အပိုင်း ၆၃
Viewers 15k

Chapter 63


လှိုင်းဂယက်များပျောက်ကွယ်သွားသည်နှင့် ရွှယ်ယန်နှင့်နှလုံးသားက အလုပ်လုပ်ခြင်း ရပ်တန့်သွားလုမတတ်ဖြစ်သွားသည်။


အဲဒါ ကျွင်းဟွိုင်လန်များလား...

    

ရှေ့သို့ အမြန်ပြေးလာပြီး ရေကန်ဘေးရောက်လာသည့်အခါ ရုန်းရင်းဆန်ခတ်ဖြစ်ထားပုံရသည့် ခြေရာများကို မြင်တွေ့လိုက်ရသည်။ အလင်းရောင်မှိန်ဖျော့ဖျော့အောက်တွင် ရေထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ အပြာနုရောင်ဝတ်ရုံစလေးကို ဝိုးတဝါးတွေ့မြင်လိုက်ရသည်။


အဲဒါ ကျွင်းဟွိုင်လန်ပဲ...


ရွှယ်ယန်၏စိတ်ထဲ ချက်ချင်း ဗလာကျင်းသွားသည်။ သူ ဘာမှ မတွေးနိုင်တော့ပဲ အပေါ်ထပ်ဝတ်ရုံကို ကန်ဘေးတွင် ချွတ်ကာ ရေထဲခုန်ချသွားသည်။

    

အောက်ဘက်ရှိ ဝတ်ရုံတစ်ထပ်က ရေများဖြင့်စိုရွှဲသွား၍ လေးလံပြီး လှုပ်ရှားမှုများကို ပိုမိုခက်ခဲလာစေသော်လည်း ရွှယ်ယန်က ၎င်းကို သတိမပြုမိတော့ပေ။ သူ ချက်ချင်းပင် ရေအောက်ထဲ ကူးခတ်သွားပြီး ကန်အောက်ခြေနားသို့ရောက်ချိန်တွင် မနီးမဝေးတွင်ရှိသော အပြာနုရောင်ပုံရိပ်လေးကို မြင်လိုက်ရသည်။

    

ထိုလူက လှုပ်ရှားမှုမရှိတော့ပဲ မြှားဖြင့် အပစ်ခံလိုက်ရသည့် ငှက်တစ်ကောင်သဖွယ် အောက်သို့ တဖြည်းဖြည်းကျနေသည်။

    

သူ့ပုံစံကို မြင်လိုက်ရသည့်အခါ ရွှယ်ယန်၏ နှလုံးသားကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားပြီး သွေးများထွက်လာသကဲ့သို့ပင် ခံစားလိုက်ရကာ စိတ်ထဲတွင် နာကျင်သွားပြီး အံတင်းတင်းကြိတ်ထားမိသည်။


သူ့စိတ်ထဲတွင် ဗလာကျင်းသွားသော်လည်း အလိုလိုတုံ့ပြန်မှုကြောင့် ကျွင်းဟွိုင်လန်ရှိရာဘက်သို့ အမြန်ရေကူးသွားသည်။

  

ကံကောင်းသည်မှာအနားသို့ချဉ်းကပ်သွားချိန်တွင် ကျွင်းဟွိုင်လန်၏ပါးစပ်မှ ပူစီဖောင်းလေးများထွက်နေသည်ကို သူမြင်လိုက်ရသည်။

    

တော်ပါသေးရဲ့ အသက်ရှင်နေသေးတယ်...


ရွှယ်ယန်က ရှေ့တိုးသွားပြီး အောက်သို့တဖြည်းဖြည်းမြုပ်နေသော ကျွင်းဟွိုင်လန်၏ခန္ဓာကိုယ်ကို ရင်ခွင်ထဲထည့်ထားလိုက်သည်။

    

ယခုလက်ရှိအချိန်တွင် ကျွင်းဟွိုင်လန်၏တစ်ကိုယ်လုံးမှာ ထိုက်ယဲ့ရေကန်၏ ရေခဲတမျှအေးနေသောရေများကြောင့် အလွန်အမင်း အေးစက်နေပြီဖြစ်သည်။


ရွှယ်ယန် အံကြိတ်ထားပြီး သူ့တစ်ကိုယ်လုံးတုန်ယင်လာကာ မျက်လုံးများလည်း နီရဲလာသည်။


ကျွင်းဟွိုင်လန်က သူကိုယ်တိုင် အသက်ရှုနိုင်စွမ်းမရှိတော့ပေ။ ရွှယ်ယန် သူ့ကိုဆွဲခေါ်သွားချိန်တွင်  သူ့ပါးစပ်မှ ပူစီဖောင်းများထွက်လာပြီး ရေထဲတွင် ချောင်းများဆိုးနေသည်။


ရွှယ်ယန်၏စိတ်ထဲတွင် ဘာမှမစဉ်းစားနိုင်ဖြစ်သွားသည်။ ကျွင်းဟွိုင်လန်ကို လက်တစ်ဖက်ဖြင့် သူ့ဘက်ကိုဆွဲကပ်ထားပြီး အခြားလက်တစ်ဖက်က မေးစေ့ကိုကိုင်ထားကာ ရှေ့သို့တိုးလာပြီး သူ့ဆီမှ နွေးထွေးသောလေများကို ကျွင်းဟွိုင်လန်ဆီသို့ ရောက်အောင် နှုတ်ခမ်းချင်းထိပြီး ထည့်ပေးလိုက်သည်။

    

နှုတ်ခမ်းချင်းထိကပ်သွားချိန်တွင် ကျွင်းဟွိုင်လန်၏ နူးညံ့သောနှုတ်ခမ်းလေးက အေးစက်နေပြီဖြစ်သည်။


အချိန်အနည်းငယ်ကြာပါက သူ့ရှေ့မှလူက အချိန်မရွေးပျောက်ကွယ်သွားနိုင်သောကြောင့် ရွှယ်ယန်က အခြားကိစ္စများကို မတွေးနိုင်တော့ပေ။ ကျွင်းဟွိုင်လန်၏ မေးစေ့ကိုကိုင်ပြီး နှုတ်ခမ်းများကို နောက်တစ်ကြိမ်ဖိကပ်ကာ အသက်ရှုရလွယ်အောင် ပြုလုပ်ပေးလိုက်ပြီးနောက် ရေကူးလာခဲ့သည်။


ကံကောင်းသည်မှာ ရွှယ်ယန်က ရေကူးကျွမ်းကျင်သူဖြစ်၍ ခဏအကြာတွင် ကျွင်းဟွိုင်လန်ကို ရေမျက်နှာပြင်ပေါ်အထိရောက်အောင် ခေါ်လာနိုင်ခဲ့သည်။


သူက ရေထဲတွင်လည်း အေးဆေးနေနိုင်သူတစ်ယောက်ဖြစ်သော်လည်း ယနေ့ကဲ့သို့ တစ်ခါမှ အစွမ်းကုန် မကြိုးစားခဲ့ဖူးပေ။  ပို၍ ဝေးဝေးမသွားနိုင်ကာ အားအင်ကုန်ခမ်းလာသည့်အတွက် သူ့ကိုယ်သူ မုန်းတီးလာခဲ့သည်။ ကန်ရေပြင်ပေါ်သို့ရောက်သည့်အခါ ရေကူးလာသောလက်တစ်ဖက်က နာကျင်ကိုက်ခဲနေပြီဖြစ်သည်။


သို့ရာတွင် သူ ဂရုမစိုက်ပဲ ရေကန်ဘေးအထိ အပြင်းအထန် ကူးခတ်ခဲ့သည်။


 ကျွင်းဟွိုင်လန်က အပေါ်သို့ ဦးစွာတင်ပေးလိုက်ပြီးမှ ခုန်ထွက်လာခဲ့သည်။


ဆောင်းလေပြည်က ရေစိုနေသော သူ့ဝတ်ရုံပေါ်သို့ ရုတ်ချည်းတိုက်ခတ်လာ၍ ခန္ဓာကိုယ်တစ်ခုလုံးကို ထုံကျဉ်သွားစေသော်လည်း သူလုံးဝ မခံစားနိုင်ဖြစ်နေသည်။  ကျွင်းဟွိုင်လန်၏ ဘေးနားတွင် ထိုင်ချလိုက်ပြီးနောက် နှလုံးခုန်နှုန်းစမ်းကြည့်နေသည်။


အသက်ရှုသံမျှင်းမျှင်းသာရှိတော့ပြီး သူ့နှုတ်ခမ်းများလည်း ပြာနှမ်းနေပြီဖြစ်သည်။

    

သူ့ရင်ဘတ်က ပိန်လိုက်ဖောင်းလိုက်ဖြင့် အသက်ရှုမနေတော့ပဲ တစ်ကိုယ်လုံး လှုပ်ရှားမှုကင်းမဲ့နေသည်။ သူ့ပုံစံကြောင့် ရွှယ်ယန်၏နှလုံးသားကို ကြိုးဖြင့်ခပ်တင်းတင်းချည်နှောင်ထားသကဲ့သို့ ခံစားလိုက်ရပြီး ထိတ်ထိတ်ပျာပျာဖြစ်လာကာ ရင်ထဲတွင် နာကျင်မှုတစ်မျိုးကိုပါ ခံစားလိုက်ရပြီး တဆတ်ဆတ်တုန်ယင်လာသည်။

 

အခြားအရာများကို ဂရုမစိုက်နိုင်တော့ပဲ  ကျွင်းဟွိုင်လန်၏ ရေစိုနေသောအဝတ်အစားနှင့် ဝတ်ရုံကိုချွတ်ကာ ရေကန်ဘေးတွင် သူချွတ်ထားခဲ့သော ဝတ်ရုံဖြင့် တစ်ကိုယ်လုံးကို ခပ်တင်းတင်းရစ်ပတ်ပေးလိုက်သည်။

 

ရွှယ်ယန်၏ လက်များက တုန်ယင်နေသည်။  ကျွင်းဟွိုင်လန်ကို ဝတ်ရုံဖြင့် တင်းတင်းပတ်ထား‌ပြီးနောက် ရင်ခွင်ထဲတွင် ဖက်ထားပြီး နွေးထွေးလာအောင် ကြိုးစားပေးနေသည်။


သို့ရာတွင်  ကျွင်းဟွိုင်လန်က မျက်လုံးပွင့်မလာသေးပေ။

    

ရွှယ်ယန်၏စိတ်ထဲတွင် ကမောက်ကမဖြစ်နေပြီ ဖြစ်သည်။


သူက  ကျွင်းဟွိုင်လန်ကို ပွေ့ချီပြီး နန်းတွင်းသမားတော်ထံသို့ ချက်ချင်းခေါ်သွားလိုသော်လည်း လူတစ်ယောက်ရေနစ်ပါက အဆုတ်ထဲရေဝင်ကာ သေဆုံးနိုင်သည်အထိ ဖြစ်သွားနိုင်သည်ကို ရုတ်တရက် သတိရသွားသည်။ သို့ဖြစ်၍ အဆုတ်ထဲမှရေများကို ‌ချက်ချင်းထုတ်ပစ်ရန်  မကြိုးစားပါက အချိန်အတန်ကြာသွားလျှင် အသက်အန္တရာယ်ရှိသွားနိုင်သည်။

    

ရွှယ်ယန်က တုန်ယင်စွာဖြင့်ပင်  ကျွင်းဟွိုင်လန်ကို မြေပြင်ပေါ် ပြန်လှဲချလိုက်ပြီး သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိလိုက်သည်။

    

 သို့သော်လည်း နူးညံ့သည့်ကြွေထည်တစ်ခုကို ထိကိုင်နေရသကဲ့သို့ သူ့အင်အားကို ထိန်းချုပ်ထားမိသည်။ အားပြင်းပြင်းမလုပ်ရဲသော်လည်း ထိုအားလောက်ဖြင့် အဆုတ်ထဲမှ ရေများပြန်မထွက်လာမည်ကို ကြောက်နေမိသည်။

    

ဤကဲ့သို့ ထိတ်ပျာမှုနှင့် စိုးရိမ်မှုများကို ရွှယ်ယန့်ဘဝတွင် တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

    

ဂရုတစိုက်ဖြင့် ရင်ဘတ်ကိုဖိနေပြီးနောက် ခဏအကြာတွင် သူ့နဖူးပြင်ပေါ်၌‌ ချွေးစေးများထွက်လာသည်။

    

သို့ရာတွင်  ကျွင်းဟွိုင်လန်က နိုးလာမည့် အရိပ်အယောင် မပြပေ။


ရွှယ်ယန်၏ရင်ထဲတွင် ဆောက်တည်ရာမရဖြစ်နေပြီး သူ့မျက်လုံးများလည်းနီရဲလာသည်။ စိတ်ထဲတွင် ဗလာကျင်းနေ၍ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ။ သွားကိုဖိကြိတ်ထားပြီး သူ့လက်ဖဝါးမှအားကို ထိန်းချုပ်ကာ  ကျွင်းဟွိုင်လန်၏ရင်ဘတ်ကို ထပ်ခါထပ်ခါ ဖိပေးနေသည်။

     

ထိုအချိန်တွင် စိတ်ထင်ယောင်ထင်မှားဖြစ်သကဲ့သို့ ချောင်းဆိုးသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူ့မျက်လုံးများက  ကျွင်းဟွိုင်လန်၏မျက်နှာထက်သို့ လျင်မြန်စွာရောက်သွားသည်။


အမြင်မှားတာ မဟုတ်ဘူးပဲ သူတကယ် ချောင်းဆိုးနေတာ...

   

  ကျွင်းဟွိုင်လန် ချောင်းခဏဆိုးနေပြီးနောက် မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။

    

မျက်လုံးပွင့်လာသော်လည်း သူ့ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။ သူ့မျက်လုံးထဲ ဝေဝါးနေသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ အလွန်အေးလွန်း၍ ရေခဲလိုဏ်ဂူကြီးထဲရောက်နေသည်ဟု ထင်လိုက်ပြီး တုန်ယင်နေရန် အင်အားပင် မရှိတော့ပေ။


ထို့နောက် ကမ္ဘာကြီးက တစ်ပတ်လည်သွားသကဲ့သို့ ထင်လိုက်သည်။


သူ ရေများဖြင့် စိုရွှဲနေသော်လည်း ခြောက်သွေ့သော သားမွေးဝတ်ရုံတစ်ထည်ဖြင့် ရစ်ပတ်ထားသည်။ တစ်စုံတစ်ယောက်က သူ့ကိုရင်ခွင်ထဲထည့်ကာ ခပ်တင်းတင်းဖက်ထားသည်။

    

 ကျွင်းဟွိုင်လန် ရုတ်တရက် မျက်လုံးဖွင့်လိုက်ချိန်တွင် မှုန်ဝါးဝါးအလင်းရောင်အောက်၌ ရွှယ်ယန်၏ မျက်နှာကို မြင်လိုက်ရဟည်။


သူ့ဦးနှောက်က အေးခဲထုံကျဉ်လွန်းနေ၍ အလုပ်မလုပ်နိုင်ဖြစ်နေ၍ အသိစိတ်ပြန်ကပ်လာရန် ခဏခန့် အချိန်ယူလိုက်ရသည်။


ရွှယ်ယန်လား...


ရွှယ်ယန်က ဘယ်လိုလုပ်ရောက်လာပြီး သူ့ကိုကယ်လိုက်တာလဲ...

 

ပါးစပ်ဟ၍ ရွှယ်ယန့်ကို စကားပြောချင်သော်လည်း ယခုအချိန်တွင် တစ်ကိုယ်လုံးတောင့်တင်းနေ၍ နှုတ်ခမ်းများတွင်လည်း အာရုံခံစားမှုမရှိဖြစ်နေသည်။

    

ရွှယ်ယန်က အဘယ့်ကြောင့် သူ့ကို ရင်ခွင်ထဲတွင် ခပ်တင်းတင်းပွေ့ဖက်ထားသည်ကို မသိပေ။  သူ၏ကြောက်ရွံ့မှုနှင့် ခေါင်းထဲမှ ကိုက်ခဲမှုများကို သက်သာလိုသက်သာငြားဖြစ်အောင် နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်သည်။


ရွှယ်ယန်က သူ့ကို ကြည့်နေသည်။

  

ရွှယ်ယန်၏ မျက်ဝန်းများက နီရဲလာပြီး ထိုပယင်းရောင်မျက်ဝန်းများထဲတွင် မြူများဖြင့် အုံ့ဆိုင်းနေကာ ကျွင်းဟွိုင်လန်ကို စိုက်ကြည့်နေသည်။

    

  " မင်း... နိုးလာပြီလား..."


ရွှယ်ယန် အက်ရှရှအသံဖြင့် သူ့ကို‌စကားပြောလိုက်ချိန်တွင် သူ့မျက်ဝန်းထဲမှ မျက်ရည်စများက ပါးပြင်ပေါ်မှတစ်ဆင့် ကျွင်းဟွိုင်လန်၏ အေးစက်နေသည့်လက်‌ပေါ်သို့ ကျဆင်းလာသည်။


ကျွင်းဟွိုင်လန်ကို ရွှယ်ယန် ကယ်တင်ပြီးသည့်နောက်ပိုင်းတွင် အပြင်းအထန် ‌နာမကျန်းဖြစ်ခဲ့သည်။


နန်းတွင်းတစ်ခုလုံးတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။


ယုံနင်မင်းသားလေးက သတိလစ်သွားခဲ့ပြီး အဝတ်အစားများတွင် ရေများစိုရွှဲနေသည့် မင်းသား၅က သူ့ကို ယုံလဲ့နန်းဆောင်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ သူ အကြောင်းအရင်းမသိရပဲ ရေကန်ထဲပြုတ်ကျသွား၍ ထိုအချိန်တွင် မင်းသား၅က ရောက်လာပြီး ကယ်တင်ပေးခဲ့သည်ဟုလည်း ပြောကြသည်။

    

ဧကရာဇ်ချင်းဖျင်က ကျွင်းဟွိုင်လန်ကို ယုံလဲ့ခန်းမဆောင်၏ ဘေးဘက်အဆောင်သို့ အမြန်ခေါ်သွားကာ နန်းတွင်းသမားတော်ကို ပင့်ရန်အတွက် လင်းဖူကိုချက်ချင်းခေါ်လိုက်သည်။

    

ယုံနင်မင်းသားလေးက ကြောက်လန့်သွားခြင်းသာဖြစ်ပြီး ရေနစ်ထားသည့် လက္ခဏာမတွေ့ရ၍ ဆေးနှစ်ဖုံတိုက်ပါက ပျောက်ကင်းနိုင်ကြောင်း နန်းတွင်းသမားတော်က မူလကပြောပြခဲ့သည်။ သို့သော် ညသန်းခေါင်ယံအချိန်တွင် ကျွင်းဟွိုင်လန်၏အဖျားက တဖြည်းဖြည်းချင်း ပိုဆိုးလာခဲ့၍ နန်းတွင်းသမားတော်သည်ပင် ထိတ်လန့်သွားပြီး ဘာလုပ်ရမည်မသိ ဖြစ်ခဲ့သည်။

    

မင်းမျိုးနွယ်များနှင့် မှူးမတ်များကလည်း နန်းတွင်းမှ မြန်မြန်ထွက်ခွာသွားကြပြီး ကျွင်းမိသားစုကလည်း နန်းဆောင်အပြင်ဘက်တွင် စိုးရိမ်တကြီးစောင့်နေကြသည်။ ယနေ့တွင် ကိစ္စကြီးကြီးမားမားဖြစ်ပျက်ခဲ့ခြင်းဖြစ်၍ ဧကရာဇ်က မြို့စားမင်းယုံနင်ကို နန်းတွင်း၌ခေတ္တနေထိုင်ရန် ဖျောင်းဖျခဲ့သည်။

    

ကိုယ်လုပ်တော်ရှု့ကလည်း ဘေးဘက်အဆောင်တွင်သာနေသည်။  


သူမက အခြားလူများကို ပြုစုစောင့်ရှောက်ရသည့်ကိစ္စများကို တစ်ကြိမ်တစ်ခါမှ မပြုလုပ်ဖူးသော်လည်း  ယခုချိန်တွင်ပင် ရပ်ကြည့်မနေနိုင်တော့ပဲ ရေဆွတ်ထားသော လက်ကိုင်ပဝါကို ကျွင်းဟွိုင်လန်၏နဖူးပေါ်တွင် တင်ပေးထားပြ ခြေလက်များကိုလည်း သုတ်ပေးနေသည်။

    

သို့ရာတွင် ကျွင်းဟွိုင်လန်က တစ်ချိန်လုံး သတိလစ်နေခဲ့သည်။ သူ့မျက်လုံးများက အလွန်ပူပြင်းနေ၍ မျက်လုံးပင် မဖွင့်နိုင်ဖြစ်ကာ ကိုယ်အပူချိန်လည်း မကျသွားခဲ့ပေ။

    

ရွှယ်ယန်က ဘေးနားတွင် ငြိမ်သက်စွာရပ်နေသည်။


အပျိုတော်များက ကိုယ်လုပ်တော်ရှု့အတွက် ရေအေးများလဲလှယ်ပေးရန်ယူလာသည်။ သူမ ကုတင်ဘေးတွင်ထိုင်နေပြီး ခဏအကြာတွင် မျက်ရည်များကို တိတ်တဆိတ်သုတ်နေသည်။


ခဏအကြာတွင် သူမပြောလိုက်သည်။

" အဝတ်အစားတွေသွားလဲလိုက်..."


ထိုအချိန်တွင် အပြင်ဘက်၌ အသင့်စောင့်ဆိုင်းနေကြသော မိန်းမစိုးများနှင့် အပျိုတော်များမှလွဲလျှင် သူမနှင့် ရွှယ်ယန်နှစ်ယောက်တည်းသာ ရှိနေသည်။  ရွှယ်ယန်က ပြန်ရောက်လာသည့်အချိန်တည်းက ထိုနေရာတွင်ရပ်နေခြင်းဖြစ်ပြီး ရေစိုအဝတ်များကိုသာ ဝတ်ထားသည်။


ရွှယ်ယန်က လုံးဝမလှုပ်ပေ။

    

ကိုယ်လုပ်တော်ရှု့က သူ့ဘက်လှည့်လာပြီး ဆူပူကြိမ်းမောင်းတော့သည်။

" မင်း ငါပြောတာ မကြားဘူးလား... နောက်တစ်ယောက်ပါ နေမကောင်းဖြစ်မယ်ဆို ငါမပြုစုပေးနိုင်တော့ဘူး... ဘာလို့ အဝတ်သွားမလဲတာလဲ..."


ထိုအချိန်တွင် နန်းတွင်းသူတစ်ယောက်က ဆေးပန်းကန်ကိုကိုင်လာပြီး ကုတင်ဘေးတွင်စောင့်ဆိုင်းနေသော နန်းတွင်းသူကို လက်ဆင့်ကမ်းပေးလိုက်သည်။


နန်းတွင်းသမားတော်က  ကျွင်းဟွိုင်လန်ဆေးသောက်သည်ကိုကြည့်ရန် သူမနောက်မှလိုက်လာသည်။


" သမားတော်ကြီး အခြေအနေဘယ်လိုရှိလဲ..."

ကိုယ်လုပ်တော်ရှု့က ကတိုက်ကရိုက်မေးလိုက်သည်။

  

" ရှင် ပြောတော့ ဆေးနှစ်ဖုံသောက်ပြီးရင် အဖျားကျသွားမယ်ဆို... အခု တဖြည်းဖြည်း ပိုတောင်ဆိုးလာသလိုပဲ..."


ထိုစကား‌များကြားရသည့်အခါ နန်းတွင်းသမားတော်က ကိုယ်လုပ်တော်ရှု့၏ရှေ့တွင် ဒူးထောက်ချလိုက်သည်။

    

" အရှင်မ... ကျွန်တော်မျိုးလည်း သေချာမသိတော့ပါဘူး... ဒီလိုဖြစ်တာမျိုး တစ်ခါမှ မကြုံဖူးပါဘူး... အရှင့်သားရဲ့နှလုံးခုန်နှုန်းစမ်းကြည့်တော့ သာမန်အအေးမိတာပါပဲ... ဒါပေမဲ့ သေချာကြည့်လေ နတ်ဆိုးဝိညာဥ်ကြောင့်ဖြစ်တာလို့ ထင်ရလေပါပဲ..."

  

သူက ပြောပြောဆိုဆိုနှင့် ခေါင်းမော့၍ ဘေးနားမှ ရွှယ်ယန်ကို တုန်ယင်စွာကြည့်လိုက်သဖြင့် သူ့စကားများ၏ နက်ရှိုင်းသောအဓိပ္ပါယ်ကို သက်သေပြနေသကဲ့သို့ပင်။

    

ကိုယ်လုပ်တော်ရှု့က ခဏတာ အံ့အားသင့်သွားပြီးနောက် ဒေါသထွက်လာကာ ဘေးနားမှ ပန်းကန်လုံးအလွတ်ကို နန်းတွင်းသမားတော်၏ဘေးသို့ ပစ်လိုက်သည်။

    

" ငါ မင်းကို ဆေးပဲကုခိုင်းတာ အဓိပ္ပါယ်မရှိတာတွေ လာမပြောခိုင်းဘူး... မင်းက ဆေးပညာမှာမ‌ထူးချွန်တာနဲ့ပဲ လန်အာက နတ်ဆိုး‌ကြောင့် နေမကောင်းဖြစ်တယ်ဆိုပြီး ဖြစ်သွားရောလား... မင်းက ပဲ နတ်ဆိုးဖြစ်မှာ... အရှင်မင်းကြီးက မင်းလို နတ်ဆိိုးဝိညာဉ်မျိုးကို ခေါင်းဖြတ်ပစ်ဖို့ အချိန်တန်ပြီထင်တယ်..."

ကြွေပန်းကန်လုံး ကျကွဲသွားသံကြောင့် နန်းဆောင်ထဲမှလူအားလုံး တုန်ယင်ကုန်ကြသည်။

    

 နန်းတွင်းသမားတော်က ပစ်ပေါက်လိုက်သည့် ပန်းကန်လုံးကြောင့် ကြောက်လန့်သွားပုံရကာ ကြမ်းပြင်နှင့်ဦးခေါင်းကို အကြိမ်အနည်းငယ်ထိကာ တောင်းပန်ပြီးနောက် အပြင်သို့ ခပ်မြန်မြန်ထွက်သွားသည်။


သူ ထွက်သွားချိန်တွင် ရွှယ်ယန်က တစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် ထိုလူပြေးထွက်သွားသည့်နေရာကို အေးစက်စက်ဖြင့် လိုက်ကြည့်နေသည်။


ဤနေရာက ဧကရာဇ်ချင်းဖျင်နေထိုင်ရာ နန်းဆောင်ဖြစ်သည်။


သို့ရာတွင် ကိုယ်လုပ်တော်ရှု့က လုံးဝ ဂရုမစိုက်ပေ။ သူမ မျက်ရည်များကို သုတ်ပစ်ပြီးနောက် ကျွင်းဟွိုင်လန်ကို ပန်းကန်လုံးထဲမှဆေးကိုတိုက်ရန် နန်းတွင်းသူကို ညွှန်ကြားလိုက်သည်။


ရွှယ်ယန်၏ အကြည့်များက ဆေးပန်းကန်လုံးအပေါ်ရောက်သွားပြီးနောက် ကျွင်းဟွိုင်လန်၏မျက်နှာကို လှမ်းကြည့်လိုက်သည်။

    

သူ့မျက်နှာက ယခုချိန်တွင် ‌အဖျားကြောင့် နီရဲလာပြီး မျက်လုံးများက မှိတ်နေဆဲဖြစ်ကာ ကော့ညွတ်နေသည့် မျက်တောင်များက သူ့မျက်နှာပေါ်တွင် အရိပ်ကျနေသည်။


ရွှယ်ယန် အချိန်အတော်ကြာသည်အထိ သည်းခံနေရ၍ သူ့မျက်လုံးများ နီရဲလာသည်။


" ပိုင်ကျီ..."


ခဏအကြာမှ ကျွင်းဟွိုင်လန်ထံမှ အကြည့်လွှဲလိုက်ပြီး အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။


" ထွက်လာခဲ့..."

    

    ——

    

Xxxxxxxx