အပိုင်း ၆၅
Viewers 15k

Chapter 65


ထိုစကားကိုကြားသည့်အခါ ရွှယ်ယန်က အထင်အမြင်သေးဟန်ဖြင့် လှောင်လိုက်သည်။ 


" ကျွန်တော်က ဆုတောင်းဖို့အတွက် ဒီကျမ်းစာတွေ လာကူးရေးနေတယ်ထင်လို့လား..."


သူ့လေသံက အေးစက်နေပြီး အထင်သေးမှုများကို မဖုံးကွယ်ထားနိုင်သည့်ပုံပေါ်နေသည်။


ကိုရင်လေးက ခဏခန့် အံ့အားသင့်သွားပြီးနောက် အာမီတာဘဟု ရွတ်ဆိုလိုက်သည်။


" အဲဒီ ဒကာလေးကို ကယ်ဖို့အတွက် လုပ်နေတာ မဟုတ်ဘူးလား...နန်းတွင်းထဲမှာ နတ်ဆိုးဝိညာဉ်က တကယ်ကိုရှိနေတာ... အဲဒီနတ်ဆိုးဝိညာဉ်က ဒကာလေးကျွင်းဟွိုင်လန်ပေါ်မှ မရှိပေမယ့် အဲ့ဒကာလေးရဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးလိုက်တာတော့အမှန်ပဲ... အဲဒါကြောင့်မို့ ဒကာလေးရွှယ်ယန်က ကျမ်းစာတွေကို အခေါက်ခေါက်အခါခါ ကူးရေးပေးပြီး ဗုဒ္ဓဆီမှာ ဆုတောင်းပေးနေတာ မဟုတ်ဘူးလား..."


 ထိုစကားများကိုကြားသည့်အခါ ရွှယ်ယန်က စုတ်တံကို ချထားလိုက်ပြီး လက်ပိုက်၍ သူ့ရှေ့မှ ဗုဒ္ဓရုပ်တုကိုကြည့်ကာ ပြောလိုက်သည်။


" ‌ဗုဒ္ဓက ဒီကိစ္စကို ကိုင်တွယ်နိုင်မှာလား..."


ကိုရင်လေးက ပြန်ဖြေလိုက်သည်။


" ဒကာလေးရဲ့ စိတ်ရင်းက စစ်မှန်မယ်ဆိုရင် အပြန်အလှန်အနေနဲ့ တစ်ခုခုကို ပြန်ရမှာပါ..."


ရွှယ်ယန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် စုတ်တံကို တဖြည်းဖြည်း ပြန်ကိုင်လိုက်သည်။


" ဗုဒ္ဓက မကိုင်တွယ်နိုင်ပါဘူး... သူသာ အဲ့လိုလုပ်နိုင်မယ်ဆိုရင် အဲ့လူတွေသေ‌တာ အချိန်တော်တော်ကြာပြီပေါ့..."


သူက ဤနေရာတွင် ကျမ်းစာများကို ကူးယူနေခြင်းဖြစ်သော်လည်း သူ့ကိုယ်ထဲမှ နတ်ဆိုးကို ဖိနှိပ်ရန် ကြိုးစားနေခြင်းမဟုတ်ပေ။ 

သူက နတ်ဆိုးဝိညာဉ်နဲ့ မွေးဖွားလာတဲ့သူပဲ ကျမ်းစာတွေကူးရေးနေရုံနဲ့ သူ့ကိုပျောက်အောင်လုပ်လို့ရမယ်ဆိုရင် အဲဒါက ဘယ်လိုနတ်ဆိုးမျိုးလဲ...


သူက သဘာဝအတိုင်းဖြစ်လာသည့် အန္တရာယ်နှင့် လူများက ပြုလုပ်သည့် အန္တရာယ်ကို ခွဲခြားနိုင်စွမ်းရှိသည်။


ကံတရားကို မအန်တုနိုင်၍ သူနှင့်ဆက်နွယ်နေသည့် အခြားလူများကို မထိခိုက်အောင် မပြုလုပ်နိုက်သော်လည်း လူတစ်ယောက်က ကြံစည်ထားသောကိစ္စဖြစ်ပါက သူ့ထံတွင် ထိုလူများကို ဆိုးဆိုးရွားရွားသေဆုံးသွားအောင်လုပ်ရန် နည်းလမ်းများစွာရှိသည်။


လူကိုယ်တိုင်ကြံစည်ထားသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရသည့်အခါ ဘာသာရေးကိုင်းရှိုင်းမှုနှင့် အယူသီးမှုတို့ဖြင့်သာ ဖြေရှင်းရလေ့ရှိသည်။


ခေါင်းမော့၍ ခမ်းနားထည်ဝါသော ဗုဒ္ဓရုပ်တုကိုကြည့်လိုက်သည်။


" ဗုဒ္ဓက မကိုင်တွယ်နိုင်ပေမယ့် ကျွန်တော်ကိုင်တွယ်နိုင်တယ်... ဗုဒ္ဓကိုပဲ ဆုတောင်းနေစရာမလိုပါဘူး ကျွန်တော်သူ့ကိုကယ်နိုင်တယ်... ဗုဒ္ဓကတောင် အပြစ်မပေးနိုင်တဲ့နတ်ဆိုးကို ကျွန်တော်သတ်ပစ်နိုင်တယ်..."


သူ စကားလုံးတစ်လုံးချင်းစီပြောလိုက်ပြီး ကြင်နာသနားတတ်သော ဗုဒ္ဓရုပ်တုကိုကြည့်လိုက်သော်လည်း သူ့မျက်ဝန်းများထဲတွင် စူးရှခက်ထန်သော လူသတ်လိုစိတ်များကို ဖုံးကွယ်ထားသည်။


ဤညကဲ့သို့ နှလုံးသားကွဲကြေမှုမတတ်နာကျင်မှုကို တစ်ကြိမ်တစ်ခါမှ မခံစားဖူးသကဲ့သို့ ဤကိစ္စကို သွေးကြွေးဖြင့် ပြန်ဆပ်ချင်စိတ်ကလည်း အလွန်ပြင်းထန်လာသည်။


 ——


မည်းနက်နေသော ကောင်းကင်ယံတွင် မနက်ခင်းကြယ်တစ်ပွင့် ထွက်ပေါ်လာသည်။


ရွှယ်ယန်၏ရှေ့မှ စာရွက်ပုံကလည်း တဖြည်းဖြည်းကြီးလာကာ ခုံပေါ်မှ မီးအိမ်ကလည်း တောက်ပနေဆဲဖြစ်သည်။ သူ တိတ်ဆိတ်စွာဖြင့် ကျမ်းစာများကို ကူးရေးနေစဉ်တွင် အနောက်ဘက်မှနေ၍ ခြေသံများကိုကြားလိုက်သည်။


" အရှင့်သား..."


ရွှယ်ယန်တစ်ဖက်သို့လှည့်လိုက်ချိန်တွင် မိန်းမစိုးတစ်ယောက်က အပြင်ဘက်တွင် ဒူးထောက်ပြီး သူ့ကို လျှောက်တင်လာသည်။


" သခင်လေးရဲ့ အခြေအနေက တည်ငြိမ်သွားပါပြီ... အရှင့်သား ကျမ်းစာတွေကူးရေးပြီး ကုသိုလ်ပြုပေးနေတဲ့အတွက်လည်း ဧကရာဇ်က ကျေးဇူတင်နေပါတယ် ... ကျေးဇူးပြုပြီး ယုံလဲ့နန်းဆောင်ကို ပြန်လာပါတော့ဆိုပြီး အမိန့်ပေးလိုက်ပါတယ်..."


စုတ်တံကိုကိုင်ထားသော ရွှယ်ယန်၏လက်ကို ပြေလျော့သွားခြင်းမရှိပေ။ လက်ချောင်းနှင့် သုတ်တံအကြားကို သေချာကြည့်မည်ဆိုပါက သူ၏ လက်ချောင်းထိပ်များက နီရဲနေပြီကို မြင်တွေ့နိုင်သည်။


၎င်းက စုတ်တံကို ခပ်တင်းတင်းကိုင်ထားသောကြောင့် ထင်ကျန်ခဲ့သည့် အရာများဖြစ်သည်။ 


ရွှယ်ယန်က ထမလာပဲ စုတ်တံကို စာရွက်ပေါ်ချလိုက်သည်။


" ခမည်းတော်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... "

သူက လှည့်မကြည့်ပဲ ဖြေလိုက်သည်။


" ပြန်သွားပြီး မင်းကြီးကို လျှောက်တင်လိုက်ပါ... ငါ ဒီနေ့ ကျမ်းစာကို အခေါက်တစ်ရာကူးရေးမယ်လို့ ကတိပေးထားခဲ့ပေမယ့် ၂၃ခါပဲ ရေးရသေးတာမို့ ကတိမဖျက်ချင်ပါဘူး... အခေါက်တစ်ရာ ကူးရေးပြီးရင် ပြန်လာခဲ့ပါမယ်လို့ ပြောလိုက်ပါ..."


မိန်းမစိုးက ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားပြီး မော့ကြည့်လိုက်သည်။


ဖျားနာတာ ‌သက်သာလာလို့ ဒီကိစ္စက ပြီးသွားပြီလေ... မင်းသား ၅က အခုနေပြန်သွားမယ်ဆိုရင် ဆုလဒ်တွေပါ ချီးမြှင့်ခံရဦးမှာကို ဘာလို့မပြန်သေးပဲ ဒီကျမ်းစာတွေ ထိုင်ရေးနေဦးမှာလဲ...


ရွှယ်ယန်က ပြန်လှည့်မကြည့်ပဲ ပြောလိုက်သည်။

" အဲ့တိုင်းပဲ လျှောက်တင်လိုက်ပါ..."


မိန်းမစိုးက အမိန့်ရသွား၍ ရွေးချယ်စရာမရှိသောကြောင့် ဘုရားကျောင်းမှ ပြန်ထွက်သွားသည်။


ရွှယ်ယန်က‌ ခေါင်းငုံ့ထားပြီး ကျမ်းစာများကို ဆက်လက်ကူးရေးနေသည်။


ယခုအချိန်တွင် သူ့ဘေးနား၌ မည်သူမျှ ရှိမနေပေ။ အကယ်၍ သူ့ဘေးနားတွင် တစ်ယောက်ယောက် ရှိနေခဲ့ပါက အစောပိုင်းမှလက်ရေးနှင့် ယခုရေးနေသည့်လက်ရေးက လုံးဝကွဲပြားသွားသည်ကို မြင်တွေ့နိုင်ပေမည်။


ဤစာမျက်နှာ၏ အပေါ်ပိုင်းမှစာလုံးများတွင် ထောင့်နေရာများက ချွန်ထက်နေကာ စုတ်တံတစ်ချက်ဆွဲလိုက်တိုင်း အေးစက်ပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်နေမှုများဖြင့် ပြည့်လာကာ ထောင်နှင့်ချီသော သံမဏိမြင်းစစ်သည်များက ချီတက်လာသကဲ့သို့ပင် ထင်ရင

သည်။ စာရွက်အောက်ပိုင်းတွင်မူ စုတ်ချက်များထဲတွင် စိတ်သက်သာရာရမှုများပါဝင်နေသော်လည်း သတ်ဖြတ်လိုစိတ်က ကျန်ရှိနေဆဲဖြစ်သည်။


စာရွက်အောက်ပိုင်းမှစာလုံးများက မိန်းမစိုးရောက်လာပြီးသည့်အချိန်တွင် ရေးသားထားခြင်းဖြစ်သည်။


ညတာက အလွန်ပင် ရှည်လျားခဲ့သည်။


အာရုဏ်မတက်မီအချိန်တွင် ကောင်းကင်က တဖြည်းဖြည်း အရောင်ဖျော့လာသည်။


မနီးမဝေးမှ နန်းတွင်းအစောင့်ရဲမက်တစ်ယောက်က အာရုဏ်တက်ချိန်ရောက်ကြောင်း ခေါင်းလောင်းတီးလိုက်သည့်အချိန်တွင်  ထိုအသံက နန်းတွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။


ရွှယ်ယန်၏စားပွဲပေါ်မှ မီးအိမ်အရောင်က တဖြည်းဖြည်းမှိန်လာကာ ရေနံဆီကုန်ခါနီးဖြစ်လာသည့်ပုံပင်။ ကိုရင်လေးက ဘုရားကျောင်းဆောင်ထဲမှမီးအိမ်များကို မီးထွန်းညှိပေးနေကျလူဖြစ်၍ သူ့ရှေ့သို့ရောက်လာပြီး မီးအိမ်ကို ဆီထည့်ပေးလိုက်သည်။


" ဒကာလေးက တစ်ခုခုကို စောင့်နေတဲ့ပုံပဲ..."

ရွှယ်ယန်က ကျမ်းစာများကူးရေးနေဆဲဖြစ်သည်ကို မြင်သောအခါ သူ မပြောပဲ မနေနိုင်တော့ပေ။


ရွှယ်ယန် သူ့ကို လှမ်းကြည့်လိုက်သည်။


" ကိုရင်ထင်တာ မှန်သွားပြန်ပြီ..."

သူက စာရေးနေသည်ကို မရပ်ပဲ ပြောလိုက်သည်။


ကိုရင်လေးက လက်အုပ်ချီပြီး အာမီတာဘဟု ထပ်ပြောလိုက်သည်။


၎င်းက မှန်းဆချက်မဟုတ်ပေ။ သူက ဗုဒ္ဓ၏ တရားဓမ္မများနှင့် မွေ့လျော်ကာ တရားထိုင်လေ့ရှိသူဖြစ်၍ လူတို့၏ နှလုံးသားထဲမှ ခံစားချက်များကို တစ်ခု နှစ်ခုခန့် သိမြင်နိုင်ခြင်းဖြစ်သည်။


" အချိန်ကျတော့မယ်..."

ရွှယ်ယန် ပြောလိုက်သည်ကို ကြားလိုက်ရသည်။

    

" ဒကာလေး ဘာကို စောင့်နေတာလဲ... ခုနကပဲ တစ်ယောက်ယောက်လာပြီး လျှောက်တင်သွားတယ်လေ... အဲဒါအပြင် တခြားဘယ်ဟာကိုများ မျှော်နေသေးတာလဲ..."


 " အဲဒါက ကျွန်တော်မျှော်နေတဲ့ဟာမဟုတ်ဘူး... ‌ဒါပေမဲ့ ရလဒ်ကိုတော့ စောင့်ကြည့်ရဦးမှာပါ..."


သူက ကိုရင်ငယ်လေးကို မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ဟန်ဆောင်ခြင်းမရှိပဲ ပြုံးပြလိုက်သည်။ 


သူက ပြုံးနေသော်လည်း အချိန်အတော်ကြာဖိနှိပ်ထားခဲ့ရသည့် အမုန်းတရားများကို ဖုံးကွယ်ထားခြင်းဖြစ်သည်။


 " ချီးပဲ... သေကို မသေနိုင်သေးဘူး ... သူတို့ ငါ့‌ဓားအောက် ရောက်လာမယ့်အချိန်ကို စောင့်နေခဲ့တာကို..."

   

ပြောနေစဉ်မှာပင် သူ၏သွားစွယ်များက မီးအိမ်အောက်တွင် အေးစက်စက်ဖြင့် အရောင်တောက်နေသည်။ မူလတည်းက အရောင်ဖျော့တော့သော ပယင်းရောင်မျက်ဝန်းများက ဤတစ်ကြိမ်တွင်လည်း  ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ကြမ်းတမ်းသည့် သားရဲတစ်ကောင်ကဲ့သို့ သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်နိုင်ပေ။


 ကိုရင်လေးက လန့်သွားပြီး အမှတ်တမဲ့ဖြင့် သူ့လက်ထမှပုတီးကိုကိုင်လိုက်ကာ ဗုဒ္ဓ၏အမည်နာမကို ရွတ်ဆိုနေသည်။


ရွှယ်ယန်က သူ့ကိုအကြည့်လွှဲလိုက်ပြီး အမူအရာကို ပြန်ပြောင်းလိုက်သည်။


ယနေ့ညတွင် သူ၏ အကြံအစည်များကို တစ်ဆင့်ချင်း ပြုလုပ်ထားခဲ့သည်။ သူက ကျွင်းဟွိုင်လန် ပြန်ကောင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေရုံသာမက ယီကျဲယွီကိုယ််တိုင် ထောင်ခြောက်ထဲ ရောက်လာမည်ကို မျှော်နေခြင်းဖြစ်သည်။

    

သူက ကျွင်းဟွိုင်လန်ကို မထိမခိုက်ပဲ ရှိစေချင်သကဲ့သို့ ထိုလူများကိုလည်း သွေးကြွေးပြန်ဆပ်စေလိုသည်။


ချင်ထျန်ကျန့်၊ နန်းတွင်းဆေးကုသဆောင်နှင့် ဧကရာဇ်၏ဘေးနားတွင်ရှိသောခွေးတစ်ကောင်က ယနေ့ညတွင် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ရန် ကြံစည်ထားခြင်းဖြစ်သည်။ သူတို့က ကျွင်းဟွိုင်လန်ကို သတ်ပစ်ချင်ရုံသာမက ဤအခွင့်အရေးကို အရယူပြီး ရွှယ်ယန်ကိုပါ ချောက်ချလိုခြင်းဖြစ်သည်။

 

ယီကျဲယွီ၏လူများက နန်းတွင်း၏ နေရာအနှံ့တွင်ရှိ၍ သူမက နန်းတွင်းမှလူအတော်များများ၏ ဆက်ဆံရေးကို သိသောကြောင့် ကျွင်းဟွိုင်လန်၏နောက်သို့ တစ်ယောက်ယောက်ကို လိုက်ခိုင်းပြီး ရေထဲတွန်းချလိုက်ခြင်းဖြစ်သည်။ ကျွင်းဟွိုင်လန်သေသည်ဖြစ်စေ မသေသည်ဖြစ်စေ ချင်ထျန်ကျန့်၏ ရှေ့ဖြစ်ဟောကိန်းကို အတည်ပြုလိုက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်လိုက်၍ ကျွင်းမိသားစုဝင်တစ်ယောက် ဆုံးရှုံးသွားပါက ဧကရာဇ်နှင့် မြို့စားမင်းယုံနင်အကြားကို ခွဲထုတ်လိုက်သကဲ့သို့ဖြစ်သွားကာ မင်းကြီးကလည်း ချင်ထျန်ကျန့်ကို ပြန်လည် ယုံကြည်အားကိုးလာမည်ဖြစ်သည်။


အကယ်၍ ကျွင်းဟွိုင်လန်သေဆုံးသွားခဲ့ပါက  သဲလွန်စမရှိတော့ပဲ မဖြေရှင်းနိုင်သည့် ရေနစ်မှုတစ်ခု ဖြစ်သွားပြီး အသက်ရှင်နေသေးပါကလည်း အခြားအစီအစဉ်များ ရှိနေသေးသည်ဖြစ်သည်။


နန်းတွင်းသမားတော်က ကျွင်းဟွိုင်လန်၏အခြေအနေက အလွန်မပြင်းထန်ဟုဆိုကာ အဖျားပိုကြီးစေမည့်ဆေးများတိုက်ခဲ့ပြီး နတ်ဆိုးကြောင့်ဖြစ်သည်ဟု ဧကရာဇ်ကထင်အောင် ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ချင်ထျန်ကျန့်၏ ကြီးကြပ်သူကို ဖိတ်ခေါ်ရန်ပြင်ခဲ့သည်။ ကျွင်းဟွိုင်လန်က ချင်ထျန်ကျန့်၏လက်ထဲ ရောက်ရှိသွားပါက အသက်ရှင်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။ 


ဧကရာဇ်က ရွှယ်ယန့်အပေါ် သူ့စိတ်သဘောထားများ နူးညံ့လာသည့်အချိန်မှစ၍ ယီကျဲယွီ ငြိမ်ငြိမ်ထိုင်ကြည့်မနေနိုင်တော့သည်ကို သူသိသည် 


သူက ပြိုင်ဘက်ကို ချုပ်ကိုင်ထားပြီးမှ တိုက်ခိုက်ရန် ပြင်ထားသော်လည်း  ကျွင်းဟွိုင်လန်ကို သူမ လာထိရဲလိမ့်မည်ဟု မထင်ခဲ့မိပေ။


ယခင်က ရွှယ်ယန်က ထိုမျှအထိ မဖြစ်ခဲ့သော်လည်း တစ်စုံတစ်‌ယောက်ကို သတ်ဖြတ်ချင်စိတ်အလွန်ပြင်းထန်လာသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။


သူ ကောင်းကင်ထက်ကို မော့ကြည့်လိုက်သည်။ ဘုရားကျောင်းဆောင်က အရှေ့ဘက်သို့ မျက်နှာမူထားခြင်းဖြစ်၍ မိုးကုပ်စက်ဝိုင်းမှ မနက်ခင်းနေရောင်ခြည်များ ဖြာထွက်လာသည်ကို တွေ့နိုင်သည်။


သူ့ အကြံအရဆိုလျှင် ဆေးပညာရပ်ကို သိနားလည်သော ပိုင်ကျီကို နန်းတွင်းသမားတော်ပေးထားသည့်ဆေးများအစား သာမန် အဖျားပျောက်ဆေးများဖြင့် လဲလှယ်ထားရန် ညွှန်ကြားခဲ့သည်။ ထို့နောက်တွင် ဘုရားကျောင်းသို့လာပြီး နတ်ဆိုးဝိညာဉ်ကိုဖိနှိပ်ရန်အတွက် ကျမ်းစာများ လာကူးရေးခွင့်ပြုရန် ဧကရာဇ်ချင်းဖျင်ကို ခွင့်တောင်းခဲ့သည်။


ကျွင်းဟွိုင်လန်၏ ဖျား‌နာမှု သက်သာလာသည့်အခါတွင် ထိုလူအုပ်စု၏ အကြံက ပျက်စီးသွားပြီး စိုးရိမ်တကြီးဖြစ်ကာ ယီကျဲယွီကို တတ်နိုင်သမျှမြန်မြန် လျှောက်တင်ကြမည်သာဖြစ်သည်။ အကယ်၍ ထိုကိစ္စက ချင်ထျန်ကျန့်၏ သဘောတူညီမှုနှင့် ဆက်စပ်နေပါက ယီကျဲယွီက လင်းထိုက်လန်ဆီသို့ သေချာပေါက်သွားပြီး ဧကရာဇ်ချင်းဖျင်၏ မေးခွန်းထုတ်ခြင်းကို အဖြေရှာရန် ဆွေးနွေးရတော့မည်ဖြစ်သည်။


သူတို့နှစ်ယောက် တိတ်တဆိတ်တွေ့ဆုံကြမည့်နေရာကို ရွှယ်ယန်က သိနေနှင့်ပြီးသားဖြစ်သည်ကို သူတို့ မသိကြသေးပေ။


သူက ကျင်းပေါင်ကို ထိုနေရာတွင်စောင့်ခိုင်းထားပြီး အစားအစာပို့သူဟန်ဆောင်ခိုင်းကာ မတော်တဆ သူတို့ထံရောက်သွားပြီး သူတို့နှစ်ယောက် နန်းတွင်း၌ သီးသန့်တွေ့ဆုံနေခြင်းကို မြင်သွားအောင်လုပ်မည်ဖြစ်သည်။


နန်းတွင်းထဲမှ မလုပ်သင့် မလုပ်အပ်ဆုံးအရာက အောက်လမ်းနည်းပညာပြီးလျှင် ဘုရင့်ကိုယ်လုပ်တော်က သူစိမ်းယောက်ျားတစ်ယောက်နှင့် လျှို့ဝှက်စွာ တွေ့ဆုံနေခြင်းပင်ဖြစ်သည်။


" အဲ့အချိန်ရောက်ဖို့ မစောင့်နိုင်တော့ဘူး..."

ရွှယ်ယန်က ကောင်းကင်ကိုမော့ကြည့်၍ ခပ်ဖွဖွပြုံးကာ ရေရွတ်လိုက်သည်။


ထိုအချိန်တွင် မိန်းမစိုးတစ်ယောက်က ဘုရားကျောင်းဆီသို့ ‌အပြေးတစ်ပိုင်းရောက်လာသည်ကို သူ တွေ့လိုက်ရသည်။ မနက်‌ခင်းနေရောင်ခြည်ဖျော့ဖျော့က သူ့ပေါ်သို့ ကျရောက်လာပြီး သူ့နောက်တွင် အရိပ်ရှည်ကြီး ကျရောက်နေပြီဖြစ်သည်။


ထိတ်ထိတ်ပျာပျာလှမ်းလာသည့် ခြေလှမ်းများကိုကြည့်လိုက်ရုံဖြင့် အရေးကြီးသည့်ကိစ္စဖြစ်မည်ကို သိနိုင်သည်။


ရွှယ်ယန် ထင်ထားသည့်ကိစ္စက ဖြစ်လာခဲ့သည်။


စုတ်တံကိုချပြီး သူ့ရှေ့မှဗုဒ္ဗရုပ်တုတော်ကိုကြည့်လိုက်သည်။


" ကျွန်တော်က ဗုဒ္ဓဘာသာကို မယုံကြည်သလို အကြောင်းရင်းနဲ့ သက်ရောက်မှုတွေကိုလည်း မယုံကြည်ဘူး... ဘာလို့လဲဆိုတော့ အဲဒါတွေကို ကျွန်တော်ကိုယ်တိုင် ဖန်တီးနိုင်လို့ပဲ... နတ်ဆိုးအားလုံးကလည်း မကောင်းမှုအတွက် လက်စားချေတုံ့ပြန်တတ်ကြတဲ့သူတွေပဲ..."


ထို့နောက် ဘေးနားမှ ကိုရင်ငယ်လေးကိုကြည့်ကာ အေးစက်စက်ပြုံးပြလိုက်သည်။


" ဒီလိုမျိုးကို ကိုရင်တို့ရဲ့ ဗုဒ္ဓဘာသာမှာ ကုသိုလ်ပြုတယ်လို့ ခေါ်နိုင်မလား..."


ကိုရင်လေးက ဗုဒ္ဓဘာသာကို ငယ်စဉ်ကတည်းက ကိုးကွယ်ခဲ့သော်လည်း ဤကဲ့သို့ မေးခွန်းထုတ်တတ်သူနှင့် မကြုံတွေ့ခဲ့ဖူးပေ။ ဤလူက အထက်စီးဆန်လွန်းနေသည်။


တစ်ဖက်မှကြည့်လျှင်လည်း သူ့ထံတွင် သာမန်လူများတွင်ရှိသော လောဘနှင့် ညစ်ညမ်းစက်ဆုပ်မှုများကို မမြင်တွေ့ရ၍ ထူးဆန်းသည်ဟု ဆိုနိုင်သည်။


ရွှယ်ယန်က ခေါင်းမော့လိုက်ပြီး ရွှေရောင်ဗုဒ္ဓရုပ်တုကို ကြည့်နေပြန်သည်။


" ဒါကသာ ကုသိုလ်ဆိုရင်တော့ ယုံနင်မြို့စားအိမ်တော်က ကျွင်းဟွိုင်လန်အတွက် ပြဿနာပဲ..."

သူက တစ်ညလုံး မရပ်မနားစာရေးခဲ့ရ၍ ပျင်းရ်ိနေသည့်အသံဖြင့် တဖြည်းဖြည်းချင်းပြောလိုက်သည်။ 


" တကယ်လို့ သူသာ နတ်ဆိုးကို သတ်နိုင်ခဲ့ရင်..."


ရွှယ်ယန်က နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးလိုက်သည်။


" အရာအားလုံးက ကျွန်တော့်အတွက်ပဲ..."


ဘေးနားမှ ကိုရင်လေးက လက်တစ်ဖက်ကို ရင်ဘတ်တွင်အပ်ထားကာ တစ်ဖက်က ပုတီးကိုကိုင်ထားသည်။


သူပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်...


Xxxxxx