အပိုင်း ၆၆
Viewers 15k

Chapter 66


လူသားတွေက အသက်ရှင်နေစဉ်မှာ သူတို့ယုံကြည်တဲ့ အရာတစ်ခုခုတော့ ရှိတတ်တာပဲ... တကယ်လို့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓဘာသာကို မယုံကြည်ဘူးဆိုရင်တောင် သူတို့ကို ဒီလူသားလောကနဲ့ ချည်နှောင်ပေးထားတဲ့ အရာတစ်ခုခုကတော့ ကျိန်းသေပေါက်ရှိတယ်...


ရွှယ်ယန့်စကားဆုံးသည်နှင့် အနောက်ဘက်မှ ခြေသံများက တဖြည်းဖြည်း နီးကပ်လာသည်။ ရွှယ်ယန် လှည့်ကြည့်လိုက်သည့်အခါ မိန်းမစိုးတစ်ယောက်က တံခါးဝကို ဖြတ်ကျော်လာပြီး သူ့ရှေ့တွင် ဒယိမ်းဒယိုင်ဖြင့် ဒူးထောက်လိုက်သည်။


" အရှင့်သား ကိစ္စကြီးတစ်ခုတော့ ဖြစ်ကုန်ပါပြီ... အရှင်မင်းကြီးက အရှင့်သားကို အခုချက်ချင်း ယုံလဲ့နန်းဆောင်ကို မြန်မြန်လာဖို့ ‌ဆင့်ခေါ်လိုက်ပါတယ်..."


ထိုအချိန်တွင် နေမင်းကြီးက မိုးကုပ်စက်ဝိုင်းမှ တဖြည်းဖြည်း ထွက်ပေါ်လာနေပြီဖြစ်သည်။ ထောင်နှင့်ချီသော နေရောင်ခြည်များက ကောင်းကင်မှတစ်ဆင့် နန်းမြို့တော်တစ်ခုလုံးကို ဖြာကျလာသည်။


နေရောင်က ဘုရားကျောင်းဝတွင် ဖြာကျနေရာမှ အတွင်းဘက်သို့ ရောက်ရှိလာကာ စားပွဲပေါ်မှ မှင်မခြောက်သေးသည့် ကျမ်းစာများအပေါ် ရောက်လာသည်။


 ယ‌ခုချိန်တွင် မိုးစင်စင်လင်းကာ အရာအားလုံး ထွန်းလင်းတောက်ပနေပြီဖြစ်သည်။


ကျင်းပေါင်က သူ့တာဝန်ကို ပြီးမြောက်လာရုံသာမက သူ့အတွက် အံ့အားသင့်စရာတစ်ခုကိုပါ ယူဆောင်လာခဲ့မည်ဟု ရွှယ်ယန် မထင်ခဲ့မိပေ။


ယုံလဲ့ခန်းမဆောင်၏ ဘေးမှအဆောင်ထဲသို့ ဝင်လာသည့်အခါ အစေခံများက ကြမ်းပြင်တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။


ကျင်းပေါင်က ‌မနက်စာထည့်ထားသည့်ဘူးကို သူကိုယ်တိုင်သယ်လာပြီး ရွှယ်ယန်၏ အမိန့်အရ ယီကျဲယွီနှင့် လင်းထိုက်လန်တို့ကို စောင့်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် မိန်းမစိုးများနှင့် အပျိုတော်များ ဖြတ်သန်းသွားသည့်အခါ ကျင်းပေါင်က သူတို့နှင့် စကားစမြည်ပြောခဲ့သည်။ 


သူတို့အားလုံးက ယုံလဲ့နန်းဆောင်သို့သွားကာ ဧကရာဇ်ကို မနက်စာဆက်သမည့်လူများဖြစ်ပြီး သူတို့ထဲမှတစ်ယောက်က ဧကရာဇ်ချင်းဖျင်၏နန်းဆောင်တွင် အမှုထမ်းသော အထိန်းတော်ဖြစ်သည်။

 

ကျင်းပေါင်က ထိုလူများနှင့် စကားပြောနေပြီးနောက် ပြန်လည်ထွက်သွားတော့မည့်အချိန်တွင် သူတို့အားလုံးက ဘုရားကျောင်းအနောက်ဘက်ရှိ တောအုပ်ထဲမှ ယီကျဲယွီနှင့် လင်းထိုက်လန်ကို တွေ့သွားခဲ့သည်။

  

ရွှယ်ယန် သူ့အတွက် ရွေးပေးထားသည့်နေရာက သူတို့နှစ်ယောက် တွေ့ဆုံနေသည်ကို ရှင်းလင်းစွာ မြင်ရနိုင်သည့်နေရာဖြစ်သည်။ သို့ရာတွင် ထိုလူနှစ်ယောက်၏ ရှု့ထောင့်မှဆိုလျှင် ကျင်းပေါင်ရပ်နေသည့်နေရာကို မမြင်ရပေ။

    

ဤနေရာက အလွန် တသီးတခြားဆန်လွန်းသည်။ အကယ်၍ ဧကရာဇ်ချင်းဖျင်က ယနေ့တွင် ယုံလဲ့နန်းဆောင်တွင် ရှိမနေခဲ့ပါက ထိုလူအုပ်စုကလည်း ဘုရားကျောင်းဘေးမှ ဖြတ်သွားရလိမ့်မည်မဟုတ်ပေ။

    

သို့ဖြစ်၍ မည်သူမျှမရှိနေသည်ဟုထင်၍ ထိုလူနှစ်ယောက်က စိတ်အေးလက်အေးဖြစ်နေကြသည်။ ယီကျဲယွီက သနားစဖွယ်ငိုကြွေးနေပြီး လင်းထိုက်လန်က သူမကိုဖက်ထားကာ နှစ်သိမ့်ပေးနေသည်။ ထိုနေရာမှလူအားလုံးက ဤမြင်ကွင်းကို တွေ့သွားခဲ့ကြသည်။

    

ကျင်းပေါင် ဘာမှပြောစရာပင် မလိုလိုက်ပေ။ အထိန်းတော်က ဆုံးဖြတ်ချက် ပြတ်သားစွာချလိုက်ပြီး အစောင့်များကိုခေါ်ကာ သူတို့နှစ်ယောက်ကို ထိုနေရာတွင်ပင် ဖမ်းခိုင်းလိုက်သည်။ သူတို့ကို ယုံလဲ့‌နန်းဆောင်သို့ ခေါ်လာသည့်အခါ အထိန်းတော်က သူမ မြင်ခဲ့ကြားခဲ့သည့်အရာအားလုံးကို ဧကရာဇ်ချင်းဖျင်အား မချွင်းမချန် လျှောက်တင်ခဲ့သည်။


ရွှယ်ယန် အထဲဝင်လာချိန်တွင် ကြမ်းပြင်ပေါ်တွင် လူအချို့က ဒူးထောက်နေကြပြီး ဧကရာဇ်ချင်းဖျင်က အလွန်ဒေါသထွက်လွန်း၍ ရေနွေးပူများထည့်ထားသောခွက်ကို ယီကျဲယွီထံသို့ ပစ်ခွဲလိုက်သည်။

 

" မင်းက အားလုံးရဲ့ မမြင်ကွယ်ရာမှာ သူ့ကိုတစ်ယောက်တည်း တွေ့တယ်ပေါ့လေ... နှစ်ယောက်တည်း ဘာပြောစရာတွေများ ရှိနေတာလဲ... အရှက်မဲ့လိုက်တဲ့မိန်းမ..."

    

သို့ရာတွင် ဘေးနားတွင် ဒူးထောက်နေသည့် လင်းထိုက်လန်က ထိုရေနွေးခွက်ကို ယီကျဲယွီကိုမထိအောင် ရှေ့မှ ကာပေးလိုက်သည်။


သူတို့ကိုကြည့်ရတာ ဟင်္သာမောင်နှံလိုပါပဲလား...

   

သူ့ကို မွေးဖွားလာချိန်တည်းက အဝေးသို့ ပို့ပစ်ခဲ့ပြီး နတ်ဆိုးကြယ်ဟု သမုတ်ကာ ယနေ့အထိ အကောင်းမမြင်ခဲ့သောလူက သူ့ဘက်မှ ရပ်တည်ပေးနေသည်ကို ရွှယ်ယ‌န့်အနေဖြင့် ပထမဆုံးမြင်ခဲ့ရခြင်းဖြစ်သည်။

    

လင်းထိုင်လန်က ခေါင်းငုံ့နေကာ ဘာမှမပြောသော်လည်း။သူ၏ ဖြောင့်စင့်နေသောမျက်ခုံးများနှင့် ချောမောခန့်ညားမျက်နှာကို မြင်နိုင်နေသည်။ ရေနွေးခွက်ကို ကာပေးလိုက်ပြီးသည့်နောက် ဒူးပြန်ထောက်ပြီး ယီကျဲယွီကို ကြည့်နေသည်။


အဝေးတွင်ရပ်နေသည့် ရွှယ်ယန်သည်ပင် သူ့မျက်ဝန်းထဲမှ ချစ်ခင်မြတ်နိုးမှုများကို မြင်တွေ့‌နိုင်သည်။


သူ့စိတ်ထဲတွင် သရော်ပြီးရင်း သရော်နေမိသည်။

   

ဒီလို ရူးရူးနှမ်းနှမ်းနဲ့ ချစ်မိနေတာဆိုတော့ သေမှာမကြောက်တော့ဘူးထင်တယ်...

ထိုကဲ့သို့ ချစ်ခင်မှုက ရွှယ်ယန့်အတွက်မူ စက်ဆုပ်စရာတစ်ခုထက်မပိုပေ။  


မကြာမီအချိန်တွင် လင်းထိုက်လန်က သူတို့နှစ်ယောက်အကြားမှ ဆက်ဆံရေးကို အတည်ပြုလိုက်သည်။ သူက ဦးထုပ်စိမ်းကိုထုတ်ပြီး ဧကရာဇ်ချင်းဖျင်၏ခေါင်းပေါ်ဆောင်းပေးရန် မစောင့်နိုင်ဖြစ်နေသည့်ပုံပင်။

 

ဧကရာဇ်ချင်းဖျင်က ဒေါသကြောင့် တုန်ယင်နေပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဖြစ်နေပြီး သူတို့နှစ်ယောက်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


ယီကျဲယွီက ထိုအချိန်တွင် ကြမ်းပြင်ပေါ်၌ ဝမ်းနည်းပက်လက်ငိုကြွေးနေပြီး လင်းထိုက်လန်ကို အဝေးသို့ တွန်းထုတ်လိုက်ကာ ဧကရာဇ်ချင်းဖျင်၏ ခြေထောက်ကို ဖက်ထားသည်။


" အရှင်မင်းကြီး ဒီကိုယ်လုပ်တော် မှားသွားပါတယ်... ဒီလူက ကျွန်တော်မျိုးမကို ဖိအားပေးပြီး အကျပ်ကိုင်ခဲ့လို့ပါ... ကျွန်တော်မျိုးမရဲ့ဆန္ဒ မပါပါဘူး..."


" မင်း လိမ်ပြောနေပြန်တာလား..."


 သူမ စကားမဆုံးမီမှာပင် ဧကရာဇ်ချင်းဖျင်၏ဘေးတွင် ရပ်နေသော အထိန်းတော်က ဒေါသတကြီးဖြင့် ဖြတ်ပြောလိုက်သည်။ 


ဤအထိန်းတော်က ဧကရာဇ်ချင်းဖျင် ငယ်စဉ်ကတည်းက ခစားလာခဲ့သူဖြစ်ကာ ဧကရာဇ်၏ နေ့စဉ်ဘဝနှင့် စားသောက်မှုပုံစံကို တာဝန်ယူရသူဖြစ်သည်။ ယုံလဲ့နန်းဆောင်တွင် လင်းဖူအပြင် သူမကလည်း တာဝန်ရှိသူတစ်ယောက်ဖြစ်သည်။


သူမက ပြောပြီးသည်နှင့် ဧကရာဇ်ရှေ့တွင် ဒူးထောက်ကာ လျှောက်တင်လိုက်သည်။


" အရှင်... ဒီအစေခံအိုကြီးက ရှင်းရှင်းလင်းလင်းကို မြင်ခဲ့တာပါ... သူက လင်းထိုက်လန်ကို အရင်တွေ့ဖို့ ခေါ်ထားတဲ့ပုံပဲ... ‌သူတို့နှစ်ယောက်ဆုံတာနဲ့ သူ့ရင်ခွင်ထဲ ချက်ချင်းပြေးဝင်သွားတာပါ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်လေး နက်ရှိုင်းပုံပါပဲ... ကျွန်တော်မျိုးမ တစ်ယောက်တည်းမဟုတ်ပဲ အဲ့နေရာမှာရှိတဲ့အစေခံတွေအားလုံး ဒီအဖြစ်ကို မြင်ကြပါတယ်... မင်းသား၅ဘေးမှာ ခစားတဲ့ ကျင်းပေါင်တောင်မှ သူတို့နှစ်ယောက်အဖြစ်ကို သေချာတွေ့ခဲ့ပါတယ်..."


ဘေးနားတွင် ရပ်နေသည့်ကျင်းပေါင်က ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ရုတ်တရက် အခေါ်ခံလိုက်ရချိန်တွင် ထိတ်လန့်သွားပြီး အဆက်မပြတ် ခေါင်းငြိမ့်ပြနေသည်။

  

ဧကရာဇ်ဘေးနားက လူတွေက တော်တော်ကြောက်စရာကောင်းတာပဲ... ဧကရာဇ်ရဲ့ရှေ့မှာတောင် အော်ရဲကြတယ်... ငါ ဒီအထိန်းတော်နဲ့ လွန်ခဲ့တဲ့ရက်တွေတည်းက စကားပြောဖူးထားလို့ တော်သေးတယ်... သူ့ပုံစံက ဘာမှမဟုတ်ပဲ ကြင်နာတတ်တယ်လို့ ထင်ရပေမယ့် တော်တော်အာဏာရှိတာပဲ... 


ဧကရာဇ်ချင်းဖျင်က ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်ယင်နေပြီဖြစ်သည်။

    

" အခုမှ အပြစ်ပုံချချင်နေတာပေ့ါ... မင်းတို့နှစ်ယောက် ဒီလိုဖောက်ပြားနေတာ ဘယ်အချိန်တည်းကလဲဆိုတာ မြန်မြန်ပြောစမ်း..."


ယီကျဲယွီက ငိုယိုပြီး ခေါင်းကိုတွင်တွင်ခါ၍ ငြင်းဆန်နေကာ မဟုတ်မှန်ကြောင်းပြောနေသော်လည်း သူမဘေးနားမှ လင်းထိုက်လန်က ဤကိစ္စအား သူမကိုလက်လွှဲထားသကဲ့သို့ စကားတစ်ခွန်းမှ ဝင်မပြောပေ။

    

ယီကျဲယီက အမှန်တွင်လည်း ဘာမှလုပ်ထားခြင်းမဟုတ်ပဲ လင်းထိုက်လန်ကိုသာ အသုံးချနေခြင်းဖြစ်သည်။ 


 ဒီလူက‌ တော်တော်ကို အရူးအမူးဖြစ်နေတာပဲ... သူ့ကို အကြိမ်နည်းနည်းလောက်ဖက်ပေးပြီး စကားချိုချိုသာသာတွေ ပြောလိုက်ရုံနဲ့ သူက ဘာမဆိုလုပ်ပေးတတ်တဲ့လူမျိုးပဲ...


ယီကျဲယွီက သူ့ကို စစ်တုရင်အရုပ်တစ်ရုပ်ကဲ့သို့သာ သဘောထားပြီး အခြားအကျိုးအမြတ်များကို တစ်ခုမှ မပေးခဲ့ပေ။


အစောပိုင်းကလည်း သူတို့နှစ်ဦးက ပွေ့ဖက်နေခဲ့ခြင်းမဟုတ်ပေ။ သူတို့နှစ်ယောက်က ‌နေမထွက်မီအချိန်တွင် တွေ့ရန် ချိန်းဆိုထားခဲ့ကြ၍ အမှောင်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် တိုက်မိသွားခြင်းသာဖြစ်သည်။


 ဒါကို ဘယ်လို ရှင်းပြရတော့မလဲ...

    

ယီကျဲယွီ စိတ်ဓာတ်ကျစွာဖြင့် ခေါင်းပြန်မော့လိုက်သည့်အခါ နန်းဆောင်တံခါးဝတွင်ရပ်နေသည့် ရွှယ်ယန်ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသည်။


ရွှယ်ယန်...


ယီကျဲယွီ ခဏတာ အံ့အားသင့်သွားပြီးနောက် သူမ မျက်လုံးများက ခက်ထန်လာသည်။

    

သူမတို့ကို မြင်သွားသောအစေခံအုပ်စုကို ဦးဆောင်လာသည်က ရွှယ်ယန်၏ မိန်းမစိုးဖြစ်သည်။


 သူနဲ့ လင်းထိုက်လန်တွေ့မယ့်‌နေရာက တော်ရုံလူတွေ သိပ်မလာကြပါဘူး... ဘာလို့ ရွှယ်ယန်ရဲ့ အစေခံက ဒီ‌အချိန်မှာမှ ဒီလောက်လူအများကြီးနဲ့ ဖြတ်လာရတာလဲ...


သူ တမင်လုပ်ကြံထားတာ သိသာနေတာပဲ...


" အဲဒါသူပါ အရှင်မင်းကြီး..."


ယီကျဲယွီက ငိုယိုနေပြီး ရွှယ်ယန့်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။

    

" သူက သူ့အစေခံကိုခိုင်းပြီး ကျွန်တော်မျိုးမကို ထောင်ခြောက်ဆင်တာပါ... အရှင်မင်းကြီး ကျွန်တော်မျိုးမဘက်က ရပ်တည်ပေးပါ..."


ဧကရာဇ်ချင်းဖျင်က စိတ်မရှည်စွာဖြင့် မျက်ခုံးများကို ပွတ်လိုက်သည်။

    

သူက ရှုမိသားစုက မကျေမနပ်ဖြစ်နေခဲ့၍ သူတို့ကို ပြဿနာရှာရန် ဆင်ခြေရှာဖွေနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့ရာတွင် သူ အကြောင်းပြချက် မရှာတွေ့မီမှာပင် ရှုမိသားစုဘက်မှ ဤမျှကြီးမားသောကိစ္စကို စတင်လုပ်ဆောင်လိုက်မည်ဟု မထင်ခဲ့မိပေ။


သူ ယခင်တည်းက ယီကျဲယွီကို အလွန်သဘောကျနှစ်သက်ခဲ့ခြင်းမဟုတ်ပေ။ သူမ၏ နူးညံ့ညင်သာမှုနှင့် သူ့ကို တစ်ကြိမ်တစ်ခါမှ ပြဿနာမဖြစ်စေခြင်းများ‌ကြောင့်သာ နာခံတတ်ပြီး အသိဉာဏ်ရှိသည့် ကစားစရာတစ်ခုဟု သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

    

သို့သော်လည်း သူမက တစ်ကြိမ်တစ်ခါမှ စိတ်မဆိုး သဝန်မတိုခြင်းက သူမရင်ထဲတွင် အခြားတစ်ယောက်ရှိနေသောကြောင့်ဖြစ်ရခြင်းဟု တစ်ခါမှ မတွေးထားမိခဲ့ပေ။

    

ဤကဲ့သို့ သူ့ဂုဏ်သိက္ခာကို စော်ကားရန်စခြင်းက ဘုရင်တစ်ပါးအတွက် သည်းမခံနိုင်စရာကိစ္စပင်ဖြစ်သည်။

    

" လက်ယာအမတ်ကြီးကို သွားခေါ်စမ်း..."


ဧကရာဇ်ကက ယီကျဲယွီကို လျစ်လျူရှု့ကာ မျက်ခုံးများကိုပွတ်နေပြီး လင်းဖူကို အမိန့်ပေးလိုက်သည်။

    

ယီကျဲယွီ၏ ပြစ်တင်စွပ်စွဲမှုက အခြေအမြစ်မရှိပေ။ ကျင်းပေါင်က ရွှယ်ယန်ကို မနက်စာသွားပို့ခြင်းသာဖြစ်သည်။ မူလက ထိုမိန်းမစိုးလေးက ဤကျွင်းဟွိုင်လန်ကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ပြီး အဖျားသက်သာလာသည်ကိုတွေ့သောအခါ ဧကရာဇ်က လူလွှတ်ပြီး ရွှယ်ယန့်ကို ခေါ်ခိုင်းသော်လည်း သူက ပြန်မလာခဲ့ပေ။  


သို့ဖြစ်၍ ကျင်းပေါင်က ရွှယ်ယန့်ထံသို့ မနက်စာယူသွားရန် လာရောက်ခွင့်တောင်းခဲ့သည်။


ဧကရာဇ်ချင်းဖျင်က စိတ်မသက်မသာဖြင့် တွေးလိုက်မိသည်။

ရွှယ်ယန်က တမင်လုပ်တာများလား...


လင်းဖူက မင်းကြီး၏အမိန့်ကိုရသည်နှင့် ယီကျဲယွီကို တစ်ချက်ကြည့်ပြီးနောက် တုံ့ဆိုင်းမနေတော့ပဲ အမြန်ထွက်သွားသည်။

    

ယနေ့တွင် ယီကျဲယွီကျူးလွန်ခဲ့သည့်ပြစ်မှုက  သေဒဏ်အပေးမခံရလျှင်ပင် ပုံမှန်အခြေအနေသို့ပြန်ရောက်ရန် အခွင့်အရေးမရှိတော့ပေ။ ထိုအချိန်တွင် ဧကရာဇ်က ရှုရှန့်ကို ခေါ်ခိုင်းလိုက်ခြင်းမှာ သူမကို သနားညှာတာခြင်းမရှိပဲ ရှုမိသားစုကို ရိုက်ချရန်သာဖြစ်သည်။ သူတို့ကိုယ်တိုင်ကို ရွေးချယ်မှုပြုလုပ်ခိုင်းပြီး သစ္စာရှိမှုကို ပြသရန်အတွက်လည်းဖြစ်သည်။


သူတို့သမီးနှင့် ဧကရာဇ်၏ မျက်နှာသာပေးမှု နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရတော့မည်ဖြစ်သည်။


လင်းဖူကဲ့သို့ နန်းတွင်းတွင်နေတိုင်သည်မှာကြာပြီဖြစ်သောလူအိုကြီးများက အကျိုးအမြတ်ကို တွက်ချက်ရာတွင် အတော်ဆုံးလူများဖြစ်သည်။ အစပိုင်းတွင်း သူ ယီကျဲယွိီနှင့် မဟာမိတ်အဖြစ်နေခဲ့ခြင်းမှာ သူမက ရှုမိသားစုမှဖြစ်ပြီး သူမနောက်ကွယ်တွင်လည်း ချင်ထျန်ချန့် ရှိနေသောကြောင့်ဖြစ်သည်။ ယခု ဤလူက သေတော့မည်မှာ ကျိန်းသေပေါက်ဖြစ်နေ၍ သူတို့၏ ယခင်က ဆက်ဆံရေးများကို အရေးမစိုက်တော့ပေ။ 


ရင်းနှီးမှုဟုသည့်အရာဆိုသည်မှာ သူတို့အကြားတွင် မရှိပေ။ သူတို့အားလုံးက မိမိအလိုရှိရာကို ရယူကြသည့်လူအချင်းချင်းသာဖြစ်သည်။

 

ဧကရာဇ်ချင်းဖျင်က သူ့နဖူးကိုပွတ်နေပြီး ရွှယ်ယန့်ကို ရှေ့တိုးလာခိုင်းလိုက်သည်။


" ဘာလို့တံခါးမှာရပ်နေတာလဲ ရှေ့ကိုလာလေ..."

    

သူ့လေသံက ကြင်နာမှုများဖြင့် ပြည့်နေသည်။


ယနေ့ည အဖြစ်အပျက်ကြောင့် "ခေတ်တစ်ခေတ်၏ကျမ်းဂန်"  ကျမ်းစာအုပ်ကို ကူးယူနေရုံဖြင့် နတ်ဆိုးကို ထိန်းသိမ်းထားနိုင်ကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားသည်။

အဲဒါဆိုရင် သူတစ်နှစ်ပတ်လုံး အဲဒီကျမ်းစာတွေကူးရေးနေမယ်ဆိုရင်ရော နတ်ဆိုးက လုံးဝပျောက်သွားမှာလား...


သူ့ပလ္လင်က မခြိမ်းခြောက်ခံရသည့်အပြင် သူ့အသက်အန္တရာယ်ကိုလည်း မစိုးရိမ်ရတော့ပေ။ ဧကရာဇ်ချင်းဖျင်က နောက်ဆုံးတွင် စိတ်အေးလက်အေးနေနိုင်ပြီး ရွှယ်ယန့်ကို သူ့သားအရင်းသဖွယ် ဆက်ဆံနိုင်ပြီဖြစ်သည်။

  

ရွှယ်ယန် ရှေ့တိုးလာပြီးနောက် ဧကရာဇ်ကို ဂါရဝပြုလိုက်သည်။


" ခမည်းတော် ဘာကိစ္စကြောင့် သားတော်ကို ခေါ်လိုက်ရတာပါလဲ..."

    

ဧကရာဇ်ချင်းဖျင်က ယီကျဲယွီကို အေးစက်စက်ကြည့်ပြီး ပြောလိုက်သည်။


" မနေ့ညက ကိစ္စက ပြီးသွားပြီ... ဒီမနက်ကျတော့ ဘုရားကျောင်းအပြင်ဘက်မှာ နောက်ထပ် ကောလဟာလတစ်ခုထပ်ဖြစ်သွားတယ်... သားတော် အဲဒီမှာ ကျမ်းစာတွေ ကူးရေးနေဖို့ မလ်ိုတော့ဘူး..."


စကားဆုံးသည်နှင့် ရွှယ်ယန်ကိုကြည့်လိုက်သည့်အခါ သူ့အမူအရာက ပျော့ပျောင်းသွားသည်။


" ကြည့်ရတာ ကျမ်းစာတွေရေးရတာက အသုံးဝင်တဲ့ပုံပဲ... နောက်လည်း တစ်ခါတစ်လေ အဲ့လိုမျိုးရေးပြီး သားတော်ရဲ့စိတ်ကို တည်ငြိမ်အောင်နေလို့ရတာပဲ..."

    

အရေးကြီးဆုံးကတော့ မင်းရဲ့ကိုယ်က နတ်ဆိုးဝိညာဉ်ကို နှိမ်နင်းဖို့ပေါ့...

ဧကရာဇ်ချင်းဖျင်က ၎င်းကို တိုက်ရိုက်မပြောလိုက်သော်လည်း ထိုနေရာတွင်ရှိသူတိုင်းက ဤကိစ္စကို ပြောစရာမလိုအောင် နားလည်ကြသည်။


ရွှယ်ယန် ခေါင်းငြိမ့်ပြပြီး သဘောတူလိုက်သည်။


ဧကရာဇ်ချင်းဖျင်က သူ့ဘေးမှနေရာကို ညွှန်ပြပြီး ရွှယ်ယန့်ကို ထိုင်ခိုင်းလိုက်သည်။

    

  ရွှယ်ယန် ခေါင်းမော့ပြီး အခန်းထဲမှလူအားလုံးကို မျက်စိကစားလိုက်သည်။


ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသည့်လူများအပြင် ယီကျဲယွီနှင့်အတူပါလာသည့် အစေခံများလည်းရှိသည်။


သူတို့ထဲမှလူတစ်ယောက်၏ ဘယ်ဘက်ပါးတွင် မှဲ့တစ်လုံးရှိသည်ကို ရွှယ်ယန် တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်သည်။


သူ့မျက်လုံးများ မှေးကျဉ်းသွားသည်။


သူက လူတစ်ယောက်ကို အာရုံစိုက်ကြည့်ပါက တွေ့ဖူးသမျှလူတိုင်းကို မှတ်မိနိုင်သည်။ ယမန်နေ့ညက မီးရှူးပန်းမှ မီးရောင်များလင်းလက်သွားသည့်အချိန်တွင် ကျွင်းဟွိုင်လန်ကိုလာခေါ်သည့် နန်းတွင်းသူ၏ ဘယ်ဘက်မျက်နှာတွင် မှဲ့တစ်လုံးရှိသည်ကို ရွှယ်ယန် ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။


အဲဒါ သူပဲ...


Xxxxxxx