Chapter 56
ရွှယ်ယွင်ဟွမ်က မြှားပစ်ရမယ့်နေရာသို့ ရွှယ်ယန့်နောက်မှ လိုက်လာပေးသည်။ သူ့နောက်မှ မိန်းမစိုးက မြှားယူလာပေး၍ ရွှယ်ယန်က မြှားတစ်ချောင်းယူပြီး မလှမ်းမကန်းမှ ကြေးနီရောင်အိုးကို ကြည့်လိုက်သည်။
ခန်းမဆောင်က အလွန်ကျယ်ဝန်းလှပြီး အိုးက အနည်းငယ်လှမ်းသည့်နေရာတွင် ရှိနေသည်။ ရွှယ်ယန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည်က နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်ဖြစ်သည်။ ရွှယ်ယန်က ဧကရာဇ်ကို ကြည့်ရုံသာကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။
သူ့ခွန်အားဖြင့်ဆိုလျှင် ထိုမြှားကို ဧကရာဇ်၏ လည်ပင်းထိ ထုတ်ချင်းပေါက်သွားအောင် ပစ်ရန်က မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
သာမန်လူများက နေ့လည်ခင်းအချိန်တွင် နည်သည့်ဟင်းပွဲစားရမည်ကို တွေးတောနေသကဲ့သို့ ထိုအတွေးကလည်းသူ့အတွက် သာမန်သာဖြစ်သည်။
သူ့ဘေးနားမှ ရွှယ်ယွင်ဟွမ်က စည်းမျဉ်းများအကြောင်းကို ရှင်းပြနေဆဲဖြစ်သည်။
" တကယ်လို့ မြှားက အိုးနှုတ်ခမ်းဝကို ထိသွားရင် တစ်ချက်ထိတာ မထိရင်တော့ အမှတ်မရဘူး... တကယ်လို့ မြှားက အိုးလက်ကိုင်နှစ်ခုကို ထိသွားရင်တော့ နားရွက်ကို ဖောက်ထွက်သွားတယ်လို့ပြောကြပြီး အမှတ်ကလည်း နှစ်ဆဖြစ်သွားလိမ့်မယ်..."
ရွှယ်ယန်က မြှားကိုမြှောက်ပြီး နေရာကို မှန်းကြည့်နေသည်။
၆၀%လောက်တော့ဖြစ်နိုင်ပါတယ်... တကယ်လို့ သူ့ဘေးနားမှာ သိုင်းပညာကျွမ်းကျင်တဲ့ အစောင့်နှစ်ယောက် မရှိရင်တော့ သူအသတ်ခံရဖို့ ၇၀%လောက် သေချာတယ်...
အခြားလူများ၏ အမြင်တွင်မူ ရွှယ်ယန်က ရွှယ်ယွင်ဟုန်၏ ညွှန်ကြားချက်များကို နားထောင်နေသည်နှင့်တူသည်။
သူက ဤနေရာတွင် ဧကရာဇ်နှင့်အတူ သေဆုံးရမည်ကို မကြောက်ရွံ့သော်လည်း သူ့ထံတွင် လုပ်စရာကိစ္စများ ရှိနေသေးသည်။ ယန်ဘုရင်ကို လက်စားချေရန်သာမက ယန်ဒေသကိုလည်း ပြန်လည်ရယူပေးရဦးမည်လည်းဖြစ်သည်။
ပြီးတော့ သူ့ဘေးနားမှာ ဒေါင်းပေါက်လေးတစ်ကောင် ရှိနေသေးတယ်...
ထိုအကြောင်းကို တွေးလိုက်မိသည့်အခါ ရွှယ်ယန်၏မျက်ဝန်းထဲတွင် ပျော်ရွှင်သည့် အရိပ်အယောင်ဖြစ်သွားပြီး မြှားကို ပြန်ချလိုက်သည်။
သူ့ဘေးနားမှ ရွှယ်ယွင်ဟွမ်မှာ ရွှယ်ယန်၏ ကြောက်ခမန်းလိလိသတ်ဖြတ်လိုစိတ်ကြီးကို သတိမပြုမိလိုက်ပေ။
" အိုးနားရွက်ကို ထိဖို့ကတော့ တော်တော်လေးကိုခက်မှာ... အိုးနှုတ်ခမ်းကို မှီအောင်လုပ်ရမယ် ... မင်း အိုးနှုတ်ခမ်းကို ထိအောင်ပဲ သေချာချိန်ပစ်လိုက် အနည်းဆုံးတော့ မြှားတစ်ချောင်းက အိုးထဲရောက်သွားရင်ကိုပဲ မင်းကို အရည်အချင်းရှိတယ်လို့ သတ်မှတ်ကြလိမ့်မယ်..."
ရွှယ်ယွင်ဟွမ်က စိတ်ပါလက်ပါ ရှင်းပြနေသည်။
ရွှယ်ယန် သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်သည်။
အိုး....သူပြောတာတွေ ငါ နားမထောင်လိုက်မိဘူး...
ရွှယ်ယွင်ဟွမ်က အိုးလက်ကိုင်နေရာသို့ မြှားသုံးချောင်းပစ်ရမည်ဟု ပြောသည်ကိုသာ နားစွန်နားဖျား ကြားလိုက်သည်။ အနားမှ မိန်းမစိုးလေး၏ အပြောအရဆိုလျှင် ရလဒ်များက တစ်ကြိမ်ထက်တစ်ကြိမ်ပို၍ အံ့အားသင့်စရာကောင်းလာပြီး ပို၍ပြင်းထန်လာသည်ဟူ၍ပင်။
သူ ခုနက ဘာပြောလိုက်သေးပါလိမ့် အိုးနှုတ်ခမ်းကို မှီရမယ်ဆိုလား... အဲဒါဘာလဲ...
" အိုးနှုတ်ခမ်းကို မှီနေရမယ်ဆိုတာဘာလဲ ထပ်ပြောပြပါဦး..."
ရွှယ်ယန်က အေးအေးလူလူပင် မေးလိုက်သည်။
ရွှယ်ယွင်ဟွမ် အံ့ဩသွားရသည်။
ကောင်းတယ်... စောစောတုန်းက ငါပြောနေတဲ့အချိန်ကလည်း အဖက်မလုပ်ဘူး... အခု မင်းကြီးရှေ့မှာ ရှင်းပြနေတော့လည်း နားမထောင်ဘူး... ငါ့စကားလေးကို တစ်ခါလောက်များ နားထောင်လိုက်ရင် ဘာဖြစ်မှာစိုးလို့လဲ...
ရွှယ်ယွင်ဟွမ် အံကြိတ်ထားပြီး နောက်တစ်ခါ ထပ်ပြောရတော့သည်။
"အိုးကိုမှီတယ်ဆိုတာ အိုးနှုတ်ခမ်းကို ထိအောင်ပစ်ခိုင်းတာ... မြှားက အိုးကိုထိသွားပေမယ့် အောင်ကို ပြန်မကျသွားပဲ နှုတ်ခမ်းနားမှာပဲ မှီပြီး ကပ်နေအောင်ပစ်ခိုင်းတာကိုခေါ်တာ..."
ရွှယ်ယန် နှာမှုတ်လိုက်သည်။
" အဲဒါလုပ်ဖို့ မကြိုးစားနဲ့နော်..."
ရွှယ်ယွင်ဟွမ် ဘာမှဆက်မပြောနိုင်မီမှာပင် ရွှယ်ယန်က မြှားတစ်ချောင်းကိုကောက်ကိုင်ပြီး ရှေ့တစ်လှမ်းတိုးကာ ပစ်လိုက်သည်။
" မင်း..."
ဒီကောင်ကတော့ ငါ့ကို အချိန်တိုင်းဒေါသထွက်အောင် လုပ်နေတော့တာပဲ...
ဘန်းခနဲ အသံကြားလိုက်ရပြီးနောက် ကြေးနီအိုးဘေးနားတွင်ထိုင်နေသော ကိုယ်လုပ်တော်များက အလန့်တကြားအော်ဟစ်လိုက်ကြသည်။
ရွှယ်ယွင်ဟွမ် လှမ်းကြည့်လိုက်သည့်အခါ မြှားက အိုးနှုတ်ခမ်းတွင် စိုက်နေပြီး အောက်သို့ ပြုတ်မကျသွားသည်ကို တွေ့လိုက်ရသည်။
ဟမ် တစ်ခါပစ်လိုက်ရုံနဲ့ တန်းထိသွားတာလား...
ထို့နောက် ဘေးနားက ရွှယ်ယန်က အသံတိုးတိုးဖြင့် မေးလိုက်သည်ကို ကြားလိုက်ရသည်
ရွှယ်ယွင်ဟွမ်၏ စိတ်ထဲတွင် ရူးနှမ်းလုနီးပါးဖြစ်သွားသည်။
ဟုတ်တယ် ဟုတ်တယ် အဲ့လိုလေ... သူ အခုမှပစ်ဖူးတာကို အိုးနှုတ်ခမ်းကို တန်းထိသွားတာပဲလား... သူ မလုပ်တတ်ချင်ယောင်ဆောင်နေတာများလား...
ရွှယ်ယွင်ဟွမ် အံ့ဩလွန်း၍ အချိန်အတန်ကြာသည်အထိ ဘာမှမပြောနိုင်တော့ပေ။ ရွှယ်ယန်က သူ့ကိုထပ်မေးသည့်အချိန်မှသာ စိတ်နှင့်လူနှင့် ကပ်သွားသည်။
" အင်းဟုတ်တယ် ဒါမျိုးကမှ အိုးကိုမှီတယ်လို့ခေါ်တာ... မင်း တကယ်ပဲ မလုပ်ဖူးတာရော ဟုတ်ရဲ့လား..."
ရွှယ်ယွမ်က "အင်း" ဟူ အေးအေးဆေးဆေးသာ ပြောလိုက်သည်။
" ငါက မြှားပစ်တတ်တယ်လေ သဘောတရားက တူတူပဲ မဟုတ်ဘူးလား..."
သူက အေးအေးလူလူပင် ပြောလိုက်ပြီး နောက်ထပ်မြှားတစ်ချောင်းကို ထပ်ထုတ်လိုက်သည်။
အကယ်၍ မြှားပစ်ခြင်းအတတ်ပညာက ကျွမ်းကျင်သည့်အဆင့်တစ်ခုသို့ ရောက်ရှ်ိလာပါက ချိန်ဆခြင်းနှင့် ခွန်အားအသုံးပြုခြင်းကို လက်ယဉ်လာမည်ဖြစ်သည်။
ဘေးနားတွင် တိတ်ဆိတ်စွာကြည့်နေသည့် ရွှယ်ယွင်ဟုန်က ဝတ်ရုံလက်ထဲမှ လက်သီးများကို ခပ်တင်းတင်းဆုပ်ထားသည်။
အဲဒီ ရွှယ်ယန်ဆိုတဲ့ကောင်ပဲလား...
ဧကရာဇ်က မင်းသားများ၏ အရည်အချင်းကို စစ်ဆေးသော လွန်ခဲ့သည့်လအနည်းငယ်က ရွှယ်ယန် အချိန်ကိုက်ပြန်ရောက်လာခဲ့သည်။ ရွှယ်ယွင်ဟုန်က စာပေပညာနှင့် သိုင်းပညာတွင် အခြားလူများထက် အဆပေါင်းများစွာ သာလွန်နေသော်လည်း သူက သူ့ကိုယ်သူ အနည်းငယ် ထိန်းချုပ်ထားပြီး အခြားလူများထက် ခေါင်းတစ်ဖျားသာနေရုံဟုသာ ဟန်ဆောင်ထားသည်။ သို့ဖြစ်၍ သူက ကြွားဝါခြင်းမရှိပဲ တောက်ပနိုင်ပေသည်။
ရွှယ်ယန်ရောက်ရှ်ိလာချိန်တွင် သူက သိုင်းပညာရပ်တွင်ထူးချွန်ကြောင်းကို ရွှယ်ယွင်ဟုန်သိခဲ့သော်လည်း သူက ကြမ်းတမ်းသည့် ယန်ဒေသမှ ရောက်လာခြင်းဖြစ်၍ စာပေနှင့်ပတ်သက်သည်များတွင် နောက်ကောက်ကျနေလိမ့်မည်ဟု ထင်ခဲ့သည်။ ထို့အပြင် တာ့ယုံက သိုင်းပညာထက် စာပေအနုပညာကို ပိုမိုတန်ဖိုးထားသောနေရာဖြစ်၍ ရွှယ်ယွင်ဟုန်က သူ့ကို လစ်လျူရှု့ထားခဲ့သည်။
မမျှော်လင့်ထားသည်မှာ ရွှယ်ယန်က သူ့ကို လွယ်လွယ်ကူကူပင် အနိုင်ယူနိုင်ခဲ့သည်။
သို့ဖြစ်၍ ဤတစ်ကြိမ်တွင် သူ့အရည်အချင်းနှင့်ခွန်အားကို ကွယ်ဝှက်မထားတော့ပဲ အစွမ်းကုန်အားထုတ်ကာ တောက်ပအောင်ပြုလုပ်ပြီး ရွှယ်ယန်၏ ရေပန်းစားမှုကို လွှမ်းမိုးနိုင်အောင် ကြိုးစားခဲ့သည်။
56.2
ပထမမျှားတစ်ချက်တည်းနဲ့တင် နှစ်မှတ်ရသွားလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ...
သူ့ကို ရွှယ်ယန်က တစ်ဖန် လွှမ်းမိုးသွားပြန်ပြီဖြစ်သည်။ သူ၏ အစောပိုင်းမှ လုပ်တောင်ချက်က ရွှယ်ယန်နှင့် ယှဉ်လိုက်ပါက မှေးမှိန်သွားခဲ့သည်။
ရွှယ်ယွင်ဟုန်က လက်သီးတင်းတင်းဆုပ်ထားပြီး သူ့စိတ်အခြေအနေကို မျက်နှာတွင်မပေါ်အောင်ထိန်းထားကာ တည်တည်ကြည်ကြည် ရပ်နေသည်။
သူသည်းခံရမည်ဟု တွေးလိုက်မိသည်။
သို့ရာတွင် ပလ္လင်ပေါ်တွင်ထိုင်နေသည့် ဧကရာဇ်ချင်းဖျင်ကို လှမ်းမကြည့်ပဲ မနေနိုင်တော့ပေ။
ခမည်းတော်က ရွှယ်ယန်ကို ဘယ်တုန်းကမှ သဘောကျခဲ့တာ မဟုတ်ဘူး... သူက အိုးလက်ကိုင်နားကိုထိသွားရင်တောင် ဘာအသုံးဝင်မှာလဲ...
သို့သော်လည်း ဧကရာဇ်ချင်းဖျင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများကို တွေ့မြင်လိုက်ရပြီး ရွှယ်ယန်ကို အခြားလူတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ ငေးမောကြည့်နေသည်။
ဧကရာဇ်ချင်းဖျင် သတိရလွမ်းဆွတ်နေခဲ့တဲ့ တခြားလူတစ်ယောက်...
တစ်ဖက်တွင်မူ ရွှယ်ယန်က အခြားလူများ၏ အမူအရာကို အာရုံစိုက်နေခြင်းမရှိပေ။ ရွှယ်ယွင်ဟွမ်၏ ခွင့်ပြုချက်ရသည်နှင့် မြှားတစ်ချောင်းကိုထပ်ယူပြီး အိုးရှိရာသို့ တည့်တည့်ပစ်လိုက်သည်။
ထူထဲသောဝတ်ရုံက ယိမ်းနွဲ့သွားပြီးနောက် ဂလောင်ခနဲအသံကို ထပ်ကြားလိုက်ရသည်။
ထိုအသံက အလွန်တည်ငြိမ်ပြီး အဆုံးသတ်တွေင် သေသပ်လှသည်။ အိုးဆီသို့ ပစ်လိုက်သည့်မြှားများ တစ်ချောင်းနှင့်တစ်ချောင်းထိသွားသည့်အသံမျိုးမဟုတ်ပေ။
အားလုံးလှည့်ကြည့်လိုက်သည့်အခါ နောက်ထပ်မြှားတစ်ချောင်းက အိုးနှုတ်ခမ်းကို မှန်သွားပြန်သည်ကိုတွေ့လိုက်ရသည်။
ထို့အပြင် ပို၍ ဆန်းကြယ်သည်မှာ ထိုမြှားက ပထမမြှားနှင့် တိုက်သွားခြင်းမရှိပေ။
ထိုသို့သောအရာမျိုးကို မည်သူမျှ မမြင်တွေ့ခဲ့ကြဖူးပေ။
ရုတ်တရက် ခန်းမဆောင်တစ်ခုလုံးတိတ်ဆိတ်သွားပြီး အားလုံးက ကြေးနီအိုးကို အံ့အားသင့်စွာဖြင့် ငေးကြည့်နေကြသည်။
ရွှယ်ယွင်ဟွမ်က အချိန်အတန်ကြာသည်အထိ အံအားသင့်နေပြီးနောက် အသံတောင့်တောင့်ကြီးဖြင့် ဗလုံးပထွေးပြောလိုက်သည်။
" မင်းက... မင်း... မင်း..."
ရွှယ်ယန်က သူ့ကို အထူးအဆန်းသဖွယ်ကြည့်ပြီး မေးလိုက်သည်။
" ဒီလို မဟုတ်ဘူးလား..."
သူက မြှားပစ်ခြင်းကစားနည်း၏ စည်းမျဉ်းများကို အမှန်တကယ်ပင် မသိချေ။
ထို့နောက် နောက်ထပ်မြှားတစ်ချောင်းကို ယူလိုက်ပြီး ရွှယ်ယွင်ဟွမ် ပါးစပ်ထပ်မဟနိုင်မီမှာပင် ပစ်လိုက်သည်။
ဂလောင်ခနဲအသံဖြင့် မြှားက အိုးပေါ်မှ အခြားမြှားနှစ်ချောင်းကိုထိပြီး ထိုမြှားနှစ်ချောင်းက အိုးထဲ ချက်ချင်းရောက်သွားသည်။
တတိယမြှားကလည်း အိုးနှုတ်ခမ်းတွင်စိုက်သွားခဲ့သည်။
အခြားလူများအတွက်မူ ဤကစားနည်းက အလွန်သတိထားရပြီး မြှားတစ်ချောင်းပစ်ရန်အတွက် အလွန်ပင် အချိန်ယူရလေ့ရှိသည်။ သို့ရာတွင် ရွှယ်ယန့်အတွက်မူ ၎င်းက ဟာသတစ်ခုနှင့်သာတူပြီး သူ့သိတ်တိုင်းကျ လုပ်ပစ်နိုင်သည့်အရာဖြစ်နေသည်
" အဲ့လိုဟုတ်တယ်မလား..."
သူက တည်ကြည်သောအမူအရာဖြင့် ရွှယ်ယွင်ဟွမ်ကို မေးလိုက်သည်။
ရွှယ်ယွင်ဟွမ် သူ့ကို စိုက်ကြည့်နေသည်။
ခဏအကြာတွင်မှ အသိစိတ်ပြန်ဝင်လာပြီး ရွှယ်ယန်၏လည်ပင်းကို ဖမ်းဆွဲကာ သူ့ပခုံးနှင့် ကပ်ထားလိုက်သည်။
" မင်းဘယ်လိုလုပ်လိုက်တာလဲ ငါ့ကိုသင်ပေးဦး..."
ရွှယ်ယန်၏ ရိုင်းပြမှုကို ခံစားလိုက်ရ၍ ဒေါသထွက်ခဲ့သော ခံစားချက်များက ယခုအချိန်တွင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ကာ ရွှယ်ယန်က ကပ်ဘေးများကို ယူဆောင်လာသည့် နတ်ဆိုးကြယ်ဖြစ်သည့်အကြောင်းပင် မေ့သွားသည်။
သူ့အသံက အခြားလူများကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဤနေရာတွင် ရှိနေကြသည့် ကိုယ်လုပ်တော်များက တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြောဆိုနေကြပြီး သူတို့နောက်မှ နန်းတွင်အစေခံများပင် အားကျ၍ တီးတိုးပြောဆိုနေကြသည်။ အစောပိုင်းက အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေခဲ့သော ခန်းမက ချက်ချင်းပင် အသံများဖြင့် ပြည့်နှက်သွားသည်။
" ကျွန်မနန်းဆောင်က ကလေးက သူများတွေနောက်မှာ မကျန်ရစ်ခဲ့ဘူးပဲ..."
ကိုယ်လုပ်တော်များအကြားမှ ထွက်ပေါ်လာသော ကိုယ်လုပ်တော်ရှု့၏အသံတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေသည်။
အားလုံး၏ အာရုံစိုက်စရာဖြစ်နေသော ရွှယ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
သူက ခန္ဓာကိုယ်ချင်းထိတွေ့ရသည်ကို မနှစ်မြို့သူဖြစ်၍ ရွှယ်ယွင်ဟွမ်ကို သဘောမကျဖြစ်သွားသည်။
လက်တစ်ဖက်မြှောက်လိုက်ပြီး သူ့ကို ကပ်တွယ်နေသော ရွှယ်ယွင်ဟွမ်ကို ဆွဲခွာလိုက်သည်။ ထို့နောက် ကျွင်းဟွိုင်လန်ရှိရာဘက်သို့ သူ့အလိုလိုလှည့်ကြည့်လိုက်မိသည်။
ကျွင်းဟွိုင်လန်ကလည်း သူ့ကိုကြည့်နေသည်။
ရွှယ်ယန်က သူ့ကို ပြုံးပြနေသော ကျွင်းဟွိုင်လန်ကို မြင်လိုက်ရသည်။ သူ၏ နက်မှောင်နေသောမျက်ဝန်းများက အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။ ထိုမျက်ဝန်းများက ဤမျှော်စင်ထဲသို့ သူ မဝင်မီတွင် မြင်တွေ့ခဲ့ရသော ဖန်မီးအိမ်လေးကို ကြည့်နေစဉ်က အကြည့်နှင့်တူနေသည်။
ရွှယ်ယန်၏စိတ်ထဲတွင် အတွေးတစ်ခုသာ ကြီးစိုးနေတော့သည်။
သူ ကျွင်းဟွိုင်လန်အတွက် ထိုမီးအိမ်ကို ယူပေးချင်သည်။
ခန်းမဆောင်တစ်ခုလုံး ငြိမ်ကျသွားပြီး အားလုံးက ဧကရာဇ်ချင်းဖျင် စကားပြောမည်ကို စောင့်ဆိုင်းနေကြသည်။
ယခင်နှစ်များ၏ စည်းမျဉ်းအရဆိုလျှင် ဧကရာဇ်ချင်းဖျင်က အနိုင်ရရှိသွားသည့်မင်းသားကို သူအလိုရှိသည့်ဆုကို မေးမြန်းပြီး ချီးကျူးစကားအနည်းငယ်ပြောရမည်ဖြစ်သည်။
သို့ရာတွင် ယခုအနိုင်ရသူက ရွှယ်ယန်ဖြစ်နေ၍ ယခင်နှစ်များနှင့် ကွဲပြားနေသည်။
အားလုံးက ဧကရာဇ်ရှိရာဘက်သို့ မသိမသာလှည့်သွားကြပြီး သူ မည်သည့်စကားပြောမည်ကို စောင့်ဆိုင်းနေသည်။
သို့ရာတွင် ဧကရာဇ်ချင်းဖျင်က အချိန်အတန်ကြာသည်အထိ စကားမပြောပဲ ရွှယ်ယန့်ကိုသာ စိုက်ကြည့်နေသည်။
မည်သူမှ သူ့ကို အလောတကြီး မတိုက်တွန်းရဲပေ။
ထိုသို့ တုံ့ပြန်လိမ့်မည်ဟု အားလုံးက မထင်ထားသည်ဖြစ်၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြပြီး စကားတစ်ခွန်းမှ မပြောရဲကြပေ။
သို့ရာတွင် ကိုယ်လုပ်တော်များအကြားမှ ယီကျဲယွီမှာ ရှားရှားပါးပါး စိတ်လှုပ်ရှားနေသည့်ပုံစံဖြစ်နေသည်။ သူမလက်ကို အလွန်ဆုပ်ထားသဖြင့် လက်သည်းများက အသားထဲထိ ဝင်နေသည်။
ခဏအကြာတွင် ဧကရာဇ်ချင်းဖျင်က စကားပြောလာသည်။
" ရွှယ်ယန် စားသောက်ပွဲပြီးရင် ခဏနေခဲ့ဦး..."
ထိုစကားဆုံးသည်နှင့် သူက ဘာမှထပ်မပြောတော့ပဲ တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသူများကိုလည်း ဂရုမစိုက်တော့ပေ။ လက်မြှောက်ပြလိုက်ပြီး အားလုံးကို ဆက်လက်စားသောက်ရန် အချက်ပြလိုက်သည်။
ဧကရာဇ်ချင်းဖျင်၏ အမိန့်ကိုကြားလိုက်ရသည့်အခါ ယီကျဲယွီ၏လက်ထဲမှ ပိုးလက်ကိုင်ပဝါက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
သူမနောက်မှ ထောင်ကျစ်က ပဝါကို အမြန်ကောက်ပေးလိုက်သည်။
သို့ရာတွင် ပိုးချည်ထိုးတားသော လက်ကိုင်ပဝါက လုံးချေခံထားရ၍ ဆုတ်ပြဲလုနီးပါးဖြစ်နေခဲ့ပြီးဖြစ်သည်။
——
ဧကရာဇ်ချင်းဖျင်တစ်ယောက်တည်းကသာ သူ့စိတ်ထဲတွင် မည်သည့်အကြောင့်များ တွေးနေသည်ကိုသိသည်။
ရွှယ်ယန် မွေးဖွားလာပြီးချိန်မှစ၍ သူ့ကို တစ်ကြိမ်တစ်ခါမှ ကောင်းမွန်စွာ မကြည့်ခဲ့ရပေ။ သူ မွေးကင်းစ ကလေးဘဝတည်းက ယန်ဒေသသို့ ပို့ဆောင်ခံလိုက်ရပြီး ချန်အန်းသို့ ပြန်ရောက်လာချိန်တွင် အသက်၁၅နှစ် ပြည့်ပြီးပြီဖြစ်သည်။ ရွှယ်ယန်က ကမ္ဘာပေါ်သို့ ရောက်ရှိလာသော နတ်ဆိုးကြယ်ဖြစ်၍ သူ့မျက်နှာကိုမြင်ချိန်တိုင်း ဧကရာဇ်က အကြည့်လွှဲပစ်ခဲ့သည်။
ရွှယ်ယန်၏ ပုံပန်းသွင်ပြင်ကို တစ်ကြိမ်တစ်ခါမှ အနီးကပ် မကြည့်ခဲ့ဖူးသဖြင့် ယနေ့မှသာ ရွှယ်ယန်က ကိုယ်လုပ်တော်ရုန်နှင့် မည်မျှတူကြောင်းကို သူ သဘောပေါက်ခဲ့သည်။
ပယင်းရောင်မျက်ဝန်းတစ်စုံအပြင် မျက်တောင်အစွန်းနှင့် မျက်ခုံးများကလည်း ကိုယ်လုပ်တော်ရုန်နှင့် တစ်ထေရာတည်းဖြစ်သည်။ ရွှယ်ယန်၏ မျက်လုံးက ကိုယ်လုပ်တော်ရုန်လောက် မဖြူစင်ပဲ စူးရှခက်ထန်ကာ ပိုမိုအေးစက်နေသည်။
Xxxxxx