အပိုင်း ၆၀
Viewers 15k

Chapter 60.1


စာရွက်ကို ဖြည်းညင်းစွာ ပြန်ခေါက်ထားလိုက်ပြီးနောက် စားပွဲပေါ်မှ ဖယောင်းတိုင်ပေါ်တင်ကာ နည်းနည်းချင်း မီးရှို့လိုက်သည်။


အဲဒီ ယီကျဲယွီဆိုတဲ့ မိန်းမက သူ့ကို အံ့အားသင့်စရာတွေ တော်တော်ပေးလိုက်တာပဲ...


သူက မူလတည်းက ချင်ထျန်ကျန့်၏အုပ်ချုပ်သူ လင်းထိုက်လန်နှင့်ရင်းနှီးသည်ကို သူသိထား၍ သူ့စစ်သားများကို ခြေရာကောက်ခိုင်းလိုက်သည့်အခါ အသုံးဝင်သည့် သတင်းအချက်အလက်များ ရရှိလာခဲ့သည်။ သို့ရာတွင် သတင်းတစ်ခုနောက်ကိုလိုက်ရုံဖြင့် အခြားအကြောင်းအရာများစွာကိုပါ သိလိုက်ရမည်ဟု မထင်ခဲ့မိပေ။


  ယီကျဲယွီက သူ့မယ်တော်မသေခင် တစ်နှစ်တည်းက တုန်းချန်နဲ့ အဆက်အသွယ်ရှိခဲ့တာပဲ...


ယီကျဲယွီက ဝူရွှင်းဟိုင်ကို လာဘ်ထိုးပြီး သူ့မယ်တော်ကို ဆေးခတ်ခဲ့ပုံပေါ်သည်။ ဆေးပမာဏကို စေ့စပ်စွာမထိန်းချုပ်နိုင်၍ သူ့မယ်တော်က အသက်ဆုံးရှုံးခဲ့ပြီး သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ယီကျဲယွီက ကတိတည်သူဖြစ်သည်။ ထိုကိစ္စပြီးမြောက်သွားသည့်နောက်တွင် သခင်ကို ကိုယ်တိုင်သတ်ခဲ့သည့် ဝူရွှင်းဟိုင်က တုန်းချန်သို့ ရောက်သွားခဲ့သည်။


ယခုအခါတွင် တုန်းချန်၌ ရာထူးမြင့်နေပြီဖြစ်သော ဝူရွှင်းဟိုင်က ရွှယ်ယန်ကို မျက်ရည်ခံထိုး၍ တုန်းချန်ကို အာဏာပြန်ရလာအောင် ဆောင်ရွက်ရန် ကြံစည်နေပြီး ယခင်က သခင်ဖြစ်ခဲ့သော ကိုယ်လုပ်တော်ရုန်အတွက် မင်းသား၅ကိုကာကွယ်ရမည်ဟု လိမ်ညာပြောဆိုလာသည်။


ဒီအစေခံက တတ်လည်း တတ်နိုင်လွန်းတာပဲ ... ငါသေတဲ့အထိ ဒီကိစ္စတွေကို မသိပဲနေသွားမယ်ထင်နေတာလား... ငါ့ရှေ့မှာ မျက်ရည်လည်ရွှဲနဲ့ ကောင်းပြနေတဲ့သူက မယ်တော့်ကို သတ်ခဲ့တဲ့ လူသတ်ကောင်ပေါ့လေ...


ရွှယ်ယန် ပြုံးလိုက်မိသည်။


သူက မိခင်ဖြစ်သူကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့သည့်အပြင် ငယ်စဉ်ကတည်းက စစ်တပ်ထဲတွင် ကြီးပြင်းခဲ့ရသူဖြစ်၍ "မိသားစု" နှင့် "ဆွေမျိုး" ဟူသော စကားလုံးများ၏ အဓိပ္ပါယ်ကို နားမလည်သကဲ့သို့ မခံစားခဲ့ဖူးပေ။ ထိုအစေခံအိုကြီး၏ ဆော့ကစားခြင်း ခံရမည်မှာ စိတ်ဝင်စားစရာကောင်းလွန်းသည်ဟု တွေးမိ၍ သူနှင့် တိုက်ခိုက်ချင်လာသည်။ ထို့နောက် သူ့ကို တဖြည်းဖြည်းချင်းညင်းဆဲပြီး မည်သို့သောလူမျိုးများကို သွားရောက် ရန်မစသင့်ကြောင်း ပြောပြမည်ဖြစ်သည်။


ကျင်းပေါင်က သူ့ကို စိုးရိမ်တကြီးဖြင့်ကြည့်နေသည်။


အခန်းတံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားခြင်းဖြစ်၍ အခန်းထဲတွင် အလွန်မှောင်မည်းနေသည်။ ဖယောင်းတိုင်မီးရောင်ဖျဖျက သူ့သခင်၏ အုပ်မှိုင်းနေသော မျက်နှာပေါ် ဖြာကျနေသည်။ ဖယောင်းတိုင်မီးကို စိုက်ကြည့်နေသော ပယင်းရောင်မျက်ဝန်းများက အေးစက်ပြီး ရက်စက်ကြမ်းကြုတ်မှုများဖြင့်ပြည့်နေ၍ ကျင်းပေါင် ကြောက်လန့်သွားမိသည်။


သခင့်မယ်တော် သေသွားတဲ့ ကိစ္စကြောင့်များလား...


သူ သတိထားပြီး နှစ်သိမ့်ပေးလိုက်သည်။


" သခင်... သေတဲ့လူက သေသွားခဲ့ပြီးပါပြီ အရမ်းဝမ်းနည်းမနေပါနဲ့တော့... နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင် နေသင့်တယ်လေ..."


ရွှယ်ယန် သူ့ကိုလှမ်းကြည့်လိုက်သည်။ 


ထိုမျက်ဝန်းများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များပင် ရှိမနေချေ။ သူ့မျက်ဝန်းများထဲတွင် သွေးဆာနေသည့် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေကာ သွေးနံ့ရသော ခွေးအတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေသည်။


ကျင်းပေါင်၏ စိတ်ထဲတွင် တုန်လှုပ်လာသည်။ ငရဲမင်းနှင့်တူသော သူ့သခင်ကို သာမန်လူများနှင့် တူညီသည်ဟု တွက်ချက်ထား၍ မရပေ။


ကျင်းပေါင် စကားပြောမှားသွား၍ အခြားတစ်ခုဖြင့် အာရုံလွဲရန် အသည်းအသန်တွေးလိုက်ရသည်။ 


ဟိုဟိုသည်သည် ကြည့်လိုက်သောအခါ သူ့အကြည့်များက ရွှယ်ယန်၏ ခေါင်းအုံးပေါ်သို့ ချက်ချင်းရောက်သွားသည်။


" သခင် ဒီနေ့က နှစ်သစ်ကူးဆိုတော့ သခင်လေးပေးတဲ့ ကျောက်စိမ်းဆွဲသီးလေး ဝတ်ထားပါလား...  ငါးပုံလေးလေ ဘယ်လောက်ချစ်ဖို့ကောင်းလဲ..."


ကျင်းပေါင် အမြန်ပြောလိုက်ရသည်။


ထို ပယင်းရောင်မျက်ဝန်းများက ခဏတာ အံ့အားသင့်သွားသည်။ ထိုမျက်ဝန်းထဲမှ တိမ်တိုက်များကရှင်းလင်းသွားပြီး မြူများလည်း ပျောက်ကွယ်သွားကာ သွေးဆာခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုများလည်း အဝေးသို့ လွင့်သွားသည်။

 

" အင်း... ဒီကိုယူခဲ့..."

ရွှယ်ယန် အမိန့်ပေးသည်ကို သူကြားလိုက်ရသည်။


ကျင်းပေါင် လွတ်လမ်းရှာတွေ့သွားခဲ့သည်။

    

ဒီသခင်က အကြေးခွံတွေနဲ့ ပြည့်နေတာ ဘယ်သူမှ သွားထိလို့မရဘူး... သခင်လေးနဲ့ ဆိုင်တဲ့အကြောင်းတွေပြောလိုက်မှပဲ သူ့ကိုထိနိုင်တော့တယ်...


ထိုအကြောင်းတွေးလိုက်သည့်အခါ အသက်ရှင်နေသည့် နတ်သားလေးကဲ့သို့သော သခင်လေးလေးကသာ သူ၏ နတ်ဆိုးဝိညာဉ်ကို ကယ်တင်နိုင်သည်။


ကျင်းပေါင်က ရွှယ်ယန်၏ ကုတင်ဘေးသို့ အမြန်ပြေးသွားပြီး ခေါင်းအုံးအောက်မှ စာအိတ်နီလေးကိုယူပြီး လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။


 သူ့သခင်က လုံးဝမငြင်းဘူးပဲ...


ရွှယ်ယန်က တစ်ဝက်ခန့် မီးရှို့ခံထားရသော လျှို့ဝှက်စာကို စားပွဲပေါ် ပြန်တင်ထားလိုက်ပြီး ကျောက်စိမ်းဆွဲသီးကို ဝတ်ကြည့်နေသည်။


ကျောက်စမ်းပေါ်မှ နီလာကျောက်ဖြင့်လုပ်ထားသော ငါးလေးက အရည်လဲ့နေပြီး ရွှယ်ယန်၏ ခန္ဓာကိုယ်နှင့် အနည်းငယ် မလိုက်မဖက်ဖြစ်နေသည်။ သူ့ပုံစံမှာ ငရဲမင်းက ဘုန်းတော်ကြီးများ၏ ဝတ်ရုံကို ဝတ်ဆင်ထားသကဲ့သို့ ကိုးယို့ကားယားဖြစ်နေသည်။

 

သို့သော်လည်း နီလာရောင်ကျောက်က ရွှယ်ယန်၏ အေးစက်ခက်ထန်သော မျက်ဝန်းများထဲတွင် နှစ်ကြိမ်ခန့်အလင်းပြန်သွားသည်ကို ကျင်းပေါင်မြင်လိုက်ရသည်။


မနွေးထွေးလှသော ပယင်းရောင်မျက်ဝန်းများက အနည်းငယ်အရောင်ဖျော့ပြီး အသက်ဝင်လာသည်ဟု ပင် ကျင်းပေါင်ထင်မိလိုက်သည်။

  

ကျင်းပေါင်က ခဏတာ ဆွံ့အမိသွားပြီးနောက် ရှေ့အမြန်တိုးလာကာ ကျန်ရှိနေသော စာရွက်တစ်ပိုင်းကို ရွှယ်ယန့်အတွက် မီးရှို့ပေးလိုက်သည်။


ထိုအခါမှသာ ရွှယ်ယန်၏ အာရုံက ကျင်းပေါင်ဆီသို့ ရောက်သွားသည်။


လျှို့ဝှက်စာထဲတွင် နောက်ထပ်အကြောင်းအရာနှစ်ခု ရှိနေသေးသည်။


တစ်ခုမှာ ယီကျဲယွီ၏ နန်းဆောင်မှလူများက သူနှင့် လင်းထိုက်လန်၏ ဆက်ဆံရေးအကြောင်းကို မသိရှိကြပေ။ ယီကျဲယွီက သူနှင့် နှစ်ယောက်တည်းသီးသန့်တွေ့ဆုံလိုသောအခါ ချင်ထျန်ကျန့်အိမ်တော်နောက်မှ ဘုရားကျောင်းသို့သွားရာလမ်းတွင် တွေ့ဆုံလေ့ရှိသည်။

    

ဒုတိယအကြောင်းအရာတစ်ခုမှာ ကျင်းပေါင်၏မိခင်က နှလုံးရောဂါခံစားနေရခြင်းဖြစ်ပြီး ဆေးကုသရန် ‌ငွေကြေးမရှိသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို ရွှယ်ယန်အား မေးမြန်းထားခြင်းဖြစ်သည်။


ရွှယ်ယန် ခေါင်းငုံ့လိုက်ပြီးနောက် သူ့လည်ပင်းမှ ‌နီလာရောင်ငါးလေးဖြင့် ဆော့ကစားနေသည်။


" ဂိုထောင်ကိုသွားပြီး ငွေစတွေသွားယူ..."


သူက လည်ဆွဲကိုလက်ဖြင့်ပွတ်နေလျက် တည်ငြိမ်စွာပြောလိုက်သည်။


" မင်းလိုသလောက်ယူသွားပြီး မင်းအမေ ဆေးကုလို့ရအောင် ပို့ပေးလိုက်..."


ကျင်းပေါင် အံ့အားသင့်သွားမိသည်။

   

လွန်ခဲ့သည့်နှစ်ရက်ခန့်က သူ့မိသားစုက သူ့ကိုစာပို့ခဲ့သည်။ သူ၏မိခင်ဖြစ်သူ၏ ချောင်းဆိုးခြင်းက အလွန်ပြင်းထန်လာ၍ ကျင်းပေါင်ကို ငွေစအနည်းငယ် ပို့ပေးစေလိုခဲ့သည်။ သို့ရာတွင် ကျင်းပေါင်၏လက်ထဲတွင်လည်း ငွေမရှိ‌၍ နောက်တစ်နှစ်တွင် ဆုလဒ်ချီးမြှင့်ခံရမှသာ ပို့ပေးရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

 

သူ့သခင်က ဒါကိုပါ သိနေမယ်လို့ မထင်ထားမိဘူး...


သူ့မိသားစုက ထိုစစ်သားများ တည်ရှိနေခြင်းကို မသိကြပေ။ ထိုလူများက သူ့မိသားစု ထွက်မပြေးအောင် စောင့်ကြည့်နေရုံဟု ထင်ထားမိ၍ သူ့မိသားစု၏ အရေးကိစ္စများကိုပါ မင်းသား၅ကို လျှောက်တင်မည်ဟု မမျှော်လင့်ထားမိပေ။


ပြီးတော့ အရှင့်သားက သူလိုသလောက်ငွေတွေ ယူသွားခိုင်းသေးတယ်... 


ကျင်းပေါင်က သူ့ကိုယ်သူ အလိုရှိချိန်တွင် အသုံးချခံရပြီး အသုံးမဝင်ပါက လွှင့်ပစ်ခံလိုက်ရမည့်အရာဟု ထင်ထားခဲ့သော်လည်း မင်းသား၅က သူ့ကိုလူရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံပေးသည်ဟု ခံစားမိလိုက်သည်။


သူ့မျက်လုံးများ ပူနွေးလာပြီးနောက် ရွှယ်ယန့်ရှေ့တွင် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။


" ဒီအစေခံအတွက် တွေးပေးတဲ့အတွက် ကျေးဇူးကြီးမားလှပါတယ်... ကျွန်တော်မျိုးရဲ့မိခင်ကိုယ်စား ကျေးဇူးတင်ပါတယ်..."


 ရွှယ်ယန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူပြောနေသည်များကို စိတ်ထဲမထားပေ။


ထိုအချိန်တွင် ဒေါင်းပေါက်လေးကို ရုတ်တရက် တွေးမိသွားသည်။


အကယ်၍ ဒေါင်းပေါက်လေးက ကျင်းပေါင်၏မိခင်အကြောင်း သိပါကလည်း အစွမ်းကုန်ကြိုးစားပြီး ကုသပေးမည်သာဖြစ်သည်။ အကြောင်းရင်းကို သေချာမသိသော်လည်း သူ့ရင်ထဲတွင် မည်သည့်ကိစ္စကိုမှ ဒေါင်းပေါက်လေးနှင့် ဆန့်ကျင်ပြီး လုပ်ချင်စိတ် မရှိပေ။


ငွေလေးနည်းနည်းပေးပြီး စကားနည်းနည်း ပြောရတာလေးပဲကို...


သူ မတ်တပ်ရပ်ကာ ကြမ်းပြင်တွင် မတ်တပ်ရပ်နေသည့် ကျင်းပေါင်ကို ဖြတ်သွားပြီး မှန်ရှေ့တွင်ရပ်ကာ သူ့ပုံစံကို ကြည့်လိုက်သည်။


  သူ့အဝတ်အစားအများစုက အနက်ရောင်ဖြစ်ကာ စိတ်နေစိတ်ထားကလည်း အေးစက်စက်ဖြစ်၍ ကျောက်စိမ်းဆွဲသီးက သူနှင့် မလိုက်ဖက်သကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း ရွှယ်ယန်က ကျောက်စိမ်းဆွဲသီးကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။


ထိုအချိန်တွင် တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။


ရွှယ်ယန် ကျင်းပေါင်ကို လှမ်းကြည့်လိုက်သောအခါ သူက အမြန်ထရပ်ပြီး တံခါးသွားဖွင့်သည်။


တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ ဗျောက်အိုးဖောက်သံများက အထဲသို့ စုပြုံဝင်လာသည်။ ကျွင်းဟွိုင်လန်က အနီရောင်နုနုဝတ်ရုံကိုဝတ်ဆင်ထားပြီး တံခါးဝတွင်ရပ်နေကာ နူးညံ့သောမျက်နှာလေးထက်တွင် နှစ်သစ်၏ ပျော်ရွှင်ခြင်းများဖြင့် ပြည့်နေသည်။


" မင်းသား၅ရှိလား... အရီးတော်က ဗျောက်အိုးဖောက်တာ တူတူကြည့်ဖို့ ခေါ်ခိုင်းလိုက်လို့..."


ထိုစကားကိုကြားသည့်အခါ ကျွင်းဟွိုင်လန်က သူ့သဘောနှင့် သူရောက်လာကြောင်းကို ရွှယ်ယန်သိလိုက်သည်။ သူက ကိုယ်လုပ်တော်ရှု့ကိုသာ အမြဲလွှဲချနေပြီး မျိုးစုံလှည့်ပတ်ပြောနေခြင်းဖြစ်ကာ ထိုသို့ပြောနေသည်ကို ရွှယ်ယန်က မသိဟု ထင်နေပုံရသည်။


သို့သော်လည်း ရွှယ်ယန်က ဘာမှမပြောတော့ပဲ လက်တစ်ဖက်က ဝတ်ရုံကိုယူလိုက်ပြီး ရှေ့ကို ထွက်လိုက်သည်။


 " သွားမယ်လေ..."

သူက ကျွင်းဟွိုင်လန်ရှေ့တွင် ရပ်လိုက်သည်။


" ကျောက်စိမ်းဆွဲသီးလေး ဝတ်ထားတာလား..."


ရွှယ်ယန် အနားကပ်လာသည်နှင့် သူ့လည်ပင်းတွင် တောက်ပနေသော ကျောက်စိမ်းဆွဲသီးလေးကို မြင်လိုက်သည်။ သူ ခဏတာကြည့်ပြီးနောက် ပြုံးပြလိုက်သည်။


" မင်းနဲ့လိုက်တယ် ငါ့အမြင်က မဆိုးဘူးပဲ..."


" ငါလည်း မင်းအတွက် တစ်ခုပြင်ထားသေးတယ်..."


ရွှယ်ယန်က ဝတ်ရုံလက်ထဲမှ အနီရောင်စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်ပြီး လေသံတောင့်တောင့်ကြီးဖြင့် ပြောလိုက်သည်။


" ပျော်ရွှင်စရာနှစ်သစ်ပါ..."

   

 သူ့ဘေးမှ ကျင်းပေါင်က ၎င်းကို စူးရှသော မျက်လုံးများဖြင့် ကြည့်နေသည်။


 ၎င်းက ရွှေစအနည်းငယ်သာထည့်ထားသည့်ပုံအပေါ်ပေ။ သာမန်စာအိတ်နီများက ပါးလွှာသော်လည်း ဤစာအိတ်က အလွန်ပင်ထူနေသည်။

  

ကျင်းပေါင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုစာအိတ်နီထဲတွင် ငွေစာရွက်များထည့်ထားသည်ကို သိလိုက်သည်။ သူက ရွှယ်ယန်၏ ဂိုထောင်ကို နေ့တိုင်းရှင်းလင်းနေရသူဖြစ်၍ သူ့ထံတွင်ရှိသည့် ငွေပမာဏကိုသိသည်။


ဒီလောက်အထူ ဆိုရင်တော့ သခင်က သူ့ပိုင်ဆိုင်မှုထဲက ၇၀% မဟုတ်ရင် ၈၀% လောက် ထုတ်သုံးလိုက်ပြီထင်တယ်... သူ့လူတွေကို ထောက်ပံ့ဖို့ငွေနည်းနည်းကလွဲရင် ဘာမှ မကျန်တော့ပဲ အကုန်ပြောင်သွားလောက်ပြီ...


Chapter 60.2


ကျွင်းဟွိုင်လန် စာအိတ်ကိုဖိကြည့်လိုက်သည့်အခါ ၎င်း၏အထူကြောင့် အလွန်လန့်သွားရသည်။


၎င်းကိုထိကြည့်လိုက်ရုံဖြင့် အတွင်းတွင်စက္ကူအထပ်လိုက်ရှိသည်ကိုသိနိုင်သည်။ ၎င်းက ငွေစာရွက်များဖြစ်လိမ့်မည်။ ထိုမျှ ထူနေလျှင် ငွေပမာဏက အလွန်များနေလိမ့်မည်။

   

အတွင်းတွင်ပါသည့်အရာများကို မမြင်ရသော်လည်း အနည်းဆုံး တစ်သိန်းခန့်ရှိလိမ့်မည်ဖြစ်သည်။


" ဘာလို့ အဲ့...  အဲ့လောက်အများကြီးပေးတာလဲ..."

ကျွင်းဟွိုင်လန် အလွန်ထိတ်လန့်သွား၍ စကားများပင် ထစ်ကုန်သည်။

    

" သိပ်မများပါဘူး နှစ်သစ်ကူးမုန့်ဖိုးပဲလေ..."

ရွှယ်ယန်က အေးဆေးပင် ပြောလိုက်သည်။

  

ကျွင်းဟွိုင်လန် ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။  

 

" နှစ်သစ်ကူးမုန့်ဖိုးဆိုတာ မင်းရဲ့ပိုင်ဆိုင်မှုတွေအကုန် ထည့်ပေးဖို့ မဟုတ်ဘူးလေ..."


ကျွင်းဟွိုင်လန်က ပြောပြောဆိုဆိုနှင့် စာအိတ်ထဲမှ ငွေစာရွက် အထပ်လိုက်ကြီးကို ထုတ်လိုက်သည့်အခါ လက်တစ်ဖက် အပြည့်ပင် ဖြစ်နေသည်။ ၎င်းတို့ထဲက တစ်ရွက်ကိုထုတ်ပြီး စာအိတ်အနီထဲထည့်လိုက်ကာ ကျန်ရှိနေသောငွေအားလုံးကို ရွှယ်ယန့်လက်ထဲ ထည့်လိုက်သည်။


ရွှယ်ယန်က ပြန်မဖြေပဲ ခဏအကြာမှ ပါးစပ်ဟလာသည်။


" ပိုင်ဆိုင်မှုအားလုံး မဟုတ်ပါဘူး...ငါ့မှာရှိပါသေးတယ်..."

    

သူ လိမ်ပြောနေခြင်းမဟုတ်ပေ။ ယန်ဘုရင်က ဇနီးနှင့် သားသမီးများမရှိပေ။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရွှယ်ယန် စစ်သည်များကို ဦးဆောင်နိုင်ချိန်မှစ၍ သူ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားသည့်သော့များအား ရွှယ်ယန်ကို အပ်ထားခဲ့သည်။ ယန်ဒေသက စစ်သည်များကို ပျိုးထောင်ရသည့်နေရာဖြစ်သောကြောင့် ငွေကြေးမချို့တဲ့ပေ။ ယန်ဘုရင်သေဆုံးသွားပါက ရွှေ ငွေနှင့် အခြားပိုင်ဆိုင်မှုများအားလုံးက သူ့အတွက်သာဖြစ်သည်။


သို့သော်လည်း ယန်ယွင်သံမဏိမြင်းစစ်သည်များကို လစာပေးဆောင်ရသည့်အပြင် သူခေါ်လာခဲ့သည့် အသေခံစစ်သားများကိုလည်း ထောက်ပံ့ရန် လိုအပ်သေးသည်။ သို့ဖြစ်၍ ရွှယ်ယန်က ငွေကြေးများကို စိတ်ကြိုက်မသုံးစွဲနိုင်၍ ထိုပမာဏခန့်သာ စာအိတ်ထဲ ထည့်ထားခြင်းဖြစ်သည်။


သူ နန်းတွင်းသို့ရောက်ရှိလာချိန်တွင် ငွေကြေးများသာ ယူဆောင်လာခဲ့ရသည်။ ကျွင်းဟွိုင်လန်ပေးထားသည့် ကျောက်စိမ်းငါးလေးကဲ့သို့ လက်ဆောင်မျိုး ပြန်ပေးလိုသော်လည်း သူ့ထံတွင် ငွေစာရွက်များသာရှ်ိသည်။


ကျွင်းဟွိုင်လန် ငိုရ ရယ်ရမည်မသိဖြစ်သွား၍ ထိုငွေအထပ်လိုက်ကြီးကို ကျင်းပေါင်လက်ထဲသာ ထည့်ထားလိုက်သည်။

    

ကျင်းပေါင် ကြောက်လန့်လာသည်။

သူ ဘယ်လိုလုပ်ယူရဲမှာလဲ...


သူက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ဘဲတစ်ကောင်ကဲ့သို့ နောက်ဆုတ်သွားကာ သားအိမ်ထဲတွင် ရှိနေစဉ်အချိန်တည်းက လက်မပါသည့်လူတစ်ယောက်ကဲ့သို့ ပြုမူနေလိုက်သည်။


ကျွင်းဟွိုင်လန် ရွေးချယ်စရာမရှိ၍ ခြိမ်းခြောက်ရတော့သည်။


" မင်း ပြန်မယူရင် ငါ စိတ်ဆိုးမှာ... ငါ မင်းကို စာအိတ်နီလေးနဲ့ နှစ်သစ်ကူးမုန့်ဖိုးပေးတာ ကံကောင်းဖို့အတွက်လေ... ဘာလို့ ငါ့ကို ငွေတွေအများကြီး ပြန်ပေးရတာလဲ... ငါ့ကို ဘာများထင်နေတာတုန်း..."


ရွှယ်ယန် ထိုစကားများကိုကြားသည့်အခါ အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။

    

သူက ကျွင်းဟွိုင်လန်ကို မုန့်ဖိုးပြန်ပေးခြင်းသာဖြစ်သည်။ သူ ယခုထက်ပိုပြီး ပေးချင်သော်လည်း လောလောဆယ်တွင် ဤပမာဏခန့်သာပေးနိုင်၍ အလွန်နည်းသည်ဟုပင် ထင်နေသည်။


မည်သို့ပင်ဖြစ်စေ သူက နန်းတွင်းထဲတွင်နေသည်ဖြစ်၍ ငွေသုံးစရာနေရာလည်းမရှိပေ။ ထို့အပြင် သူက ငွေရေးကြေးရေးကို စိတ်ထဲထားတတ်သူလည်းမဟုတ်ပေ။ သူက လက်ဆောင်ပစ္စည်းများ မဝယ်ပေးနိုင်သည့်အပြင်  ပေးလိုက်သည်က နည်းသည်ဟု ထင်၍ ပိုပေးချင်နေရုံသာဖြစ်သည်။

   

ကျွင်းဟွိုင်လန်က ရွှယ်ယန်၏ ကူကယ်ရာမဲ့ဖြစ်နေပုံကို မြင်လိုက်သော်လည်း ရုပ်တည်ဖြင့်နေပြီး အခွင့်အရေးယူကာ ရွှယ်ယန့်လက်ထဲသို့ ငွေစာရွက်များ ပြန်ထည့်ပေးလိုက်သည်။

    

ထိုအချိန်တွင်မှ သူ့လက်ထဲမှ ငွေပမာဏကို ကြည့်မိသွားသည်။


ငါးသိန်းတောင်လား...


ကျွင်းဟွိုင်လန်လည်း တောင့်မခံနိုင်တော့၍ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။

    

ရွှယ်ယန်က ငွေကြေးမချို့တဲ့သည်ကို သူသိသည်။ အဘယ့်ကြောင့်ဆိုသော် သူက ယန်ဘုရင်၏ စောင့်ရှောက်မှုအောက်တွင်ရှိသည့် တစ်ဦးတည်းသောကလေးဖြစ်ကာ ယခင်ဘဝကလည်း ယန်မန်ခံတပ်အစောင့်များဖြစ်သည့် ယန်ယွင်သံမဏိမြင်းစစ်သည်များကိုပင် သူ့ဘက်တွင် အလွယ်တကူ ခန့်အပ်ထားနိုင်သည်အထိ ငွေကြေးအင်အားတောင့်တင်းသူဖြစ်သည်။ သို့သော်လည်း ဤလူကို ထိုမျှရိုးစင်းသူဖြစ်ပြီး အခြားလူများကို နှစ်သစ်ကူးမုန့်ဖိုးပေးရန်အတွက် သူ့မိသားစုပိုင်ငွေကြေးများစွာကို ထုတ်ယူလာမည်ဟု မထင်ခဲ့ပေ။


သူက နှစ်နည်းနည်းလောက်ကြာရင် ဒီလိုရိုးသားနိုင်ပါဦးမလားဆိုတာတော့ မပြောတတ်ဘူး...

    

ကျွင်းဟွိုင်လန်က ရယ်ချင်စိတ်ကိုအောင့်ထားပြီး ရွှယ်ယန်၏လက်ထဲရှိ ငွေအထပ်လိုက်ကြီးထဲမှ အနည်းငယ်ကိုသာ။ယူလိုက်သည်။

    

" ဒီလောက်ဆိုရပြီ... မင်း ငါ့ကိုဘယ်လောက်ပဲပေးပေး ပေးရတဲ့ ရည်ရွယ်ချက်ကတော့ အတူတူပဲလေ..."


ကျွင်းဟွိုင်လန်က စာအိတ်နီလေးကိုယူလိုက်ပြီး ရွှယ်ယန်ကို ဖျောင်းဖျလိုက်သည်။

    

ရွှယ်ယန် ငြိမ်ကျသွားပြီး သူ့စိတ်ထဲတွင် တွေးနေမိသည်။

ဘယ်လိုလုပ်တူမှာလဲ...

    

ငွေစာရွက်အထပ်လိုက်ကြီးကို ကျင်းပေါင်၏လက်ထဲထိုးထည့်လိုက်ပြီးနောက် ကျွင်းဟွိုင်လန်ကို ပြောလိုက်သည်။


" ခဏစောင့်နေဦး..."


ထိုသို့ပြောပြီးနောက် အတွင်းခန်းထဲ ဝင်သွားသည်။


ကျင်းပေါင်က ထိုနေရာတွင်ပင်ရပ်နေပြီး ငွေစာရွက်များကိုကိုင်ထားကာ ကျွင်းဟွိုင်လန်ကို နေရခက်စွာဖြင့် ပြုံးပြပြီးသည့်နောက် ရှင်းပြလိုက်သည်။


" အရှင့်သားက တစ်ခါမှ နှစ်သစ်ကူးမုန့်ဖိုးမရဘူးလို့  စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ပဲ သခင်လေးကို ရယ်အောင် လုပ်မိတာပါ..."


ကျွင်းဟွိုင်လန် ပြုံးနေပြီး ခေါင်းခါလိုက်သည်။


ဒါကို ရယ်စရာလို့ ဘယ်ပြောလို့ရမလဲ...


၎င်းက စည်းမျဉ်းစည်းကမ်းများနှင့် မသက်ဆိုင်ပေ။ စည်းမျဉ်းကို နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ဒီလိုရိုးသားပြီးတော့ ကိစ္စငယ်လေးတစ်ခုမှာတောင် တခြားလူအတွက် စိတ်ရောကိုယ်ပါတွေးတတ်တဲ့လူက အရမ်းနည်းလွန်းတယ်...

    

သူ ရွှယ်ယန်ကို ခဏခန့် ဆိုးရွားစွာဆက်ဆံလိုက်မိသည်ဟု ခံစားလိုက်ရသည်။

    

သူ့မိသားစုကို ကာကွယ်ရန်နှင့် ရွယ်ယန့်၏ အခြေနေကို ကရုဏာသက်မိသည့်အတွက် ရွှယ်ယန်နှင့် သူငယ်ချင်းလုပ်လိုက်ရသော်လည်း ၎င်းက သူ့အတွက် အားထုတ်မှုအနည်းငယ်သာဖြစ်သည်။ သို့သော်လည်း ရွှယ်ယန်က ယခုအခါတွင် သူပိုင်ဆိုင်သည့်အရာအားလုံးကိုပါ လွယ်ကူစွာပေးနေသည်အထိ ဖြစ်လာသည်။


သို့ဖြစ်၍ ကျွင်းဟွိုင်လန်က သူ့ကိုယ်သူ ရှက်လာမိသည်။


ခဏအကြာတွင် ရွှယ်ယန် ပြန်ရောက်လာသည်။ သူက ကျွင်းဟွိုင်လန်ဆီသို့ တဖြည်းဖြည်းလျှောက်လာပြီး လက်ထဲတွင် တစ်ခုခုကို ကိုင်လာသည်။


" လက်ဖြန့်လိုက်..."


ကျွင်းဟွိုင်လန် လက်ဖြန့်လိုက်သည့်အခါ သေးငယ်သောအရာဝတ္ထုတစ်ခုက သူ့လက်ထဲ ရောက်လာသည်။


ကျွင်းဟွိုင်လန် လက်သီးဆုပ်ထဲကို ကြည့်လိုက်သည့်အခါ တိရစ္ဆာန်သွားတစ်ချောင်းကို အပေါက်သေးဆးဖောက်ကာ သားရည်ကြိုးဖြင့် ချည်ထားသည်ကို တွေ့လိုက်ရသည်။


" ဒါက..."

ကျွင်းဟွိုင်လန် ရွှယ်ယန်ကို ကြည့်လိုက်သည်။


၎င်းက လွန်ခဲ့သည့်နှစ်အနည်းငယ်က ရွှယ်ယန် ပထမဆုံးအမဲလိုက်ခဲ့သော ဝံပုလွေထံမှ သွားစွယ်ဖြစ်သည်။ ထိုအချိန်က ယန်ဘုရင်က သူ့ကို ဝံပုလွေတစ်ကောင်သတ်ပြီး ပြန်လာရန် အမိန့်ပေးလိုက်သည်။ သူ ဝံပုလွေ၏ရင်ဘတ်ကို မြှားဖြင့်ပစ်လိုက်ချိန်တွင် ထုတ်ချင်းပေါက်သွားခဲ့သော်လည်း ရှေ့တိုးလာချိန်တွင် ဝံပုလွေက မသေသေးပဲ သူ့ကိုကိုက်ရန် ရှေ့သို့ ခုန်ထွက်လာသည်။ သူ အချိန်အတော်ကြာသည်အထိ ဝံပုလွေနှင့် နပမ်းလုံးနေခဲ့ပြီးသည့်နောက်တွင် ဝံပုလွေ၏လည်မျိုကို ဓားမြှောင်ဖြင့် ဖြတ်နိုင်ခဲ့သည်။

    

သူ့မျက်နှာတွင် သွေးများစိုရွှဲနေလျက်နှင့် စခန်းအထိ ဝံပုလွေကို တရွတ်တိုက်ဆွဲလာခဲ့သည့်အခါ ယန်ဘုရင်က သူ့ကို ဆုချီးမြှင့်ခဲ့သည်။ ဝံပုလွေစွယ်ကိုဖြုတ်ပြီး ရွှယ်ယန့်ကို ပေးထားကာ ကိုယ်နှင့်မကွာ ဆောင်ထားစေခဲ့သည်။

    

" ငါ ဒီနေ့ မင်းကို ဝံပုလွေတစ်ကောင်ပဲ သတ်ခိုင်းလိုက်တာ... မင်း အရွယ်ရောက်လာရင် မင်းရဲ့ဓားချက်အောက်မှသေရမယ့် ရက်စက်ကြမ်းကြတ်တဲ့သားကောင်တွေ ရှိဦးမှာပဲ... ဒီသွားစွယ်ကို မင်းနဲ့အတူသိမ်းထားပါ... မင်းရဲ့ ရန်သူက ဘယ်လောက်ရက်စက်ပါစေ မင်းအသက်နဲ့ရင်းပြီး တိုက်ခိုက်မယ်‌ဆိုရင် ဘယ်သူမှ မင်းကို အနိုင်မယူနိုင်ဘူး..."


ယန်ဘုရင်က ထိုသို့ပြောခဲ့ဖူးသည်။


ထိုအချိန်မှစ၍ ဝံပုလွေသွားကို သူသွားလေရာ ယူသွားခဲ့သည်။


၎င်းက အမှတ်တရတစ်ခု မဟုတ်ပဲ ရွှယ်ယန်၏ အတွေးတစ်ခုသာဖြစ်သည်။ သူ၏ နာကျင်ခံစားမှုများက လုံးဝမခံမရပ်နိုင်ဖြစ်လာသည့်အချိန်တိုင်း သူ့လက်ထဲမှ ဝံပုလွေသွားစွယ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။


ငါ့ရင်ထဲမှာ ဘာမှမရှိတော့ ဒီနာကျင်မှုလောက်ကိုတော့ တောင့်ခံနိုင်ပါတယ်... အဲဒါမှ နာကျင်မှုတွေကို အနာဂတ်အထိ သယ်သွားပြီးတော့ ဒီနေ့မှာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို အဆတစ်ရာမက ပြန်ပေးဆပ်ခိုင်းရမယ်...

  သူ အမြဲတစေ ထိုသို့သာ တွေးနေခဲ့ခြင်းဖြစ်သည်။


ကျွင်းဟွိုင်လန်ကို အဘယ့်ကြောင့် ထိုပစ္စည်းကို ပေးမိရခြင်းကို သူကိုယ်တိုင်လည်း မသိပေ။

 ယန်ဒေသကနေယူခဲ့တဲ့အထဲမှာ ငွေစာရွက်တွေကလွဲရင် ပစ္စည်းက ဒီတစ်ခုပဲ ရှိတာကြောင့်များလား...


သို့ရာတွင် ကျွင်းဟွိုင်လန်က သူ့လက်ထဲမှအရာကို ယူသွားသည့်အခါ ရွှယ်ယန်၏ အတွေးများ အနည်းငယ်ပြောင်းလဲသွားမိသည်။

    

  ဖြူဖွေးကြည်လင်နေသော လက်ချောင်းလေးများအကြားတွင် အရောင်စွန်းထင်းနေသော ဝံပုလွေသွားကိုကိုင်ထားသည်ကို မြင်လိုက်ရခြင်းမှာ သူ၏ မသန့်စင်သောဝိညာဉ်အား ကျွင်းဟွိုင်လန်ကို လက်လွှဲပေးလိုက်သည်ဟု ခံစားလာရသည်။

 

ရွှယ်ယန်၏ အသံက အနည်းငယ် အက်ရှရှဖြစ်နေပြီး ပြန်ဖြေလိုက်သည်။

 " ဝံပုလွေသွားပါ..."


သူ ခဏရပ်သွားပြီးနောက် ဆက်ပြောလိုက်သည်။

   " အဲဒါ ငါကိုယ်တိုင်အမဲလိုက်ခဲ့တဲ့ ဝံပုလွေရဲ့သွားပါ..."


စကားဆုံးသည့်အခါ ၎င်းက အနည်းငယ် အထင်သေးစရာကောင်းပြီး လူရိုင်းဆန်သည်ဟု ရွှယ်ယန်ခံစားလိုက်ရသည်။


သို့ရာတွင် ကျွင်းဟွိုင်လန်က သူ့စကားကိုကြားသည့်အခါ သဘောတကျ ရယ်မောလိုက်သည်။


" ဟုတ်ပါပြီ... မင်း ငါ့ကို ဒီဟာပေးလိုက်တာက ငွေစာရွက်အထပ်လိုက်ကြီးကိုပေးထားထက် ပိုမကောင်းဘူးလား...

 

သူ ညပေါင်းများစွာ ဆုပ်ကိုင်ထားခဲ့ရသော သွေးများစွန်းနေသည့် ဝံပုလွေသွားကို ကျွင်းဟွိုင်လန်က သူ့လက်ထဲတွင် ဂရုတစိုက် ကိုင်ကြည့်နေသည်ကို ရွှယ်ယန် ကြည့်နေမိသည်။


သူ့နှလုံးသားထဲတွင် ပူနွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

    

ကျွင်းဟွိုင်လန်က သူ့ကို ထပ်ပြောပြနေသည်ကို ကြားလိုက်ရသည်။


" မင်း နောက်ဆိုရင်လည်း ဒီနေ့လိုမျိုး ထပ်မလုပ်ရဘူးနော်... မင်းရဲ့ပိုင်ဆိုင်မှုတွေကို တခြားလူတွေကို လွယ်လွယ်မပေးပစ်နဲ့..."


ရွှယ်ယန် "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။


သူက တခြားလူတွေကိုမပေးပဲ ကျွင်းဟွိုင်လန် တစ်ယောက်တည်းကိုပဲ ပေးချင်တာလေ...

    

  ——

    

ညအချိန်ရောက်လာသည့်အခါ နန်းတော်၏ နေရာအနှံ့တွင် မီးအိမ်အနီရောင်များကို ထွန်းညှိထားသည်။ ရွှမ်ဝူတံခါးမှတစ်ဆင့် မှူးမတ်များနှင့် မင်းမျိုးမင်းနွယ်များက စားသောက်ပွဲအတွက် နန်းတွင်းသို့ ဝင်လာကြသည်။


နှစ်သစ်ကူးစားသောက်ပွဲတော်ကိုလည်း ယုံလဲ့နန်းဆောင်တွင်သာ ကျင်းပမည်ဖြစ်သည်။


 ကျွင်းဟွိုင်လန် ပြန်လည်မွေးဖွားပြီးချိန်မှစ၍ စားသောက်ပွဲသို့ ရောက်ရှိလာခြင်းက တတိယမြောက်တစ်ကြိမ်ဖြစ်သည်။ ပထမနှစ်ကြိမ်၏ အမှတ်တရများက အလွန်မကောင်းခဲ့သော်လည်း ယခုအခါတွင် လေပြင်းမုန်တိုင်းများ ငြိမ်သက်သွားပြီဖြစ်၍ ခဏတာ စိတ်အေးလက်အေးနေနိုင်ပြီဖြစ်သည်။


Xxxxx