အပိုင်း ၅၇
Viewers 15k

Chapter 57


ယခုအချိန်တွင် သူက ပလ္လင်ပေါ်တွင်ထိုင်ပြီး ရွှယ်ယန့်ကို ခြေဆုံးခေါင်းဆုံးကြည့်နေမိသည်။ ဝိုင်သောက်ထားမိသဖြင့် အနည်းငယ် ရီဝေဝေဖြစ်နေသောကြောင့် သူ့စိတ်ထဲတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကာလကို ပြန်လည်ရောက်ရှ်ိသွားသည်ဟုပင် ခံစားရပြီး သူက ခန်းမဆောင်ထဲတွင်ထိုင်နေကာ ကိုယ်လုပ်တော်ရှု့က သူ့အတွက် ပထမဆုံးအကြိမ် ကပြဖျော်ဖြေခဲ့သည်ကို ကြည့်ရှု့ခဲ့ရသည့်အချိန်ကို ပြန် တမ်းတမိသွားသည်။


ဧကရာဇ်ချင်းဖျင်မှာ သူ့ဘဝတွင် ပထမဦးဆုံးအနေဖြင့် ဤကလေးက သူနှင့် ကိုယ်လုပ်တော်ရုန်၏ ရင်သွေးဖြစ်ကြောင်း ရှင်းလင်းစွာ သဘောပေါက်သွားခဲ့သည်။


ဒီကလေးက ကိုယ်လုပ်တော်ရုန်နဲ့ တော်တော်လေးတူတာပဲ...


သူ့အတွက် ဤမျှကြာကြာ စိတ်နှင့်လူနှင့် မကပ်သည်မှာ အလွန်ရှားပါးလှပြီး သူပေးလိုက်သည့်အမိန့်ကလည်း အားလုံး စိတ်ပင်မကူးထားသည့်အရာဖြစ်သည်။


သူ၏ မူမမှန်မှုကြောင့် စားသောက်ပွဲ၏ ဒုတိယပိုင်းတွင် အားလုံးက ခပ်မြန်မြန်သာစားသောက်ပြီး စောစောစီးစီး ပြန်ထွက်သွားကြသည်။


ဧကရာဇ်ချင်းဖျင်က အနောက်ဘက်အဆောင်ထဲဝင် အနားယူရန် ထိုင်လိုက်ပြီးချိန်တွင် ရွှယ်ယန့်ကို ခေါ်ဆောင်ခဲ့ရန် လင်းဖူကို ပြောလိုက်သည်။


လင်းဖူ တွန့်ဆုတ်နေမိသည်။


" ဘာဖြစ်လို့လဲ..."

လင်းဖူ အချိန်အနည်းငယ်ကြာသည်အထိ မလှုပ်သောအခါ ဧကရာဇ်က ခေါင်းမော့ကာ မေးလိုက်သည်။

  

လင်းဖူက သူ့ကိုဦးညွတ်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ဖျောင်းဖျပြောဆိုလိုက်သည်။


" အရှင် သူ့ကိုခေါ်ပြီး ဘာများလုပ်မလို့ပါလဲ..."


ဧကရာဇ်ချင်းဖျင်က မူး‌ယစ်နေချိန်ဖြစ်၍ အနည်းငယ် စိတ်ဆတ်နေသည်။


" ငါကိုယ်တော် ဘာကိစ္စလုပ်လုပ် မောင်မင်းရဲ့ထင်မြင်ချက်ကို မေးနေရဦးမှာလား..."


လင်းဖူက အလျင်အမြန်ပင် ပြောလိုက်သည်။


" ဒီအသေခံ အဲ့လို မလုပ်ရဲပါဘူး... ဒါပေမဲ့ သခင်ချင်ထျန်ကျန့်ရဲ့ စကားအရဆိုရင် နတ်ဆိုးကြယ်က အခုနောက်ပိုင်းပြောင်းလဲလာပါပြီတဲ့... ကျွန်တော်မျိုးက ဧကရာဇ်ရဲ့ ကြီးမြတ်တဲ့ခန္ဓာကိုယ်ကို ပူပန်မိလို့ပါ ပြီးတော့..."


" ဘယ်အရာကများ မပြောင်းလဲဘူးဆိုတာ ရှိလို့လဲ..."


ဧကရာဇ်ချင်းဖျင်က သူ့ကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး စိတ်မရှည်ဟန်ဖြင့် လက်ကာပြလိုက်သည်။


" ရွှယ်ယန့်ကို ခုချက်ချင်းခေါ်လာခဲ့..."


လင်းဖူက ဦးညွတ်အရိုအသေပြုလိုက်ပြီး သူ့မျက်ဝန်းထဲမှ အတွေးများနှင့် တွက်ချက်မှုများကို ဖုံးကွယ်ကာ အပြင်ထွက်သွားသည်။


 ယီကျဲယွီတော့ သူ့လက်တစ်ဖက် ဆုံးရှုံးသွားသလိုဖြစ်သွားပြီ... မင်းကြီးက ချင်ထျန်ကျန့်ပြောတာကိုတောင် မရေးမစိုက်တော့ဘူး...


နှစ်သစ်ကူးအကြိုနေ့မရောက်ခင်အထိ ချင်ထျန်ကျန့်နဲ့ သဘောတူညီမှုတစ်ခုကို အချိန်ကိုက်ပြန်လုပ်ခိုင်းဖို့ ပြောရမယ်...

လင်းဖူ တွေးလိုက်သည်။


ဧကရာဇ်ချင်းဖျင်က သလွန်ပေါ်တွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေပြီး မကြာမီအချိန်တွင် အခန်းထဲသို့ဝင်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ မော့ကြည့်လိုက်သည့်အခါ ရွှယ်ယန်က လင်းဖူအနောက်မှ တိတ်ဆိတ်စွာဖြင့် လိုက်လာပြီး သူ့ကို ဦးညွတ်လိုက်သည်ကို မြင်လိုက်ရသည်။


" နေသာသလိုနေပါ..."


ဧကရာဇ်ချင်းဖျင်က  ခုံတစ်ခုံကိုညွှန်ပြကာ ထိုင်ခိုင်းလိုက်သည်။


ရွှယ်ယန် ထိုနေရာတွင် ဝင်ထိုင်လိုက်သည်။


နန်းတွင်းသူတစ်ယောက်က အမူးပြေလက်ဖက်ရည်ကြမ်းတစ်ခွက် လာငှဲ့ပေးသည့်အခါ ဧကရာဇ်က တစ်ငုံသောက်လိုက်ပြီး ရွှယ်ယန် စကားစပြောလာမည့်အချိန်ကို စောင့်နေသည်။ သို့သော်လည်း ရွှယ်ယန်က အချိန်အတန်ကြာသည်အထိ သစ်ငုတ်တိုကြီးတစ်ခုကဲ့သို့သာ ငြိမ်သက်စွာထိုင်နေသည်။


အကယ်၍ ပုံမှန်နေ့ရက်များဆိုပါက ဧကရာဇ်ချင်းဖျင်က စိတ်တိုဒေါသထွက်နေမိမည်ဖြစ်သည်။ သို့ရာတွင် ယနေ့၌ အရက်မူးနေသည့်အပြင် ကိုယ်လုပ်တော်ရုန်၏အကြောင်းများကိုလည်း ပြန်လည်သတိရနေမိသည်။ သို့ဖြစ်၍ ကိုယ်လုပ်တော်ရုန်က မွေးဖွားခဲ့သည့်ရွှယ်ယန်ကို ထူးထူးဆန်းဆန်း စိတ်ရှည်နေမိသည်။


" မင်းက မြှားပစ်တာတော်သားပဲ... ယန်ဘုရင်က ကောင်းကောင်းသင်ပေးထားတာပဲဖြစ်မယ်..."

ဧကရာဇ်ချင်းဖျင်က စကားစပြောလိုက်သည်။


" ခမည်းတော်က ချီးကျူးလွန်းတာပါ..."


သူက ထိုနေရာတွင်ထိုင်‌လျက်နှင့်ပင် အရက်မူးနေသည့် ဧကရာဇ်ကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်နေသည်။


ဧကရာဇ်က ယခုချိန်တွင် အရက်မူးနေရုံသာမက အကာအကွယ်မဲ့နေကာ သူ၏ ခံစားချက်အစစ်အမှန်များက မျက်နှာတွင် ပေါ်နေသည်။ သူက ခံစားချက်အစစ်အမှန်များကို ပြသနေသော်လည်း ရွှယ်ယန်က သူ့ကို အထင်သေးနေမိဆဲဖြစ်ကာ ပြဇာတ်တစ်ခုကို ထိုင်ကြည့်နေသကဲ့သို့ အေးစက်စက်ဖြင့်သာ ကြည့်နေသည်။


သူ့အမြင်တွင် ဧကရာဇ်ချင်းဖျင်၏ မြင်ရခဲသောခံစားချက်များက ရယ်စရာကောင်းလောက်အောင်ပင် ဈေးပေါလှသည်။ သို့သော်လည်း သူက ဧကရာဇ်တစ်ပါး ဖြစ်နေသေး၍ သက်ရောက်မှုအချို့ ရှိနေဆဲဖြစ်သည်။


မဟုတ်သေးဘူး... သူ့နောက်က မိန်းမစိုးက အရမ်းစိတ်လှုပ်ရှားလွန်းလို့ ချွေးတောင်ထွက်နေတာလား...


ရွှယ်ယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားမိသည်။


 လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ရရှိထားသော သတင်းများအရဆိုလျှင် ထိုဆေးကို  ရှုမိသားစုထံမှ ရရှိထားခြင်းဖြစ်ပြီး ရှုမိသားစုအစေခံက ယီကျဲယွီ နန်း‌တော်ပြင်ပမှ အိမ်တော်သို့လာစဉ်တွင် ထည့်ပေးလိုက်ကြောင်း သိရသည်။


ရှုမိသားစုအကြောင်း သိရချိန်တည်းက ရွှယ်ယန်ကို ၎င်းတို့နှင့်သက်ဆိုင်သည့် လျှို့ဝှက်ချက်တစ်ခု ပေးပို့ထားသည်။


နက္ခတ်ဆရာချင်ထျန်ကျန့်က ယခင်က ယီကျဲယွီနှင့်  မိတ်ဆွေဟောင်များဖြစ်ပုံပေါ်သည်။ ယီကျဲယွီ နန်းတွင်းသို့ ရောက်ရှိလာချိန်တွင်သူက နန်းတော်ဂိတ်တံခါးအထိ ရထားလုံးဘေးမှ လိုက်လာခဲ့ဖူးသည်။ နောက်ပိုင်းတွင် ချင်ထျန်ကျန့်က နန်းတွင်းညီလာခံမှ အမှုထမ်းတစ်ယောက် ဖြစ်လာခဲ့သည်။


ယခုအခါတွင်မူ ချင်ထျန်ကျန့်သာမက ဧကရာဇ်၏ဘေးမှ မိန်းမစိုးကလည်း ယီကျဲယွီ၏ ဘက်တော်သား ဖြစ်ဟန်တူသည်။


ရွှယ်ယန်က လင်းဖူကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာလွှဲလိုက်သည်။ သူ့ထံတွင် သဲလွန်စများရှိနေပြီဖြစ်၍ သူတို့အကြားမှဆက်ဆံရေးကိုသာ ရှာဖွေဖော်ထုတ်ရန် လိုတော့သည်။


ဧကရာဇ်ချင်းဖျင်က ထိုနေရာတွင်ပင်ထိုင်ပြီး အတိတ်ကို လွမ်းဆွတ်သတိရနေဆဲဖြစ်သည်။


" ယန်ဘုရင်က အရင်ကတော့ ကိုယ်တော့်ရဲ့ ဒုတိယအစ်ကိုတော်ပေါ့...  သူ ငယ်ငယ်တုန်းကဆိုရင် သိုင်းပညာလည်းတော်တယ် စာအရေးအသားလည်းကောင်းတယ်... သူက ဧကရာဇ်ရဲ့ အချစ်ဆုံးသားတော်လေ... ကောင်းကင်ဘုံကတောင် သု့အရည်အချင်းတွေကို မနာလိုဖြစ်နေခဲ့တာတော့ နှမျောစရာပဲ..."


ထိုစကားကိုပြောပြီးသည့်နောက်တွင် ဧကရာဇ်က ခဏရပ်လိုက်ပြီး အခြားအကြောင်းများကို ဆက်မပြောတော့ပေ။


ဧကရာဇ်၏ ရီဝေဝေမျက်ဝန်းများထဲမှ ခက်ထန်စူးရှမှုတစ်မျိုးကို ရွှယ်ယန် မြင်တွေ့လိုက်ရသည်။ ၎င်းက ခဏသာ ကြာမြင့်လိုက်ပြီး စကားဆုံးသွားချိန်တွင် ခက်ထန်မှုများလည်း ပျောက်ကွယ်သွားတော့သည်။


" မင်းရဲ့မယ်တော်..."


ဧကရာဇ်ချင်းဖျင်က ရွှယ်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။


" မင်း နန်းတွင်းကို ပြန်ရောက်နေတာ တော်တော်ကြာပြီးပဲ သူ့ရဲ့ ကဗျည်းတိုင်ဆီကို မကြာခဏသွားလည်လေ..."


" သားတော်လိုက်နာပါ့မယ်..."


ဧကရာဇ်ချင်းဖျင်က သူ့ကိုကြည့်ပြီး ခဏအကြာတွင် သက်ပြင်းရှည်ကြီး ချလိုက်သည်။


ဒါတွေအားလုံးက ကံတရားကြောင့်ပဲ...

သူ အရက်မူးပြီး အလွန်ဝမ်းနည်းနေကာ ပလ္လင်ကိုမှီ၍ တွေးတောနေမိသည်။


ဒီကလေးရဲ့ ကံကြမ္မာကြောင့်သာမဟုတ်ရင် သူတို့သားအဖ ဒီလိုကွဲသွားရမှာ မဟုတ်ဘူး... အခုတော့ ငါက သားဖြစ်သူနဲ့ နည်းနည်းလေးတောင် မရင်းနှီးတော့ဘူး ဘယ်လိုတောင် သနားစရာကောင်းတာလဲ...

57.2


သူ့အပြုအမူများက ဘေးနားတွင်ရပ်နေသော လင်းဖူအတွက် ရန်သူသဖွယ်ဖြစ်နေ၍ ရွှယ်ယန်၏ရင်ထဲတွင် သရော်နေမိသည်။


အရက်သေစာအလွန်အကြူးသောက်သုံးသူများကို စိတ်ခံစားချက်များက လွှမ်းမိုးခြယ်လှယ်လေ့ရှိသည်။ ဧကရာဇ်၏ပုံစံက ယခုချိန်တွင် အလွန်ရိုးသားနေသော်လည်း ၎င်းက သေရည်မူးနေခြင်းကြောင့်သာဖြစ်သည်။ နောက်‌တစ်နေ့မနက် နိုးလာပါက သူ့ခေါင်းထဲတွင် ဘာတစ်ခုမှ ရှိတော့မည်မဟုတ်ပေ။


သူ့အပြုအမူတွေကို သွားယုံမိရင် ရူးနေလို့ပဲ...


ရွှယ်ယန်က အလွန်ပျင်းရိလာပြီဖြစ်၍ ဧကရာဇ်က သူ၏ အသုံးမဝင်သည့် ဝမ်းနည်းကြေကွဲဖွယ်အကြောင်းများကို မြန်မြန်ပြီးအောင်ပြောပြီး သူ့ကိုပြန်ခိုင်းမည့်အချိန်ကိုသာ စောင့်နေမိသည်။


အချိန်အတန်ကြာသည့်အခါတွင် ဧကရာဇ်ချင်းဖျင်က ပင်ပန်းသွားသည်။ သူ လက်ယမ်းပြလိုက်သည့်အခါ လင်းဖူက ရှေ့တိုးလာပြီး သူ့ကို ဆွဲထူပေးလိုက်သည်။


" အိုး... မင်းကို မေးဖို့မေ့နေတာ... ဒီနေ့ နိုင်ခဲ့တဲ့အတွက် ဘယ်လိုဆုလာဒ်မျိုး လိုချင်လဲ..."


ရွှယ်ယန်က သူ့ကိုမော့ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် တွေးနေမိသည်။

ဒီနေ့ အချိန်အကြာကြီးဖြုန်းခဲ့မိတာ အသုံးဝင်တာလေးတွေတော့ ရှိသေးသားပဲ...


ထို့နောက် ဧကရာဇ်ချင်းဖျင်က ဆက်ပြောလိုက်သည်။


" မင်း အလိုရှိတဲ့အရာကိုတောင်းလို့ရတယ်... မင်းရဲ့အဆောင်မှာ လိုအပ်တဲ့အရာတွေရော၊ ကိုယ်တော့်ဆီကနေလိုချင်တဲ့ ဘယ်လိုမျက်နှာသာပေးမှုမဆို မင်းစိတ်ကြိုက်တောင်းဆိုလို့ရတယ်... ကိုယ်တော်မင်းကို ဒီလိုစစ်ဆေးချက်လုပ်ဖြစ်ဖို့ဆိုတာ ရှားရှားပါးပါးပဲဆိုတော့ ဘယ်လိုအဖိုးတန်တဲ့အရာမျိုးဖြစ်ဖြစ် တောင်းဆိုလို့ရပါတယ် အားလုံးက မင်းနဲ့ထိုက်တန်တယ်..."


သူ့ စကားအများစုက ကိုယ်လုပ်တော်ရုန်အပေါ် လွမ်းဆွတ်သတိရမှုများကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ကာ လိမ်ညာမှုအနည်းငယ် ပါဝင်သည်မှာ ဧကန်မုချဖြစ်သော်လည်း သူ့မျက်ဝန်းများတွင် မြင်တွေ့ရခဲသော ရိုးသားမှုများပါဝင်နေသည်။


ဒီကလေးက အရမ်းသနားစရာကောင်းလွန်းတော့ သူ့ကို နည်းနည်းလောက် မျက်နှာသာပေးပြီး ဆုလဒ်တွေ ချီးမြှင့်ရမှာ သင့်တော်ပါတယ်... သိပ်မကြာခင် သူလည်းငါ့ရဲ့ အခက်အခဲတွေကိုနားလည်ပြီးတော့ ကျေးဇူးတင်လာမှာပါ...


ရွှယ်ယန်က သူ့ကိုနာခံစွာဖြင့် အရိုအသေပြုလိုက်ပြီး မတွေးတောနေတော့ပဲ တည်ငြိမ်စွာပြောလိုက်သည်။


" သားတော် ဘယ်အရာကိုမှ အလိုမရှိပါဘူး မီးအိမ်လေးတစ်လုံးပဲ ခမည်းတော်ဆီက တောင်းဆိုပါရစေ..."


ဧကရာဇ်ချင်းဖျင်၏ ညှာတာထောက်ထားမှုများကို သူဂရုမစိုက်သည့်အပြင် စိတ်ဝင်စားပုံလည်း မပြပေ။ သူ အလိုရှိသည့်အရာကို သူကိုယ်တိုင်သာ ရယူမည်ဖြစ်သည်။ မည်သူကမှ သူ့ကို ပေးကမ်းရန် မလိုအပ်သကဲ့သို့ မည်သူကမှလည်း သူ့ကို မတားဆီးနိုင်ပေ။ 


သူအလိုရှိသည်က တစ်စုံတစ်ယောက် အလွန်နှစ်သက်နေပုံရသည့် မီးအိမ်လေးတစ်လုံးပင်ဖြစ်သည်။


    ——


ကျွင်းဟွိုင်လန်က မင့်လွမ်နန်းဆောင်သို့ စောစီးစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဧကရာဇ်ချင်းဖျင်က ရွှယ်ယန်ကို သူနှင့်အတူနေခဲ့ခိုင်းသည့်အတွက် သူ့စိတ်ထဲတွင် မသက်မသာဖြစ်နေမိသည်။


ဧကရာဇ်ချင်းဖျင်၏ အမူအရာက စိတ်ဆိုးဒေါသထွက်နေပုံမရပဲ ရှားရှားပါးပါး ကြင်နာနေပုံပေါက်၍ ကိစ္စကြီးမဖြစ်နိုင်ဟု သူထင်လိုက်သည်။


သို့ရာတွင် သူ ရွှယ်ယန်ကို စိတ်ပူနေဆဲဖြစ်သည်။


 ရွှယ်ယန်၏ဘဝက အခြားလူများနှင့် ကွာခြားသည်။ သူက စကားနည်းကာ ယဉ်ကျေးစွာလည်း မနေတတ်သကဲ့သို့ သု့ပခုံးထက်တွင် ‌ကြောက်မက်ဖွယ်ကံတရားကြီးကို ထမ်းပိုးထားရသည်။ သူက နတ်ဆိုးကြယ်ဖြစ်နေ၍ မူလက ဧကရာဇ်ချင်းဖျင်က သူ့ကို ကြောက်လန့်ခဲ့သည်။ ယနေ့တွင် အနည်းငယ်ကြင်နာနေသော်လည်း ရွှယ်ယန်ကို စိတ်တိုဒေါသထွက်ပြီး ပြဿနာထပ်ရှာမည်ကို အာမ မခံနိုင်ပေ။


ကျွင်းဟွိုင်လန်က အရှေ့ဘက်ခန်းမဆောင်သို့ ပြန်ရောက်လာခဲ့သော်လည်း ရွှယ်ယန်ပြန်လာသည်ကို စောင့်ဆိုင်းပြီး အကျိုးအကြောင်း မေးမြန်းလိုခဲ့သည်။

 

သို့သော်လည်း ရွှယ်ယန်က အချိန်အတော်ကြာသည်အထိ ပြန်ရောက်မလာခဲ့ပေ။ ကျွင်းဟွိုင်လန်က ဝိုင်အနည်းငယ်သောက်လာမိ၍ နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။ 


မျက်လုံးများပြန်ပွင့်လာချိန်တွင် နောက်တစ်နေ့မနက်သို့ ရောက်နေပြီဖြစ်သည်။


သူ နိုးလာချိန်တွင် ဘေးပတ်ဝန်းကျင်က ငြိမ်းချမ်းပြီး တိတ်ဆိတ်နေခဲ့သည်။ နေရောင်ခြည်က ပြတင်းပေါက်အပြင်ဘက်တွင် ဖြာကျနေပြီး စင်္ကြန်ဘက်မှ အသံများကို ကြားနေရသည်။


" မင်းသား၅ ညတုန်းက ဘယ်အချိန်မှ ပြန်ရောက်လာတာလဲ.. ."


ဖုရိက သူ့မျက်နှာကိုသန့်စင်ရန် ရေယူလာချိန်တွင် သူမေးလိုက်သည်။


" ကျွန်တော်လည်း သေချာတော့မသိဘူး... ဒါပေမဲ့ မင်းသား၅ ပြန်လာတာ တော်တော်လေးနောက်ကျတယ်လို့ပြောကြတယ်..."


ကျွင်းဟွိုင်လန်မျက်မှောင်ကြုတ်လိုက်ပြီးနောက် မျက်နှာသစ်ပြီးချိန်တွင် ဖုရိကို အဆောင်တွင်သာ စောင့်ခိုင်းထားကာ အနောက်ဘက်ခန်းမဆောင်သို့ ဦးစွာသွားရောက်ရန် ပြင်လိုက်သည်။


" သခင်လေး... မနက်စာသုံးဆောင်ပြီးမှ သွားပါလား..."


ဖုရိက သူ့ကို ဝတ်ရုံလဲလှယ်ပေးနေလျက် ဖျောင်း‌ဖျပြောဆိုလိုက်သည်။


" မင်းသား၅က  ပြန်လာတာ နောက်ကျတယ်ဆိုပေမယ့် ညတုန်းက ကိစ္စကြီးကြီးမားမား မရှိခဲ့ပါဘူး..."

  

ကျွင်းဟွိုင်လန် ခေါင်းခါလိုက်သည်။

" တစ်ချက်လောက် သွားကြည့်ရုံပါပဲ..."


ရွှယ်ယန့်‌အကြောင်းကို သူသိသည်။ အကယ်၍ သူ့နေရာတွင် အခြားတစ်ယောက်ဆိုပါက စိုးရိမ်ပူပန်နေရန် မလိုအပ်သော်လည်း ရွှယ်ယန်ဆိုပါက ထူးခြားနေမည်သာဖြစ်သည်။


သူ့မှာ ဘာကိစ္စပဲဖြစ်ဖြစ် သူက ဘယ်တုန်းက ပြန်ပြောပြဖူးလို့လဲ... မနေ့ညတုန်းက ဧကရာဇ်ချင်းဖျင်က သု့ကိုရိုက်လိုက်တယ်ဆိုရင်တောင် သူက ဘာတစ်ခွန်းမှ ပြောမယ့်သူ မဟုတ်ဘူးလေ...


ထိုအကြောင်းကို တွေးလိုက်မိသည့်အခါ ကျွင်းဟွိုင်လန်က ပို၍ပို၍ ဆောက်တည်ရာမရဖြစ်လာသည်။ အင်္ကျီ အမြန်လဲပြီးနောက် ဝတ်ရုံတစ်ထည်ကိုခြုံလိုက်ကာ တံခါးဖွင့်ပြီး အပြင်ဘက်သို့ ထွက်လာလိုက်သည်။


အပြင်ဘက်တွင် နေရောင်ခြည်က အလွန်တောက်ပနေသည်။


ဆောင်းရာသီတွင် ကျဆင်းသောနှင်းများက ဖြူဖွးကြည်လင်နေ၍ နေရောင်ကိုပင် ရောင်ပြန်ဟပ်နေပြီး အနီရောင် နံရံများနှင့် အဖြူရောင်ကြွေပြားများကို တောက်ပနေစေသည်။


သူ့နန်းဆောင်၏ ဆင်ဝင်အောက်တွင် သလင်းကျောက်အစိမ်းရောက်ကဲ့သို့ ကြည်လင်နေသည့်အရာကို တွေ့လိုက်ရသည်။ ကျွင်းဟွိုင်လန် မော့ကြည့်လိုက်ချိန်တွင် ၎င်းမှ အကြည့်မလွှဲနိုင်တော့ပေ 


၎င်းက ကြည်လင်နေပြီး နေရောင်ခြည်ဖြာကျနေ၍ တောက်ပထွန်းလင်းနေသည်။ အပေါ်ပိုင်းမှ အစိမ်းရောင်ဖြင့် အလှဆင်ထားခြင်းများကလည်း တလက်လက်တောက်ပြီး လှပနေကာ နေရောင်အောက်တွင် သက်ဝင်လှုပ်ရှားနေသည်ဟု ထင်ရသည်။ အဝေးမှကြည့်လျှင် ဝါးအရိပ်များက ယိမ်းနွဲ့နေသည်ဟု ထင်ရသည်။


၎င်းက ချန်ချွန်းမျှော်စင်ဝတွင် ယမန်နေ့ညက သူတွေ့ခဲ့သည့် ဖန်မီးအိမ်လေးဖြစ်သည်။

  


Xxxxx