အပိုင်း ၆၁
Viewers 15k

Chapter 61


ဤသို့တွေးမိသောအခါ  ကျွင်းဟွိုင်လန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။


သူနှင့် ရွှယ်ယန်က ကျွင်းလင်ဟွမ်ကိုခေါ်ပြီး ယုံလဲ့ခန်းမဆောင်သို့ တူတူသွားကြသည်။ ခန်းမဆောင်ရှေ့သို့ ရောက်သည့်အခါ ကျွင်းရှောင်ဝူက ခန်းမဆောင်ရှေ့တွင် စောင့်နေသည်ကို မြင်လိုက်ရသည်။

   

" အစ်ကိုကြီး ကျွန်တော့်ကို မလွမ်းဘူးလား..."

ကျွင်းရှောင်ဝူက အဝေးမှ လက်လှမ်းပြနေသည်။


သူ့ကို မြင်သည့်အခါ  ကျွင်းဟွိုင်လန် မရယ်ပဲ မနေနိုင်တော့ပေ။ ကျွင်းမောင်နှမသုံးယောက်တွေ့သည်နှင့် အားတက်သရောဖြင့် စကားစမြည်ပြောကြတော့သည်။ ကျွင်းရှောင်ဝူက မျက်လှည့်ဆရာတစ်ယောက်ကဲ့သို့ ပြုမူပြီး စာအိတ်နီများတစ်ခုချင်းစီ ထုတ်ကာ ကျွင်းလင်ဟွမ်ကို ပေးလိုက်ပြီးနောက် ခဏအကြာတွင် ပြုံးပြပြီး ကျွင်းဟွိုင်လန်၏ လက်ထဲသို့လည်း ထည့်ပေးလိုက်သည်။

 

" အစ်ကိုကြီး နှစ်သစ်ကူးမုန့်ဖိုး..."

ကျွင်းရှောင်ဝူက  ကျွင်းဟွိုင်လန်ကို ပြုံးပြနေသည်။


 ကျွင်းဟွိုင်လန်က သူ့ကို ဆူပူဟန်ဖြင့် ပြောလိုက်သည်။

" အဓိပ္ပါယ်မရှိတာ... မင်းက ငါ့ကို စာအိတ်နီပေးစရာလား..."

(T/N - နှစ်သစ်ကူးမုန့်ဖိုးက အသက်ကြီးတဲ့သူတွေကပဲ ငယ်တဲ့သူကိုပေးတာ များလို့ပါ )


ကျွင်းရှောင်ဝူက တဲ့တိုးပင်ပြောလိုက်သည်။

" ဘာလို့ မရရမှာလဲ... ဦးရီးတော်က ကျွန်တော့်ကို စစ်တပ်ကလစာပေးနေပြီလေ... ကျွန်တော်အခု အစ်ကိုကြီးထက်ချမ်းသာသွားပြီ..."


ရွှယ်ယန်က သူတို့သုံးယောက်ကိုကြည့်ပြီး ဘေးနားတွင်သာ တိတ်တဆိတ်ရပ်နေသည်။


ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည်အထိ အတူတူကြီးပြင်းလာခဲ့သော မောင်နှမများ၏ ဤကဲ့သို့ နွေးထွေးမှုမျိုးက ဟန်ဆောင်ပြီး လုပ်ယူထား၍ မရပေ။


ထိုလူက  ကျွင်းဟွိုင်လန်၏ညီငယ်ဖြစ်၍ သူတို့နှစ်ယောက်က ရင်းနှီးကြမည်ကို ရွှယ်ယန်သေချာပေါက်သိသည်။ သို့ရာတွင် သူ့ရင်ထဲတွင် ခါးသက်သက်ဖြစ်ကာ တစ်မျိုးတစ်မည်ခံစားလာရသည်။


 ကျွင်းဟွိုင်လန်က အခြားလူများနှင့် ရင်းနှီးသည်ကို သူဂရုမစိုက်သော်လည်း သူတို့ပြောနေကြသည့် စကားအသွားအလာကိုကြည့်ရုံဖြင့် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြသည့်လူများဖြစ်ကြောင်း အလွယ်တကူသိနိုင်သည်။


သူသည်လည်း တစ်ဖက်လူကဲ့သို့ ကျွင်းဟွိုင်လန်နှင့် နှစ်ပေါင်းများစွာရင်းနှီးခဲ့သော ဆက်ဆံရေးမျိုး ရှိချင်ခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ဝူကဲ့သို့ ဆက်ဆံရေးမျိုး မဖြစ်ချင်ပေ။


ညီအစ်ကိုသဖွယ် ဆက်ဆံရေးက သူ့အတွက် မလုံလောက်ပေ။

    

သူက တစ်စုံတစ်ရာကို အလိုရှိနေခဲ့သော်လည်း ၎င်းက မည်သည့်အရာဖြစ်သည်ကို သူကိုယ်တိုင် သဘောမပေါက်နိုင်ခဲ့ပေ။


ထိုအချိန်တွင် ကျွင်းရှောင်ဝူ မေးသည်ကို သူကြားလိုက်ရသည်။


" အမေက အစ်ကိုကြီး ဘယ်တော့ပြန်လာမယ်ဆိုတာ မေးခိုင်းလိုက်တယ်...အခုက နှစ်သစ်ကူးရက်တွေဆိုပေမယ့် မိသားစုထဲမှာ လူနှစ်ယောက် မရှိတော့ ခြောက်ကပ်နေတယ်လေ... ကျွန်တော်ကတော့ ကျင့်သားရနေပါပြီ..."


ရွှယ်ယန်၏ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး သူ့အကြည့်များက  ကျွင်းဟွိုင်လန်၏ မျက်နှာပေါ်သို့ ရောက်သွားသည်။


သူက  ကျွင်းဟွိုင်လန်နှင့် အချိန်ကြာမြင့်စွာ တူတူနေရမည်မဟုတ်ပဲ ခေတ္တခဏသာ တွေ့ဆုံရခြင်းဖြစ်သည်ကို သူ မေ့နေခဲ့မိသည်။


ရွှယ်ယန်၏ စိတ်အခြေအနေပြောင်းလဲသွားသည်ကို  ကျွင်းဟွိုင်လန် သတိမပြုမိခဲ့ပေ။ ထိုစကားကိုကြားသောအခါ သူရယ်လိုက်ပြီး ကျွင်းရှောင်ဝူကို နဖူးတောက်လိုက်သည်။


" မင်းလည်း ယွီမန်တံခါးမှာနေတာ ၃နှစ်ရှိပြီမလား...စစ်တပ်ထဲမှာနေရတာ ပျော်လွန်းလို့ အိမ်မပြန်ချင်တော့ဘူးထင်တယ်..."


ကျွင်းရှောင်ဝူက သူ့နဖူးကိုအုပ်ပြီး ရယ်လိုက်သည်။


 ကျွင်းဟွိုင်လန်ဆက်ပြောလိုက်သည်။

" အရီးတော်ကငါ့ကို ကြာကြာနေစေချင်သေးတယ်တဲ့ အဲ့တော့ နွေဦးအထိတော့ ဒီမှာနေမလို့..."


ကျွင်းရှောင်ဝူ ခေါင်းငြိမ့်ပြလိုက်သည်။

" ဒါဆိုလည်းကောင်းပြီလေ... နွေဦးရောက်ရင်  မြင်းတူတူသွားစီးဖို့ အစ်ကိုကြီးကိုလာခေါ်မယ်..."


 ကျွင်းဟွိုင်လန် ရယ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

 

အနည်းငယ် နောက်ကျနေပြီဖြစ်၍  ကျွင်းဟွိုင်လန်က ကျွင်းရှောင်ဝူကို ဦးစွာသွားခိုင်းလိုက်သည်။ ကျွင်းရှောင်ဝူက သူ့ဘေးမှ ကျွင်းလင်ဟွမ်ကိုချီလိုက်ပြီး ပြောလိုက်သည်။

" ဒါဆို ကျွန်တော်လင်ဟွမ့်ကိုခေါ်သွားပြီး အမေနဲ့သွားတွေ့လိုက်ဦးမယ်... အမေက အတွေးတွေများနေတော့ ဒီတစ်ညတော့ လင်ဟွမ်ကို သူနဲ့အတူ နေခိုင်းလိုက်မယ်..."


 ကျွင်းဟွိုင်လန်က သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


ကျွင်းရှောင်ဝူက ကျွင်းလင်ဟွမ်ကို ခေါ်သွားပြီးသည့်နောက် တစ်ဖက်ကိုလှည့်ကြည့်လိုက်သည့်အခါ ရွှယ်ယန်က ထိုနေရာတွင်ပင် ငေးငိုင်၍ ရပ်နေသည်ကို မြင်လိုက်ရ၍ သူမည်သည့်အရာများ တွေးတောနေသည်ကို သိချင်မိသွားသည်။

 

" အရှင့်သား..."

 ကျွင်းဟွိုင်လန် သူ့ကိုခေါ်လိုက်သည်။


ရွှယ်ယန်က ချက်ချင်းပင် ပြန်ဖြေသည်။

" အင်း... အထဲဝင်တော့မှာလား..."


 ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်ပြီး သူနှင့် ဘေးချင်းယှဉ်လျှောက်ကာ အထဲဝင်သွားသည်။


" အစကတော့ အရီးတော်က ဒီည လင်ဟွမ်ကိုခေါ်ပြီး မီးရှူးပန်းတွေ သွားကြည့်ခိုင်းထားတာ...  ဒီနေ့တော့ သွားကြည့်လို့ မရတော့ဘူးထင်တယ်... မင်းသား၅ရော ကျွန်တော့်ကို မျက်နှာသာပေးမလား..."


ရွှယ်ယန် လှည့်ကြည့်လိုက်သောအခါ  ကျွင်းဟွိုင်လန်၏ နွေးထွေးသောမျက်ဝန်းတစ်စုံနှင့် တွေ့သွားသည်။


" ဒီနားမှာ အရမ်းတိတ်ဆိတ်တဲ့ မျှော်စင်တစ်ခုရှိတယ် မီးရှူးပန်းတွေကြည့်ဖို့ နေရာကောင်းတစ်ခုပဲ... မင်းသား၅ရော ကျွန်တော်နဲ့တူတူ ကြည့်ချင်ရဲ့လား..."


ရွှယ်ယန်က သူ့ကို အကြည့်လွှဲလိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။


သူ့ရင်ထဲတွင် အကြိမ်ပေါင်းတစ်ထောင်ခန့်တွေးတောသော်လည်း အဖြေရှာမရခဲ့သည့် ခံစားချက်က  ကျွင်းဟွိုင်လန်ကို တစ်ချက်ကြည့်လိုက်ချိန်တွင်မူ သူအလိုရှိသည့်အရာကို ဝိုးတိုးဝါးတား သတိပြုမိသွားခဲ့သည်။

 

သူ့ရှေ့မှလူက သူမော့ကြည့်ရုံသာကြည့်နိုင်ပြီး ထိတွေ့ကိုင်တွယ်၍ မရသော ကောင်းကင်ယံမှ ကြယ်တစ်ပွင့်ဖြစ်သည်။ သို့သော်လည်း ထိုလူကို သူ့အနားတွင်သာ ထာဝရရှိနေစေချင်သည်။


ယခုလက်ရှိအချိန်တွင် ထိုကြယ်တစ်ပွင့်က သူ့ဦးခေါင်းထက်မှ ခဏတာ ဖြတ်သန်းသွားခဲ့သည်။


နှစ်သစ်ကူးရောက်တိုင်းတွင် နန်းတွင်း၌ မီးရှူးမီးပန်းများဖောက်လေ့ရှိသည်။ ၎င်းတို့ကို ထိုက်ယဲ့ရေကန်၏ မျက်နှာချင်းဆိုင်မှ ပစ်လွှတ်သောကြောင့် ယုံလဲ့နန်းဆောင်၏ ဒုတိယထပ်မှနေ၍ မြင်တွေ့နိုင်သည်။


သို့ရာတွင် ယုံလဲ့နန်းဆောင် ဒုတိယထပ်ကို ဧကရာဇ်နှင့် ကိုယ်လုပ်တော်များ၊ မင်းမျိုးမင်းနွယ်မိသားစုဝင်များနှင့် မှူးမတ်များအတွက် နေရာပေးထားသည်ဖြစ်၍ အခြားလူများက နေရာကောင်းမရကြပဲ တိုးဝှေ့ကြည့်ရသည်။

  

ကျွင်းဟွိုင်လန်က ကလေးဘဝတည်းက နန်းတွင်းထဲသို့လာရောက်၍ မီးရှူးပန်းများကို ကြည့်လေ့ရှိသည်။ ထိုအချိန်က သူက အရပ်ပုပုကလေးလေးဖြစ်ပြီး လူများအကြားတွင် အတိုးမခံနိုင်၍ အပြင်သို့ခိုးထွက်သွားပြီး မီးပန်းကြည့်ရန်နေရာကောင်းတစ်ခုကို ရှာဖွေခဲ့သည်။

    

သို့ဖြစ်၍ ထိုက်ယဲ့ရေကန် အနောက်ဘက်မှ မျှော်စင်ငယ်တစ်ခုကို ရှာတွေ့ခဲ့သည်။

    

ထိုမျှော်စင်က နန်းတွင်းရဲမက်များ ကင်းစောင့်ကြသည့်နေရာဖြစ်သည်။ နှစ်သစ်ကူးညတွင်မူ ထိုမျှော်စင်ပေါ်မှ အစောင့်များကို ယုံလဲ့ခန်းမဆောင်သို့ပို့ထား၍ မျှော်စင်တွင် လူမရှိလုနီးပါးပင်ဖြစ်သည်။ ၎င်းက ယုံလဲ့ခန်းမဆောင်နှင့် အရပ်မျက်နှာတူကာ အရှေ့ဘက်တွင်လည်း ကျယ်ပြန့်သည့် ကန်ရေပြင်ရှိနေကာ ပိတ်ကွယ်ထားမည့် နန်းဆောင်များလည်းမရှိ၍ မီးရှူးပန်းများကို ကြည့်နိုင်သည်။


ကျွင်းဟွိုင်လန် ငယ်ရွယ်စဉ်က ထိုနေရာသို့ ကျွင်းရှောင်ဝူကို ခေါ်လာလေ့ရှိသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွင်းရှောင်ဝူက ယွီမန်တံခါးသို့ ထွက်ခွာသွားခဲ့ရပြီး ကျွင်းလင်ဟွမ်ကလည်း ကြီးပြင်းလာပြီဖြစ်၍ သူ့ညီမလေးကိုခေါ်ကာ ဤနေရာသို့ လာလေ့ရှိခဲ့သည်။


သို့သော်လည်း ယနေ့တွင်မူ ထိုလူနှစ်ယောက်လုံး ရှိမနေပေ။

 

နှစ်သစ်ကူးစားသောက်ပွဲက ကျင်းပနေဆဲဖြစ်သော်လည်း ညသန်းခေါင် ရောက်လုနီးပါးအချိန်ရှိနေပြီ ဖြစ်သည်။ ကျွင်းဟွိုင်လန်က စားပွဲမှ စောစောထသွားပြီး ရွှယ်ယန်ကိုခေါ်ကာ သူသွားနေကျမျှော်စင်ဘက်သို့ ခေါ်သွားသည်။


" ရောက်ပြီ..."


မျှော်စင်က လေးထပ်မြင့်ပြီး အပေါ်ဆုံးထပ်သို့ရောက်ချိန်တွင် ကျွင်းဟွိုင်လန် အသက်ပြင်းပြင်းရှုလိုက်သည်။ မျှော်စင်၏ လှေကားထစ်ပေါ်တွင် ရပ်နေလျက်  ရွှယ်ယန်ကို ပြုံးပြကာ ပြောလိုက်သည်။


" ညသန်းခေါင်ကျရင် ထိုက်ယဲ့ရေကန်ရဲ့ ဟိုဘက်အခြမ်းကနေ မီးရှူးပန်းတွေဖောက်မှာ... ဒီကနေကြည့်ရင် သေချာမြင်ရတယ်..."


နန်းတွင်းတွင် ယနေ့၌ အလွန်သက်ဝင်လှုပ်ရှားကာ စည်ကားနေပြီး နေရာတိုင်းတွင် မီးများထွန်းထား၍ ညအချိန်ဖြစ်သော်လည်း လင်းထိန်နေသည်။ ထိုက်ယဲ့ရေကန်ကို စီးဆင်းနေသောရေများက ဝန်းရံထား၍ ဆောင်းတွင်းတွင်လည်း ရေမခဲသွားပေ။ ရေလှ်ိုင်းများပေါ်တွင်လည်း နန်းမြို့တော်မှ မီးရောင်များဖြင့် ရောင်ပြန်ဟပ်နေသည်။

    

ကျွင်းဟွိုင်လန် ထိုနေရာတွင်ရပ်နေချိန်တွင် အပြင်ဘက်မှ အလင်းရောင်များက သူ့မျက်နှာထက်တွင် ဖြာကျနေသည်။

    

  ရွှယ်ယန်က သူ့ဘေးတွင် ခေါင်းငုံ့၍ရပ်နေပြီး သူ့မျက်နှာ၏ ဘေးဘက်ကိုသာ မြင်နေရသည်။

    

သူ တိုးညှင်းစွာဖြင့် "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။


ကျွင်းဟွိုင်လန်က ယခုချိန်တွင် ဝိုင်သောက်ထားခြင်းဖြစ်၍ အာသွက်လျှာသွက်ဖြစ်ကာ စကားများများပြောနေသည်။ တစ်ဖက်သို့လှည့်ပြီး လက်နှစ်ဖက်လုံးကို လက်ရန်းပေါ်တွင် ထောက်ထားလိုက်သည်။


" ယန်ဒေသမှာရော နှစ်သစ်ကူးဆိုရင် မီးရှူးပန်းတွေဖောက်လား..."

သူ မေးလိုက်သည်။


ရွှယ်ယန်က ခေါင်းခါပြလိုက်သည်။

 

ကျွင်းဟွိုင်လန် မျက်လုံးများမှေးစင်းပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။


" ဘာမှ မဖြစ်ပါဘူး... ဒီနေ့ မင်းဘဝမှာ ပထမဆုံးအနေနဲ့ ငါနဲ့တူတူ မီးရှူးပန်း အတူတူကြည့်ဖူးတာပေါ့... ဒီနေရာအကြောင်းပြောပြရမှာ အပန်းမကြီးပါဘူး မင်းသား၆တောင်မှ ဒီနေရာကို မသိဘူး..."

    

သူက ရွှယ်ယွင်ဟွမ်ကို တမင်တကာမပြောပြခြင်း မဟုတ်ပေ။ နှစ်သစ်ကူးချိန်ရောက်တိုင်း ရွှယ်ယွင်ဟွမ်က ဧကရီ၏ဘေးနားတွင်သာနေရ၍ ယုံလဲ့နန်းဆောင်မှ ပြေးထွက်လာ၍ မရပေ။ 

   

ကျွင်းဟွိုင်လန် ရယ်လိုက်မိသည်။ သူ ပြုံးလိုက်သည့်အချိန်တိုင်းတွင် သူ့ဘေးနားမှ အလင်းရောင်များက မျက်ဝန်းထဲ ရောင်ပြန်ဟပ်နေသည်ကို မသိပေ။

    

 ထိုအချိန်တွင် ကောင်းကင်ယံသို့ မီးရောင်တစ်ခု မြင့်တက်လာသည်။


ရွှယ်ယန်က စစ်မြေပြင်ပေါ်မှ မီးတောက်များကို မြင်တွေ့နေကျဖြစ်၍ မီးတောက်တစ်ခု ကောင်းကင်ပေါ်တက်လာသည့်အခါ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး တိုက်ပွဲဝင်ရန်အနေအထားသို့ အလိုလို ရောက်ရှိသွားခဲ့သည်။

    

သို့သော်လည်း ထိုအချိန်တွင် ကျွင်းဟွိုင်လန်က သု့ဝတ်ရုံလက်ကို ဆွဲလိုက်သည်။


" အဲ့မှာ ကြည့်လိုက်..."


ကျွင်းဟွိုင်လန်၏ ကြည်လင်နေသောအသံကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။

    

ရွှယ်ယန်က သူပြသည့်နေရာကို လှမ်းကြည့်လိုက်သည့်အခါ ထိုမီးတောက်က ကောင်းကင်တွင် ပေါက်ကွဲသွားပြီး မီးပွားများက နေရာအနှံ့ လွင့်စင်သွားကာ မီးရှူးမီးပန်းများ ဖြစ်သွားသည်။


ထို့နောက်တွင် မီးရှူးပန်းများ တစ်ခုပြီးတစ်ခု ကောင်းကင်ပေါ်သို့ ပစ်လွှတ်လာပြီး သူတို့ရှေ့မှ ကောင်းကင်ယံကို မီးများဖြင့် အလှဆင်လိုက်သကဲ့သို့ ဖြစ်သွားသည်။


   

ရွှယ်ယန် ကြောင်အသွားပြီး မသိမသာခေါင်းငုံ့လိုက်ကာ သူ့ဘေးနားတွင်ရပ်နေသော ကျွင်းဟွိုင်လန်ကိုကြည့်လိုက်သည်။

    

ကောင်းကင်ပေါ်မှ တောက်ပသော မီးရှူးပန်းများက ကျွင်းဟွိုင်လန်၏ အ‌နက်ရောင်မျက်ဝန်းများထဲ ရောင်ပြန်ဟပ်နေသည်။


ရွှယ်ယန်က ကောင်းကင်ထက်မှ မီးရှူးပန်းများဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။


အချိန်တစ်ခဏတာခန့် မီးရှူးပန်းဖောက်သံများနှင့် အောက်သို့ ပြန်ကျချိန်တွင် ကြားရတတ်သည့် တကျစ်ကျစ်အသံများကိုသာ ကြားနေကြရသည်။ နန်းတွင်းထဲတွင် ဖောက်လေ့ရှိသော မီးရှူးပန်းများက အလွန်အရည်အသွေးကောင်းလှပြီး ၎င်းတို့အားလုံးကို တစ်ရှီချန်၏ လေးပုံတစ်ပုံအချိန်ခန့်အထိ မရပ်မနားပစ်ဖောက်ခဲ့သည်။

( T/N - တစ်ရှီချန် = တစ်နာရီ၊ တစ်ရှီချန်၏ လေးပုံတစ်ပုံ = ၁၅မိနစ် )


ကျွင်းဟွိုင်လန်က မီးရှူးပန်းများကို ခဏတာကြည့်နေပြီးနောက် ရွှယ်ယန့်ဘက်သို့ အမှတ်တမဲ့ လှည့်ကြည့်လိုက်သည်။


မီးရောင်များက သူ့မျက်နှာထက်တွင် တောက်ပနေပြီး အရောင်ဖျော့ဖျော့မျက်လုံးများက မီးရှူးပန်းများကြောင့် နွေးထွေးနေသည်ဟု ထင်ရကာ သူ ယခင်ဘဝက မြင်တွေ့ခဲ့စဉ်ကကဲ့သို့ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်မနေပေ။

    

ရွှယ်ယန်က သူ့အကြည့်ကို အာရုံခံမိ၍ တစ်ဖက်သို့လှည့်ပြီး သူ့ကိုကြည့်လာသည်။ မီးရှူးပန်းမှ အလင်းရောင်များစွန်းထင်းနေသည့် မျက်ဝန်းတစ်စုံက ကျွင်းဟွိုင်လန်၏ မျက်ဝန်းများကိုကြည့်လိုက်သည့်အခါ သူ့နှလုံးခုန်သံများ နှစ်ဆခန့် မြန်ဆန်သွားသည်။


ရွှယ်ယန်၏ ချောမောခံ့ညားသော အသွင်အပြင်ကို ကျွင်းဟွိုင်လန် ရုတ်တရက် သိရှိသွားသကဲ့သို့ဖြစ်ကာ အလွန်ကြည့်ကောင်းသည့်မျက်ဝန်းများကြောင့် သူ့ရင်ထဲ လှုပ်ခတ်သွားမိသည်။

    

သို့ရာတွင် ထိုသို့လှုပ်ခတ်မှုက မီးရှူးပန်းများပစ်ဖောက်သံကြောင့် ရေပြင်ပေါ်မှ လှိုင်းဂယက်များကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။


ထိုအချိန်တွင် ရွှယ်ယန်က သူ့နှုတ်ခမ်းများကိုလှုပ်ရှားပြီး တစ်ခုခုပြောလိုက်သည်ကို မြင်လိုက်ရသည်။

    

မီးရှူးပန်းဖောက်သံများက အလွန်ကျယ်နေ၍ သူ့အသံကို ဖုံးသွားသည်။ ကျွင်းဟွိုင်လန်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

" ဘာပြောလိုက်တာလဲ..."

    

ရွှယ်ယန်၏ မျက်နှာက အနည်းငယ် ကျဉ်းထဲကျပ်ထဲ ရောက်သွားပုံပေါ်သည်ကို မြင်လိုက်ရသည်။


မီးရောင်များက သူ့မျက်နှာပေါ်  ဖြာကျနေစဉ်တွင် ရွှယ်ယန်က ကျွင်းဟွိုင်လန်၏ နားနားသို့ကပ်လာသည်။ အသက်ရှုသံနွေးနွေး၏ ကျွင်းဟွိုင်လန်၏ နားရွက်သို့ ရိုက်ခတ်နေချိန်တွင် တည်ကြည်သောအသံတစ်ခုဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။


" ပျော်ရွှင်စရာ နှစ်သစ်ပါ... အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းနေရပါစေ ..."

    

    ——

    

ကျွင်းဟွိုင်လန်၏ နားရွက်များကို လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ ထုံကျဉ်သွားရသည်။


တစ်ဖက်သို့လှည့်ပြီး ရွှယ်ယန့်ကို ငေးငိုင်ကြည့်နေလိုက်သည်။ 


ထိုအချိန်တွင် ရွှယ်ယန်က သူ့ကို နက်နက်ရှိုင်းရှိုင်းကြည့်နေသည်ကို မြင်လိုက်ရသည်။


" တစ်ယောက်ယောက် ..."

သူပြောလိုက်သည်။


ညဘက်တွင် တိုက်ခတ်တတ်သော လေပြည်လေညင်းက ဆောင်းရာသီ၏ အေးစက်မှုကို ဆောင်ကြဉ်းလာ၍ ကျွင်းဟွိုင်လန်၏ ခဏတာ ထုံကျဉ်မှုများပျောက်ကွယ်သွားသည်။


သူ အသိစိတ်ပြန်ဝင်လာသည်။

" ဟမ် ဘယ်သူလဲ..."


" တစ်ယောက်ယောက် တက်လာတယ်..."

  ရွှယ်ယန်က သူ့နောက်ကျောဘက်ကို သတိထားကြည့်ကာ ပြောလိုက်သည်။


ကျွင်းဟွိုင်လန် အနည်းငယ် အံ့အားသင့်သွားမိသည်။


ဘယ်သူပါလိမ့်... အခုလောလောဆယ် မီးရှူးပန်းတွေဖောက်နေတာ မရပ်သေးဘူးလေ... ဒီအချိန်မှာ ဘယ်သူက ငါ့ကို လာရှာမှာလဲ...


Xxxxxx