ နေသာနေသည့်အချိန်ဖြစ်သော်လည်း အနည်းငယ်တိတ်ဆိတ်ပြီး ခြောက်ကပ်နေသည်။ နန်းတော်ဝင်းထဲမှ အစေခံများအားလုံးကလည်း တိတ်ဆိတ်စွာဖြင့် အလုပ်ကိုယ်စီလုပ်နေကြပြီး ဆင်ဝင်အောက်မှ ကြက်တူရွေးလေးများကလည်း တကျီကျီအသံဖြင့် အော်မြည်နေကြသည်။
လေတိုက်ခတ်လာချိန်တွင် ခြံဝင်းထဲမှ မက်မွန်ကိုင်းများက လေနှင့်အတူ ယိမ်းနွဲ့တေပြီး သစ်ကိုင်းများပေါ်မှ နှင်းများလည်း တရှဲရှဲအသံထွက်နေသည်။
ယင်းချွေနန်းဆောင်၏ ပင်မအခန်းထဲတွင်လည်း တိတ်ဆိတ်နေသည်။
ယီကျဲယွီက စန္ဒကူးနံ့သာတိုင်တစ်တိုင်ကို ထွန်းထားပြီး ခုံတွင်ထိုင်လျက် ပန်းချီဆွဲနေသည်။ သူမက သစ်ခွကိုင်းများပုံ ဆွဲနေပြီး အခက်တိုင်းပေါ်မှ သစ်ရွက်တစ်ရွက်ချင်းစီ၏ ပုံစံကလည်း ရှင်းလင်းနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမက နူညံ့သိမ်မွေ့သောစွမ်းရည်များရှိကာ အပြောင်မြောက်ဆုံးလက်ရာတစ်ခုဖြစ်ကြောင်း သိရှိနိုင်သည်။
ထောင်ကျစ်က သူမဘေးတွင်ရပ်ပြီး မှင်သွေးပေးနေသည်။
ယီကျဲယွီက ပန်းချီဆွဲပြီးသည့်အခါ မှင်ခြောက်အောင်စောင့်ပြီးနောက် ပန်းချီကိုတိတ်ဆိတ်စွာကြည့်လိုက်သည်။
ထို့နောက် သက်ပြင်းခပ်ဖွဖွချလိုက်ပြီး ပန်းချီကို ဘောလုံးတစ်လုံးကဲ့သို့ လုံးချေလိုက်ကာ မြေကြီးပေါ် ပစ်ပေါက်လိုက်သည်။
ထိုသို့လုံးချေထားသော စာရွက် အစအနများက ကြမ်းပေါ်တွင် ပြည့်နေပြီဖြစ်သည်။
ယီကျဲယွီ စိတ်မကြည်သည်ကို ထောင်ကျစ်သိသည်။
သူမက ယီကျဲယွီအတွက် စာရွက်အသစ်တစ်ရွက်ထပ်ယူပေးလိုက်ပြီးနောက် စုတ်တံကို မှင်အိုးထဲထည့်ပြီး ပြင်ဆင်ပေးလိုက်သည်။ ထို့နောက် မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဆင်မြန်းကာ သတိထား၍ ပြောလိုက်သည်။
" အရှင်မ... ခုနတုန်းက ပန်းချီလေးက အရမ်းလှတာကို ဘာလို့ လွှင့်ပစ်လိုက်တာလဲ...
ယီကျဲယွီက စုတ်တံကိုကိုင်ထားကာ အချိန်အတော်ကြာသည်အထိ ဘာမှမဆွဲပဲ ဖြည်းညင်းစွာပြောလိုက်သည်။
" အရှင်က သူ့နေရာကိုသွားတာ နေ့တစ်ဝက်တောင်ကျော်နေပြီ..."
ထောင်ကျစ် စိတ်ရှုပ်သွားမိသည်။ တျန့်ချွေး အသတ်ခံလိုက်ရသည့်နေ့မှစ၍ သူမသခင်မ၏ မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားခဲ့သည်။
မူလက သူတို့က တျန့်ချွေးကိုအသုံးချပြီး မင့်လွမ်နန်းဆောင်ထဲတွင် ပြဿနာဖြစ်အောင်လုပ်ပြီး ကိုယ်လုပ်တော်ရှု့ကို မင်းကြီးမျက်နှာသာမပေးတော့ရန် လုပ်ဆောင်မည်ဟု ကြံစည်ထားကြသော်လည်း သူတို့ အကြံအစည်က မအောင်မြင်သည့်အပြင် တျန့်ချွေး ကိုယ်လုပ်တော်ရှု့ကို ဆေးခတ်သည့် အကြောင်းကို အားလုံးက သိသွားကြသည်။
ကံကောင်းသည်မှာ တျန့်ချွေးက စိတ်မရှပ်ထွေးနေခဲ့သောကြောင့်ပင်။ သူမကိုယ်သူမ သေကြောင်းကြံကာ ခြေရောလက်ရာဖျောက်လိုက်ပြီး ယီကျဲယွီ ဒုက္ခမရောက်အောင် လုပ်လိုက်သည်။
သို့ရာတွင် ဧကရာဇ်က ဤကိစ္စကြောင့် အလွန်ဒေါသထွက်သွားပြီး နန်းတော်တစ်ခုလုံးကို ရှင်းလင်းတော့သည့်အတွက် သူတို့ဘက်မှလူများက လှုပ်ရှားမရဖြစ်နေသည်။ ထို့အပြင် သူက ယခင်တည်းက ချစ်ခင်မြတ်နိုးနေပြီးသား ကိုယ်လုပ်တော်ရှု့ကို ကြင်နာသနားသွားသည်။ ထို့ကြောင့်သူက နန်းဆောင်သုံးခုလုံးကို လှစ်လျူရှု့ကာ အချိန်တိုင်း သူမအနားတွင်သာ အဖော်ပြုပေးနေသည်။
52.2
ယင်းချွေနန်းဆောင်မှ ယီကျဲယွီကလည်း ပျော်ရွှင်မနေတော့ပေ။
ထောင်ကျစ်၏ရင်ထဲတွင် ခံပြင်းမှုကို ခံစားရသော်လည်း သူမသခင်မကို နှစ်သိမ့်နေရုံသာ တတ်နိုင်သည်။
" အရှင်မ စိတ်မညစ်ပါနဲ့... ကိုယ်လုပ်တော်ရှု့က ပြဿနာရှာလိုက်မယ်လို့ ဘယ်သူထင်မိမှာလဲ... အရှင်မင်းကြီးက ရက်နည်းနည်းကြာရင် သူ့ကို ငြီးငွေ့သွားပြီး အရှင်မဘက်ကို ပြန်လှည့်လာမှာပါ..."
ယီကျဲယွီက ပုံတစ်ပုံမျှ မရေးဆွဲရသေးသည့်စာရွက်အလွတ်ကိုစိုက်ကြည့်ကာ ဘာမှမပြောပေ။
ငယ်ရွယ်ပြီး ချောမောခံ့ညားသည့်ဧကရာဇ်ကို သူမ တစ်ကြိမ်တစ်ခါက ချစ်ခင်ခဲ့ဖူးသည်။ သို့ရာတွင် သူမဘက်မှ မည်မျှပင် ချစ်ပေးသည်ဖြစ်စေ နှစ်ပေါင်းများစွာ လျစ်လျူရှု့ခံထားရသည့်အခါ စိတ်ဓာတ်ကျလာခဲ့သည်။ ယခုအခါတွင် ဧကရာဇ်က မည်သူ့ကို မျက်နှာသာပေးသည်ကို သူမ ဂရုမစိုက်တော့ပေ။ သူမ ဂရုစိုက်သည်က သူမ၏မှားယွင်းသောခြေလှမ်းမှ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကိုပင်။
ယခုချိန်တွင် ကျန်းနှင့် ရှုမိသားစု၏ အုပ်စုနှစ်စုက ဧကရာဇ်၏ သံသယများကို မြင့်တက်နေစေခဲ့သည်။ သို့ဖြစ်၍ ဧကရာဇ်က မတိုက်ခိုက်ပဲ ကြားနေဖြစ်သည့် ကျွင်းမိသားစုကို ပြန်လည်အသုံးပြုရန် တွေးတောခဲ့သည်။ ဤတစ်ကြိမ် သူမ၏ နည်းဗျူဟာက သူတို့ကို ခွဲပစ်ရန် ကျရှုံးခဲ့ရုံသာမက ဧကရာဇ်က ကျွင်းမိသားစုအပေါ် အပြစ်မကင်းသကဲ့သို့ ခံစားခဲ့ရပြီး သူတို့ကိုပိုအဆင်ပြေသွားအောင် လုပ်ပေးသကဲ့သို့ ဖြစ်သွားသည်။
သို့ဖြစ်၍ ရှုမိသားစု၏ အကြံအစည်များကို အကောင်အထည်ဖော်ရန် ပိုမိုခက်ခဲသွားသည်။ သို့ရာတွင် ရှုမိသားစုက ယခုချိန်တွင် အမြင့်တစ်နေရာသို့ ရောက်နေပြီဖြစ်ကာ နောက်လိုက်ပေါင်းများစွာရှိသည့်အတွက် အကယ်၍ ပြဿနာတစ်စုံတစ်ရာ ရှိလာပါကလည်း ဖြေရှင်းရန် မခက်ခဲလှပေ။
သူမကို ပို၍ စိတ်မပျော်မရွှင်ဖြစ်စေသည့်အရာမှာ လင်းဖူပို့လိုက်သည့်လူများက ပြောပြသည့်သတင်းကြောင့်ဖြစ်သညိ။
ချင်ထျန်ချန့်က တောင်ပေါ်တွင် နေထိုင်သည့် တာအိုပညာရှင်တစ်ယောက်ဖြစ်သည်။ သူက စကြဝဠာ၏ အခြေခံသဘောတရားငါးချက်ကို သဘောပေါက်နားလည်ကာ ငယ်စဉ်ကတည်းက နက္ခတ်ပညာတွင် ထူးချွန်ခဲ့သူဖြစ်သည်။ ထို့နောက်တွင် အပြင်ဘက်လောကသို့ သူ့ဆရာနှင့်အတူ လျှောက်လှမ်းခဲ့သော်လည်း မမျှော်လင့်စွာဖြင့် သူ့ဆရာက သေဆုံးသွားခဲ့သည်။
ယီကျဲယွီ နန်းတော်ထဲ စတင်ရောက်လာချိန်တွင် ချင်ထျန်ကျန့်က ညီလာခံတွင် နေရာတစ်ခုရနေပြီဖြစ်ကာ ယီကျဲယွီကလည်း သူ့ကို နောက်ကွယ်မှ ကူညီပေးခဲ့သည်။
သူ၏ ရှေ့ဖြစ်ဟောချက်များကလည်း အလွန်မှန်ကန်သည်။ ဧကရာဇ်က သူ့ကို အလွန်ယုံကြည်ပြီး တစ်ခါတစ်ရံတွင် သူနှင့် နှစ်ကိုယ်ကြားသာစကားပြောလေ့ရှိသည်။ ဧကရာဇ်ချင်းဖျင်က ဗေဒင်နက္ခတ်နှင့် ပတ်သက်လာလျှင် အလွန်အယူသီးသည့်အကြောင်းကို လူသိနည်းသည်။ သို့ရာတွင် ဧကရာဇ်က ထိုသို့အယူသီးတတ်သည့်အကြောင်းကို ယီကျဲယွီကို ပြောပြခဲ့မိသည်။
ထိုအချိန်မှစ၍ ချင်ထျန်ကျန့်က သူမ၏ လက်နက်ဖြစ်လာခဲ့သည်။
သူမက သတိကြီးသူဖြစ်ကာ အလုပ်ကို သေသေသပ်သပ်လုပ်ဆောင်တတ်သူဖြစ်ပြီး သူမ မထိန်းချုပ်နိုင်သည့်အရာများကိုလည်း လုပ်လေ့မရှိပေ။ သို့ဖြစ်၍ ချင်ထျန်ကျန့်၏ အကူအညီဖြင့် သူမ အကြံအစည်များက ထင်ထာသည်ထက်ပို၍ ချောမွေ့ခဲ့ပြီး ချင်ထျန်ကျန့်ကိုလည်း ဧကရာဇ်က တစ်နေ့ထက်တစ်နေ့ ပိုမိုယုံကြည်လာခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် သူမထံ၌ ဟာကွက်ဖြစ်သွားခဲ့သည်။
နတ်ဆိုးကြယ်က မင့်လွမ်နန်းဆောင်သို့ပြောင်းသွားကာ လူပေါင်းများစွာ၏ နှလုံးသားကို ဆိုးယုတ်အောင်ပြုလုပ်ထားသည်ဟု ချင်ထျန်ကျန့်ကပြောခဲ့သော်လည်း အဆုံးတွင် အစေခံတစ်ယောက်တည်းကသာ ဆိုးယုတ်သောနှလုံးသားဖြင့် သခင်ဖြစ်သူကို ယုတ်မာကောက်ကျစ်ထားခြင်းဖြစ်နေသည်။ ရွှယ်ယန်ကလည်း အားလုံးကိုထိခိုက်တတ်သည့် နတ်ဆိုးဖြစ်နေရာမှ အထင်လွဲကာ စွပ်စွဲခံရသည့်လူဖြစ်သွားသည်။
ဧကရာဇ်ချင်းဖျင်က မင့်လွမ်နန်းဆောင်သို့ ထိုနေ့ကသွားရောက်သည့်အကြောင်းကို လင်းဖူက လူတစ်ယောက်ကိုလွှတ်ပြီး သူမကို ပြောပြခဲ့သည်။ ထိုရက်က ရွှယ်ယန်မှာ ပထမဆုံးအကြိမ်အဖြစ် အထင်မှားနေသည်ကို သူ့ဘက်က ပြန်လည်ရှင်းပြခဲ့ပြီး မင်းကြီးကလည်း သူ့ကို ပြစ်ဒဏ်မပေးခဲ့ပေ။
မူလက ရွှယ်ယန်မှာ ဘာမှမပြောပဲရပ်နေခဲ့သော်လည်း နောက်ပိုင်းတွင် မင့်လွမ်နန်းဆောင်မှ တူဝရီးနှစ်ယောက်ကို ကာကွယ်ပေးခဲ့သည်။
ထိုညတွင် ဧကရာဇ်ချင်းဖျင်က မည်သည့်အိပ်ဆောင်ကိုမှမသွားပဲ ယခင် ကိုယ်လုပ်တော်ရုန်၏ နန်းဆောင်ဟောင်းတွင် တစ်ညလုံးနေခဲ့သည်။
နောက်တစ်နေ့မနက်တွင် ဧကရာဇ်ချင်းဖျင်က တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့ပြီးနောက် လင်းဖူကို ရုတ်တရက် စကားတစ်ခွန်းပြောခဲ့သည်။
" သူ့မျက်လုံးတွေက သူ့အမေနဲ့ တစ်ပုံစံတည်းပဲ..."
"သူ" ဆိုတဲ့လူက ဘယ်သူရှိနိုင်သေးလို့လဲ... ချန်အန်းတစ်မြို့လုံးမှာ ဒီလိုမျိုး ပယင်းရောင်မျက်ဝန်းတွေရှိတာ ရွှယ်ယန်ပြီးရင် သေသွားတဲ့ သူ့မယ်တော်ပဲ ရှိတော့တယ်...
ထိုသတင်းက ယီကျဲယွီကို စိတ်အနှောင့်အယှက်အပေးဆုံးဖြစ်သည်။
ကိုယ်လုပ်တော်ရုန် ချန်ထားခဲ့သည့်အရိပ်များက သူမအပေါ်တွင် ကျန်ရစ်နေခဲ့ပြီး ထိုအကြောင်းကိုတွေးမိရုံဖြင့်ပင် အိပ်မရနိုင်ဖြစ်ခဲ့ရသည်။
ကိုယ်လုပ်တော်ရုန်က ဘယ်လောက်လှပြီး ကျက်သရေရှိတယ်ဆိုတာကို နန်းတွင်းတစ်ခုလုံးမှာ မသိတဲ့လူ ဘယ်သူရှိလို့လဲ...
ကိုယ်လုပ်တော်ရုန် နန်းတွင်းသို့ ရောက်လာစဉ်က ယီကျဲယွီမှာ နန်းတွင်းသို့ရောက်သည်မှာ သုံးလမပြည့်သေးသည့် မိန်းမလှလေးဖြစ်သည်။ နန်းတော််သို့ ဝင်ရောက်သည့် မိန်းမလှလေးများထဲတွင် ယီကျဲယွီက အလှပဆုံးဖြစ်ကာ နန်းတွင်းသို့ ရောက်ရောက်ချင်းပင် မျက်နှာသာပေးခံခဲ့ရသည်။
ထိုအချိန်က ယီကျဲယွီဟူသော မိန်းမပျိုလေးမှာ ငယ်ရွယ်ခံ့ညားသောဧကရာဇ်၏ နူးညံ့စွာချစ်ခင်ပေးမှုများကြောင့် ဧကရာဇ်အပေါ် သူမအချစ်များက ပန်းပွင့်များသဖွယ် ပွင့်လန်းလာခဲ့သည်။
သို့ရာတွင် ကိုယ်လုပ်တော်ရုန်က တာခ့်လူမျိုးသံတမန်များနှင့်အတူ နန်းတော်သို့ မဆက်သခံရမီအချိန်ထိဆိုလျှင် ယီကျဲယွီ၏ အချစ်ဇာတ်လမ်းက နှစ်လခန့်သာကြာမြင့်ခဲ့သည်။
ထိုစဉ်အချိန်က တာ့ခ်လူမျိုးများနှင့် တာ့ယုံတို့ကြားမှဆက်ဆံရေးက အလွန်ကောင်းမွန်ခဲ့သည်။ ကိုယ်လုပ်တော်ရုန်က တာ့ခ်လူမျိုးစစ်သူကြီး နာရီစုန့်၏ ညီမငယ်ဖြစ်ကာ တာ့ခ်များထဲတွင် အလှပဆုံးမိန်းမပျိုတစ်ယောက်ဖြစ်သည်။
သူမက အသက်ရှည်ခြင်း ကောင်းကင်ဘုံမှ ကောင်းချီးလက်ဆောင်ဖြစ်သည်ဟု တာ့ခ်လူမျိုးများက ဆိုကြသည်။
ကိုယ်လုပ်တော်ရုန် တာ့ယုံသို့ရောက်ရှိချိန်တွင် သူ့ကို အတော်အသင့်သာ လှပသည့် မိန်းမပျိုလေးဟု အများက ထင်ခဲ့ကြသည်။ သို့ရာတွင် ဧကရာဇ်ချင်းဖျင်၏ရှေ့တွင် သူမ၏ ခေါင်းဆောင်းကို ချွတ်လိုက်သည့်အခါ သူမက အားလုံးကို အံ့အားသင့်သွားစေခဲ့ပြီး အကြည့်ချင်းဖလှယ်မိချိန်တွင် ဧကရာဇ်ချင်းဖျင်က သူမအလှကြောင့် အသက်ပင်မရှုနိုင်တော့ပေ။
ရှည်လျားကျဉ်းမြောင်းကာ အနားသတ်ချွန်သော ပယင်းရောင်မျက်ဝန်းများက လူတိုင်း၏ဝိညာဉ်ကို ဆွဲဆောင်နေသည်ဟုပင် ထင်ရသည်။ သူမက နူးညံ့ပြီးဆွဲဆောင်မှုရှိသော အလှတရားဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ သူမ မျက်ဝန်းများက သန့်စင်ကြည်လင်ကာ စမ်းချောင်းလေးသဖွယ်ဖြစ်နေသည်ဟုပင် ထင်ရသည်။
ဧကရာဇ်ချင်းဖျင်က သူမကို ထိုနေရာတွင်ပင် ဘွဲ့တစ်ခုပေးကာ ချီးမြှောက်ခဲ့ပြီး တစ်နှစ်အတွင်း ဘုရင့်ကိုယ်လုပ်တော်ဖြစ်လာခဲ့သည်။
ဧကရာဇ်ချင်းဖျင်က ယခင်က ယီကျဲယွီကိုသဘောကျနေသော်လည်း ချက်ချင်းပင် အရေးမစိုက်တော့ပေ။ သို့သော် ထိုအချိန်က နန်းတော်သို့ အတူတကွဝင်ရောက်လာကြသည့်အပျိုတော်များက သူမကို မလှောင်ရဲကြပေ။
ယခုလက်ရှိတွင် ကိုယ်လုပ်တော်ရှု့ မျက်နှာသာပေးခံရသည်က ယခင်က ကိုယ်လုပ်တော်ရုန်နှင့် နှိုင်းစာ၍ပင်မရချေ။
ထိုအချိန်မှ စ၍ အချိန်နှစ်လခန့်အထိ ဧကရာဇ်၏ မျက်နှာသာပေးခြင်းခံရသည့် ယီကျဲယွီသည်ပင် ဧကရာဇ်ကို တွေ့မြင်ရန်ခက်ခဲသွားခဲ့သည်။
Xxxxx