အပိုင်း ၆၇
Viewers 15k

Chapter 67


    

ထို နန်းတွင်းသူက အနောက်ဘက်တွင်ရပ်နေပြီး ခေါင်းငုံ့ထား၍သာ သူ အာရုံမစိုက်မိခြင်းဖြစ်သည်။ အကယ်၍ အစောပိုင်းတည်းက ရွှယ်ယန် သတိထားကြည့်ပါက သူမကို သတိပြုမိနိုင်သည်။


ရွှယ်ယန်၏အကြည့်များ စူးရှသွားပြီး အဝေးတစ်နေရာသို့ အကြည့်လွှဲလိုက်သည်။

    

ပုစွန်ဆိတ်ကဲ့သို့ စစ်သားများနှင့် ဂဏန်းကဲ့သို့သော စစ်သူကြီးများကို ဖုန်မှုန်များကင်းစင်သွားမှ ကိုင်တွယ်မည်ဟု တွေးထားခဲ့သော်လည်း သူတို့အားလုံးကို ပထမဆုံး ရှင်းထုတ်လိုက်ရလိမ့်မည်ဟု မထင်ခဲ့မိပေ။(အရေးမပါတဲ့သူတွေနဲ့ကန့်လန့်တိုက်တတ်သူတွေ)

  

ရွှယ်ယန် တည်ငြိမ်စွာဖြင့် မျက်လွှာချလိုက်သည်။ 


 ယနေ့က နှစ်သစ်၏ ပထမဆုံး နေ့ရက်ဖြစ်သည်။ အိမ်တော်များတွင် အနားယူနေကြသည့်အမတ်ကြီးများက နန်းတော်သို့လာပြီး ဧကရာဇ်ကို ဂါရဝပြုရသည့်နေ့လည်းဖြစ်နေသည်။


ယခုအချိန်တွင် အမတ်ကြီးများအားလုံးက ရွှမ်ဝူတံခါးရှေ့တွင် စောင့်ဆိုင်းနေကြပြီး ၎င်းတို့ထဲတွင် အမတ်ချုပ်ကြီးရှုရှန့်လည်း ပါဝင်သည်။


လင်းဖူက သူ့ကိုခေါ်ဆောင်ပြီး ယုံလဲ့ခန်းမဆောင်သို့ ရောက်လာရန် အချိန်မကြာလိုက်ပေ။


လမ်းတွင် လင်းဖူက ဖြစ်‌ကြောင်းကုန်စင်ပြောပြထား၍ ရှုရှန့်က မနှောင့်နှေးရဲပဲ အမြန်ရောက်လာရသည်။ နန်းဆောင်ထဲရောက်ပြီး ဧကရာဇ်ချင်းဖျင်ကို တွေ့သောအခါ သူ့ရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်သည်။


" အရှင်မင်းကြီး... ဒီအမတ်အိုကြီးက အပြစ်ရှိပါတယ်..."


ရှုရှန့်က ခေါင်းတွင်တွင်ခါနေပြီး သူ့အသံထဲတွင်လည်း ငိုသံရောစွက်နေပြီဖြစ်သည်။


" ဒီအမတ်အိုကြီးက သမီးဖြစ်သူကို ကောင်းကောင်းမသွန်သင်မိပါဘူး... ကျွန်တော်မျိုးသေသင့်ပါတယ်..."


 ညီလာခံမှ မြေခွေးအိုကြီးများမှာ နှစ်တစ်ထောင်ဘီလူးများအဆင့်သာ မဟုတ်ကြပေ။ သူ့ရှေ့တွင် ဝမ်းနည်းပက်လက်ငိုကြွေးနေသော်လည်း ၎င်းက သူ၏စိတ်ရင်းအမှန်ဟုတ်မဟုတ် မသိနိုင်ပေ။


ဧကရာဇ်ချင်းဖျင်က သူ့ကို မထခိုင်းပေ။


" ရှုရှန့်... အခု နှစ်သစ်အချိန်ဆိုတော့ ကိုယ်တော်က အားလုံးကို ညှာတာထောက်ထားပြီး သဘောထားကြီးပေးနေတာ ဒါပေမဲ့ ယီကျဲယွီလုပ်လိုက်တဲ့ကိစ္စက လုံးဝလျစ်လျူရှု့ထားလို့ မရဘူး... သူတို့နှစ်ယောက်လုံးလည်း အခု ဒီမှာရှိနေတယ်... ကိုယ်တော်မောင်မင်းကို ခေါ်လိုက်ရတာ ကိုယ်တော့်ရဲ့ချစ်ရတဲ့ကိုယ်လုပ်တော်လေးနဲ့ပတ်သက်ပြီး ဘယ်လို လုပ်ကြမလဲ‌ဆို‌တာ မေးချင်လို့ပဲ..."

    

ဘေးနားတွင် ဒူးထောက်နေသည့် ယီကျဲယွီက ခေါင်းမော့ပြီး သူမအဖေကို လှမ်းကြည့်လိုက်သည်။


သူမအဖေက ငယ်စဉ်ကလေးဘဝတည်းက သူမကို အလွန်ချစ်သည်ကို သိသည်။ သူမက ရှုမိသားစုတစ်ခုလုံးတွင် မထင်မရှားဖြစ်၍ သူမအဖေက သူမကြောင့် ရှုမိသားစု၏ တက်လမ်းကို ပိတ်ပင်မည်မဟုတ်ပေ။ ဖခင်ဖြစ်သူက သူမအသက်ကိုကယ်တင်ရန် နည်းလမ်းရှာပေးလိမ့်မည်ဟုသာ ယုံကြည်ထားသည်။

 

" ဒီအမတ်အိုကြီးရဲ့သမီးက ‌အရှက်မဲ့ပြီး ပြန်ပြင်မရတဲ့ အမှားကြီးတစ်ခုကို ကျူလွန်ထားမိလို့ အရှင်မင်းကြီးကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုရဲပါဘူး..."

ရှုရှန့်က ‌ကြမ်းပြင်နှင့် နဖူးကိုထိသည့်အထိ တောင်းပန်ပြီး ငိုကြွေးနေသည်။


" ဒီမိန်းကလေးကို အရှင်ကြိုက်သလိုအပြစ်ပေးလို့ရပါတယ်... ကျွန်တော်မျိူလည်း ညီလာခံမှာ အမတ်အဖြစ်ဆက်နေပြီး မျက်နှာမပြရဲတော့ပါဘူး... အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ ရာထူးအဆောင်အယောင်တွေကို ရုတ်သိမ်းလိုက်ပါ... ကျွန်တော်မျိုး မွေးရပ်မြေကိုပြန်ဖို့ မြင်းလှည်းနဲ့ မြင်းနည်းနည်းကိုပဲပေးလိုက်ပါ မင်းကြီး..."

 

ဧကရာဇ်ချင်းဖျင်၏ မျက်နှာထက်တွင် စိတ်ကျေနပ်သွားသည့် အမူအရာတစ်ချို့ ဖြစ်ပေါ်လာသည်။

    

 မူလက ရှုမိသားစု၏ ကြီးစိုးလာမှုကို ကြောက်ရွံ့ခဲ့သော်လည်း ယခုအခါ ရှုမိသားစုထံတွင် ဤကဲ့သို့သောကိစ္စမျိုး ဖြစ်ပေါ်လာ၍ သူတို့အားလုံးကို လက်ထဲတွင် ပြန်လည်ကိုင်တွယ်နိုင်ပြီဖြစ်သည်။ သူတို့ကို အနည်းငယ် ကြင်နာပြနေသရွေ့ အသုံးချနိုင်ဦးမည်သာဖြစ်သည်။ 


" ရှုရှန့်ရဲ့မိသားစုက တာ့ယုံအပေါ်  စိတ်ရောကိုယ်ပါ မြှုပ်နှံထားတာပဲ...  တိုင်းပြည်အတွက် ရလဒ်ကောင်းတွေရအောင် ကြိုးစားပေးခဲ့လို့ ကိုယ်တော်က ချွင်းချက်ထားပေးပါ့မယ်... ဒီလိုစကားမျိုးတွေအထိ ပြောစရာမလိုပါဘူးရှုရှန့်... မောင်မင်းမရှိရင် ကိုယ်တော်ရဲ့ ညီလာခံကြီးကို ဘယ်လိုလုပ်ရမလဲ..."


" လင်းထိုက်လန်ကို ရာထူးချပြီး နန်းတွင်းကမောင်းထုတ်စေ... ယီကျဲယွီကို အဆောင်အယောင်တွေအားလုံးရုတ်သိမ်းပြီး သာမန်လူအဖြစ်ပြန်နေခိုင်းပြီး အအေးနန်းဆောင်မှာ ထာဝရပိတ်ထားပြီး ဘဝတစ်လျှောက်လုံး ပြန်ထွက်မလာရစေလို့ ကိုယ်တော်အမိန့်ချတယ်..."


ရှုရှန့်က သူ့ကိုမတောင်းဆိုသော်လည်း နောက်ဆုံးအနေဖြင့် မျက်နှာသာပေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းက အိပ်ရာထက်တွင် သူတို့နှစ်ယောက်ဖောက်ပြန်နေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်းမဟုတ်၍ အကြီးမားဆုံးပြစ်မှုကြီးမဟုတ်သောကြောင့်ဖြစ်သည်။ သူမကို အသက်ချမ်းသာပေးလိုက်ခြင်းက အားလုံးအတွက် စံနမူနာအနေဖြင့်သာဖြစ်သည်။

    

အချိန်တစ်ခုအထိ မည်သူမျှ စကားတစ်ခွန်းမှ မဟသော်လည်း အားလုံးက ဝမ်းသာနေကြသည်။


  ရွှယ်ယန်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည့် ရှုရှန့်ကိုကြည့်ကာ တဖြည်းဖြည်းချင်းထလာသည်။

   

အမြီးဖြတ်ချခံထားရလိုက်သော တောက်တဲ့က သူ့ကိုယ်သူ လွတ်မြောက်သွားပြီဟု ထင်လိုက်သော်လည်း သူ့ရှေ့တွင် ထောင်ခြောက်တစ်ခုက ပုန်းကွယ်နေသေးသည်ကို သိမည့်ပုံမပေါ်ပေ။

    

သူက နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ခြင်းနည်းလမ်းဖြင့် သမီးဖြစ်သူ၏အသက်ကို ကယ်တင်လိုက်နိုင်သော်လည်း သူ့အနေအထားက မရေရာသောအဆင့်တစ်ခုတွင်သာ ရှိနေသေးသည်။


" ခမည်းတော်..."


ရွှယ်ယန်က ဧကရာဇ်ကို အရိုအသေပြုပြီးပြောလိုက်သည်။


" ရင်းနှီးနေတဲ့မျက်နှာနဲ့ နန်းတွင်းသူတစ်ယောက်ကို သားတော်ရုတ်တရက် တွေ့လိုက်သည်။

သူ ခေါင်းမော့ပြီး ဧကရာဇ်ချင်းဖျင်ကို လျှောက်တင်လိုက်သည်။


" သူ့မျက်နှာမှာ မှဲ့တစ်လုံးရှိတယ်... သူ့ပုံစံက မနေ့ညက ယုံနင်မြို့စားမင်းရဲ့သားကို ခေါ်သွားတဲ့ နန်းတွင်းသူနဲ့ နည်းနည်းဆင်နေတယ်..."


ထိုစကားကိုကြားသည့်အခါ နေရာတွင်ရှိနေသူအားလုံး ထိတ်လန့်သွားကြသည်။ 


အထူးသဖြင့် ကြမ်းပြင်တွင်ဒူးထောက်နေကာ သေဘေးမှလွတ်မြောက်သွား၍ စိတ်အေးနေသော ယီကျဲယွီက ထိုစကားများကြောင့် မျက်လုံးအရောင်ပြောင်းလဲသွားကာ ရွှယ်ယန့်ကို လှမ်းကြည့်လိုက်မိသည်။

 

ထိုကိစ္စလုပ်ရန်အတွက် သူမ၏ အယုံကြည်ရဆုံးသော နန်းတွင်းသူကို လွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုမိန်းကလေးက သူမနှင့်အတူ ကလေးဘဝတည်းက ရှိခဲ့သူဖြစ်ပြီး ကိုယ်လုပ်တော်ဖြစ်ချိန်တွင်လည်း နန်းတွင်းသို့ခေါ်လာခဲ့သူဖြစ်သည်။ သူမက သိုင်းပညာရှင်တစ်ယောက်လည်းဖြစ်၍ ထောင်ကျစ်ကဲ့သို့မဟုတ်ပဲ အသင့်တော်ဆုံးလူဖြစ်သည်။


သို့ရာတွင် ရွှယ်ယန်၏ မျက်လုံးများက အလွန်ကောင်းပြီး ရှင်းလင်းစွာ မှတ်မိနေလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့မိပေ။


သူမ လှမ်းကြည့်လိုက်ချိန်တွင် ရွှယ်ယန်က သူမနောက်မှ နန်းတွင်းသူကို လက်ညှိုးထိုးနေသည်ကို တွေ့လိုက်ရသည်။


" သူပဲဖြစ်မှာ... သူ့ဘယ်ဘက်ပါးပေါ်မှာ မှဲ့တစ်လုံးရှိတယ်... မနေ့ညက မီးရှူးမီးပန်းက အလင်းရောင်တွေနဲ့ သားတော်သူ့ကို သေချာမြင်လိုက်ရတယ်..."

 

ယီကျဲယွီ၏အစေခံက ကျွင်းဟွိုင်လန်ကိုလှည့်စားကာ ထိုက်ယဲ့ရေကန်ထဲ တွန်းချပစ်ခဲ့ခြင်းဖြစ်ပြီး ယီကျဲယွီကလည်း ချင်ထျန်ကျန့်ဆီမှ လင်းထိုက်လန်နှင့် ဖောက်ပြားနေသည်ကို ယနေ့တွင် အားလုံးကသိရှိခဲ့ခြင်းဖြစ်သည်။


ယခုအခါတွင် ဤကိစ္စနှင့်သက်ဆိုင်သည့် လူသုံးယောက်လုံးက ဤနေရာတွင်သာရှိနေ၍ သူတို့အကြားမှဆက်နွယ်မှုများကို အားလုံးက တွေ့မြင်နိုင်ကြသည်။


ရုတ်တရက် အားလုံး၏ အမူအရာများက ခန့်မှန်း၍ မရနိုင်သည်အထိ ဖြစ်သွားသည်။


အထူးသဖြင့် သလွန်ပေါ်တွင်ထိုင်နေသည့် ဧကရာဇ်ချင်းဖျင်၏ အမူအရာက သိသိသာသာပြောင်းလဲသွားပြီး အကြည့်များက စူးရှခက်ထန်လာသည်။


ကြာပန်းဖြူလေးကဲ့သို့ နူးညံ့လှသော ယီကျဲယွီက ထိုမျှ ပြဿနာရှာလိမ့်မည်ဟု မထင်ခဲ့မိပေ။ 


အကယ်၍ သူမက ယမန်နေ့ညက ကျွင်းဟွိုင်လန်ကို ထိုက်ယဲ့ရေကန်ထဲတွင်းချခဲ့၍ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါက သူနှင့် ယုံနင်မြို့စား၏အကြားတွင် သဘောထားကွဲလွဲမှုကြီး ဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် ရွှယ်ယန်ကိုလည်း ကျွင်းဟွိုင်လန်ကို အန္တရာယ်ပြုသည့် နတ်ဆိုးကောင်အဖြစ် သမုတ်ကြတော့မည်ဖြစ်သည်။


ဒီမိန်းမက ဒါတွေအားလုံးကို လုပ်ခဲ့တာပဲ...


ဒီကိစ္စမှာ ဘုရင့်သားတော်နဲ့ ညီလာခံကလူတွေ ပါကုန်တာပဲ..

   

သူ့ကို စိတ်အေးချမ်းမှုအပေးနိုင်ဆုံးလူက အဆုံးတွင် သူ့ကို ပြဿနာအပေးဆုံးလူဖြစ်နေမည်ဟု သူမထင်ခဲ့မိပေ။


ဧကရာဇ်ချင်းဖျင်က မယုံကြည်နိုင် ဖြစ်သွားသကဲ့သို့ တစ်ချိန်တည်းမှာပင် သူ့နှလုံးသားထဲတွင် အမျက်ဒေါသများဖြင့် ပြည့်လာသည်။


သူက အဲ့လို အားနွဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ ဆော့ကစားခံလိုက်ရတာပေါ့လေ...


သူ ယီကျဲယွီကို ဒေါသတကြီးဖြင့် မေးလိုက်သည်။

" သူက မင်းဆီက နန်းတွင်းသူလား..."


ယီကျဲယွီက ငိုယိုလွန်း၍ နီရဲနေသော မျက်ဝန်းများဖြင့် ဧကရာဇ်ချင်းဖျင်ကို ကြည့်နေသည်။


သူမ၏ဖခင်က နောက်တစ်လှမ်းဆုတ်ကာ သူမအသက်ကို ကယ်တင်ပေးခဲ့ပြီး အခွင့်အရေးကို အရယူကာ ဧကရာဇ်အပေါ် သစ္စာရှိကြောင်း ပြသနိုင်ခဲ့သည်။ မူလအခြေအနေအရဆိုလျှင် ဤကိစ္စက ပြီးသွားပြီဖြစ်သည်။ သူမက အအေးနန်းဆောင်သို့ ပို့ဆောင်ခံလိုက်ရသော်လည်း အခွင့်အရေးရှိနေဆဲဖြစ်သည်။ သူမသားလေးက ညီလာခံသို့ပင် တက်ရောက်နိုင်သည့်အရွယ်ဖြစ်နေ၍ မျှော်လင့်ချက်ရှိနေသေးသည်ဟု ဆိုနိုင်သည်။


သို့ရာတွင် ရှေ့ဖြစ်ဟောခြင်းကိုအသုံးချကာ မင်းသားတစ်ပါးကို ချောက်ချခြင်းကိစ္စကို အတည်ပြုလိုက်ပါက သူမလည်း ကွပ်မျက်ခံရမည်ဖြစ်ပြီး ဤကိစ္စတွင် ရှုမိသားစုလည်း ပါဝင်လာမည်ဖြစ်သည်။


ဤကိစ္စက စစ်ပွဲတစ်ခုမဟုတ်သော်လည်း ဧကရာဇ်ချင်းဖျင်ကို ပုန်ကန်မှုဟု သတ်မှတ်၍ရနိုင်သည်။


အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက သူမတစ်ယောက်တည်းသာ သေဆုံးသွားမည်မဟုတ်ပဲ သူမ၏သားတော်နှင့် ရှုမိသားစုလည်း ဤကိစ္စနှင့် ငြိစွန်းသွားမည်ဖြစ်သည်။ သူမ၏သားတော်ကလည်း ခေါင်းဖော်နိုင်မည်မဟုတ်တော့ပေ။


ယီကျဲယွီက အလျင်အမြန်ပင် ခေါင်းခါလိုက်သည်။


" အရှင်မင်းကြီး... ဒီကိုယ်လုပ်တော်က အဲ့ကိစ္စကို ဘာမှမသိပါဘူး..."


သူမက သေအံ့ဆဲဆဲအခြေအနေဖြစ်နေ၍ ဝန်ခံရန် ငြင်းဆိုနေမိသည်။ ထို့အပြင် ဧကရာဇ်ချင်းဖျင်ကလည်း သူမကို ယုံကြည်တော့မည်မဟုတ်ပေ။ လင်းထိုက်လန်နှင့် သီးသန့်တွေ့ဆုံနေသည်ကိုလည်း အားလုံးက မြင်သွားခဲ့ပြီဖြစ်၍ ငြင်းမရတော့သော်လည်း ယမန်နေ့ညက နန်းတွင်းသူကိစ္စကိုမူ ရွှယ်ယန်၏ အမြင်တစ်ခုတည်းဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။


သို့ဖြစ်၍ ဧကရာဇ်ချင်းဖျင်က ဘာမှဆက်မပြောတော့ပဲ ရွှယ်ယန့်ကို ကြည့်လိုက်သည်။


" တခြားတစ်ယောက်ယောက်ကရော သူ့ကိုမြင်သေးလား..."


ထိုအချိန်က ရွှယ်ယန်နှင့် ကျွင်းဟွိုင်လန်နှစ်ယောက်တည်းသာရှိနေခဲ့ခြင်းဖြစ်ပြီး ကျွင်းဟွိုင်လန်ကလည်း သတိလစ်နေဆဲဖြစ်သည်။ ထို့အပြင် ကျွင်းဟွိုင်လန်သတိရလာပါကလည်း တစ်ခါနှစ်ခါပဲ မြင်တွေ့လိုက်ရသည့် နန်းတွင်းသူကို မှတ်မိလိမ့်မည်မဟုတ်ပ။


သူတစ်ယောက်တည်း၏အမြင်ကို အားကိုး၍လည်း မရ‌နိုင်ပေ။


ရွှယ်ယန်က ထိတ်ထိတ်ပျာပျာဖြစ်နေခြင်း မရှိပေ။


" ခမည်းတော်... သားတော် အမှတ်မှားတာတော့ မဟုတ်ပါဘူး... ‌ဒါပေမဲ့ တခြား ရွေးချယ်စရာမရှိတော့ပါဘူး... သူ့ကို ပြစ်‌ဒဏ်စီရင်ရေးဌာနကိုပို့ပြီး ဝန်ခံအောင် လုပ်ခိုင်းရပါမယ်..."


ယီကျဲယွီ ထိုအခါမှ စိတ်သက်သာရာသွားသည်။ 


သူမအဖေက ထိုအချိန်တွင် အနားတွင်ရှိနေပြီးဘာလုပ်ရမည်ကို သိသည်။ 


ပြစ်ဒဏ်စီရင်ရေးဌာနမှ အမှုထမ်းများနှင့် မိန်းမစိုးများမှာ သူတို့မိသားစုနှင့် အနည်းနှင့်အများ ပတ်သက်ကြသူများဖြစ်၍ တစ်စုံတစ်ယောက်ကို သတ်ပစ်ရန် အလွန်လွယ်ကူသည်။


အဲ့ကလေးက လိမ္မာပါးနပ်တဲ့ပုံပေါ်ပေမယ့် အဲ့ထက်ပိုပြီး ဘာမှမဟုတ်ပါဘူး...

    

ဧကရာဇ်ချင်းဖျင် ထိုစကားများကိုကြညးသည့်အခါခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။


" အဲ့လိုပဲ လုပ်လိုက်ပါ..."


ယီကျဲယွီ စိတ်အေးလက်အေးဖြစ်ပြီး သက်ပြင်းချနေစဉ်မှာပင် ရွှယ်ယန်က ထပ်ပြောလာပြန်သည်။

  

" အဲဒီနန်းတွင်းသူကို သားတော်ကိုယ်တိုင် စစ်မေးခွင့်ပြုပါ..."


ဧကရာဇ်ချင်းဖျင်က သူ့ကိုကြည့်လိုက်သည်။


" ကျွန်တော်မျိုး ဒီနန်းတွင်းသူကို မေးစရာရှိနေပါတယ်... ပြီးတော့ ပြစ်ဒဏ်စီရင်ရေးဌာနကလည်း တစ်ခုခု မှားယွင်းနေမှာစိုးလို့ပါ... တကယ်လို့ အပြစ်ပေးတာ အရမ်းပြင်းထန်သွားမယ်ဆိုရင် သက်သေမရလိုက်ပဲ သေသွားမှာစိုးလို့ပါ..."


" သက်သေမရလိုက်ပဲ သေသွားမှာ " ဟူသည့်စကားက ယီကျဲယွီတို့သားအဖ၏ နားထဲဝင်လာသည်။


သူတို့က နန်းတွင်းသူကို တိတ်တဆိတ်သတ်ပစ်လိုက်ကြနိုင်၍ သူကိုယ်တိုင်စောင့်ကြည့်ချင်နေခြင်းကို အားလုံးသိသည်။


‌ဧကရာဇ်ချင်းဖျင်က ခဏတာတွေးတောလိုက်ပြီးသည့်နောက် သဘောတူလိုက်သည်။


အဘယ့်ကြောင့်ဆိုသော် အကယ်၍ ဤကိစ္စ မှန်ကန်နေခဲ့ပါက နန်းတွင်းသူက ယုံနင်မြို့စား၏သားကို လုပ်ကြံရန် ကြိုးစားသူတစ်ယောက်ဖြစ်သည်။ သူမ အကြောင်းအရင်းမရှိ သေဆုံးသွားပါက ယုံနင်မြို့စားကို မည်သို့ ရှင်းပြရမည်မသိဖြစ်သွားနိုင်သည်။


အဘယ့်ကြောင့်ဆိုသော် နောက်နှစ်အနည်းငယ်အတွင်းတွင် ယုံနင်မြို့စားကို အသုံးချစရာနေရာများ ရှိနေသေးသည်။


ရွှယ်ယန် ထပ်ပြောလိုက်ပြန်သည်။


" သားတော်အတွက် အစောင့်စစ်သားနည်းနည်းလောက် ခွဲဝေပေးဖို့ တောင်းဆိုချင်ပါတယ်..."

 

ဧကရာဇ်ချင်းဖျင်က မေးလိုက်သည်။

" အဲ့လူတွေကို ဘာအတွက် လိုချင်တာလဲ..."


ရွှယ်ယန်က ကြမ်းပြင်တွင် ဒူးထောက်နေသည့် ရှုရှန့်ကို တစ်ချက်ကြည့်လိုက်သည်။


" သားတော် ရှာစရာလေးရှိလို့ပါ... ဒီနန်းတွင်းသူမှာလည်း မိသားစုရှိလိမ့်မယ်... တကယ်လို့ သူတို့ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတယ်ဆိုရင်တော့ သူကအမှန်တရားကို ပြောနိုင်မှာမဟုတ်ဘူး... စစ်မေးတာက ပိုကြာသွားနိုင်ပါတယ်..."


ယီကျဲယွီ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။


ဤနန်းတွင်းသူကို သူမအိမ်တော်မှ ခေါ်လာခြင်းဖြစ်ကာ သူမ မိဘများကလည်း အိမ်တော်တွင်သာရှိနေကြသည်။ အကယ်၍ ထိုနန်းတွင်းသူနှင့် ပတ်သက်ပြီး ကိစ္စတစ်ခုခုဖြစ်လာပါက အဓိပ္ပါယ်မရှိသည်များ မပြောစေရန် ရှုမိသားစုက သူမ မိဘများကိုထိန်းချုပ်ထားမည်ဖြစ်သည်။


သို့ရာတွင် ထိုအရာအားလုံးကို ရွှယ်ယန်က ဧကရာဇ်ချင်းဖျင်ကို ရှင်းလင်းစွာပြောပြလိုက်သည်။


ရွှယ်ယန်က ငယ်စဉ်ကတည်းက သူမကြောင့် ယန်ဒေသသို့ ပို့ဆောင်ခံရသူဖြစ်၍ ကြမ်းတမ်းသည့်မြေမှ လူရိုင်းတစ်ယောက်အဖြစ် ကြီးပြင်းလာလိမ့်မည်ဟု ထင်ခဲ့မိသော်လည်း သူမက ဝံပုလွေတစ်ကောင်ကို မွေးမြူထားလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု ယီကျဲယွီ မထင်ခဲ့မိပေ။


ရွှယ်ယန်က သူမကို တည်ငြိမ်စွာဖြင့် စောင်းငဲ့ကြည့်လိုက်သည်။


ဧကရာဌ်ချင်းဖျင်က ထိုစကားများကိုကြားသည့်အခါ ကျိုးကြောင်းဆီလျော်သည်ဟု တွေးမိသွား၍ ရှုရှန့်ကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။


" သားတော်ကိုပဲ တာဝန်ပေးလိုက်မယ်... ကျင်းဝူဝေ့အစောင့်တပ်ဖွဲ့ကို သားတော်ဆီ ခစားခိုင်းလိုက်မယ်..."


ရွှယ်ယန်ကသာ တောင်းဆိုသူဖြစ်၍ ထိုကိစ္စများကို သူကိုယ်တိုင်သာ လုပ်မည်ဖြစ်သည်။ 


Xxxxxxx