အပိုင်း ၆၂
Viewers 16k

Chapter 62


သူ အံဩတကြီးဖြင့် တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် မီးရှူးပန်းများကလည်း ခေတ္တခဏ ရပ်တန့်သွားသည်။


ထိုအချိန်တွင် နန်းတွင်းသူတစ်ယောက်က အမော‌တကောဖြင့် ပြေးလာကာ စိတ်သက်သာရသွားပုံဖြင့် သူ့ကို ပြောလိုက်သည်။

" သခင်လေးကို နောက်ဆုံးတော့ ရှာတွေ့ပြီ..."

    

ကျွင်းဟ်ွိုင်လန် မေးလိုက်သည်။

" ဘာဖြစ်လို့လဲ..."


" သခင်လေးကို ပြန်ဖြေကြားပါတယ်... မြို့စားမင်းကတော်က သခင်လေးကိုရှာဖို့ ကျွန်တော်မျိုးမကို လွှတ်လိုက်တာပါ... သခင်လေးက နေရာမှာမရှိတော့ သခင်မက ကျွန်တော်မျိုးမကို အမြန်သွားရှာခိုင်းလိုက်တာပါ... ပြီးတော့ မြို့စားမင်းကလည်း သခင်လေးကို ပြောစရာရှိတယ်လို့ပြောပါတယ်... ဒီအစေခံက သခင်လေးကို ယုံလဲ့နန်းဆောင်မှာ ရှာမတွေ့လို့ ဒီဘက်ကိုလှမ်းကြည့်လိုက်တော့ ‌မျှော်စင်ပေါ်မှာ လူနှစ်ယောက်ကို တွေ့လိုက်တော့ သခင်လေးများ ဖြစ်နေမလားဆိုပြီး တက်လာတာပါ..."


ထိုစကားများကြောင့် ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကို လှည့်ကြည့်လိုက်မိသည်။


ရွှယ်ယန်ကို သူနှင့်အတူခေါ်သွားချင်သော်လည်း သူ့အဖေက ပြောစရာရှိနေသည်ဖြစ်၍ အတူတူခေါ်သွားပါက မသင့်တော်ပေ။


ယခုအချိန်တွင် ခဏတာရပ်တန့်သွားသော မီးရှူးပန်းများကလည်း ပြန်လည်ပစ်လွှတ်တော့မည်ဖြစ်သည်။ မှောင်မိုက်နေသော ကောင်းကင်ထက်တွင် မီးရှူးပန်းများ ထွက်ပေါ်လာပြန်သည်။


၎င်းမှ မီးရောင်များကြောင့် အမှောင်ထဲမှ နန်းတွင်းသူလေး၏ မျက်နှာက ခဏတာ လင်းလက်သွားသည်။


ကျွင်းဟွိုင်လန်က ရွှယ်ယန်ဘက်သို့လှည့်ပြီး ပြောလိုက်သည်။ 


" ဒါဆိုရင် ငါအရင်သွားလိုက်ဦးမယ်... မင်းသား၅လည်း မီးရှူးမီးပန်းတွေကြည့်ပြီးရင် ခုနက လမ်းအတိုင်း ပြန်လာခဲ့လေ..."


ရွှယ်ယန်က သူ့နောက်မှ နန်းတွင်းသူကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

" ကောင်းပြီလေ..."


ကျွင်းဟွိုင်လန်က တောင်းပန်သည့်ပုံဖြင့် တစ်ချက်ကြည့်ကာ အောက်ထပ်သို့ ဆင်းသွားသည်။ 


 သူတို့လာခဲ့သည့်နေရာက လူသူအရောက်အပေါက်နည်းကာ မီးရောင်ကလည်း မှိန်ပျပျသာရှိသည်။ မျှော်စင်ပေါ်မှ ဆင်းလာပြီးသည့်နောက်တွင် မီးရှူးပန်းများကို ကြည့်ခဲ့သော ကျွင်းဟွိုင်လန်က မှိန်ပျပျမီးရောင်များနှင့် ကျင့်သားမရဖြစ်နေသည်။


သို့ရာတွင် အရှေ့မှ ဦးဆောင်သွားသည့် နန်းတွင်းသူက အလွန်လျင်မြန်ပြီး သူနှင့် ခပ်ဝေးဝေးနေရာသို့ပင်ရောက်သွား၍ ကျွင်းဟွိုင်လန်က သူမကိုမှီအောင် ပြေးလိုက်နေရသည်။

    

" နန်းတွင်းသူအစ်မ ကျွန်‌တော့်အဖေက ဘာကိစ္စ ဆွေးနွေးချင်တယ်လို့ ပြောသေးလဲ..."


နန်းတွင်းသူက ခဏရပ်သွားပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်သည်။


 " ဒီအစေခံ မသိပါဘူး... သခင်လေး မြို့စားမင်းနဲ့တွေ့မှပဲ ကိုယ်တိုင်မေးကြည့်လိုက်ပါ..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


ယုံလဲ့နန်းဆောင်နှင့်မျှော်စင်က အလွန်မဝေးသည့်အတွက် ကျွင်းဟွိုင်လန် ရွှယ်ယန့်ကိုခေါ်လာစဉ်က မီးရှူးပန်းများမဖောက်မီ အချိန်အနည်းငယ်အလိုတွင်သာဖြစ်သည်။

    

ထို့အပြင် သူက ဤလမ်းနှင့် ရင်းနှီးပြီးသားလူတစ်ယောက်ဖြစ်သည်။  နန်းတွင်းသူနောက်မှ လိုက်လာစဉ် လမ်းဆုံလမ်းခွတစ်ခုသို့ ရောက်သောအခါ သူမက အခြားတစ်ဖက်ကို သွားနေသည်ကို တွေ့လိုက်ရသည်။


" အစ်မ သွားတဲ့လမ်းက မှားနေတာ မဟုတ်ဘူးလား... အဖေက အဲ့ဘက်မှာ ဟုတ်လို့လား..."

ကျွင်းဟွိုင်လန်က သူမကို အလျင်အမြန်တားမြစ်လိုက်သည်။

    

နန်းတွင်းသူက ရပ်သွားပြီး သူ့ကိုလှည့်ကြည့်လိုက်သော်လည်း လမ်းအမှန်သို့ ပြန်မသွားပေ။


" သခင်လေး ကျွန်တော်မျိုးမတို့ အဲ့ဘက်လမ်းက သွာလို့မဖြစ်ပါဘူး... ဒီအစေခံ ခုနက အဲ့လမ်းက ဖြတ်လာတုန်း မိန်းမစိုးနှစ်ယောက်က နန်းဆောင်မှာဖောက်ဖို့ ဗျောက်အိုးတွေသယ်သွားတာ တွေ့ခဲ့ပါတယ်... အခုနေ အဲ့ဘက်က သွားမယ်ဆိုရင် ယန်းမှုန့်တွေ ရှင်းနေတာနဲ့ ကြုံရပါလိမ့်မယ်..."


ကျွင်းဟွိုင်လန် တွန့်ဆုတ်သွားစဉ်တွင် နန်းတွင်းသူက သူ့ကို အလျင်စလိုပြောလာသည်။


" သခင်လေး မြန်မြန်လာပါ... မြို့စားမင်းကို စောင့်ရအောင် မလုပ်ပါနဲ့..."


 ကျွင်းဟွိုင်လန် ထိုနေရာကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ရွေးချယ်စရာမရှိတော့၍ နန်းတွင်းသူနောက်မှ ခပ်သွက်သွက် လိုက်သွားလိုက်သည်။

    

ဤလမ်းက ထိုက်ယဲ့ရေကန်၏ဘေးတွင်ရှ်ိသည်။ ချန်အန်းက ဆောင်းရာသီတွင် အလွန်အေးသော်လည်း ထိုက်ယဲ့ရေကန်က ရေရှင်ဖြစ်သည်။ ရေကန်မျက်နှာပြင်ပေါ်တွင် ရေခဲအလွှာပါးလေးတစ်ခုသာ ရှိသည်။ ရေကန်ဘေးမှ လျှောက်လာစဉ်တွင် ရေကန်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေအေးများကြောင့် ကြက်သီးမွေးညင်းများပင် ထလာနိုင်သည်။

    

လေအေးများက ကျွင်းဟွိုင်လန်၏ဝတ်ရုံထဲမှတစ်ဆင့် ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်သွားကာ သူ့ကျောရိုးထဲတွင်စိမ့်လာပြီး ရင်ထဲတွင် ခံစားချက်တစ်မျိုးဖြစ်လာသည်။


သူ့စိတ်ထဲတွင် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ထင်လာသည်။

    

သူ့စိတ်ထဲတွင် အစောပိုင်းက နန်းတွင်းသူပြောခဲ့သည့် စကားများကို ပြန်တွေးနေမိသည်။ ‌အတန်ကြာတွေးတောပြီးသည့်နောက် မည်သည့်အရာမှ မှားယွင်းမနေကြောင်း သိလိုက်ရသည်။


" မင်းက ဘယ်နန်းဆောင်က နန်းတွင်းသူလဲ... အရီးတော်ရဲ့ နန်းဆောင်ကတော့ မဟုတ်လောက်ဘူး..."


ကျွင်းဟွိုင်လန် မေးလိုက်သည်။


နန်းတွင်းသူက ကြားပုံမရပေ။ 


ကျွင်းဟွိုင်လန် ခြေနှစ်လှမ်းလှမ်းပြီးသည့်နောက် ထပ်မေးလိုက်သည်။

    

နန်းတွင်းသူက ထိုအခါမှ ပြန်ဖြေလာသည်။

" ဒီအစေခံက ယုံလဲ့နန်းဆောင်ကပါ သခင်လေး..."


ကျွင်းဟွိုင်လန် တုံ့ပြန်လိုက်မိသည်။


သို့ရာတွင် နန်းတွင်းသူ၏ လေသံထဲတွင် စိတ်လှုပ်ရှားမှုနှင့် စိတ်ရှုပ်ထွေးမှုများကို ဖုံးကွယ်ထားကြောင်း သူ သတိပြုမိသွားသည်။


" ယုံလဲ့နန်းဆောင်ကလား..."


ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်ပြီး သွားနေရာမှ ရပ်လိုက်သည်။


" ယုံလဲ့နန်းဆောင်က အစေခံတွေက သန့်ရှင်းရေးပဲလုပ်ရတာများပါတယ်... မြို့စားဘေးနားမှခစားပြီး သူ့စကား ပါးပေးရတယ်ဆိုတာ မဖြစ်နိုင်ဘူး... မင်း ဘယ်နန်းဆောင်ကလဲ ငါ့ကို မလိမ်နဲ့..."


နန်းတွင်းသူက သူ့ဘက်ကိုလှည့်ကြည့်လိုက်သည်။

 

ဤနေရာက အလွန်မှောင်နေ၍ ကျွင်းဟွိုင်လန်က သူမမျက်နှာအမူအရာကို ရှင်းလင်းစွာ မမြင်ရပေ။ သူ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။ 

    

ဤနန်းတွင်းသူက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ထင်ခဲ့သော်လည်း မည်သည့်အရာက မှားယွင်းနေသည်ကို သေသေချာချာမသိခဲ့ပေ။ 


 ဒီလောက်လှမ်းတဲ့ မျှော်စင်မှာ သူရှိနေတာကို ဘယ်လိုသိသွားပြီးတစ်ယောက်တည်း တကူးတက ရောက်လာရတာလဲ... အခု သူသွားနေတဲ့လမ်းကလည်း အမှားကြီးဆိုတော့ တိုက်ဆိုင်တာများလား...


" အရင်ပြန်သွားလိုက်ပါ... မင်းသား၅ လမ်းရှာမတွေ့မှာစိုးလို့ သူ့ကို ပြန်သွားခေါ်ပြီးမှ တူတူပြန်လာတော့မယ်..."


ကျွင်းဟွိုင်လန်က နောက်သို့တစ်လှမ်းဆုတ်ပြီး ပြောလိုက်သည်။


နန်းတွင်းသူက ဘာတစ်ခွန်းမှ မပြောတော့ပဲ ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။


" သခင်လေး ကျွန်တော်မျိုးမကို အပြစ်မတင်ပါနဲ့..."


နန်းတွင်းသူပြောသည်ကို သူကြားလိုက်ရသည်။

    

ချက်ချင်းပင် ကျွင်းဟွိုင်လန်၏ လက်ကောက်ဝတ်က သူမလက်ထဲရောက်သွားသည်။ ခွန်အားက အလွန်ပြင်းလွန်း၍ သူမက သာမန်နန်းတွင်းသူတစ်ယောက်မဟုတ်ပဲ သိုင်းပညာအဆင့်မြင့်သူတစ်ယောက်ဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

 

ကျွင်းဟွိုင်လန်၏ ကမ္ဘာကြီးက တစ်ပတ်လည်သွားပြီးနောက် ကြမ်းပြင်နှင့် ခြေထောက် လွတ်သွားကာ ခဏအကြာတွင် အေးစက်နေသည့် ထိုက်ယဲ့ရေကန်ထဲသို့ ပစ်ချခံလိုက်ရသည်။

    

သူက ရေမကူးတတ်သူဖြစ်၍ အကူအညီအော်ခေါ်ရန် ပြင်လိုက်သော်လည်း အရိုးကွဲမတတ် အေးစက်နေသည့်ရေများကြောင့် အာရုံကြောများ ထုံထိုင်းသွားခဲ့ပြီး အဆုံးမဲ့ အမှောင်ထုထဲ ကျရောက်သွားခဲ့ရသည်။


ကျွင်းဟွိုင်လန်မှာ မည်သူ့က သူ့ကိုသတ်ချင်နေသည်ကိုပင်တွေးရန် အလွန်နောက်ကျသွားခဲ့သည်။


ထိုလူက သူ့ကို နောက်ယောင်ခံလိုက်လာချိန်၌ သူ မျှော်စင်တွင် ရှိနေသည်ကို မတော်တဆ သိသွားခြင်းဖြစ်လိမ့်နည်။ ထိုလူက သူနှင့် ကျွင်းလင်ဟွမ် အတူမရှိနေသည်ကိုသိသည့်အပြင် ကျွင်းမိသားစုအကြောင်းကိုပါသေချာသိထား၍ သိုင်းပညာမြင့်သူ‌တစ်ယောက်ကို နန်းတွင်းသူအယောင်ဆောင်ကာ ပို့လိုက်ခြင်းဖြစ်၍  နန်းတွင်းထဲမှ ရာထူးကြီးလူတစ်ယောက် ဖြစ်နိုင်သည်။


ဒါပေယ့် အဲ့လူက သူ့ကို ဘာဖြစ်စေချင်နေတာလဲ...


ကျွင်းဟွိုင်လန် ရေထဲသို့ ရုတ်တရက် ပြုတ်ကျသွား၍ အေးစိမ့်နေသောရေများက သူ့တစ်ကိုယ်လုံးကို ကျဉ်လာစေသည်။ လက်ရှိအပူချိန်ဖြင့်ဆိုပါက ထိုက်ယဲ့ရေကန်မှာ ရေခဲနေရမည်ဖြစ်သော်လည်း ရေကန်ကို ရေရှင်များဖြင့်သာ ပတ်လည်ဝိုင်းထား၍ ဤမျှအေးသည့် ရာသီဥတုတွင်ပင် ရေမခဲရခြင်းဖြစ်သည်။


ရေခဲတမျှအေးစက်နေသောရေများက သူ့ကိုချက်ချင်းလွှမ်းခြုံသွားသည်။

    

ကျွင်းဟွိုင်လန်က ရေမကူးတတ်သည့်အပြင် ထူထဲသော ဆောင်းတွင်းဝတ်ရုံကြီးကို ဝတ်ဆင်ထားသေးသည်။ ဝတ်ရုံက ရေများဖြင့်စိုရွှဲသွားသည့်အပြင် သူ့တစ်ကိုယ်လုံးကို ရေထဲဆွဲချနေသကဲ့သို့ဖြစ်သွား၍ ရုန်းလေ ပိုနစ်လေ ဖြစ်နေသည်။


ပါးစပ်ထဲရေများဝင်လာသည့်အပြင် စိတ်ထဲတွင်လည်း ကယောက်ကယက်ဖြစ်နေသည်။ သူ့မျက်လုံးများလည်း ကောင်းစွာမဖွင့်နိုင်တော့၍ ရေပြင်ပေါ်မှ အလင်းရောင်များကို ဝိုးတဝါးသာမြင်ရတော့သည်။

    

ကျွင်းဟွိုင်လန်က နောက်ဆုံးလက်ကျန်အသိစိတ်ကို ကြိုးစား၍ စုစည်းပြီး လှမ်းကြည့်လိုက်သည့်အခါ နန်းတွင်းသူက ထွက်ခွာသွားပြီဖြစ်သည်။

    

အကယ်၍ သူက ကျွင်းဟွိုင်လန်ကိုလျှို့ဝှက်စွာ အန္တရာယ်ပြုလိုပါက ဆူဆူညံညံအသံများ မထွက်စေပဲ ကိစ္စပြီးသည်နှင့် ထိုနေရာမှအမြန်ထွက်ခွာသွားရမည်ဖြစ်သည်။ 


ယခုအချိန်တွင် သူ ရေကန်မျက်နှာပြင်ပေါ်၌  ပေါလောမျောနေအောင်လုပ်ပြီး အကူအညီတောင်းရန် တွေးလိုက်သည်။

 

ထိုသို့တွေးပြီးသည့်နောက် အသက်အောင့်ထားပြီး ရှေ့သို့တဖြည်းဖြည်းကူးသွားရန်ပြင်လိုက်သည်။


သို့ရာတွင် ကျွင်းဟွိုင်လန်က သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို ယုံကြည်မှုလွန်ကဲမိပြီး ထိုက်ယဲ့ရေကန်၏ အပူချိန်ကို အထင်သေးမိသွားသည်။

   

သူ ခဏသာ ကူးလိုက်ရသေးသော်လည်း ခြေလက်များ ကျဉ်လာပြီဖြစ်သည်။ ထို့အပြင် ရေရွှဲရွှဲစိုနေသော ဝတ်ရုံထူကြီးကလည်း ကိုယ်တွင်ဝတ်ထားသည်ဖြစ်၍ လှုပ်ရှားရခက်ခဲနေသည်။


သူ တဖြည်းဖြည်း အသက်ရှုကျပ်လာပြီး တစ်ကိုယ်လုံး အလွန်အမင်း အေးစက်လာကာ သူ့ကို အောက်သို့ဆွဲချနေသကဲ့သို့ပင် ဖြစ်လာသည်။ သူ ခဏသာ ရုန်းကန်နေရသေးသော်လည်း ခြေလက်များ လေးလံလာကာ သူ့အသိစိတ်ကလည်း ဖရိုဖရဲဖြစ်လာသည် 

    

ထို့နောက်တွင် အေးစက်မှုကြောင့် သူ့ခြေထောက်များ ကြွက်တက်သွားတော့သည်။


သူ ကြာကြာ အသက်မအောင့်ထားနိုင်တော့၍ ရေများက လည်ချောင်းထဲထိ ရောက်လာသည်။


သို့ရာတွင် ရေကန်၏အေးခဲနေမှုကြောင့် ထုံကျဉ်နေ၍ နာကျင်မှုက ကြာကြာမခံလိုက်ပေ။ သူအထိန်းကွပ်မဲ့စွာဖြင့် ရေကန်ထဲနစ်သွားချိန်တွင် သူ့စိတ်ထဲ အတွေးတစ်ခု ရောက်လာသည်။


ငါ ဒီနေ့ ဒီနေရာမှာပဲ သေရတော့မှာလား...


၎င်းက သူ့အတွက် ရယ်စရာတစ်ခုဖြစ်နေသည်။ သူ ယခင်ဘဝက အသတ်ခံခဲ့ရသော်လည်း သူ့ကိုသတ်သည့်လူကို သိခဲ့သည်။ ဤဘဝတွင် အမှားများကို သေချာပြုပြင်ခဲ့ပြီး ယခင်ဘဝက အပြစ်အနာအဆာများကို လိုက်လံဖာထေးခဲ့သည်။ သို့ရာတွင် သူ့အတွက် ဘေးအန္တရာယ်ဆိုးကြီးက ယခင်ဘဝကထက် နှစ်ပေါင်းများစွာစော၍ ရောက်လာခဲ့သည်။


အဆုံးမဲ့နက်ရှိုင်းသောနန်းတွင်းထဲတွင် လက်တစ်ဖက်က အမှောင်ထုထဲတွင် ပုန်းအောင်းနေပြီး ကျွင်းမိသားစုကို တစ်စတစ်စစီ ချိုးဖဲ့ဖျက်ဆီးပစ်နေသည်။

    

တကယ်လို့ အဲ့လူရဲ့အကြံတွေကို ဖျက်ဆီးနိုင်ရင်တော့ ငါဒီဘဝမှာ လက်စားချေနိုင်မှာပဲ...


ထိုအတွေးကြောင့် ကျွင်းဟွိုင်လန် ထပ်မံရုန်းကန်ကြည့်လိုက်သည်။


သူ ဤကဲ့သို့ မသေသွားချင်ပေ။

    

သူ့မိသားစုက အမှောင်ထဲတွင်သာ ရှိနေသေးသည်။ သူ့အရီးတော်၊ မိဘများနှင့် ညီငယ်လေးကို ယခုဘဝတွင် အသတ်မခံရစေချင်ပေ။ သူ ယခု သေချင်နေလျှင်ပင် သေ၍မရသေးပေ။ 


သို့ရာတွင် ထိုက်ယဲ့ရေကန်မှ ရေများကြောင့် သူ ဖြစ်စေချင်သကဲ့သို့ ဖြစ်မလာပေ။


ကျွင်းဟွိုင်လန် ပြင်းပြင်းထန်ထန်ရုန်းကန်ပြီး ကူးခတ်နေသော်လည်း သူ့အသိစိတ်က တဖြည်းဖြည်းမှုန်ဝါးလာသည်။

    

ထိုက်ယဲ့ရေကန်အောက်ခြေမှ အဆုံးမဲ့ အမှောင်ထုကြီးနှင့် အသည်းခိုက်လုမတတ်အေစက်မှုကြီးက သူ့ကိုအောက်ဘက်ရောက်အောင် ဆွဲချနေသည်။


သူ့ မျက်လုံးများ တဖြည်းဖြည်းပိတ်လာသည်။

 

သတိလစ်လုနီးပါး အခြေအနေသို့ရောက်သွားချိန်တွင် လူတစ်ယောက်က ရေကန်ထဲခုန်ချပြီး သူ့ဆီသို့ ကူးလာသည်ကို မြင်လိုက်ရသည်ဟု ထင်လိုက်မိသည်။

   

သို့‌ရာတွင် ၎င်းက အစစ်အမှန် သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်သည်ကို သိရှိရန်အတွက် ကျွင်းဟွိုင်လန်ထံတွင် ခွန်အားမရှိတော့ပေ။ 

    

 ဒီနေရာမှာ ဘယ်သူမှမှမရှိတာ ဘယ်သူက သူ့ကိုလာကယ်မှာလဲ...


ထင်ယောင်ထင်မှားဖြစ်တာပဲ နေမှာပါ...

   

     ——

 

ရေကန်ထဲခုန်ဆင်းလာသူက ရွှယ်ယန်ဖြစ်သည်။


ထိုနန်းတွင်းသူက တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိ၍ သူမကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်မိသော်လည်း ထူးခြားသည့်အရာ တစ်ခုမှ မတွေ့ရပေ။

    

သူ့ရင်ထဲကို တစ်ခုခုဖြင့် ကာဆီးထားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုနန်းတွင်းသူက အချိန်ကိုက်ရောက်လာ၍ သူ့ မသိစိတ်ထဲတွင် ကျွင်းဟွိုင်လန်ကို သူနှင့်သာ နေစေချင်ခဲ့သည်။ 


ကျွင်းဟွိုင်လန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ရင်ထဲမှ မသက်မသာဖြစ်မှုက ပိုမိုကြီးထွားလာသည်။

  

ဒီမီးရှူးပန်းတွေက တစ်ယောက်တည်းကြည့်ပြီး။ဘာလုပ်ရမှာလဲ...


ရွှယ်ယန် ကြာရှည်စွာ မတုံ့ဆိုင်းနေပဲ မျှော်စင်ပေါ်မှ ဆင်းလာခဲ့သည်။  အကယ်၍ နန်းတွင်းသူနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းမနေလျှင်လည်း လေအေးများတိုက်နေသည့် ထိုမျှော်စင်ပေါ်တွင် တစ်ယောက်တည်းရပ်ပြီး ကောင်းကင်မှ မီးရှူးပန်းများကို ကြည့်ချင်စိတ်မရှိပေ။

    

သူ အလာလမ်းအတိုင်း လျှောက်လာခဲ့သည်။

    

သူက တပ်ထဲတွင် ကြာမြင့်စွာနေခဲ့၍ တစ်ယောက်တည်းလမ်းလျှောက်ချိန်တွင် အရှိန်က မြန်နေသည်။ လမ်းတစ်ဝက်ရောက်ချိန်တွင် ကျွင်းဟွိုင်လန်နှင့် ထိုနန်းတွင်းသူကို မှီသွားမည်ဟု ထင်လိုက်သည်။ သို့ဖြစ်၍ ကျွင်းဟွိုင်လန်သူ့ကို မမြင်ရအောင် တစ်နေရာတွင် ပုန်းနေလိုက်မည်ဟု တွေးလိုက်သော်လည်း သူ ကျွင်းဟွိုင်လန်ကို မတွေ့ရပေ။

  

တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို ရွှယ်ယန် နောက်ဆုံးတွင် သဘောပေါက်သွားသည်။

    

သူ ခပ်မြန်မြန်လျှောက်လာပြီး လမ်းတစ်လျှောက်လုံးတွင် ကျွင်းဟွိုင်လန်ကို ရှာဖွေနေသည်။ လမ်းကြိုလမ်းကြားလေးများထဲတွင်ပါ ရှာဖွေနေသော်လည်း ထိုက်ယဲ့ရေကန်အနားရောက်လာချိန်တွင် ပျောက်ကွယ်လုဆဲဆဲဖြစ်နေသည့် လှိုင်းများကို ကန်ရေပြင်အထက်တွင် မြင်လိုက်ရသည်။


၎င်းက သာမန်ရေလှိုင်းများနှင့် ကွာခြားနေသည်။ တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် သက်ရှိတစ်ယောက်ယောက်က ရေထဲသို့ ပြုတ်ကျပြီး ရုန်းကန်နေသည့်ပုံနှင့်တူသည်။

    

ခဏအကြာတွင် လှိုင်းဂယက်များပျောက်ကွယ်သွားသည်။


Xxxxxxx