အပိုင်း ၅၄
Viewers 15k

Chapter 54


ရွှယ်ယန်က ဤမိသားစုထဲ ဝင်ဆံ့စေရန် ကျွင်းဟွိုင်လန်က ကြားထဲမှ ကြိုးစားပေးနေခြင်းဖြစ်သည်။


သူက ရွှယ်ယန်ကို နားခိုရာအိမ်တစ်ခု ပေးလိုပြီး ပြန်စရာအိမ်မရှ်ိသည့်ရွှယ်ယန်ကို ပြန်စရာနေရာတစ်ခု ပေးလိုခြင်းပင်။

    

ရွှယ်ယန်က အတွေးများလျက်နှင့်ပင် ပိုင်ကျီ၏နောက်မှ လိုက်သွားသည်။


ရွှယ်ယန် ဝင်လာသည်ကိုမြင်သောအခါ ကိုယ်လုပ်တော်ရှု့က သူ့ကိုမော့ကြည့်ပြီး နှုတ်ဆက်လိုက်သည်။ ထို့နောက် ပိုင်ကျီကို ဝတ်ရုံယူလာခိုင်းပြီးနောက်တွင် သူ့ကို စမ်းဝတ်ကြည့်ခိုင်းလိုက်သည်။ ထိုအချိန်တွင် ကျွင်းဟွိုင်လန်က သူ့လက်ထဲမှ ကတ်ကြေးတစ်လက်ဖြင့် အလုပ်များနေ၍ မော့မကြည့်အားပေ။ ကျွင်းလင်ဟွမ်က စက္ကူစများကို ပန်းပုံစံညှပ်ပေးရန် သူ့ကိုပြောနေသည်။


ပြတင်းပေါက်တွင် အလှဆင်မည့် စက္ကူစများကိုညှပ်ရခြင်းက ဖန်တီးဉာဏ်ရှိပြီး ဂရုစိုက်ရသည်။ ကျွင်းဟွိုင်လန်က တစ်ကြိမ်တစ်ခါမှ မညှပ်ဖူးသူဖြစ်၍ စက္ကူများက ဖရိုဖရဲဖြစ်နေသည်။

  

သူ ရွှယ်ယန့်ကိုပင် မော့မကြည့်နိုင်ပေ။ 


နောက်ဆုံးတွင် သူ့လက်ထဲမှ စက္ကူနီကို ညှပ်ပြီးသွား၍ သက်ပြင်းရှည်ကြီးချကာ ခေါင်းမော့ကြည့်လိုက်သည်။

    

 ထိုအချိန်တွင် ရွှယ်ယန်က သူ့ကိုကျောပေးထားပြီး မှန်ရှေ့တွင်ရပ်နေသည်။

 

သူက အရပ်ရှည်၍ ပခုံးကျယ်သူဖြစ်သည်။ သူ့အတွက် ကိုယ်လုပ်တော်ရှု့ ချုပ်ပေးထားသောဝတ်ရုံက အနီရင့်ရောင်မြေ‌ခွေးမွေးများကို ပခုံးတွင် အလှဆင်ထားသည်။


တစ်ဖက်သို့လှည့်လိုက်သည့်အခါ ဝတ်ရုံမှသားမွေးများက သူ၏ ခက်ထန်သည့်မျက်နှာကို တော်ဝင်ဆန်သွားစေပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တတ်သည့် မျက်လုံးများကြောင့် သူ့ပုံစံက ကမ္ဘာကြီးကိုပင် လွှမ်းမိုးချုပ်ကိုင်တော့မည့်ပုံဟု ထင်ရသည်။

    

ကျွင်းဟွိုင်လန်မှာ ယခင်ဘဝမှ ရွှယ်ယန်ကို မြင်လိုက်ရသကဲ့သို့ဖြစ်သွား၍ ငေးငိုင်နေသည်။ ထိုအချိန်က ယုံလဲ့နန်းဆောင်၏ စင်္ကြန်တွင် ရွှယ်ယန်က ဤကဲ့သို့သော အနီရင့်ရောင်ဖဲသားဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး သူ့ကို အေးစက်စွာကြည့်ခဲ့ဖူးသည်။


ထိုအကြည့်တစ်ချက်က ကျွင်းဟွိုင်လန်၏ရင်ထဲကိုပင် အေးခဲသွားစေနိုင်သည်။


ထိုအချိန်တွင် သူ၏ ပယင်းရောင်မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားသည်။


၎င်းတို့က နွေးထွေးမှုမရှိပဲ မတုန်မလှုပ်ဖြင့် ဆိတ်ငြိမ်နေသော်လည်း ယခင်ဘဝကကဲ့သို့ အေးစိမ့်စိမ့်ဖြင့် သွေးဆာနေသော ရောင်ဝါနှင့် ရက်စက်ကြမ်းကြုတ်မှုများ ရှိမနေပေ။


ကျွင်းဟွိုင်လန်၏ ရင်ထဲတွင် အမျိုးအမည်မသိ ခံစားချက်တစ်ခုကြောင့် စိတ်တည်ငြိမ်သွားသည်။

    

ဒါ အရင်ဘဝမှ မဟုတ်တော့တာပဲလေ...


ထိုအချိန်တွင် ရွှယ်ယန်မေးသည်ကို သူကြားလိုက်ရသည်။

" ကြည့်လို့ ကောင်းရဲ့လား..."


အသံက တိုးညှင်း၍ ခံစားချက်မဲ့ဟန်ဖြစ်သည်။ ဝတ်ရုံက အနည်းငယ်ထူ၍ ရွှယ်ယန်၏ နားရွက်ဖျားများ နီရဲနေသည်ကို ကျွင်းဟွိုင်လန် မမြင်ရပေ။

    

သူ အသိစိတ်ပြန်ဝင်လာသည့်အချိန်မှသာ ရွှယ်ယန့်ကို အချိန်အတန်ကြာအထိ စိုက်ကြည့်နေမိကြောင်း သတိပြုမိသွားသည်။


သူ အနည်းငယ်ရှက်သွား၍ ရွှယ်ယန်ကို ပြုံးပြကာ ကပ်သပ်မနေတော့ပဲ ချီးကျူးလိုက်သည်။

" ကြည့်ကောင်းပါတယ်..."


ရွှယ်ယန်၏ နားရွက်များက နောက်တစ်ကြိမ်နီရဲလာပြန်သည်။


ဘေးနားမှ ကိုယ်လုပ်တော်ရှု့က အလွန်စိတ်ကျေနပ်နေသည်။ 

ဒီကလေးက ခန္ဓာကိုယ်အချိုးအစားကျတော့ ကြည့်ကောင်းသာပဲ... ဒီလို ကျက်သရေရှိပြီး တန်ဖိုးကြီးတဲ့ ဝတ်ရုံကို ဝတ်ထားတော့ သူ့ကိုကြည့်ရတာ ဩဇာတိက္ကမနဲ့ပြည့်စုံပေမယ့် သဘောထားလည်းကြီးတဲ့ပုံစံတောင် ဖြစ်သွားသလိုပဲ...


ကိုယ်လုပ်တော်ရှု့က လှပသည့်အရာများကို အမြဲတစေ နှစ်သက် သဘောကျသူဖြစ်သည်။

    

သူမ ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်ပြီးနောက် ရှားရှားပါးပါးချီးကျူးလိုက်သည်။

" ကြည့်လို့ကောင်းသားပဲ ဝတ်ရုံကလည်း လူနဲ့ကွက်တိဖြစ်တယ်..."


ကျွင်းဟွိုင်လန်က သူမကို ချီးကျူးလိုက်သည်။


ရွှယ်ယန်က ဝတ်ရုံကိုပြန်ချွတ်လိုက်သည်။ အချိန်နောက်ကျနေပြီဖြစ်၍ ကိုယ်လုပ်တော်ရှု့က ပစ္စည်းများ ထုတ်ပိုးပြီးနောက် သူတို့ကို ပြန်ခိုင်းလိုက်သည်။

    

စားပွဲပေါ်မှ စက္ကူရွက်များကို ကိုယ်လုပ်တော်ရှု့နှင့် ကျွင်းလင်ဟွမ်တို့ ညှပ်ထားကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက်က စက္ကူညှပ်တမ်း ကစားထားကြသည့် ကလေးနှစ်ယောက်နှင့်ပင် တူနေသည်။

    

ရွှယ်ယန်ကလည်း အားလုံးကိုနှုတ်ဆက်ပြီး ပြန်ရန်ပြင်နေသည်။


ကျွင်းဟွိုင်လန်က စားပွဲပေါ်မှ အနီရဲရဲစက္ကူစများနှင့် ထွက်သွားခါနီးဖြစ်သည့်ရွှယ်ယန်ကို တစ်လှည့်စီကြည့်လိုက်ပြီးနောက် ရွှယ်ယန်၏အခန်းတွင် ပြတင်းပေါက်အလှဆင်စက္ကူများ မရှိသည်ကို တွေးမိသွားသည်။


သူညှပ်ထားသည့်စက္ကူစကို သူ့လက်ထဲတွင် ကိုင်ထားဆဲဖြစ်သည်။ ၎င်းက ခေါက်ထား၍ မည်သည့်ပုံစံညှပ်လိုက်မိကြောင်း သူ့ကိုယ်သူပင် မသိတော့ပေ။


ကျွင်းဟွိုင်လန်က များများစားစား တွေးမနေတော့ပဲ ကိုယ်လုပ်တော်ရှု့ကို နှုတ်ဆက်ကာ လက်တစ်ဖက်က ဝတ်ရုံကိုကိုင်ပြီး တစ်ဖက်က အလှဆင်စက္ကူကိုကိုင်ကာ ‌ရွှယ်ယန့်နောက်သို့ လိုက်သွားသည်။


မင့်လွမ်နန်းဆောင်က ဒီနေ့တော်တော်လေး စည်ကားသက်ဝင်နေတာကို ရွှယ်ယန်ရဲ့ ပြတင်းပေါက်က မနက်ဖြန်မနက်မှာ ဗလာကျင်းနေလို့ မဖြစ်ဘူးလေ...


စင်္ကြန်တစ်ဝက်ထိရောက်မှ သူ ရွှယ်ယန့်ကို လိုက်မှီသွားသည်။


" အရှင့်သား..."

သူ အနောက်မှ အော်ခေါ်လိုက်သည်။


ရွှယ်ယန်က နေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေပြီး အသိစိတ်ဝင်လာချိန်တွင် ကျွင်းဟွိုင်လန်က ဝတ်ရုံကို လက်တစ်ဖက်တွင်ပိုက်ကာ သူ့နောက်မှ လိုက်လာသည်ကို တွေ့လိုက်ရသည်။

    

အခန်းထဲတွင် နေစဉ်က နွေးထွေးနေသော်လည်း အပြင်ထွက်လာချိန်တွင် အေးစိမ့်နေသော ရာသီဥတု‌ကြောင့် ကျွင်းဟွိုင်လန်၏ပါးပြင်က နီရဲလာသည်။

    

နောက်မှ အမြန်ပြေးလိုက်လာရ၍ အနည်းငယ်မောဟိုက်နေသော်လည်း သူ့မျက်နှာထက်တွင် တောက်ပသည့်လရောင်ကဲ့သို့ နွေးထွေးသည့် အပြုံးတစ်‌ပွင့်ရှိနေဆဲဖြစ်သည်။

    

" ဒီနေ့အရီးတော်တို့ ပြတင်းပေါက် အလှဆင်စက္ကူညှပ်ကြတယ်လေ..."


ကျွင်းဟွိုင်လန်က သူ့လက်ထဲမှအရာကို ရွှယ်ယန်ကို ပေးလိုက်သည်။

    

" ငါလည်း ဒီတစ်ခု ညှပ်ထားလို့ မင်းကိုပေးတာ... မနက်ဖြန်က နှစ်သစ်ကူးအကြိုနေ့လေ... အဲဒါကို ပြတင်းပေါက်မှာ ကပ်ထားမယ်ဆိုရင် မကောင်းတဲ့နတ်ဆိုးဝိညာဉ်တွေက ရှောင်ဖယ်သွားလိမ့်မယ်လို့  ပြောကြတာပဲ..."


  မီးအိမ်အောက်တွင် သေသပ်စွာခေါက်ထားသော စက္ကူနီလေးကို ဖြူဖွေးသန့်စင်သော လက်ချောင်းသွယ်သွယ်လေးများက ကိုင်ထားသည်။


ရွှယ်ယန် လှမ်းယူလိုက်သည်။


သူပေးသည့်အရာကို လက်ခံလိုက်၍ ကျွင်းဟွိုင်လန်က ပြုံးမိသွားသည်။

" ဒါဆို ငါသွားပြီနော်..."


ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်ပြီး ခဏအကြာတွင် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။


ကျွင်းဟွိုင်လန်ကလည်း သူ့ကို ပြန်ခေါင်းငြိမ့်ပြပြီး လှည့်ထွက်သွားသည်။

54.2


သူအရှေ့ဘက်အဆောင်တံခါးဝမှတစ်ဆင့် အထဲသို့ ဝင်သွားချိန်မှသာ ရွှယ်ယန်၏အကြည့်က လက်ထဲမှ စက္ကူလေးအပေါ် ရောက်သွားသည်။

    

ထို စက္ကူနီလေးကို ဂရုတစိုက်ဖြင့် ဖြန့်ကြည့်လိုက်သည်။

    

နန်းဆောင်မှ မီးအိမ်အရောင်ဖျော့ဖျော့က ယုန်ပေါက်စလေးတစ်ကောင်ပုံစံညှပ်ထားသော စက္ကူနီလေးအပေါ်တွင် ထွန်းလင်းနေသည်။


........


နန်းတွင်း၌ နှစ်သစ်ကူးအကြိုညတွင် အမတ်များကိုဖျော်ဖြေရန်အတွက် ပွဲများကျင်းပလေ့ရှိသည်။ ထို့အပြင် နန်းတွင်းမှ မိဖုရားများ၊ ကိုယ်လုပ်တော်များနှင့် မင်းသားများ အတူတကွ စုဝေးကြချိန်လည်းဖြစ်၍ မိသားစုစားသောက်ပွဲကြီးဟုပင် ဆိုနိုင်သည်။


ကျွင်းဟွိုင်လန်တို့မောင်နှမနှစ်ယောက်ကလည်း ဤနှစ်တွင် စားသောက်ပွဲသို့ အတူတကွသွားကြသည်။


စားသောက်ပွဲကို ထိုက်ယဲ့ရေကန်၏ အနောက်မြောက်ဘက်မှ ချန်ချွန်းမျှော်စင်အဆောက်အဦးတွင် ကျင်းပခြင်းဖြစ်သည်။ ချန်ချွမ်းအဆောက်အဦးက သုံးထပ်မြင့်ပြီး  ရေလည်တွင် ဆောက်ထားခြင်းဖြစ်ပြီး ရေပြင်ပေါ်မှ ရှု့ခင်းကိုကြည့်ရန်အတွက်လည်း ပွဲကြည့်စင်ဆောက်လုပ်ထားသည်။ နွေရာသီတွင် ကြာပန်းများ လာရောက်ကြည့်ရှု့ရခြင်းနှင့် ဆောင်းရာသီတွင် နှင်းများကို ကြည့်ရခြင်းက အလွန်ကျက်သရေရှိလှသည်။  နန်းတွင်းမှတော်ဝင်မိသားစုစားသောက်ပွဲကို ဤနေရာတွင်သာ အမြဲတစေ ကျင်းပလေ့ရှိသည်။


စားသောက်ပွဲကြီး ကျင်းပချိန်သို့ ရောက်လာသောအခါ ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်ကိုဦးဆောင်ပြီး အပြင်သို့ တူတူထွက်သွားကြသည်။ ကိုယ်လုပ်တော်အားလုံးက ဧကရီကို ဦးစွာဂါရဝပြုရန် စောစီးစွာ ထွက်ခွာသွားကြသည်ဖြစ်၍ ကိုယ်လုပ်တော်ရှုက‌ လည်း သူတို့နှင့်တူတူမသွားပဲ တစ်ရှီချန်စော၍ ထွက်သွားရသည်။


မင့်လွမ်နန်းဆောင်၏ ဝင်ပေါက်သို့ရောက်ချိန်တွင် ကျွင်းဟွိုင်လန်က ရွှယ်ယန်ကိုခေါ်ရန်လည်း မမေ့ခဲ့ပေ။


ရှောင်နျန်ကာလဖြစ်နေ၍ နန်းဆောင်ကို အလှဆင်ထားပြီးပြီဖြစ်သည်။ နှစ်သစ်ကူးအကြိုအတွက် ပြင်ဆင်ထားရသော အထူးပစ္စည်းများမှလွဲ၍ အခြားအရာအားလုံးကို အလှဆင်ထားပြီးပြီဖြစ်သည်။ ကျွင်းလင်ဟွမ်က နန်းတွင်းမှ တရုတ်နှစ်သစ်ကူးကာလကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်‌ပြီး 


သူတို့သုံးယောက် အတူတူလမ်းလျှောက်လာစဉ်တွင် လမ်းတစ်လျှောက်လုံး ဆူညံနေသည်။ ကျွင်းလင်ဟွမ်က ယခင်တည်း စကားများသူဖြစ်ကာ သူမမြင်တွေ့သမျှအရာအားလုံးကို အထူးအဆန်းသဖွယ် ပြောပြနေသည်။ လမ်းတစ်လျှောက်လုံး ရေပက်မဝင်ပြောလာသော်လည်း ကျွင်းဟွိုင်လန်က ဂရုတစိုက်နားထောင်ပေးပြီး အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။


ရွှယ်ယန်က သူ့ဘေးမှ တိတ်ဆိတ်စွာလျှောက်လာသည်။


ချန်ချွန်းမျှော်စင်၏ ဝင်ပေါက်သို့ ရောက်ရှိလာသည့်အခါ ကျွင်းဟွိုင်လန်က "အယ်" ဟူသောအသံပြုကာ ရပ်တန့်လိုက်သည်။


" ကိုကြီး ဘာကိုတွေ့လိုက်လို့လဲ..."


 ကျွင်းလင်ဟွမ်ကလည်း သူကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်သည်။


ချန်ချွန်းမျှော်စင်၏ထောင့်မှ တံစက်မြိတ်ပေါ်တွင် ဖန်မီးအိမ်တစ်ခု ချိတ်ဆွဲထားသည်။ မီးအိမ်က အတော်ပင် သေးငယ်သော်လည်း နန်းတွင်းမှမီးအိမ်များကဲ့သို့ ခြောက်ထောင့်ပုံစံရှိကာ လက်ရာမြောက်စွာ ထွင်းထုထားသည်။ မျက်နှာပြင်ခြောက်ခုလုံးတွင် ဝါးများဖြင့်အလှဆင်ထားသည်။ အဝေးမှကြည့်ပါက ဝါးအရိပ်များက ယိမ်းနွဲ့နေသည်ဟု ထင်ရသည်။


ကျွင်းလင်ဟွမ်ကမူ သူမ ဘေးနားမှ ပိုးသားပန်းပွင့်များကို အလွန်သဘောကျနေသည်။ ကျွင်းဟွိုင်လန်မှာမူ သူမနှင့်ဆန့်ကျင်စွာ ထိုနေရာတွင်သာရပ်နေပြီး ဖန်မီးအိမ်ကို ကြိမ်ဖန်များစွာ ကြည့်နေခဲ့သည်။


ခဏအကြာတွင် သူပြုံးလိုက်ပြီး ရေရွတ်လိုက်သည်။

" နန်းတွင်းမှာ ထူးချွန်တဲ့ လက်မှုပညာရှင်တွေ အများကြီးရှိတာပဲ..."


ပြောပြီးသည့်အခါ ကျွင်းလင်ဟွမ်က သူ့ဘေးတွင် ငြိမ်ငြိမ်လေးရပ်လေးရပ်နေသည်ကို မြင်လိုက်ရသောအခါ သူမ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက်ရွှယ်ယန့်ကိုကြည့်ကာ ပြောလိုက်သည်။

" အထဲဝင်ကြမယ်လေ..."


ကျွင်းဟွိုင်လန်ရပ်နေခဲ့သည့်နေရာမှ ဖြတ်လာသည့်အခါ ရွှယ်ယန်က ခေါင်းမော့ပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။


၎င်းက ကွဲနေသောမီးအိမ်ဖြစ်ပြီး အပေါ်တွင် အစိမ်းရောင်များဖြင့် အလှဆင်ထားသည်။ ၎င်းက သာမန်မီးအိမ်များထက် တောက်ပနေသည်မှလွဲ၍ ကွာဟချက်များများစားစားမရှိပေ။


ဒါပေမဲ့ ကျွင်းဟွိုင်လန်ကဘာလို့ အဲဒီမီးအိမ်ကို ထူးထူးခြားခြားကြည့်သွားရတာလဲ... အရမ်းလှလို့လား...


ကျွင်းဟွိုင်လန်၏ မျက်ဝန်းများက အလင်းရောင်ဖြင့် တောက်ပစွာ ထွန်းလင်းနေခဲ့ပြီး ထိုမျက်ဝန်းအတွင်းမှာအံ့ဩမှုများက ဖုံးကွယ်ထား၍ မရခဲ့ပေ။


ရွှယ်ယန်က ထိုမီးအိမ်ကို အမှတ်တမဲ့ ကြည့်လိုက်မိပြန်သည်။


ချန်ချွန်းအဆောင်၏ စားသောက်ပွဲခန်းမထဲသို့ ရောက်ရှိသွားသည့်အခါ ရွှယ်ယွင်ဟွမ်က အထဲတွင် ရောက်နှင့်နေပြီဖြစ်သည်။ သူက ထိုင်ခုံနေရာအစဉ်တိုင်းထိုင်ရသည်ဖြစ်၍ ရွှယ်ယန်၏ဘေးတွင် ထိုင်ရခြင်းဖြစ်ပြီး ကျွင်းဟွိုင်လန်တို့မောင်နှမနှစ်ယောက်က အခြားဘက်တွင် ထိုင်ရသည်။


နေရာယူပြီးသည့်အခါ ကျွင်းဟွိုင်လန်က ခေါင်းငုံ့ပြီး သူ့ညီမနှင့် စကားပြောနေသည်ကို‌မြင်၍ ရွှယ်ယန့်ဘက်သို့လှည့်ကာ မေးလိုက်သည်။

" ဟေး... မင်းခုနတုန်းက ဘာလို့အကြာကြီးရပ်နေတာလဲ... ဘာကိုကြည့်နေတာလဲ..."


ရွှယ်ယန်၏နေရာမှကြည့်လျှင် မီးအိမ်ကို လှမ်းမြင်နေရသည်။

  

ဖောက်ထွင်းမြင်နိုင်သောဖန်သားက အစိမ်းနုရောင်တောက်နေသည်။


ရွှယ်ယန်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

" မီးအိမ်က အရမ်းလှလို့ပါ..."


ရွှယ်ယွင်ဟွမ် လှမ်းကြည့်လိုက်သောအခါ အပြင်ဘက်တံစက်မြိတ်မှ မီးအိမ်ကို လှမ်းမြင်လိုက်ရသည်။ ၎င်းက အမှန်ပင် တောက်ပနေကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် တွေ့နိုင်သည်။


" ငါကြားတာတော့ ခမည်းတော်ရဲ့ လက်မှုပညာရှင်တစ်ယောက်ကြောင့် အဲ့မီးအိမ် ပျက်စီးသွားတာတဲ့ ဒါပေမဲ့ ဒီနေရာမှာ ချိတ်ခိုင်းထားတုန်းဆိုတော့ ခမည်းတော်က တော်တော်လေး သဘောကျတဲ့ပုံပဲ..."


ရွှယ်ယွင်ဟွမ်က ပြောလိုက်သည်။ 


ဤတစ်ကြိမ်တွင် ရွှယ်ယန်က ဘာမှ ပြန်မပြောပေ။ 


ရွှယ်ယွင်ဟွမ်က သူ တုံ့ပြန်လာမည်ကို စောင့်မနေတော့ပေ။ အနည်းငယ် ထူးဆန်းသည်ဟု ထင်လိုက်မိ၍ ဘေးကိုသာကြည့်နေလိုက်သည်။


 ရွှယ်ယန်က သူပြောတဲ့ဟာကို စကားဆက်ပြောမယ်ဆိုရင်တော့ သူနဲ့စကားပြောချင်လို့ပဲနေမှာ .. အခုကျတော့ ဘာလို့ တိတ်သွားရတာလဲ...


 ထို့နောက် ရွှယ်ယန်က တိတ်ဆိတ်စွာထိုင်နေပြီး တစ်နေရာတည်းကို စိုက်ကြည့်နေကာ သူ့ကို လုံးဝလျစ်လျူရှု့ထားသည်ကို မြင်လိုက်ရသည်။ ရွှယ်ယွင်ဟွမ်က မေးခွန်းထုတ်နေသည့်အကြည့်ဖြင့် သူ့ကိုလှမ်းကြည့်နေသည်ကို မြင်သောအခါ ရွှယ်ယန်က မျက်လုံးလှန်ကြည့်လိုက်သည်။ ထို့နောက် သူကြားသည်ဟူသည့်သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


  ရွှယ်ယွင်ဟွမ် : "..."


 ဒီနတ်ဆိုးကြယ်ဆိုတဲ့ ဟာကတော့...


မင်း တစ်ယောက်ယောက်ကို စကားပြောချင်ရင်တော့ ထပြောပြီး မပြောချင်ရင် လျစ်လျူရှု့လိုက်တာ ဘာလုပ်တာလဲ... အဲဒါ တော်တော်ရိုင်းတာနော်...


   ——


မင်းသားများ နေရာယူပြီးသည့်အခါ ဧကရာဇ်က ကိုယ်လုပ်တော်များနှင့်အတူ ရောက်ရှိလာသည်။


မင်းသားများနှင့် ကိုယ်လုပ်တော်များက ဧကရာဇ်ကို ဂါရဝပြုပြီးသည်နှင့် စားသောက်ပွဲကြီး စတင်ပြီဖြစ်သည်။ ဤစားသောက်ပွဲက တော်ဝင်မိသားစုများ၏ စားသောက်ပွဲဟုလည်း ဆိုနိုင်သည်။ ဟင်းပွဲများက ပြောင်မြောက်လှပြီး ကျင့်ဝတ်ထုံးတမ်းများကိုလည်း သာမန်အချိန်ကဲ့သို့ တင်းကြပ်မထားပေ။


ကိုယ်လုပ်တော်များနှင့် မင်းသားများက ဧကရာဇ်ကို ဆုတောင်းစကားများပြောကာ သေရည်သောက်နေကြပြီး စားသောက်ပွဲပြီးက သက်ဝင်လှုပ်ရှားစွာဖြင့်သာ အချိန်များစွာ ကုန်ဆုံးသွားသည်။


Xxxxxx