အပိုင်း ၅၅
Viewers 15k

Chapter 55


အချိန် အတန်ငယ်ကြာသောအခါ ဧကရာဇ်ချင်းဖျင်လည်း သေရည်မူး၍ ရီဝေဝေဖြစ်လာသည်။ သူ သလွန်ပေါ်တွင်မှီနေပြီးနောက် ပြုံးရယ်ကာ ပြောလိုက်သည်။


" ကိုယ်တော့်ရဲ့ သားတော်တွေအားလုံးက ထူးချွန်ကြတာပဲ... အရင်နှစ်တွေ မင်းတို့ငယ်ငယ်လေးပဲရှိတုန်းကလည်း ကိုယ်တော်က မင်းတို့ရဲ့ ကွန်ဖူးကို စမ်းသပ်ခဲ့ဖူးတယ်... ဒီနှစ်လည်း ချွင်းချက်မရှိဘူးဆိုတော့ မင်းတို့ထဲက ဘယ်သူမှ နောက်မှာကျန်ရစ်ခဲ့လို့ မဖြစ်ဘူး..."


အိုးထဲသို့မြှားပစ်ထည့်ခြင်းက နန်းတွင်းစားသောက်ပွဲများကျင်းပစဉ်တွင် မင်းသားများနှင့် မင်းမျိုးနွယ်မှ ကလေးများ ဆော့ကစားကြသည့် ကစားနည်းတစ်မျိုးဖြစ်သည်။ အနိုင်ရလျှင် ဆုလာဒ်များချီးမြင့်ခံရပြီး ရှုံးသွားလျှင် သေရည်သောက်ရသည်။ အနိုင်အရှုံးများက ဟာသ သက်သက်သာဖြစ်ပြီး အတူတူပျော်ရွှင်စွာ ဆော့ကစားရရန်သာ အဓိကရည်ရွယ်ချက်ဖြစ်သည်။

    

သို့ရာတွင် ဧကရာဇ်ချင်းဖျင်၏ စည်းကမ်းချက်များအရ နှစ်စဉ်ကျင်းပသည့် တော်ဝင်မိသားစုစားသောက်ပွဲတွင် မင်းသားများက အိုးထဲသို့မြှားပစ်ထည့်ခြင်းကို မဖြစ်မနေပြုလုပ်ရသည်။ ၎င်းက သမားရိုးကျပြုလုပ်သည့် ကစားနည်းနှင့်မတူပေ။ ၎င်းက မင်းသားများတစ်နှစ်လုံးသင်ကြားလာသည့် သိုင်းပညာ၏ရလဒ်များကို နှစ်အဆုံးတွင် ပြန်လည်ပြသရခြင်းဖြစ်သည်။ အနိုင်ရရှိသူများက ဆုလဒ်များချီးမြှင့်ခံရရုံသာမက ဧကရာဇ် ချင်းဖျင်၏ရှေ့တွင်ဂုဏ်မြင့်သွားမည်ဖြစ်သည်။


မင်းသားများအားလုံးက ၎င်းကိုအကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။


ကျွင်းဟွိုင်လန်က ရွှယ်ယွင်ဟွမ်ကို လှမ်းကြည့်လိုက်သည့်အခါ သူ့ပုံစံက အားကြိုးမာန်တက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။


သို့သော် ရွှယ်ယွင်ဟွမ်က ယှဉ်ပြိုင်လိုစိတ်ပြင်းထန်နေခြင်းမဟုတ်ပဲ ကစားချင်စိတ်များနေခြင်းကို သူသိသည်။


အိုးထဲသို့ မြှားပစ်ခြင်းက တော်ဝင်မျိုးနွယ်မှ ကလေးများအကြား စိတ်အပန်းဖြေရန် နည်းလမ်းတစ်ခုဖြစ်သော်လည်း ၎င်းကို ဆော့ကစားရန် နည်းလမ်းများစွာရှိသည်။ အကယ်၍ မြှားပစ်သူက အနိုင်ရလိုပါက သူ၏ လက်မောင်းအားကို အသုံးပြုရမည်သာမက ထူးချွန်မှုရှိပြီး တိကျသေ‌ချာရမည်ဖြစ်သည်။


စားသောက်ပွဲတော်တွင် မင်းသားများကို ဤနည်းလမ်းဖြင့် စစ်ဆေးခြင်းက သိမ်မွေ့ပြီး တီထွင်ဖန်တီးမှုရှိသော နည်းလမ်းတစ်မျိုးပင်ဖြစ်သည်။

   

ဧကရာဇ်၏ အမိန့်ရပြီးသည်နှင့် နန်းတွင်းအစေခံအချို့က စားသောက်ပွဲခန်းမဆောင်၏အလယ်မှ နေရာကို ရှင်းလင်းလိုက်ပြီး လက်ကိုင်နှစ်ခုပါသည့် ကြေးနီအိုးတစ်အိုးကို ချထားလိုက်သည်။


အသက်ကြီးသောမင်းသားများက တစ်ယောက်ပြီးတစ်ယောက် တန်းစီလိုက်ကြပြီး အိုးထဲသို့မြှားပစ်ထည့်ရမည့်နေရာတွင် ရယ်ရယ်မောမောဖြင့် ရပ်လိုက်ကြသည်။ ကိုယ်လုပ်တော်များကလည်း အချင်းချင်းပြုံးရယ်၍ စကားပြောဆိုနေကြသော်လည်း သူတို့က လှည့်ကွက်များဖြင့်သာ အပေါ်ယံ ပြောဆိုနေကြခြင်းဖြစ်သည်။


ရွှယ်ယန်ကလည်း တန်းစီနေပြီး မည်သူ့ကိုမှ စကားမပြောပဲ တိတ်ဆိတ်စွာနေသည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။ မင်းသားများက တစ်ယောက်နှင့်တစ်ယောက် ရယ်မောစနောက်နေသော်လည်း အမှန်တွင် သူတို့အားလုံးက ကြိုတင်ပြင်ဆင်လာကြပြီးသူများဖြစ်ကာ ဝတ်ရုံလက်များကိုခေါက်ကာ အသင့်ပြင်ထားကြသည်။

   

ရွှယ်ယွင်ဟွမ်ကလည်း စမ်းကြည့်ချင်နေ၍ ဝတ်ရုံလက်ကို ပခုံးပေါ်အထိ ခေါက်တင်ထားသည်။


တစ်ဖက်တွင်မူ ရွှယ်ယန်က သူ့ဝတ်ရုံကြီးကိုပင် မချွတ်ပေ။ မြေခွေးမွေးဝတ်ရုံအထူကြီးကို လွှမ်းခြုံထား၍ သူ့ပုံစံက ကျက်သရေရှိပြီး တော်ဝင်ဆန်နေသော်လည်း ထိုဝတ်ရုံဖြင့် လှုပ်ရှားမည်ဆိုပါက ဝန်ထုပ်ဝန်ပိုး ဖြစ်နေနိုင်သည်။


မင်းသား၄ ရွှယ်ယွင်ဟုန်က ဘေးနားတွင်ရပ်ပြီး ရွှယ်ယန်ကို အပြုံးတစ်ဝက်ဖြင့် ကြည့်နေသော်လည်း သူ့ကို ဘာစကားမှ မပြောပေ။


ကျွင်းဟွိုင်လန် အနည်းငယ် စိုးရိမ်မိလာသည်။

   

ရွှယ်ယန်က သိုင်းပညာတွင် အလွန်ထူးချွန်သော်လည်း ယခုအချိန်တွင်မူ အိုးထဲသို့ မြှားပစ်ထည့်ရမည်ဖြစ်၍ ဝတ်ရုံလက်ကို ဆွဲမတင်ထားပါက သူ၏လုပ်ဆောင်ချက်ကို သက်ရောက်သွားစေနိုင်သည်။


အိုးက အဝေးတွင်ရှိနေခြင်းဖြစ်ကာ အိုးဝကလည်းကျဉ်း၍ တစ်ဦးချင်း၏ကွာခြားချက်များက ရလဒ်ကို ကွဲသွားစေနိုက်သည်။


ရွှယ်ယန်က ဤနှစ်ပိုင်းအတွင်းတွင် နန်းတွင်းမှ ဓလေ့ထုံးတမ်းများနှင့် ဝေးကွာနေခဲ့ရသည့်လူဖြစ်နေသည်။ မြင်းသီး၍ မြှားပစ်ခြင်းက မြှားကို အိုးထဲသို့ဝင်အောက်ပစ်ရခြင်းနှင့်မတူပေ။ ရွှယ်ယန်က ထိုသို့သောဓလေ့ထုံးစံများကို မသိသောကြာင့် ဤတစ်ကြိမ်တွင် ပြင်ဆင်မှုမရှိပဲ ကွင်းထဲသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။


သို့ရာတွင် ကျွင်းဟွိုင်လန်ကလည်း ရှေ့သို့ထွက်သွားပြီး သူ့ကိုသတိပေး၍ မရသည့်အပြင် ရွှယ်ယွင်ဟွမ်ကလည်း မိန်းမစိုးတစ်ယောက်ထံမှ မြှားကိုသွားတောင်းပြီး အလုပ်များနေ၍ သူ့ကို သတိပြုမိမည်မဟုတ်ပေ။


ဤကိစ္စက မင်းသားများက အများရှေ့တွင် ကြွားဝါရန်အတွက်သာ လုပ်ရသည့်ကိစ္စဖြစ်၍ အနိုင်ရသည်ဖြစ်စေ ရှုံးသွားသည်ဖြစ်စေ ကိစ္စမရှိဟုသာ ကျွင်းဟွိုင်လန် တွေးလိုက်ရသည်။


မင်းသားများအားလုံး ရပ်ပြီးကြသည့်အခါ ဧကရာဇ်ချင်းဖျင်က အပြုံးဖြင့် ပြောလိုက်သည်။

" ကဲ ဒါဆို စကြမယ်လေ... မင်းသားတစ်ပါးကို မြှားသုံးချောင်းရမယ်... ရလဒ်အကောင်းဆုံးမင်းသားကို ဆုချီးမြှင့်မယ်..."


ရွှယ်ယွင်စုက မစောင့်ဆိုင်းနိုင်တော့ပေ။


သူတို့ညီအစ်ကို အားလုံးထဲက သိုင်းပညာနှင့် ပတ်သက်လာပါက မတိမ်းမယိမ်းဖြစ်ကြ၍ အနိုင်ရသူနှင့် ရှုံးနိမ့်သူများ ရှိကြမည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သူက ဤနှစ်တွင် ကံကောင်းခဲ့ပါက သူ့မယ်တော်ကို  အဆင့်တိုးပေးရန် ဧကရာဇ်ကို တောင်းဆိုမည်ဖြစ်သည်။


ထိုသို့ တွေးတောလျက်နှင့်ပင် ဝတ်ရုံလက်ကို ခေါက်ထားလျက် သူ့နေရာတွင်ပင် ရပ်နေပြီး အကြီးဆုံးမင်းသားက အရင်ဆုံးမြှားပစ်ရန် စောင့်ဆိုင်းနေသည်။

  

အကြီးဆုံးမင်းသားက ယခုနှစ်တွင် အသက်၂၀ပြည့်သွားပြီဖြစ်၍ ညီလာခံတွင် အမတ်အဖြစ် အမှုထမ်းနေပြီဖြစ်သည်။ မှူးမတ်တစ်ယောက်ဖြစ်သွား၍ သူ၏အနေအထားက အခြားမင်းသားများနှင့်ယှဉ်ပါက ကွာခြားနေသည်။ သူက ဧကရာဇ်ချင်းဖျင်နှင့် မကြာခဏ ထိတွေ့ဆက်ဆံရရုံသာမက သူတို့ကြားမှ ဆက်ဆံရေးက သက်ဦးဆံပိုင်ဘုရင်နှင့် အမတ်တစ်ယောက်နှင့် ပိုတူသည်။


သို့ဖြစ်၍ သူက ထင်ပေါ်နေခြင်းလည်း မရှ်ိသည့်အပြင် မြှားသုံးချောင်းထဲမှ တစ်ချောင်းကသာ အိုးထဲဝင်သွားသဖြင့် သူ့အဆင့်က မနိမ့်လွန်း မမြင့်လွန်းဟု သတ်မှတ်၍ ရပြီး သူ့ညီငယ်များ မျက်နှာရစေရန် အခွင့်အရေး ချန်ထားပေးနိုင်ခဲ့သည်။


ဧကရာဇ်ချင်ဖျင်က ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


သူ ဘေးနားကပ်သွားသည့်အခါ ရွှယ်ယွင်စုက စင်မြင့်ပေါ် တက်လာသည်။


သူက နန်းတွင်းထဲတွင် လေ့ကျင့်ခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်၍ အတော်လေးယုံကြည်ချက်ရှိနေပြီဖြစ်သည်။ ပထမမြှားနှစ်ချောင်းကို အိုးနှုတ်ခမ်းဝနားရောက်အောင် ပစ်ထည့်နိုင်ခဲ့သည်။ နောက်ဆုံးတစ်ချောင်းကိုမူ သူက စွန့်စားပြီး အိုး၏ ဘယ်ဘက်လက်ကိုင်နားသို့ထိအောင်ပစ်ရန်ပြင်လိုက်သည်။


အကယ်၍ အိုး၏။ဘယ်ဘက်လက်ကိုင်နားသို့ထိသွားပါက "ကွမ်အာ" နေရာသို့ ထိသွားသည်ဟု သတ်မှတ်ကာ အိုးနှုတ်ခမ်းကိုထိခြင်းထက်ပို၍ အမှတ်နှစ်ဆ ရမည်ဖြစ်သည်။


စွန့်စားရခြင်းဖြစ်၍ သူ့လက်ချောင်းများက အနည်းငယ် တုန်ယင်နေသည်။


မြှားက ပျံထွက်သွားပြီး အိုး၏ ဘယ်ဘက်လက်ကိုင်နားသို့ ထိသွားသည်။


ရွှယ်ယွင်စု အလွန်ပျော်ရွှင်သွားပြီး ခေါင်းမော့၍ နေရာတွင်ထိုင်နေသော သူ့မယ်တော်ကို လှမ်းကြည့်လိုက်သည်။

55.2


အိုးလက်ကိုင်သို့ မြှားသုံးစင်းလုံးဖြင့် ပစ်နိုင်ရန်က အလွန်ရှားပါးလှပြီး ဤတစ်ကြိမ်တွင် သူက လုပ်နိုင်ခဲ့၍ ဤညအတွက်ဤညအတွက် အနိုင်ရသူဖြစ်သွားသည်။

  

နောက်ဆုံးတစ်ကြိမ် သူ့ကိုအကျဉ်းချထားခဲ့စဉ်က သူ့မယ်တော်က ဧကရာဇ်ကို ငိုယိုတောင်းပန်ခဲ့၍ ဧကရာဇ်က သူ့ကို လွှတ်ပေးခဲ့သော်လည်း သူ့မယ်တော်က မျက်နှာသာပေးမခံရတော့ပေ။ ယနေ့ ဤကစားပွဲကို အခွင့်အရေးယူကာ သူ့မယ်တော်ကို မျက်နှာသာပေးခြင်းခံရအောင် ပြန်လုပ်ပေးမည်ဖြစ်သည်။ ထိုအခါတွင် ဧကရာဇ်ကလည်း သူ့ကိုပြန်လည်ဂရုစိုက်လာ‌နိုင်ပြီး သူတို့မောင်နှမအတွက် အကျိုးကျေးဇူးရရှိနိုင်သည်။


သူ့မယ်တော်က ဝမ်းမြောက်မှုကို မဖုံးကွယ်ထားနိုင်တော့ပဲ နေရာမှပင် သူ့ကို ခေါင်းငြိမ့်ပြနေသည်။


ရွှယ်ယွင်စုက ဘေးဖယ်လိုက်ပြီး ရွှယ်ယွင်ဟွမ်ကို နေရာပေးလိုက်သည်။


မင်းသား၂တို့ သားအမိကြားမှ အပြန်အလှန်တုံ့ပြန်မှုကို ရွှယ်ယွင်ဟုန်က မျက်စိနှင့် တပ်အပ်မြင်လိုက်ရသည်။ သူ့မျက်နှာတွင် မည်သည့်အမူအရာမှ မပြသော်လည်း ရင်ထဲတွင် သရော်နေမိသည်။


မင်းသား ၂လို ငတုံးက သူအဲ့လောက်ကြိုးစားပြလိုက်ရုံနဲ့ ခမည်းတော်ရဲ့ မျက်နှာသာပေးခံရမယ်ထင်နေတာလား...


ရွှယ်ယွင်ဟုန်က သူ့နေရာတွင် ရပ်လိုက်ပြီး ရွှယ်ယွင်စုက်ို ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။


အစောပိုင်းက အလွန်ကောင်းမွန်သော လုပ်ဆောင်ချက်ကို ပြသခဲ့၍ မင်းသား၂ကို အားကျနေသည့် အပြုံးမျိုးဖြစ်သည်။


ရွှယ်ယွင်စု၏ မျက်နှာထက်တွင် အထင်အမြင်သေးသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏တတိယ‌မြားက ထိသွားခြင်းဖြစ်၍ ဘဝင်မြင့်နေသော်လည်း သူ့အမူအရာအားလုံးကို ဧကရာဇ်ချင်းဖျင်က ကြည့်နေသည်ကို သူ သတိမပြုမိပေ။


ရွှယ်ယွင်ဟုန်က အကြည့်လွှဲလိုက်ပြီး မြှားတံကိုကိုင်ကာ အေးအေးဆေးဆေးပင် ပစ်လိုက်သည်။


ပထမမြှားက အိုးလက်ကိုင်ကိုကျော်သွားသည်။


ဒုတိယမြှားကလည်း အိုးလက်ကိုင်ကိုကျော်သွားသည်။


တတိယမြှားက အိုးလက်ကိုင်ကို ဖောက်ထွက်သွားသည်။


မင်းသား၄ မြှားတစ်ချောင်းပြီးတစ်ချောင်း ပစ်နေစဉ်တွင် ခန်းမဆောင်တစ်ခုလုံးငြိမ်ကျသွားပြီး ဘေးနားတွင်ရပ်နေသည့် ရွှယ်ယွင်စု၏ မျက်နှာမှ အပြုံးက အေးခဲတောင့်တင်းသွားသည် 


မည်သည့်မင်းသားကမှ ဤမျှ ထူးချွန်သည့်ရလဒ်မျိုးဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ ဧကရာဇ်ချင်းဖျင်သည်ပင် တအံ့တဩဖြစ်ကာ ဝမ်းမြောက်သွားသည့်ပုံပေါ်သည်။

" ဟုန်အာကတော့ အများကြီးတိုးတက်လာတာပဲ..."


" သားတော် ကံကောင်းသွားတာပါ..."

ရွှယ်ယွင်ဟုန်က ဧကရာဇ်ကို အရိုအသေပြုကာ အပြုံးလေးဖြင့် ပြောလိုက်သည်။


ထိုသို့ကြိုးစားသောကလေးများကို သူ၏ ခမည်းတော်က အနှစ်သက်ဆုံးဖြစ်သည်ကို သူသိသည်။


စကားဆုံးသည်နှင့် သူက မိမိကိုယ်ကို ဝံ့ကြွားသောအမူအရာပြမနေပဲ တစ်ဖက်တွင်ရပ်လိုက်ပြီး ရွှယ်ယန့်အတွက် နေရာဖယ်ပေးလိုက်သည်။


ရွှယ်ယန်က ရွှယ်ယွင်ဟွမ်၏ဘေးတွင်ရပ်နေပြီး အိုးရှိသောနေရာသို့ကြည့်ကာ မေးလိုက်သည်ကို သူကြားလိုက်ရသည်။


" ဘယ်လို စည်းကမ်းချက်တွေ ရှိတာလဲ..."


၎င်းက အလွန်မကျယ်သော်လည်း အားလုံးက ကြားလိုက်ရသည်။


အချိန်တစ်ခုအထိ အားလုံးက တစ်ယောက်နှင့်တစ်ယောက် ထူးဆန်းစွာကြည့်နေလိုက်ကြသည်။


တည်ငြိမ်ဟန်ဆောင်နေသည့် ရွှယ်ယွင်ဟုန်သည်ပင် ထိုစကားကိုကြားသောအခါ ရင်ထဲတွင် သရော်ချင်စိတ်များဖြစ်ပေါ်လာသည်။


သူက ယန်ဒေသက ပြန်ရောက်လာတဲ့ လူရိုင်းကောင်ပါပဲ...


ရွှယ်ယွင်ဟုန်၏ မြှားပစ်ချက်များကြောင့် အံ့ဩပြီး ဘာပြောရမည်မသိဖြစ်သွားသော ရွှယ်ယွင်စုက ယခုအခါ ရွှယ်ယန်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါမှ အသိစိတ်ပြန်ကပ်သွားသည်။ 


သူ့မေးခွန်းက ရွှယ်ယွင်စုကို စိတ်အနှောင့်အယှက်ဖြစ်သွားစေသည်။


အစက သူကံကောင်းနေတယ်ထင်ခဲ့တာ မင်းသား၄က သူ့ထက် ပိုတော်နေပါလား... ပြီးတော့ ကံကောင်းသွားတာပါလို့ ပြောလိုက်သေးတယ်ပေါ့... ထိပ်ဆုံးနေရာကို ရသွားပြီး ကံကောင်းတယ်လို့ ပြောရဲသေးတယ်ပေါ့...


ရွှယ်ယွင်စု စိတ်တိုနေချိန်တွင် ရွှယ်ယန်က မီးစာကို ဆီလောင်းပေးသကဲ့သို့ ဖြစ်သွားသည်။


" ဟား... မင်းက မြှားပစ်ရတာကိုတောင် မသိဘူးလား... ယန်ဒေသက လူတွေက လူရိုင်းတွေနဲ့တောင် တိုက်ခိုက်ခဲ့တယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား..."

သူက အနည်းငယ် အသံမြှင့်ပြီး သရော်လိုက်သည်။

 

ရွှယ်ယန်က သူ့ကိုတစ်ချက်သာကြည့်ပြီး ဘာမှမပြောလိုက်ပေ။ 


ရွှယ်ယွင်စု၏ ထေ့ငေါ့သရော်ခြင်းကို မလှမ်းမကန်းမှ ဧကရာဇ်ချင်းဖျင်ကလည်း ကြားလိုက်သည်။ ဆူဆူညံညံဖြစ်လာသည့်အပြင် ရွှယ်ယန်ကလည်း ရှေ့ဆက်မသွားသေး၍ ပြုံးပြလိုက်ပြီး မေးလာသည်။


" ဘာဖြစ်လို့လဲ..."


ရွှယ်ယွင်စုက ရွှယ်ယန်ကို ရန်စသည့်ပုံဖြင့်ကြည့်ကာ ဧကရာဇ်ချင်းဖျင်ဆီသို့ တည့်တည့်လျှောက်သွားလိုက်ပြီး အရိုအသေပြုလိုက်သည်။


" ခမည်းတော်... ရွှယ်ယန်က အိုးထဲ မြှားပစ်တာရဲ့ စည်းကမ်းတွေကိုတောင် မသိကြောင်းပါ..."


ဧကရာဇ်ချင်းဖျင်က ယခင်တည်းက သူတို့သားအမိကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ပြီးသော်လည်း  ယခုအခါတွင် ရွှယ်ယွင်စု၏ အပျော်လွန်နေသည့်ပုံစံကြောင့် ပိုပြီးစက်ဆုပ်လာမိသည်။ သူက အတွေးများကို မထိန်းချုပ်နိုင်သည့်အပြင်‌ ဒေါသဖြစ်ခြင်း၊ ပျော်ရွှင်ခြင်းများကပါ မျက်နှာတွင်ပေါ်နေပြီး နှစ်သစ်ကူးအကြိုပွဲတော်မှာပင် ပြဿနာရှာချင်နေသည်။


မင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့ အမူအကျင့်တွေနဲ့ မအပ်စပ်လိုက်တာ...


ယခုအခါတွင် ဧကရာဇ်ရှေ့သို့ပါရောက်လာပြီး စောဒက တက်ပြနေ၍ ဧကရာဇ်ချင်းဖျင်၏ရင်ထဲမှ စက်ဆုပ်မှုက ပိုမိုကြီးမားလာသည်။


ဘုရင်တစ်ပါး၏ ကိုယ်ပိုင်ပျော်ရွှင်မှုနှင့် အမျက်ဒေါသက အရေးကြီးသည့်အရာတစ်ခုဖြစ်သည်။ ထိုလူက မှန်ကန်သည့်ကိစ္စ လုပ်ထားသည် မလုပ်ထားသည်က ထိုလူကို ဘုရင်က မည်မျှသဘောကျသည်နှင့်သာ သက်ဆိုင်သည်။


အတိတ်တွင် ဧကရာဇ်ချင်းဖျင်က သူလုပ်ထားသမျှကို မျက်စိစုံမှိတ်ထားခဲ့၍သာ ရွှယ်ယွင်စု လုပ်သမျှ ကိစ္စကို မှားယွင်းသည်ဟု မသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဧကရာဇ်ချင်းဖျင်၏ သည်းခံနိုင်စွမ်းများကုန်ဆုံးသွားပြီး ရုတ်ချည်းလေးနက်လာသည့်အခါတွင်မူ အတိတ်က ရွှယ်ယွင်စု လုပ်ခဲ့သမျှကိုပါပေါင်းပြီး ယနေ့တွင် စာရင်းရှင်းတော့မည်ဖြစ်သည်။


" သူက ချန်အန်းကို အခုမှ ပထမဆုံးအကြိမ်ရောက်ဖူးတာလေ ... မသိဘူးဆိုတာက နား‌လည်ပေးလို့ ရပါတယ်..."

ဧကရာဇ်ချင်းဖျင်က နဂါးပလ္လင်ပေါ်တွင် မှီထိုင်ပြီး အေးအေးလူလူပင်ပြောလိုက်သည်။


" မင်းသား၅ကို သင်ပေးလိုက်ကြပေါ့... နှစ်သစ်ကူး အကြိုညကို လာပြီးဆင်နွှဲကြတဲ့လူတွေက နိုင်နိုင် ရှုံးရှုံး ပျော်ချင်လို့ပဲ လာတာလေ..."


ဧကရာဇ်က စကားဆုံးသည်နှင့် ရွှယ်ယွင်စုကို သတိပေးသကဲ့သို့ တစ်ချက်ကြည့်လိုက်သည်။


ရွှယ်ယွင်စုက ဧကရာဇ်၏မျက်ဝန်းထဲမှအကြည့်များ၏ ဆိုလိုရင်းကို သဘောပေါက်သဖြင့် ချက်ချင်းပင် ခေါင်းအေးအေးထားလိုက်ပြီး သူ့ဒေါသများကို ငြှိမ်းသတ်လိုက်သည်။


‌ဒီနေ့မြှားပစ်ခဲ့တာက ပစ်မှတ်ကို ထိထိ မထိထိ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ရဖို့ပဲလေ...


အခုတော့ သူ့ခမည်းတော်ရဲ့ မျက်နှာသာပေးတာကို ရမယ့်အစား မပျော်မရွှင်ဖြစ်အောင် လုပ်မိသွားရပြီ...


သူ ပါးစပ်ပိတ်ထားပြီး ဘေးတွင်သာ ရပ်နေလိုက်သည်။

 

သို့ရာတွင် သူပြောလိုက်သည့် စကားများေကြာင့်ကိုယ်လုပ်တော်များနှင့် မင်းသားများသာမက အနားတွင် ခစားနေကြသည့် မိန်းမစိုးများနှင့် နန်းတွင်းသူများအားလုံး၏ အာရုံက ရွှယ်ယန်ဆီသို့သာရောက်သွားသည်။


တစ်ခဏတာခန့် အားလုံးတိတ်ဆိတ်သွားကြသည်။


Xxxxxxx