Chapter 64
ဧကရာဇ်ချင်းဖျင်ရှိရာနန်းဆောင်ကို မီးများထိန်လင်းစွာ ထွန်းညှိထားသည်။
သလွန်ပေါ်တွင် လှဲလျောင်းနေသည်က ကြာပြီဖြစ်သော်လည်း အိပ်မပျော်နိုင်ဖြစ်နေသည်။
လွန်ခဲ့သည့် ၂နှစ်အတွင်းတွင် ရှု့မိသားစုက သူ့အပေါ် ရိုးဖြောင့်မှုမရှ်ိကြောင်းကို သိသိသာသာ ခံစားမိခဲ့သည်။ ကျန်းမိသားစုမှ ပညာရှင်များကလည်း အုပ်စုဖွဲ့ထားကြသော်လည်း မည်သည့်ကိစ္စကိုမှ လက်တွေ့မဆောင်ရွက်ပေးပေ။
ညီလာခံတစ်ခုလုံးတွင် သူယုံကြည်ရပြီး အသုံးဝင်နိုင်သည့်လူလည်း တစ်ယောက်မှ မရှိပေ။
သို့ဖြစ်၍ မည်သည့်အသင်းအဖွဲ့တွင်မှ မပါဝင်သော ယုံနင်မြို့စားကို ညာလက်ရုံးအဖြစ်ခန့်အပ်ခဲ့သည်။ သူ့ကို နှစ်သစ်ကူးပြီးပါက ကျန်းနန်သို့ပို့ရန် စီစဉ်ထားခဲ့သော်လည်း ဤကဲ့သို့ အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာခဲ့သည်။ နန်းတွင်းတွင်နေထိုင်သော သူ၏အကြီးဆုံးသားထံတွင် ပြဿနာဖြစ်လာခဲ့သည်။
ဧကရာဇ်ချင်းဖျင်က စိတ်အနှောင့်အယှက်ဖြစ်လွန်း၍ မအိပ်နိုင်ဖြစ်နေသောကြောင့် လင်းဖူကိုခေါ်ကာ လတ်ဆတ်သည့် လက်ဖက်ရည်ကြမ်းတးစ်ခွက် ငှဲ့ခိုင်းလိုက်သည်။
" ဘယ်လိုဖြစ်လို့ အခြေအနေက ပိုပြီးဆိုးလာရတာလဲ... သူက ရေနစ်သွားတာမလား... မင်း ဘယ်လို နန်းတွင်းသမားတော်ကို ခေါ်လာတာလဲ..."
လင်းဖူက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
လင်းဖူက အလျင်အမြန် ပြန်ဖြေသည်။
" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ကျွန်တော်မျိုးခေါ်ခဲ့တဲ့သူက နန်းတွင်းဆေးကုသဆောင်က သမားတော်ကျူးပါ... သူက ဆေးပညာကို တစ်ဖက်ကန်းခတ်အောင် ကျွမ်းကျင်တဲ့လူတစ်ယောက်ပါ အရှင်မင်းကြီးလည်း သိပါတယ်..."
ဧကရာဇ်ချင်းဖျင်က မျက်ခုံးနှစ်ဖက်ကို လက်ဖြင့်ဖိနေပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" ထူးဆန်းနေတယ်..."
သူ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် တံခါးဝမှ မိန်းမစိုးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
" အရှင်မင်းကြီး နန်းတွင်းသမားတော်က တွေ့ခွင့်တောင်းနေပါတယ်..."
ဧကရာဇ်ချင်းဖျင်က လက်မြှောက်ပြကာ ပြန်ဖြေလိုက်သည်။
" ဝင်ခိုင်းလိုက်..."
ခဏအကြာတွင် နန်းတွင်းသမားတော်ကျူးက သူ့ရှေ့တွင် ဒူးထောက်လာသည်။
" ယုံနင်မင်းသားက ဘာဖြစ်တာလဲဆိုတာ ကိုယ်တော့်ကိုပြောပါဦး..."
ဧကရာဇ်ချင်းဖျင်က သူ့ကို လက်ကာပြလိုက်ပြီး မတ်တပ်ထခိုင်းကာ မေးလိုက်သည်။
" မြို့စားမင်းယုံနင်က ကိုယ်တော့်ရဲ့လက်အောက်က အမတ်တစ်ယောက်ပဲ... သူ့သားတစ်ခုခုဖြစ်ရင် ကိုယ်တော် မောင်မင်းကို ခေါင်းဖြတ်ပစ်မယ်..."
သမားတော်ကျူးက ကြမ်းပြင်နှင့်ဦးခေါင်းကိုထိထားသည်။
" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... မင်းသားလေးရဲ့ ဖျားနာမှုကို ကျွန်တော်မျိုးလည်း ဘာမှမလုပ်နိုင် ဖြစ်နေပါတယ်..."
ဧကရာဇ်ချင်းဖျင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားကာ ဒေါသထွက်လာသည်။
" မောင်မင်းက ဘာမှ မလုပ်နိုင်ဘူပေါ့ဟုတ်လား... အအေးမိတာလေးပဲကို မောင်မင်း ဘာမှမလုပ်နိုင်စရာအကြောင်းလို့လား... မင်းကို နန်းတွင်းဆေးကုသဆောင်မှာထားတာ ဘာများအသုံးဝင်လဲ..."
နန်းတွင်းသမားတော်ကျူးက အမြန်လျှောက်တင်လိုက်သည်။
" အရှင်မင်းကြီး မင်းသားလေးဖြစ်တာက သာမန်အအေးမိတာမျိုး မဟုတ်ပါဘူး..."
" အဲဒါဆို ဘာဖြစ်တာလဲ..."
သမားတော်ကျုးက တုန်တုန်ယင်ယင်နှင့် ခေါင်းမော့လိုက်ပြီး ဧကရာဇ်၏နောက်တွင်ရပ်နေသော လင်းဖူနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
" မင်းသားလေးရဲ့ လက္ခဏာတွေက... မသန့်စင်မှုတွေရဲ့ ထိန်းချုပ်ခံထားရပြီး နတ်ဆိုးဝိညာဉ်ကြောင့် ဖြစ်နေသလိုမျိုးပါ..."
နတ်ဆိုးဟူသည့်စကားထွက်ပေါ်လာသည်နှင့် နန်းဆောင်တစ်ခုလုံးတွင် အပ်ကျသံပင်ကြားရသည်အထိ တိတ်ဆိတ်သွားသည်။
ဧကရာဇ်ချင်းဖျင်က တဖြည်းဖြည်း မျက်မှောင်ကြုတ်လိုက်ပြီးနောက် အက်ရှရှအသံဖြင့် မေးလိုက်သည်။
" မောင်မင်း ဘာပြောလိုက်တာလဲ..."
သမားတော်ကျူးက တုန်ယင်စွာဖြင့် နောက်တစ်ကြိမ်ထပ်ပြောသည်။
" မင်းသားလေးရဲ့ လက္ခဏာတွေက နတ်ဆိုးကြောင့်ဖြစ်တယ်လို့ပြောတာပါ မင်းကြီး..."
လင်းဖူ၏လက်များ တုန်ယင်သွား၍ လက်ထဲတွင်ကိုင်ထားသည့် လက်ဖက်ရည်ကြမ်းအိုးမှရေများ မှောက်ကျကုန်သည်။
ဧကရာဇ်ချင်းဖျင် မော့ကြည့်လိုက်သည့်အခါ သူ့ဘေးနားမှ လင်းဖူက မျက်လုံးသူငယ်အိမ်များမှေးကျဉ်းသွားပြီး တီးတိုးပြောလိုက်သည်။
" အရှင်မင်းကြီး... လာပါ့ပွဲတော်နေ့က ချင်ထျန်ကျန့်..."
ထိုအကြောင်းပြောနေချိန်တွင် နောက်ဆက်တွဲစကားများကို ဆက်မပြောရဲတော့သည့်ပုံဖြင့် ကြောက်လန့်တကြားဖြစ်နေသည်။
သူဆက်မပြောသော်လည်း ဧကရာဇ်ချင်းဖျင်က သူပြောနေသည့်ကိစ္စကိုသိသည်။
လာပါ့ပွဲတော်နေ့တွင် နတ်ဆိုးကြယ်က ပြောင်းလဲလာပြီး ကပ်ဆိုးများဖြစ်ပေါ်လာလိမ့်မည်ဟု ချင်ထျန်ကျန့် ပြောခဲ့သည်။ ထို့အပြင် လင်းထိုက်လန် တွက်ချက်ခဲ့သော ကပ်ဆိုးဖြစ်မည့်ကာလက နှစ်သစ်ကူးမတိုင်မီဖြစ်သည်။
ယနေ့က ဆယ့်နှစ်လမြောက်လ၏ ၃၀ရက်နေ့ဖြစ်ကာ နှစ်သစ်ကူးမရောက်မီ တစ်ညအလိုဖြစ်သည်။
ဧကရာဇ်ချင်းဖျင်က သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကိုပင် ကောင်းကောင်းမကိုင်နိုင်တော့ပေ။
ဒါဆိုရင် ကျွင်းဟွိုင်လန်ကို ဒုက္ခပေးတဲ့ နတ်ဆိုးက ရွှယ်ယန်လား...
သူက ရွှယ်ယန်နှင့်အတူ မင့်လွမ်နန်းဆောင်တွင် နေထိုင်ခြင်းဖြစ်ပြီး သူတို့နှစ်ယောက်သားကလည်း ရင်းနှီးကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း ကျွင်းဟွိုင်လန်က အိမ်မက်ဆိုးများမက်ကြောင်း သူကြားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ရွှယ်ယန်နှင့် နှစ်ယောက်တည်းထွက်သွားစဉ် ဤသို့ဖြစ်လာခြင်းပင်။
ဧကရာဇ်ချင်းဖျင် ငြိမ်ကျသွားသည်။
" မောင်မင်းပြောတာ အမှန်ပဲလား... လိမ်ညာတဲ့စကား တစ်ဝက်လောက်ပါနေတယ်ဆိုရင်ကို မင်းရဲ့ ဆွေစဉ်မျိုးဆက်ကိုးဆက်လုံး ဒဏ်ခတ်ပစ်မယ်..."
နန်းတွင်းသမားတော်က ခေါင်းငုံ့ထားနေဆဲဖြစ်ကာ ဧကရာဇ်ကို မလိမ်ညာကြောင်း ပြသနေသည်။
" ဒါဆိုရင် ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ..."
ဧကရာဇ်ချင်းဖျင် ထပ်မေးလိုက်ပြန်သည်။
" နတ်ဆိုးဝိညာဉ်တွေကို အပနှင်ပေးနိုင်တဲ့သူရှိ မရှိ တစ်ယောက်ယောက်ကို ချင်ထျန်ကျန့်ဆီလွှတ်ပြီး မေးခိုင်းသင့်ပါတယ်..."
ထိုအချိန်တွင် လင်းဖူက ခါးကိုင်းပြီး ဧကရာဇ်ကို တီးတိုးပြောလိုက်သည်။
" အရှင်မင်းကြီး လင်းထိုက်လန်ကို ခေါ်ရင်ရော..."
ဧကရာဇ်က သူ့ကိုကြည့်လိုက်သည်။
လင်းဖူက ဆက်ပြောလိုက်သည်။
" အရှင်မင်းကြီး... နတ်ဆိုးကြယ်အကြောင်းတွေကို ပြောပြခဲ့တာလည်း လင်းထိုက်လန်ပါပဲ... ... သူ့ဆရာရှန့်ရွှမ်နဲ့ ခရီးတူတူသွားနေတုန်းက ရောဂါတွေကို ပျောက်ကင်းအောင်ကုသနည်းတွေကို သင်ကြားခဲ့ဖူးတယ်လို့ ကျွန်တော်မျိုး ကြားဖူးပါတယ်... အဆောင်တစ်ခုကို မီးရှို့လိုက်ပြီးတော့ ရေတစ်ခွက်တိုက်လိုက်ရုံနဲ့တင် ဘယ်ရောဂါမဆိုပျောက်ကင်းပြီး နတ်ဆိုးဝိညာဉ်တွေလည်း အနားမကပ်နိုင်တော့ပါဘူးတဲ့..."
ဧကရာဇ်ချင်းဖျင်က မေးလိုက်သည်။
" တကယ်ပဲလား..."
လင်းဖူက ဧကရာဇ်၏ဘေးတွင် နှစ်ပေါင်းများစွာ ခစားခဲ့သူဖြစ်၍ တစ်ချက်ကြည့်ရုံဖြင့် သူစိတ်လှုပ်ရှားသွားကြောင်းကို ပြောနိုင်သည်။
လင်းဖူ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
" အရှင်မင်းကြီး သူရောက်လာရင် သိပါလိမ့်မယ်..."
ဧကရာဇ်ချင်းဖျင်က သူ့စကားများကိုကြားသည့်အခါ ခဏတာတွေဝေနေပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအချိန်တွင် တံခါးဝမှ မိန်းမစိုး၏ လျှောက်တင်သံကို ကြားလိုက်ရသည်။
" အရှင်မင်းကြီး... မင်းသား၅က တွေ့ခွင့်တောင်းနေပါတယ်..."
ထိုအချိန် ခဏအတွင်းတွင် နန်းဆောင်ထဲမှလူများ၏ မျက်နှာထားများ ပြောင်းလဲကုန်သည်။
လင်းဖူနှင့် သမားတော်ကျူးက ဖျတ်ခနဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏အာရုံကို ဧကရာဇ်ချင်းဖျင်ဘက်သို့ ပြန်ပို့လိုက်သည်။
ဧကရာဇ်ချင်းဖျင်၏ အမူအရာကလည်း ပြောင်းလဲသွားပြီးနောက် ပြောလိုက်သည်။
" ဝင်ခွင့်ပြုလိုက်..."
မိန်းမစိုးလေးက ရွှယ်ယန်ကို ခေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်မှဝတ်ရုံကို မလဲရသေးသော်လည်း မီးလင်းဖိုရှေ့တွင် ကြာမြင့်စွာနေပြီးသည့်အခါ တစ်ဝက်ခန့်က ခြောက်သွားပြီဖြစ်သည်။ အဝေးမှ တစ်ချက်ကြည့်ရုံဖြင့် သူ ရေထဲပြုတ်ကျထားကြောင်းကို သိနိုင်သည်။
ဧကရာဇ်ချင်းဖျင်က လိပ်ပြာမလုံသကဲ့သို့ ခံစားလိုက်ရသည်။
ရွှယ်ယန်၏ ပုံပန်းသွင်ပြင်ကိုသာ ပထမဆုံးအကြိမ် အာရုံစိုက်မိလိုက်သည်အခါ သူနှင့် ကိုယ်လုပ်တော်ရုန်ကို ခွဲခြားကြည့်ရန်က အလွန်ခက်ခဲလှသည်။ သူ့မျက်နှာကိုမြင်သည့်အခါ ကိုယ်လုပ်တော်ရုန်၏အသံ၊ မျက်နှာနှင့် အပြုံးများကို အမှတ်ရမိသွား၍ အကြိမ်အနည်းငယ်ခန့်ကြည့်လိုက်ပြီးသည့်အခါ ရွှယ်ယန်က ကိုယ်လုပ်တော်ရုန်နှင့် အတော်ပင်တူသည်ကို သိလိုက်ရသည်။
ရွှယ်ယန်က ဧကရာဇ်ချင်းဖျင်၏ရှေ့တွင် ဒူးထောက်လိုက်သည်။
" ထပါ... ကိုယ်တော့်ကို ညဘက်ကြီးလာတွေ့တာ ကိစ္စရှိလို့လား..."
ရွှယ်ယန် ခေါင်းမော့၍ သူ့ကိုကြည့်လိုက်သည်။ သု့အမူအရာက တည်ငြိမ်နေကာ အထက်စီးတန်ခြင်းမရှိသကဲ့သို့ နှိမ့်ချနေသည့်အရိပ်အမြွက်လည်း မရှိပေ။
" မင်းကြီးကိုလျှောက်တင်ပါတယ် ... ယုံနင်မြို့စားရဲ့သားက နတ်ဆိုးဝိညာဉ်ရဲ့တိုက်ခိုက်တာကို ခံရတယ်လို့ သမားတော်ကျူးပြောတာကို ကျွန်တော်မျိုးကြားလို့ပါ... အဲဒါကြောင့်မို့ ခမည်းတော်ကို သားတော်ကိုယ်တိုင် လာမေးရတာပါ..."
ထိုကိစ္စကို လူကိုယ်တိုင်လာပြောလိမ့်မည်ဟု မည်သုမျှ မထင်ခဲ့ကြပေ။
ဤကိစ္စကို အားလုံးက သိသော်လည်း မည်သူကမှ ပြောင်ပြောင်တင်းတင်း မပြောရဲကြပေ။
ယခုအခါတွင် ကျွင်းဟွိုင်လန်ကို အင်းကွက်ဖြင့်စီမံထားသောရေကိုတိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သည့် ဧကရာဇ်ချင်းဖျင်မှာ အနည်းငယ် ရှက်ရွံ့သွားမိသည်။ သူ ချောင်းဟန့်ကာ ပြောလိုက်သည်။
" ဒါက မှန်းဆနေကြရုံပါပဲ... အမှန်မဖြစ်နိုင်ပါဘူး..."
သို့ရာတွင် ရွှယ်ယန်က သူ့စကားကို မကြားဟန်ဖြင့် ဆက်ပြောသည်။
" နန်းတွင်းထဲမှ နတ်ဆိုးဝိညာဉ်ရှိတာက ကျွန်တော်မျိုးတစ်ယောက်ထဲဆိုတာ သိပါတယ်... အဲ့တော့ ယုံနင်မြို့စားရဲ့သားမှာဖြစ်တဲ့ ထူးဆန်းတဲ့အဖျားရောဂါက ကျွန်တော်မျိုးကြောင့်ပဲဖြစ်တာ နေမှာပါ..."
သူက သေချာနေသကဲသို့ အေးအေးလူလူပင် ပြောလိုက်သော်လည်း ဧကရာဇ်ချင်းဖျင်က စိတ်မသက်မသာဖြစ်သွားသည်။
ဒီကလေးက သူ့ကိုယ်သူနတ်ဆိုးပါဆိုပြီး ဗြောင်ကျကျပြောနေတာလား...
ထို့အပြင် တာ့ယုံမှလူများက ကွန်ဖြူးရှပ်ဝါဒကိုသာ ကျင့်သုံးကြပြီး ဗုဒ္ဓဘာသာနှင့် တာအိုဘာသာကို အထင်သေးကြသည်။ ဧကရာဇ်ချင်းဖျင်က အယူသီး၍ ထိုကိစ္စမျိုးက်ို သူယုံကြည်သောလူနှင့်သာ သီးသန့်ပြောဆိုလေ့ရှိသည်။ သို့ရာတွင် လူတစ်ယောက်က သူ့ရှေ့တွင် ဗြောင်ကျကျပြောလာသည့်အခါတွင် သူ့အတွက် ကိုးရို့ကားယားဖြစ်သွားသည်။
သို့ရာတွင် ဧကရာဇ်က သူ့အတွက် ကိုးရို့ကားယားဖြစ်သွားရသည်ကို ဝန်ခံရန် တွန့်ဆုတ်နေကာ ခဏတာရှက်ရွံ့သွားပြီး ဘာပြောရမည်မသိဖြစ်သွားသည်။
ထို့နောက် ရွှယ်ယန်က ဦးခေါင်းနှင့်ကြမ်းပြင်ကိုထိသည်အထိ ဒူးထောက်လိုက်ငည်။
" ယုံနင်မြို့စားရဲ့ သားအတွက် သားတော်ရဲ့ကိုယ်ထဲက နတ်ဆိုးဝိညာဉ်ကိုဖိနှိပ်ဖို့ နန်းတွင်းထဲက ဘုရားကျောင်းကို သွားပြီး " ခေတ်တစ်ခေတ်ရဲ့ကျမ်းဂန် " စာအုပ်ကို အကြိမ်တစ်ရာကူးယူဖို့ အမိန့်ထုတ်ပေးပါလို့ သားတော် တောင်းဆိုချင်ပါတယ်... တကယ်လို့ သူ့ကိုယ်ထဲမှာ နတ်ဆိုးရှိနေတယ်ဆိုရင်တောင်မှ ယုံနင်မြို့စားရဲ့ သားက ဆေးတော့ဆက်သောက်ရပါမယ်... မနက်ဖြန်အထိ မသက်သာသေးဘူးဆိုရင် ကျွန်တော်မျိုး ယုံနင်မြို့စားကို ကိုယ်တိုင်တောင်းပန်ပါ့မယ်..."
ဧကရာဇ်ချင်းဖျင် ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားမိသည်။
ရွှယ်ယန် ဆက်ပြောသည်ကို သူကြားလိုက်ရသည်။
" တကယ်လို့ အမှားတစ်ခုခုဖြစ်လာခဲ့ရင် ဒီအပြစ်တွေအားလုံးကို သားတော်တစ်ယောက်တည်း ခံယူပါ့မယ်..."
ဧကရာဇ်ချင်းဖျင် စကားမပြောနိုင်ပင်ဖြစ်သွားသည်။
သူ့ရှေ့တွင် ဒူးထောက်နေသူက ကိုယ်လုပ်တော်ရုန်နှင့် သူ၏သားဖြစ်သည်ကို ဝန်ခံရပေမည်။ သို့သော်လည်း ဤကလေးကို ကောင်းကင်ဘုံမှ ဆိုးရွားစွာဆက်ဆံခဲ့သည့်အတွက် သူက ကမ္ဘာမြေပေါ်သို့ နတ်ဆိုးကြယ်အဖြစ် ရောက်ရှိလာခဲ့ရပြီး အခြားလူများကို ဘေးအန္တရာယ်ဖြစ်စေသည့်လူ ဖြစ်လာခဲ့သည်။
ယခုအခါတွင်လည်း သူက ဤသို့တောင်းဆိုလာ၍ ဧကရာဇ်ချင်းဖျင်က မငြင်းဆန်နိုင် ဖြစ်သွားသည်။
ခဏအကြာတွင်မှ ပြန်ဖြေနိုင်သည်။
" မင်းပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ..."
သူ့ဘေးမှလင်းဖူက ထိတ်လန့်သွားပြီ သမားတော်ကျူးကို တစ်ချက်ကြည့်ကာ ရှေ့တိုးလာသည်။
" အရှင်မင်းကြီး လင်းထိုက်လန်ကရော..."
ဧကရာဇ်က လက်ကာပြလိုက်သည်။
" မနက်ဖြန်အထိ စောင်လိုက်ပါဦး... ကောင်းမလာရင်တော့ သူ့ကိုသွားခေါ်လိုက်..."
အမှန်တွင် " ခေတ်တစ်ခေတ်ရဲ့ကျမ်းဂန် " စာအုပ်ကို ကို ကူးယူခြင်းနည်းလမ်းက ရွှယ်ယန်၏ နတ်ဆိုးဝိညာဉ်ကို အနိုင်ယူနိုင်မည် ဟုတ်မဟုတ်ကို သူ့စိတ်ထဲတွင်လည်း သိချင်နေမိသည်။
အဲဒါသာဖြစ်နိုင်မယ်ဆို ဘာကိုမှ ကြောက်နေစရာမလိုတော့ဘူးလေ...
သူ့အနားမှလင်းဖူက သမားတော်ကျူးကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်နေပြီး သမားတော်ကျူးကလည်း စိတ်ချလက်ချနေရန် ပြန်အချက်ပြနေသည်ကို ဧကရာဇ်က မမြင်လိုက်ပေ။
ထိုအဖြစ်အပျက်အားလုံးကို ရွှယ်ယန်က မြင်သွားခဲ့သည်။
သူ့မျက်ဝန်းများက တည်ငြိမ်နေသော်လည်း အဆုံးမရှိသော အဓိပ္ပါယ်များ နက်ရှိုင်းစွာပါဝင်နေကာ ကြောက်မက်ဖွယ်လေပြင်းများလည်း ပါဝင်နေခြင်းဖြစ်သည်။
ဘုရားကျောင်းခန်းမဆောင်ထဲတွင် မီးလင်းဖိုမရှိပေ။
ရွှယ်ယန်၏ ဝတ်ရုံကို သန့်ရှင့်ခြောက်သွေ့သော သားမွေးဝတ်ရုံတစ်ထည်ဖြင့် လဲထားပြီးပြီဖြစ်သည်။ ကျင်းပေါင်က သူ့ဘေးတွင် စောင့်မနေပေ။ သူက ဗုဒ္ဓရုပ်တုရှေ့မှ စားပွဲနားတွင် ဒူးထောက်ထိုင်နေပြီး ကျမ်းစာများကို ကူးရေးနေသည်။
ဗုဒ္ဓရုပ်တု၏ရှေ့မှ ဖယောင်းတိုင်က ငြိမ်းချမ်းစွာဖြင့် တောက်ပနေပြီး ရွှေရောင်ရုပ်တု၏ ကြင်နာတတ်သော မျက်နှာတော်ပေါ်တွင် အလင်းများဖြာကျနေသည်။
ရွှယ်ယန်၏စားပွဲပေါ်တွင်လည်း မီးအိမ်ထွန်းထားသည်။
ရွှယ်ယန်မျက်လုံးလှန်ကြည့်လိုက်သည့်အခါ ကိုရင်ငယ်လေးတစ်ပါးက စားပွဲဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက အလွန်ငယ်ရွယ်ပုံပေါ်ပြီး အသက်ဆယ်နှစ်ခန့်သာ ရှိဦးမည်ဟု ထင်ရသည်။
ထို ကိုရင်ငယ်လေးက ချန်ချိုးပွဲတော်နေ့ညက ကျွင်းဟွိုင်လန် သူ့ကိုဝတ်ရုံလာပေးချိန်တွင် ရှိနေခဲ့သည့် ကိုရင်လေးဖြစ်သည်။
ရွှယ်ယန်က သူ့ကိုမှိတ်မိသွားကြောင်းသိ၍ ကိုရင်လေးက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် လက်အြပ်ချီကာ ဗုဒ္ဓရုပ်တုကို ရှိခိုးလိုက်သည်။
" စိတ်မပူပါနဲ့... ဒကာလေးသာ စိတ်ရင်းမှန်မယ်ဆိုရင် ဒကာလေး ဆုတောင်းပေးနေတဲ့လူကလည်း ကံဆိုးတာတွေပျောက်သွားပြီး ကံကောင်းလာမှာပါ..."
သူ့အသံက ကြည်လင်၍ အေးချမ်းနေသည်။
Xxxxxx