အပိုင်း ၅၈
Viewers 15k

Chapter 58


အနောက်ဘက်အဆောင်၏ဝင်ပေါက်တွင် မည်သူမျှ ရှိမနေပေ။ ကျွင်းဟွိုင်လန် တံခါးခေါက်ကြည့်သော်လည်း မည်သူမျှ ပြန်မဖြေကြပေ။ 


မနက်အစောကြီး ဘယ်သွားတာပါလိမ့်...


ကျွင်းဟွိုင်လန် ဘေးနားတစ်ဝိုက်သို့ ကြည့်လိုက်သည့်အခါ ကျင်းပေါင်ကလည်း ရှိ‌မနေသည်ကိုတွေ့လိုက်ရ၍ အနည်းငယ်စိုးရိမ်သွားမိသည်။ ယမန်နေ့ညက ချန်ချွန်းမျှော်စင်ဝင်ပေါက်တွင် ရပ်စောင့်နေပြီး ရွှယ်ယန် ပြန်ထွက်လာသည့်အချိန်မှ တူတူပြန်လာခဲ့သင့်သည်။ ထိုအကြောင်းကိုတွေးမိသောအခါ စိတ်အနှောင့်အယှက်ဖြစ်လာသည်။

    

" မင်းသား၅နဲ့ ကျင်းပေါင် ဘယ်သွားတယ်ဆိုတာ သွားမေးကြည့်လိုက်..."

ကျွင်းဟွိုင်လန် ဖုရိကို ခိုင်းလိုက်သည်။

    

ဖုရိက ကျန့်ကွမ်းသဲ့ကို အမြန်သွားရှာရန် တစ်ဖက်သို့လှည့်လိုက်သည်။ 


သို့သော် သူ တစ်ဖက်သို့လှည့်လိုက်ချိန်မှာပင် အံ့ဩသွားရသည်။


" သခင်လေး... မင်းသား၅ ပြန်ရောက်လာပါပြီ..."

 

ကျွင်းဟွိုင်လန် လှည့်ကြည့်လိုက်သောအခါ ရွှယ်ယန်က အနောက်ဘက်ခြံဝင်းထဲမှ နန်းဆောင်ထဲသို့ ပြန်ဝင်လာသည်ကို တွေ့လိုက်ရသည်။

    

ဆောင်းရာသီဖြစ်သော်လည်း ရွှယ်ယန်က အင်္ကျီပါးလေးကိုသာ ဝတ်ထားပြီး အင်္ကျီလက်များကိုလည်း တံတောင်ဆစ်နားထိ ခေါက်တင်ထားကာ ဆံပင်ရှည်များကို ခပ်မြင့်မြင့်စည်းထားသည်။ သူ့ပုံစံက သေသပ်ခက်ထန်နေကာ ဓားအိမ်ထဲမှထွက်လာသည့် ချွန်ထက်သော ဓားတစ်ချောင်းနှင့်တူနေပြီး အရှိန်အဝါတစ်မျိုးရှိနေသည်။

    

အနားသို့ရောက်လာသည့်အခါ ရွှယ်ယန်၏ နှဖူးပြင်တွင် ချွေးများထွက်နေပြီး အသက်ပြင်းပြင်းရှုနေသည်ကို ကျွင်းဟွိုင်လန် မြင်လိုက်ရသည်။ သူက သိုင်းပညာလေ့ကျင့်ပြီး ပြန်လာပုံရသည်။ ကျင်းပေါင်က သူ့နောက်မှလိုက်လာပြီး လက်ထဲတွင်လည်း ဝတ်ရုံတစ်ထည်ကို ကိုင်ထားသည်။


ကျွင်းဟွိုင်လန်က ခဏတာထိတ်လန့်သွားမိပြီးနောက် စိတ်အနှောင့်အယှက် မဖြစ်ပဲ မနေနိုင်တော့ပေ။

    

 ငါ အခုမှ အိပ်ရာနိုးလာလို့ စိတ်ရှုပ်ထွေးသွားမိတာပဲ...  ရွှယ်ယန်က မနက်တိုင်း သိုင်းပညာလေ့ကျင့်ဖို့သွားနေကျကို မေ့သွားရတယ်လို့... သူ တစ်ခုခုဖြစ်နေတယ်ထင်ပြီး သွားတောင်ရှာခိုင်းတော့မလို့...

 

" ဘာဖြစ်လို့လဲ..."


ရွှယ်ယန်က သူ့ဘေးနားလာရပ်ပြီး မေးလိုက်သည်။

    

သူ တဖြည်းဖြည်း နီးကပ်လာသည့်အခါ ရွှယ်ယန်၏ကိုယ်မှ ထွက်ပေါ်နေသော အပူငွေ့များကို ကျွင်းဟွိုင်လန်ခံစားမိသည်။ ရာသီဥတုအလွန်အေးသည့်နေ့ဖြစ်သော်လည်း သူက အဝတ်ပါးလေးတစ်ထည်သာ ဝတ်ဆင်ထားပြီး အပူတုံးကြီးတစ်တုံးနှင့် တူနေသည်။


ကျွင်းဟွိုင်လန်က စိတ်မသက်သာဖြစ်သွားဟန်ဖြင့် ဘေးဖယ်ပေးလိုက်သည်။


" ဘာမှမဖြစ်ပါဘူး... ဒီတိုင်း..."


' မင်း မနေ့ညက တစ်ခုခုဖြစ်သွားလားဆိုတာ စိတ်ပူလို့ မနက်စောစောလာကြည့်တာ 'ဟူသည့်စကားများကို ပြောထွက်ရန် သူ အလွန်ရှက်နေမိသည်။


သူ ခဏရပ်နေပြီးသည့်နောက် ဆင်ခြေတစ်ခု ရှာတွေ့သွားသည်။


  " ငါ အပြင်ထွက်လာတုန်းက ဆင်ဝင်အောက်မှာ မီးအိမ်လေးတစ်ခု တွေ့ခဲ့တယ်... အဲဒါ ဘယ်ကရောက်လာတာလဲဆိုတာ မင်းများသိမလားလို့ လာမေးတာ..."


သို့ရာတွင် ထိုစကားများကို ပြောလိုက်ချိန်မှာပင် သူ၏ဝမ်းဗိုက်မှ ဂွီခနဲအသံကို နှစ်ယောက်လုံးကြားလိုက်ရသည်။


တကယ်ပဲ ရှက်စရာကောင်းလိုက်တာ...


ယမန်နေ့ညက စားသောက်ပွဲကြီးတွင် ကျွင်းဟွိုင်လန်က အစားများများမစားခဲ့ပဲ ဝိုင်ကိုသာ သောက်နေခဲ့သည်။ ပြန်ရောက်ချိန်တွင်လည်း ဝိုင်မူးပြီး အိပ်ပျော်သွားခဲ့သည်။ သို့ဖြစ်၍ တစ်ညလုံး ဘာမှမစားပဲ နေခဲ့ရပြီး မနက်နိုးလာချိန် ရီဝေဝေဖြစ်နေစဉ်မှာပက် ရွှယ်ယန့်ကို စိတ်ပူ၍ အမြန်ပြေးလာခဲ့ခြင်းကြောင့် ဗိုက်ဆာနေသည်ကိုပင် မေ့သွားခဲ့သည်။


သို့ရာတွင် ယခုချိန်၌ ကိုယ့်ကိုကိုယ် အရှက်မခွဲချင်ပေ။ 

    

အခုလေးတင်ပဲ ဆင်ခြေရှာတွေ့သွားလို့ အဆောင်အပြင်ဘက်က မီးအိမ်အကြောင်းပေးလိုက်တဲ့အချိန်မှ ဗိုက်က အသံထွက်လာရလား... ဒီအသံပိစိလေးကြောင့် သူဖုံးကွယ်ထားတာတွေ ပျက်စီးသွားပြီး အရှက်ကွဲရပြီ...

    

အမြဲတမ်း သိမ်သိမ်မွေ့မွေ့နဲ့ မြင့်မြတ်တဲ့ပုံနေနေရတဲ့ သူ့လိုလူက ဒီလို အရှက်ကွဲမှုကြီးကို သည်းခံနိုင်မယ်ထင်လား...

သူချောင်းဟန့်လိုက်ပြီး ဗိုက်မှအသံကို မကြားချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် အမြန်ပြန်လှည့်ပြီး မနက်စာသွားစားရန် ပြင်လိုက်သည်။


" ဒါဆိုရင် ငါ..."


သူ ဘာမှမပြောနိုင်မီမှာပင် ရွှယ်ယန်၏ ခပ်ဖွဖွရယ်သံကို ကြားလိုက်ရသည်။

 

သူက လှောင်ပြောင်လိုသည့်သဘောဖြင့် ရယ်လိုက်ခြင်းမဟုတ်ပဲ သူ့အကြောင်းကို နားလည်ဟန်ဖြင့် ချစ်စနိုးရယ်လိုက်ခြင်းသာဖြစ်သည်။

    

ကျွင်းဟွိုင်လန်မော့ကြည့်လိုက်သည့်အခါ ပြုံးနေပုံရသည့် မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။


ကျွင်းဟွိုင်လန် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်လိုက်မိသည်။ ထိုမျက်ဝန်းတစ်စုံက အမြဲ ခက်ထန်ပြီးစူးရှနေသော်လည်း အနည်းငယ် ပြုံးရယ်နေသယောင် ထင်ရသည်။ သို့သော်တစ်ချိန်တည်းမှာပင် လူကို အစိမ်းလတ်လတ်မျိုချတော့မည်ဟု ထင်ရ၍ သူ့စိတ်ထဲ ထုံကျဉ်ပြီး ရှက်ရွံ့သွားမိသည်။


ကျွင်းဟွိုင်လန်က သူ့ကိုယ်သူ အတွေးလွန်နေခြင်းဖြစ်သည်ဟုသာ တွေးလိုက်သည်။ ထို့နောက် ရွှယ်ယန်၏ ခပ်တည်တည်အသံဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။


" ငါလည်းမသိဘူး... ခမည်းတော်က မင်းသဘောကျတယ်ထင်လို့ အထူးတလည် ပို့ပေးလိုက်တာ ဖြစ်မှာပေါ့..."

    

ထိုအကြည့်က စနောက်ကျီစယ်လိုခြင်းများ ဝိုးတဝါး ပါဝင်နေသည်။

    

 ကျွင်းဟွိုင်လန် ခဏတာ အံ့အားသင့်သွားမိသည်။

" မဖြစ်နိုင်တာ..."

    

 ငါက ချန်ချွန်းမျှော်စင်ရဲ့ဝင်ပေါက်မှာ အဲ့မီးအိမ်ကို ခဏရပ်ပြီး ကြည့်နေရုံပဲလေ... ဧကရာဇ်က အဲဒါကို ဘယ်လိုသိသွားပြီးတော့ ငါ့ကိုချီးမြှင့်လိုက်ရတာလဲ...

    

သူ၏ စိတ်ရှုပ်ထွေးနေသည့်ပုံစံကြောင့် ရွှယ်ယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။

    

" ဒါမှ မဟုတ် မီးအိမ်ကလည်း မင်းကိုသဘောကျလို့ ပျံပြီး မင်းနောက်က လိုက်လာတာ ဖြစ်မှာပေါ့..."


စကားဆုံးသည်နှင့် သူက အခန်းတံခါးဖွင့်ပြီး ဘေးနားတွင်ရပ်နေကာ ကျွင်းဟွိုင်လန်ကို ဝင်ခိုင်းလိုက်သည်။ သူက မနက်စာတူတူစာရန် ဖိတ်နေခြင်းဖြစ်ကြောင်းကို သဘောပေါက်လိုက်သည်။


ထိုအခါမှသာ ရွှယ်ယန်က သူ့‌ကို နောက်ပြောင်နေကြောင်းကို  ကျွင်းဟွိုင်လန် သဘောပေါက်သွားသည်။


ဧကရာဇ်က ပို့ပေးတာရော၊ မီးအိမ်က ပျံလာတာရောတဲ့ သူ့ကို ဟာသလုပ်ပြီး ကလေးတွေကို စသလိုမျိုး စနေတာလား...


ကျွင်းဟွိုင်လန် သူ့ကိုလှမ်းကြည့်လိုက်သည့်အခါ သူ့ မျက်နှာထက်မှ အပြုံးနှင့် ကျီစယ်သည့်အမူအရာကို လုံးဝ မဖုံးကွယ်ထားကြောင်း မြင်လိုက်ရသည်။

    

ရွှယ်ယန်က အမြဲတမ်း မျက်နှာသေဖြင့် နေသူဖြစ်၍ ယခုချိန်တွင် ပြုံးနေသော အပြုံးတစ်ပွင့်က ပျင်းရိပျင်းတွဲဖြစ်နေပုံပေါ်သည်။

    

ရွှယ်ယန်က ကလေးဆန်ပြီး ဤသို့နောက်ပြောင်နေသည်ကို ကျွင်းဟွိုင်လန် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သို့သော် ခိုင်မာသောအတွေးတစ်ခုက ရုတ်ချည်း သူ့နှလုံးသားထဲ ဝင်ရောက်လာသည်။

    

ဒီမီးအိမ်ကို ရွှယ်ယန်ကိုယ်တိုင် သူ့ကိုပေးထားတာပဲ ဖြစ်ရမယ်...

—58.2


နန်းတွင်းထဲတွင် ကျင်းပသော နှစ်သစ်ကူအကြိုစားသောက်ပွဲက နှစ်သစ်တစ်ခု၏ အစပိုင်းဖြစ်သည်။ 

    

ထိုရက်မှစ၍ နန်းတွင်းထဲတွင် ပို၍ပို၍ သက်ဝင်လှုပ်ရှားလာပြီး မင်းသားများကလည်း စာသင်ကြားရန်အတွက် သွားစရာမလိုတော့ပေ။ ကျွင်းဟွိုင်လန်ကလည်း မင့်လွမ်နန်းဆောင်တွင် ကိုယ်လုပ်တော်ရှု့နှင့် ကျွင်းလင်ဟွမ်ကို အဖော်ပြုပေးကာ နှစ်သစ်ကူးအတွက် ပြင်ဆင်စရာရှိသည်များကို ကူညီပြင်ဆင်ပေးနေသည်။


ထိုအချိန်တွင် သူ့အတွက် အခြားပြင်ဆင်စရာများလည်း ရှိနေသေးသည်။

    

ကျွင်းလင်ဟွမ်က သူမကိုယ်ပိုင်အခန်းဖြင့် နေစဉ်တည်းက နှစ်သစ်ကူအကြိုရောက်ချိန်တိုင်းတွင် ကျွင်းဟွိုင်လန်က အနီရောင်စာအိတ်တစ်အိတ်ကို သူမခေါင်းအုံးအောက်တွင် ထားထားပေးလေ့ရှိသည်။ နှစ်သစ်ကူးမုန့်ဖိုးအပြင် သူမအတွက် လက်ဆောင်လေးများ ပြင်ဆင်ပေးထားပြီး ခေါင်းအုံးအောက်တွင် ထည့်ထားပေးလေ့ရှိသည်။


ဤ‌နှစ်တွင်လည်း ချွင်းချက်မရှိပေ။ 

    

ယခင်နှစ်များက သူက မြို့စားမင်းအိမ်တော်တွင်သာ နေရသည်ဖြစ်၍ စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်ပြီး သူ့ညီမအတွက် လက်ဆောင်များကို ကိုယ်တိုင်ဝယ်ပေးနိုင်သည်။ သို့သော် ယခုနှစ်တွင် နန်းတော်တွင်းသာ နေရခြင်းဖြစ်၍ လက်ဆောင်ပစ္စည်းများ သွားဝယ်ရန် အချိန်မရ၍ ကျွင်းလင်ဟွမ်အတွက်လက်ဆောင်ကို ကိုယ်လုပ်တော်ရှု့ သူ့အတွက် ထားပေးထားသော ဂိုထောင်မှ သွားရွေးရမည်ဖြစ်သည်။

    

သို့သော်လည်း သူက ကျွင်းလင်ဟွမ်ကို နှစ်ပေါင်းများစွာ လက်ဆောင်ပေးလာခဲ့သူဖြစ်၍ သူမအကြိုက်ကိုသိနေပြိီးဖြစ်သည်။ ကိုယ်လုပ်တော်ရှု့က သူ့ကို ပစ္စည်းပေါင်းများစွာ ပေးထားသည်ဖြစ်၍ ကျွင်းဟွိုင်လန်က ၎င်းတို့အထဲမှ လှပသော ပန်းပွင့်ပုံစံပုလဲများကို စာအိတ်ထဲ ထည့်ပေးလိုက်သည်။


ဂိုထောင်ထဲမ ထွက်မည့်အချိန်တွင် အခြားအရာတစ်ခုကို သတိရမိသွားသည်။


" သခင်လေး..."

သူ ခဏရပ်ပြီး တွေးတောနေ၍ ဖုရိက သူ့ကိုခေါ်လိုက်သည်။

    

 ကျွင်းဟွိုင်လန် ခဏတာ လေးလေးနက်နက်တွေးတောနေပြီးနောက် ပြောလိုက်သည်။


" မင်းသား၅အတွက်ရော တစ်ခုခုပေးရမလား..."

 

အဘယ့်ကြောင့်ဆိုသော် ဤနှစ်တွင် မင့်လွမ်နန်းဆောင်၌ ကျွင်းလက်ဟွမ်အပြင် ကလေးတစ်ယောက် တိုးလာသောကြောင့်ဖြစ်သည်။

    

ဖုရိက ကျယ်လောင်စွာရယ်ပြီး ပြောလိုက်သည်။


" သခင်လေးက မင်းသား၅ထက် တစ်နှစ်ပဲကြီးတာဆိုတော့ မင်းသား၅ကို ကလေးလို့ သတ်မှတ်ရင် မဖြစ်ဘူးထင်တယ်..."


ကျွင်းဟွိုင်လန်လည်း ရယ်လိုက်မိသည်။

 

အရင်ဘဝကအသက်နဲ့တွက်လိုက်မယ်ဆိုရင်တော့ ရွှယ်ယန်ထက် သူက ဆယ်နှစ်လောက်ကြီးနေတာပဲလေ...

    

သူက အသက်၁၆နှစ်အရွယ်ကို ရုတ်တရက် ပြန်ရောက်လာပြီး နေသားကျနေပြီဆိုသော်လည်း ယခင်ဘဝမှ အတွေ့အကြုံများက သူ့စိတ်ထဲ ရှိနေဆဲပင်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာအရ တွေးကြည့်မည်ဆိုပါက သူက ရွှယ်ယန်ထက်ကြီးသူဖြစ်သည်။


သို့ရာတွင် ဤကိစ္စက အသက်ကြီးခြင်းမကြီးခြင်းနှင့် မသက်ဆိုင်နေပေ။

    


 ပထမဦးစွာ ကျွင်းလင်ဟွမ်၏ခေါင်းအုံးအောက်တွင် စာအိတ်တစ်လုံး သွားထည့်ထားလိုက်သည်။  နှစ်သစ်၏ ပထမဦးဆုံးရက် အိပ်ရာနိုးလာချိန်တွင် ခေါင်းအုံးအောက်တွင် အံ့အားသင့်ဖွယ်တစ်ခုကို တွေ့စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။


  

အခု ရွှယ်ယန်ကလည်း အရီးတော်ရဲ့နန်းဆောင်ကို ရောက်လာပြီဆိုတော့ သူ့ကိုလည်း တစ်ခုခုပေးပြီး ခေါင်းအုံးအောက်ထဲ ထည့်ထားသင့်တယ်ထင်တယ်... အဲဒါမှ မင့်လွမ်နန်းဆောင်ကိုရောက်ပြီးပြီးချင်း နှစ်သစ်ရဲ့ ပထမဆုံးရက်မှာ အံ့အားသင့်စရာလေးနဲ့ ကြုံသွားတာပေါ့...


ထိုအကြောင်းတွေးနေစဉ်တွင် ကျွင်းဟွိုင်လန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

    

 " နန်းတော်ထဲဝင်တုန်းက ယူလာခဲ့တဲ့ သေတ္တာလေးသွားယူလိုက်..."


ကျွင်းဟွိုင်လန် ပြောလိုက်သည်။

    

သူ နန်းတွင်းထဲဝင်လာစဉ်အချိန်တွင် မြို့စားမင်းအိမ်တော်က နန်းတွင်းတွင် အသုံးပြုရန်အတွက် အဝတ်အစားပေါင်းများစွာနှင့် အသုံးအဆောင်ပစ္စည်းများ ပြင်ဆင်ပေးလိုက်သည်။ ရွှယ်ယန်က အနာဂတ်တွင်လည်း နန်းတွင်းထဲတွင် နှစ်ပေါင်းများစွာနေထိုင်ရတော့မည်ဖြစ်၍ သူ့ကို နန်းတွင်မှ ပစ္စည်းများကို မပေးချင်ပေ။ 

    

မြို့စားမင်းအိမ်တော်မှ သူယူလာသည့်ပစ္စည်းများက ပို၍အနုစိတ်ပြီး အချို့ပစ္စည်းများက ကျွင်းဟွိုင်လန်ကိုယ်တိုင်ဝယ်ထားသည်များဖြစ်သည်။

    

ဖုရိက အမိန့်ကိုနာခံပြီး အိမ်တော်မှသယ်လာသည့် သေတ္တာဘူးလေးကို ကျွင်းဟွိုင်လန်ဆီသို့ ယူလာခိုင်းလိုက်သည်။


ကျွင်းဟွိုင်လန်က ၎င်းကို ယူလိုက်သည့်အခါ ဘူးထဲတွင် နီလာကျောက်စိမ်းတစ်တုံးကို တွေ့လိုက်ရသည်။


" ဒီဟာကို ဘယ်လိုထင်လဲ..."

၎င်းကိုယူပြီး ဖုရိကို ပြလိုက်သည်။


၎င်းကို ရှေးဟောင်းပစ္စည်းဆိုင်မှ သူကိုယ်တိုင်ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး အမြင်အာရုံကိုဖမ်းစားနိုင်သည့်ပုံစံကြောင့် စိတ်ဝင်စားသွားခဲ့ခြင်းဖြစ်သည်။


သာမန်ကျောက်စိမ်းဆွဲသီးများဆိုလျှင် ထိပ်နားတွင်သာ အလှဆင်ထားတတ်ကြသော်လည်း ဤကျောက်စိမ်းကိုမူ တစ်ပြင်လုံး၌ နီလာကျောက်များဖြင့် ငါးပုံစံ ထွင်းထားသည်မှာ အသက်ဝင်လှသည်။


ငါး၏ ခန္ဓာကိုယ်ကလည်း အလွန်အသေးစိတ်ကျပြီး လက်ရာမြောက်လှသည်။


ဖုရိက အလျင်အမြန်ပင် ပြောလိုက်သည်။


" သခင်လေးက ဒီကျောက်စိမ်းဆွဲသီးကို အရမ်းသဘောကျတာမလား... ဒါကိုဝယ်တုန်းက ပထမဆုံးတစ်ခါ ကိုင်ကြည့်လိုက်ရုံနဲ့ လက်က မချချင်အောင်ဖြစ်သွားလို့  သဘောကျတာဆို... တခြားတစ်ခုခုပေးလိုက်ပြီး ဒါကို သခင်လေးအတွက် ချန်ထားလိုက်ပါ..."

    

ကျွင်းဟွိုင်လန် ပြုံးလိုက်သည်။

" ကိစ္စမရှိပါဘူး..."


သူက ယခင်ဘဝနှင့် အလွန်ကွာခြားသွားပြီဖြစ်ကာ အရာဝတ္ထုပစ္စည်းများကိုလည်း အစွဲအလန်းမထားတော့ပေ။ ထို့အပြင် လွန်ခဲ့သည့်ရက်အနည်းငယ်ကလည်း ရွှယ်ယန်ကသူ့ကို မီးအိမ်တစ်လုံးပေးခဲ့သည်။ သို့ရာတွင် ၎င်းကို မည်သို့ရရှိလာခြင်းကို မပြောပြခဲ့ပေ။ အပြန်အလှန်အနေဖြင့် သူ့ကိုကျောက်စိမ်းဆွဲသီး ပြန်ပေးခြင်းက သဘာဝကျသည်ဟု ထင်မိသည်။


" အိတ်အနီရောင်နဲ့ ထည့်လို့ဆန့်ရဲ့လား ကြည့်လိုက်ပါဦး..."


ကျွင်းဟွိုင်လန်က ဖုရိကို ညွှန်ကြားလိုက်သည်။


ဖုရိက ရွေးချယ်စရာမရှိတော့၍ အိတ်အနီကိုရှာပြီး ထည့်ကြည့်လိုက်သည်။ ကျောက်စိမ်းဆွဲသီးက အလွန်သပ်ရပ်ကာ လက်ရာမြောက်လှပြီး အရွယ်အစားကလည်း အနေတော်ဖြစ်၍ ကျွင်းဟွိုင်လန်ပြင်ဆင်ထားသော အိတ်အနီနှင့် အံဝင်ခွင်ကျဖြစ်နေသည်။


" ကွက်တိပဲလား..."


ကျွင်းဟွိုင်လန်က သနားစရာမျက်နှာထားနှင့် ဖုရိကိုလှမ်းကြည့်ကာ နဖူးတောက်လိုက်သည်။


" အိတ်ထဲဆန့်တယ်ဆိုမှတော့  ဒီပစ္စည်းကို  မင်းသား၅အတွက် ပေးသင့်တာပေါ့..."


ဖုရိ ရေရွတ်လိုက်သည်။

" သခင်လေးက အရမ်းရက်ရောတာပဲ..."

    

ကျွင်းဟွိုင်လန်က ကျောက်စိမ်းဆွဲသီးပါသော အနီရောင်အိတ်ကိုကိုင်ပြီး ပြုံနေမိသည်။

    

အကယ်၍ ဖုရိလည်း ယခင်ဘဝအကြောင်းကို သိခဲ့ပါက သူ၏ရက်ရောမှုက မည်သည့်အကြောင်းရင်းကြောင့်ဖြစ်သည်ကို သိလိမ့်မည်ဖြစ်သည်။ အသေးအမွှားအရာဝတ္ထုများက စိုးရိမ်ပူပန်နေစရာမဟုတ်ပေ။ သူ ဂရုစိုက်ချစ်ခင်သည့်လူများ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ပြီး ဘဝတွင် ခက်ခဲမှုများဖြင့် မနေထိုင်ရရန်က ပိုအရေးကြီးသည်။


 တစ်ဖက်လူကို မိမိ၏ကြင်နာမှုများကိုပြသခြင်ယက အကောင်းဆုံးအရာဖြစ်သည်။

    

" နောက်မှ သူ့အဆောင်ကိုသွားကြည့်လိုက်... တကယ်လို့ ကျင်းပေါင် ဘာမှလုပ်စရာမရှိဘူးဆိုရင် သူ့ကိုလာခဲ့ခိုင်းလိုက်..."


ကျွင်းဟွိုင်လန်က ထပ်မံအမိန့်ပေးလိုက်သည်။

    

 ——

Xxxxxx