အပိုင်း ၅၉
Viewers 15k

Chapter 59


နှစ်သစ်ကူးမရောက်မီ တစ်ညတွင် မင့်လွမ်နန်းဆောင်၌ အနီရောင်ပိုးသားများ ချိတ်ဆွဲထားပြီး အနီရောင်မီးအိမ်များကိုလည်း နေရာအနှံ့တွင် ထွန်းထားကာ နှစ်သစ်ကူးအချိန်ရောက်ရန်ကို စောင့်ဆိုင်းနေကြသည်။

 

ညလယ်ခေါင်တွင် ကျင်းပေါင်က အနောက်ဘက်အဆောင်၏တံခါးကို ခြေဖျားထောက်ဖွင့်လိုက်ပြီး ရင်ထဲတွင် ငိုကြွေးနေမိသည်။

    

သက်ရှ်ိထင်ရှားရှိနေသည့် နတ်သားကဲ့သို့သောသခင်လေးက အရာအားလုံးတွင် ကောင်းမွန်သော်လည်း သူ့ကို ကျားမြီးသွားဆွဲရမည့်တာဝန်မျိုးကို ခိုင်းလိုက်ပြန်သည်။ 


ထိုအမိန့်ကလည်း အောင်မြင်ရန်လွယ်ကူသည့်ကိစ္စတစ်ခုဟု သူ့စိတ်ထဲတွင် တွေးနေပုံရသည်။

    

ဥပမာပြောရရင် ဒီတစ်ခေါက်လိုမျိုးပေါ့...

    

စက္ကူပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်မှ မီးအိမ်အရောင်များကို မှိန်ပြပြ မြင်နေရသည်။ ၎င်းက အနီဖျော့ဖျော့အရောင်ဖြစ်၍ အနောက်ဘက်ခန်းမဆောင်တစ်ခုလုံး၏ လေထုအ‌ခြေအနေကို ကြောက်စရာကောင်းနေစေသည်။ ကျင်းပေါင်က ကျွိင်းဟွိုင်လန်ပေးလိုက်သည့် အနီရောင်စာအိတ်ကို လက်ထဲတွင်ညး ဂရုတစိုက်ကိုင်ထားပြီး သတိကြီးကြီးထား၍


ရွှယ်ယန်၏အနားသို့ ချဉ်းကပ်လာသည်။


သူ ရွှယ်ယန့်ဘေးတွင် တစ်နေကုန် ရှိနေခဲ့သော်လည်း ရွှယ်ယန်တစ်ယောက်တည်းရှိနေချိန်တွင် ခေါင်းအုံးအောက်သို့ ထိုစာအိတ်ထည့်ရန် အခွင့်အရေးမရ ဖြစ်နေသည်။

    

သို့ဖြစ်၍ ‌ညနက်သည်အထိ စောင့်နေပြီးနောက်တွင်မှ ရွှယ်ယန်၏အခန်းထဲ တိတ်တဆိတ်ဝင်လာပြီး သူ့ခေါင်းအုံးအောက်တွင် အိတ်ကိုထိုးထည့်ထားရန် ပြင်နေရခြင်းဖြစ်သည်။


သခင်လေး သူ့ကိုလုပ်ခိုင်းလိုက်တဲ့ ကိစ္စကြီးကိုလည်း ကြည့်ပါဦး...


မင်းသား၅ရဲ့ ခေါင်းအုံးအောက်မှာ အဲ့အိတ်ကို သွားထိုးထည့်တဲ့... ကလေးတွေရဲ့ ခေါင်းအုံးအောက်မှာ ပစ္စည်းသွားထည့်ထားရတာလောက် လွယ်တယ်များထင်နေလားမသိဘူး...

    

 ကျင်းပေါင် သူ့စိတ်ထဲတွင်သာ တဗျစ်တောက်တောက်ပြော‌ဆိုနေသော်လည်း အပြင်ပိုင်းတွင် မငြင်းဆန်ရဲပေ။ အနောက်ဘက်ဆောင်သို့ လာရာလမ်းတစ်လျှောက်လုံးတွင်လည်း စိတ်လှုပ်ရှားနေခဲ့ရပြီး ယခုအခါတွင် ရွှယ်ယန်၏ အိပ်ရာနားသို့ ဂရုတစိုက် ချဉ်းကပ်နေရသည်။


ကံကောင်းသည်မှာ သက်ရှိထင်ရှားငရဲမင်းကြီးက အသက်ရှုသံမှန်မှန်ထွက်ပေါ်နေကာ အိပ်မောကျနေသည့်ပုံပေါ်သည်။


ကျင်းပေါင် သတိထားပြီး အိပ်ရာနားသို့ လျှောက်လာသည်။ 

 

ရွှယ်ယန်က လုံးဝမလှုပ်ရှား၍ နောက်ဆုံးတွင် သူ စိတ်အေးသွားရသည်။ အနီရောင်စာအိတ်ကို လက်တစ်ဖက်ထဲတွင်ကိုင်ပြီး ရွှယ်ယန့် ကုတင်ဘေးနားအထိ ရောက်လာပြီဖြစ်သည်။ 


ထိုအချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းသွားသည်။

    

 ငွေရောင်တောက်တောက်ဓားမြှောက်တစ်ချောင်းက ကျင်းပေါင်၏ လည်ပင်းကို လာထောက်ထားသည်။ တစ်ချက်ဖိလိုက်ရုံဖြင့် ထိုနေရာတွင် လည်ပင်းကို ဓားဖြင့် အဖြတ်ခံလိုက်ရမည်ဖြစ်ပြီး အသက်ရှင်ရန် အခွင့်အရေး မရှိနိုင်တော့ပေ။

    

အေးစက်နေသည့်ဓားသွားက သွေးလွှတ်ကြောပေါ်တွင်ရှိနေ၍ ကျင်းပေါင် ခြေထောက်များ ပျော့ခွေလာပြီး မလှုပ်ရှားရဲပေ။ အသိစိတ်လွတ်သွားသည့် လူတစ်ယောက်ကဲ့သို့ မျက်လုံးပြူးထားပြီး အသံကလည်း လည်ပင်းတွင် တစ်ဆို့နေကာ မည်သည့်အော်သံမှ ထွက်မလာနိုင် ဖြစ်နေသည်။


ရွှယ်ယန်က မတ်တပ်ထရပ်လိုက်ပြီး သူ၏ မျက်နှာတစ်ခြမ်းက အမှောင်ထဲတွင် ရှိနေကာ တစ်ခြမ်းကို အပြင်ဘက်မှ အနီရောင်မီးအိမ်များ ရောင်ပြန်ဟပ်နေ၍ အလွန်အေးစက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြစ်နေသည်။

    

အေးစက်စက်နှင့် ငြိမ်သက်နေသော ပယင်းရောင်မျက်ဝန်းများကြောင့် ကျင်းပေါင်မှာ ငရဲမင်းအစစ်ကို အမှန်တကယ်ပင် တွေ့မြင်လိုက်ရပြီဟု ထင်လိုက်မိသည်။

    

" ဘာလုပ်နေတာလဲ..."

ရွှယ်ယန်က အေးစက်စွာမေးလိုက်သည်။


ကျင်းပေါင် အသံပင် မထွက်ရဲတော့ပေ။

    

သူ၏ လက်ကျန်ခွန်အားဖြင့် လက်ထဲမှ အနီရောင်စာအိတ်ကို ရွှယ်ယန်မြင်စေရန် မြှောက်ပြလိုက်သည်။


" သ... သခင်လေးက..."

 ဓားမြှောင်က သူ့လည်ပင်းနှင့် အနည်းငယ်ဝေးသွားသည့်အခါမှ ကျင်းပေါင် ခက်ခက်ခဲခဲ ပြောလိုက်ရသည်။


" သူက ဒီအစေခံကို အရှင့်သားရဲ့ ခေါင်းအုံးအောက်မှာ ဒါတွေ ထားခိုင်းလို့ပါ..."


အဖြူရောင်အလင်းတန်းက ဖျတ်ခနဲလင်းလာပြီးနောက် ကျင်းပေါင်၏လည်ပင်းမှ ‌‌ဓားကို ပြန်သိမ်းလိုက်သည်မှာ အဆိပ်ပြင်းသည့်မြွေက ရွှယ်ယန်၏ ခေါင်းအုံးအောက်ထဲသို့ ဆောင်းခိုရန် ဝင်ရောက်သွားသည်နှင့်ပင်တူသည်။

    

ရွှယ်ယန်က ကုတင်ပေါ်တွင် ဒူးတစ်ဖက်‌ဒူးတစ်ဖက်‌ထောက်ကာထိုင်လိုက်ပြီး အခြားတစ်ဖက်တွင် လက်တင်လိုက်ကာ ပျင်းရိပျင်းတွဲဖြင့် သမ်းဝေလိုက်ပြီးနောက် သူ့အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။


" ယူခဲ့..."

လက်တစ်ဖက်မြှောက်ကာ အမိန့်ပေးလိုက်သည်။

    

ကျင်းပေါင်၏ ခြေချောင်းများတွင် အားမရှိတော့၍ ဒယိမ်းဒယိုင်ဖြင့် လျှောက်လာနေစဉ်အချိန်တွင် လဲကျလုမတတ်ဖြစ်သွားသည်။ သို့သော်လည်း သူ မနှောင့်နှေးရဲ၍ စာအိတ်နီကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရွှယ်ယန့်ကို ပေးလိုက်သည်။

 

ရွှယ်ယန်က ၎င်းကို သံသယမကင်းသည့်မျက်နှာဖြင့်ကြည့်နေသည်။ တစ်ဖက်သို့လှန်လိုက်သည့်အခါ လေးထောင့်ပုံရွှေတုံးငယ်လေးများနှင့် ကျောက်စိမ်းဆွဲသီးတစ်ခု အိပ်ရာပေါ် ကျလာသည်။


" ဒါ ဘာတွေလဲ..."


   ရွှယ်ယန်က ကျောက်စိမ်းဆွဲသီးကို ကောက်ယူကာမေးလိုက်ပြီး စိတ်ရှုပ်ထွေးနေဟန်ဖြင့် မျက်မှောက်ကြုတ်ထားသည်။


အနီရောင်စာအိတ်ပါဆိုမှ ဘာကြီးလဲ မေးနေရသေးလား...

ကျင်းပေါင်တွေးလိုက်မိသည် 


" အဲဒါ သခင်လေးက အရှင့်သားအတွက်ပေးတဲ့ နှစ်သစ်ကူး မုန့်ဖိုးပါ..."


 ရွှယ်ယန်က သူ့လက်ထဲမှ ကျောက်စိမ်းလည်ဆွဲကို ပွတ်သပ်လိုက်သည်။


မီးရောင်မှိန်ပြပြအောက်တွင် နီလာ‌‌က နွေးထွေးသည့် အရောင်တစ်မျိုးဖြစ်နေသည်။ လက်ရာမြောက်စွာ ထွင်းထုထားသည့်ငါး၏ ခေါင်းက သူ့လက်ပေါ်တွင် အနားယူနေသကဲ့သို့ပင်။


" ဒါကရော ဘာအတွက်လဲ..."

 ရွှယ်ယန် မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။


သူက နှစ်သစ်ကူးမုန့်ဖိုးကို တစ်ကြိမ်တစ်ခါမှ မရခဲ့ဖူးသူဖြစ်သည်။ သူ ငယ်စဉ်ကလေးဘဝကလည်း သက်တူရွယ်တူများနှင့် ဆော့ကစားခြင်းမရှိပဲ တစ်ယောက်တည်းနေခဲ့ရ၍ နှစ်သစ်ကူးအကြောင်းကိုလည်း တစ်ခုမှမသိပေ။ သူ့အတွက် နှစ်သစ်ကူးဆိုသည်မှာ စစ်တပ်ထဲတွင် သိုးသားစွပ်ပြုတ်စားရသောနေ့ဖြစ်ပြီး စစ်သားအုပ်လိုက်ကြီးက မူးရူးကာ မနက်အာရုဏ်တက်ချိန်အထိ ထိုးကြိတ်နေကြသော နေ့တစ်နေ့ထက် မပိုခဲ့ပေ။


 

ဤတစ်ကြိမ်တွင် အံ့ဩသွားသူက ကျင်းပေါင်ဖြစ်ပြီး ကြောက်လန့်ရန်ပင် မေ့သွားခဲ့သည်။

    

ငါ့မိသားစုကလည်း ဆင်းရဲတယ်ဆိုပေမယ့် ငါကလေးဘဝတုန်းကတော့ နှစ်သစ်ကူးမှာ လူကြီးတွေက ငါအိပ်နေတုန်း ခေါင်းအုံးအောက်ထဲမှာ ကြေးနီဒင်္ဂါးပြား တစ်ပြားနှစ်ပြားလောက်တော့ လာထည့်ပေးထားဖူးတာပဲ... သခင်က ဒီလိုဓလေ့ရှိတာကိုတောင် ဘယ်လိုဖြစ်လို့ မသိရတာလဲ...

    

ကျင်းပေါင်က ဂရုတစိုက် ရှင်းပြလိုက်သည်။ 


" အရှင့်သား နှစ်သစ်ကူးမုန့်ဖိုးတွေကို စာအိတ်အနီထဲထည့်ပြီး ကလေးတွေရဲ့ ခေါင်းအုံးအောက်မှာ ထားပေးထားမယ်ဆိုရင် မကောင်းတဲ့ဝိညာဉ်တွေလည်း မကပ်တွယ်နိုင်ပဲ တစ်နှစ်လုံး ဘေးကင်းလုံခြုံအောင် နေနိုင်လိမ့်မယ်လို့ ပြောကြပါတယ်..."


ရွှယ်ယန် ကြောင်အသွားပြီး ကုတင်ပေါ်တွင် ပြန့်ကျဲနေသည့် ရွှေချောင်းလေးများကို ကြည့်နေလိုက်မိသည်။

    

ဒါက မကောင်းတဲ့ဝိညာဉ်တွေပြေးပြီး အေးအေးချမ်းချမ်း နေနိုင်ဖို့တဲ့လား...

    

 ရွှယ်ယန်က ရွှေတုံးလေးများကို အတန်ကြာသည်အထိ ငေးငိုင်၍စိုက်ကြည့်နေသောအခါ ကျင်းပေါင်က ခြောက်ကပ်စွာဖြင့် ရယ်လိုက်သည်။


" သဘောပေါက်ပြီ..."

ရွှယ်ယန်က အေးအေးဆေးဆေးပင်ပြောလိုက်ပြီးနောက် ရွှေတုံးလေးများကို အိတ်ထဲပြန်ထည့်လိုက်သည်။59.2


" ပင်ပန်းသွားပြီ ကျေးဇူးတင်ပါတယ် သွားလို့ရပြီ..."

    

" ပင်ပန်းသွားပြီ" ဟူသည့်စကားက ရွှယ်ယန်၏နှုတ်မှ ထွက်လာသည်ကို ကျင်းပေါင် ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းပင်။ 

    

 ရွှယ်ယန်က သူ့ကို တုန်းချန်သို့သွားခိုင်းခြင်း၊ ပစ္စည်းများခိုးယူခိုင်းခြင်း စသည့်အရာများ လုပ်ဆောင်ခိုင်းခဲ့သော်လည်း " ပင်ပန်းသွားပြီ " ဟူသောစကားကို တစ်ခွန်းမှ မပြောခဲ့ဖူးပေ။


သေချာတွေးကြည့်လိုက်ရင် သူ ခုနက သေလုမျောပါးဖြစ်သွားတာပဲ...

    

ကျင်းပေါင် စိတ်ထဲတွင်သာ ရေရွတ်လိုက်ပြီးနောက် ပြန်ထွက်သွားသည်။


သူက တစ်ကိုယ်တည်း ရေရွတ်မြည်တမ်းနေသဖြင့် ရွှေတုံးလေးများကို စာအိတ်နီထဲပြန်ထည့်ချိန်တွင် ရွှယ်ယန်၏ မျက်ဝန်းထဲ၌ ဖြစ်ပေါ်သွားသည့် ခံစားချက်များကိ သတိမပြုမိခဲ့ပေ။

    

ကလေးဘဝမှ အရွယ်ရောက်သည်အထိ အိပ်စက်နေချိန် သူ့ခေါင်းအုံးအောက်တွင် လက်နက်များသာ ထားခဲ့ရသည်။ ၎င်းကို ယန်ဘုရင်က သူ့အား သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် မကောင်းဆိုးဝါးများစွာရှိသည့်အတွက် မိမိအနားတွင် ဓားတစ်ချောင်း အမြဲတမ်းဆောင်ထားပြီး အချိန်တိုင်းသတိရှိနေမှသာ မိမိအသက်ကို ကယ်တင်နိုင်မည်ဟု ယန်ဘုရင်က ပြောပြခဲ့ဖူးသည်။


တစ်စုံတစ်ယောက်က သူ့အတွက် မကောင်းသည့်ဝိညာဉ်များမကပ်စေရန်နှင့် ဘေးကင်းစေရန် စာအိတ်နီတစ်အိတ်ကို ဂရုတစိုက်ပြင်ဆင်ပေးထားခြင်းက သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

    

ရွှယ်ယန်က စာအိတ်နီရောင်ကို ခေါင်းအုံးအောက်တွင် ပြန်ထိုးထည့်ထားလိုက်ပြီး အိပ်ရာပေါ် ပြန်လှဲလိုက်သည်။

    

ပြတင်းပေါက် အပြင်ဘက်တွင်မူ နှစ်သစ်ကူး၏ အငွေ့အသက်များရောယှက်နေသည့် မီးရောင်စုံများဖြင့် ပြည့်နေသည်။

 

ထိုသို့ သက်ဝင်လှုပ်ရှားသောအရာများကလည်း သူနှင့်သက်ဆိုင်သည့်အရာဟု ရွှယ်ယန် ပထမဆုံးအကြိမ် ရှင်းလင်းစွာ ခံစားမိခဲ့သည်။


သူက နှစ်ပေါင်းများစွာတိုင် တစ်ယောက်တည်းအထီးကျန်ဆန်စွာ နေခဲ့ရသော်လည်း တစ်စုံတစ်ယောက်သောလူကြောင့် သူ့ကမ္ဘာငယ်လေးကို အခြားသောအရာများနှင့် စတင်ချိတ်ဆက်လာနိုင်ခဲ့ခြင်းမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ဆိုရပေမည်။

 

....


နှစ်သစ်ကူးနေ့မနက်စောစောတွင် မင့်လွမ်နန်းဆောင်က နန်းဆောင်ဝင်းထဲတွင် ဗျောက်အိုးများဖောက်ရန် ပြင်နေသည်။


ကျန့်ကွမ်းသဲ့နှင့် မိန်းမစိုးအနည်းငယ်က ခြံဝင်းထဲတွင် ဟိုဟိုသည်သည်ပြေးလွှားနေပြီး ဗျောက်အိုးများဖောက်နေစဉ်တွင် ကိုယ်လုပ်တော်ရှု့က ပင်မခန်းမဆောင်၏ ဆင်ဝင်အောက်တွင် သိုးမွေးထည်ကိုခြုံထားကာ အားလုံးကို ကြည့်နေသည်။ သူမက ဗျောက်အိုးများကိုကြည့်ကာ စိတ်ကြည်လင်နေပုံရသည်။


အနီရောင်ဗျောက်အိုးများကို တစ်ခုပြီးတစ်ခုဖောက်နေ၍ အနီရောင်အစများက နှင်းများကိုပင် ဖုံးအုပ်နေသည်။


မနက်စောစောအချိန်တွင် မင့်လွမ်နန်းဆောင်က နန်းတွင်းတစ်ခုလုံးတွင် အလုပ်အများဆုံးဖြစ်နေသည်။


ပိုင်ကျီက ကိုယ်လုပ်တော်ရှု့ကို လက်ဖက်ရည်ငှဲ့ပေးနေသည်။ သူမဘေးမှ အပျိုတော်က ရယ်ရယ်မောမောဖြင့် နောက်ပြောင်လိုက်သည်။


" အားလုံးက ဗျောက်အိုးတွေဖောက်ဖို့ ရက်ပေါင်း ၃၀တောင် စောင့်ခဲ့ရတာ ဒါပေမဲ့ ကျွန်မတို့ကတော့ အစောဆုံးပဲနော် အရှင်မ..."


သားမွေးဝတ်ရုံကိုခြုံထားသည့် ကိုယ်လုပ်တော်ရှုက ချိုသာသောအသံဖြင့် "အင်း" ဟု ပြောလိုက်သည်။

" နှစ်သစ်ကူးအကြို မဟုတ်လည်း ငါ လုပ်ချင်တဲ့အချိန်လုပ်မှာပဲပေါ့ ဘယ်သူက ငါ့ကို တားရဲလို့လဲ..."


ဘေးနားမှလူများက အပြုံးဖြင့် ‌တုံ့ပြန်လိုက်ပြီး ကိုယ်လုပ်တော်ရှု့ကို ချီးကျူးပြောဆိုလိုက်ကြသည်။


မကြာမီအချိန်မှာပင် ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်ကိုခေါ်ပြီး ကိုယ်လုပ်တော်ရှု့ ရှိသည့်နေရာသို့ ရောက်ရှိလာသည်။ ကိုယ်လုပ်တော်ရှု့က သူတို့မောင်နှမထိုင်ရန်အတွက် စားပွဲများ၊ ခုံများနှင့်အတူ အချိုပွဲမုန့်များကိုပါ ပြင်ဆင်ခိုင်းလိုက်ပြီး သူမနှင့်အတူတူ ‌ဗျောက်အိုးဖောက်နေသည်ကို ကြည့်စေသည်။


" လင်ဟွမ်က ဗျောက်အိုးတွေကို သဘောကျတာကို အရီးတော် ဘယ်လိုလုပ်သိတာလဲ..."


ကျွင်းလင်ဟွမ်က ကိုယ်လုပ်တော်ရှု့ကိုမှီပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။


ကိုယ်လုပ်တော်ရှု့က ပြုံးလိုက်ပြီး သူမဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ 


" အရီးတော်က မသိပဲနေမလား... ညကျရင်လည်း နန်းတော်မှာ မီးရှူးပန်းတွေဖောက်ဦးမှာ အစ်ကိုကြီးနဲ့တူတူ မျှော်စင်မှာသွားကြည့်ကြ..."

 

မီးရှူးပန်းများအကြောင်း ကြားလိုက်သည့်အခါ ကျွင်းလင်ဟွမ်၏ မျက်လုံးများ အရောင်တောက်ပလာပြီး ကိုယ်လုပ်တော်ရှု့ကို ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်ကဲ့ အရီးတော်..."


ကျွင်းဟွိုင်လန်က ထိုစကားများကိုကြားသည့်အခါ အနောက်ဘက်အဆောင်သို့ လှမ်းကြည့်လိုက်သည်။


ယနေ့တွင် မင့်လွမ်နန်းဆောင်က မီးပုံးများ၊ ပန်းကုံးများ အနီရောင်ပိုးချည်များဖြင့်အလှဆင်ထားပြီး နန်းဆောင် အရှေ့ဘက်ဝင်းထဲတွင် အနီရောင်ဗျောက်အိုးများဖြင့် ပြည့်နေ၍ အလွန်ပင် သက်ဝင်လှုပ်ရှားနေသည်။


တစ်ဖက်တွင်မူ အနောက်ဘက်အဆောင်ရှိ တံခါးများနှင့် ပြတင်းပေါက်များကို ယခင်နေ့များကဲ့သို့ ပိတ်ထားဆဲဖြစ်သည်။


ပိတ်ထားသော တံခါးများနှင့် ပြတင်းပေါက်များမှတစ်ဆင့် ဗျောက်အိုးများ၏အသံကို ခပ်ရေးရေးကြားနေရသည်။ ကျင်းပေါင်က ရွှယ်ယန်၏ရှေ့တွင် ဒူးထောက်နေပြီး အသက်ပင်မရှုရဲပေ။


ရွှယ်ယန်၏လက်ထဲတွင် လျှို့ဝှက်စာတစ်စောင်ကို ကိုင်ထားသည်။

    

ထိုစာကြောင့် ကျင်းပေါင်က ယနေ့မနက်စောစောတွင် ရှီထင်တံခါးသို့ အလျင်စလိုသွားပြီး ပြန်လာရခြင်းဖြစ်သည်။ သူ ယမန်နေ့ညက စောင့်ကြည့်နေစဉ်တွင် ရှီထင်တံခါးဘက်မှ အချက်ပြသည်ကို မြင်လိုက်ရသည်။ ထိုအချက်ပြမှုက ရွှယ်ယန်၏ အသေခံစစ်သားများထံမှ ဖြစ်သည်။ ပုံမှန်တင်ပြမှုအပြင် နန်းတွင်းအပြင်ဘက်၌ အရေးတကြီးလျှောက်တင်စရာကိစ္စတစ်ခုဖြစ်သွားခဲ့၍ ရှီထင်တံခါးဘက်မှ အချက်ပြလိုက်ရခြင်းဖြစ်သည်။


သို့ဖြစ်၍ ကျင်းပေါင်က မနက်စောစောအချိန်တွင် ဆောင်းရာသီ၏ အအေးဒဏ်က်ို အန်တုပြီး စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း ရှီထင်တံခါးရှိရာသို့ အပြေးအလွှားသွားရခြင်းဖြစ်သည်။


သူ့သခင်အတွက် အနစ်နာခံရခြင်းကလည်း အလွန်ပင် ခံစားရသည်။


သို့ရာတွင် ထိုလျှို့ဝှက်စာကို လက်ခံရရှိချိန်တွင် ကျင်းပေါင် မကျိန်ဆဲနိုင်တော့ပေ။ 

    

" ဒီစာက သခင်ရဲ့ မယ်တော်သေရတဲ့အကြောင်းနဲ့ ပတ်သက်နေတယ်... စကားအများကြီး မပြောပဲနဲ့ စာကိုပဲ မင်းနဲ့အတူ သေချာယူသွားပါ..."


ထိုလူက စာကိုကျင်းပေါင်လက်ထဲထည့်လိုက်စဉ်တွင် သေချာမှာလိုက်သည်။


 ကျင်းပေါင် သူပြောသည့်အတိုင်း တစ်သွေမတိမ်းလိုက်နာခဲ့သည်။


စာရောက်ရှိလာချိန်တွင် သူ့သခင်က တိတ်ဆိတ်စွာဖြင့် ထိုစာကိုဖတ်နေပြီး အချိန်အတန်ကြာသည်အထိ မလှုပ်ရှားပေ။


 သူ့သခင်က အလွန်သနားစရာကောင်းသောလူဟု ကျင်းပေါင်၏စိတ်ထဲတွင် ရေရွတ်မြည်တမ်းနေမိသည်။

အခုမှ နှစ်သစ်ရောက်တာကို ကိုယ့်အမေသေတဲ့အကြောင်းကို သိလိုက်ရတယ်လို့...


 ကျင်းပေါင်၏ရင်ထဲတွင် ကရုဏာသက်သွားမိသော်လည်း စိုးရိမ်စိတ်က ပိုများနေသည်။


သူ့သခင်က စိတ်ကြည်လင်နေပုံမရသည့်အတွက် သူ့ဒေါသများကို အစေခံဖြစ်သည့် ကျင်းပေါင်အပေါ် ပုံချမည်ကို လန့်နေသည်။


ကျင်းပေါင်က စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေပြီး အခွင့်အရေးရတိုင်း ရွှယ်ယန့်ကို ခိုးကြည့်နေသည်။ ခဏအကြာတွင် ရွှယ်ယန်က လေသံခပ်ပြတ်ပြတ်ဖြင့် ရယ်လိုက်သည်ကို ကြားလိုက်ရသည်။


" ဝူရွှင်းဟိုင် ခင်ဗျားက တော်တော်ပိရိတာပဲ..."


ရွှယ်ယန်၏အသံက အက်ရှရှဖြစ်ပြီး ညင်သာနေသော်လည်း ပြတင်းပေါက် အပြင်ဘက်မှ ဗျောက်အိုးများ၏အသံကိုပင် ဖုံးသွားသည်ဟု ထင်ရသည်။


Xxxxxx