အပိုင်း ၆၈
Viewers 15k

Chapter 68


ရှုမိသားစုတွင် မရိုးဖြောင့်သောအကြံအစည်များရှိနေပြီး နန်းတွင်းထဲတွင် သူလျှိုများစွာ လွှတ်ထားခြင်းရှိမရှိကို သိလို၍ ဧကရာဇ်က သူ့စိတ်တိုင်းကျသာ လုပ်ခိုင်းလိုက်သည်။


ရွှယ်ယန်က ခွင့်ပြုမိန့်ရသည်နှင့် မင်းကြီးကို ကျေးဇူးတင်ပြီးနောက် ကျင်းပေါင်ကို တစ်ချက်ကြည့်ကာထွက်လာလိုက်သည်။


ဒူးထောက်နေသည့်ရှုရှန့်က ယီကျဲယွီကို လှည့်ကြည့်လိုက်သည်။


ယခုအခါတွင် နန်းတွင်းသူကိုလည်း ရှုမိသားစုက ဘာမှမလုပ်ရဲဖြစ်သွားသည်။ မတော်တဆဖြစ်ရပ်များကို ကာကွယ်ရန်အတွက် မိသားစုလုံခြုံရေးကို ထိန်းသိမ်းနိုင်ရန် အပျက်အစီးများကိုသာ တတ်နိုင်သမျှ လျှော့ချရတော့မည်ဖြစ်သည်။


သူတို့က နှစ်ပေါင်းများစွာ အတူရှိနေခဲ့ကြသော သားအဖမျာဖြစ်၍ အကြည့်တစ်ချက်နှင့်ပင် ယီကျဲယွီ က ဆိုလိုရင်းကို သဘောပေါက်သွားသည်။


ရှုမိသားစုက ... သူ့ကိုစွန့်ပစ်လိုက်ပြီပေါ့လေ...


ယီကျဲယွီ ခြေထောက်တွင် အားမရှိတော့ပဲ ခွေလဲမတတ်ဖြစ်သွားကာ ပါးပြင်ထက်တွင် မျက်ရည်စီးကြောင်းနှစ်ကြောင်း ကျဆင်းလာသည်။


 ——


 ပြစ်ဒဏ်စီရင်ရေးဌာနက ပြင်းပြင်းထန်ထန် နှိပ်စက်မှုများ မပြုလုပ်လိုက်ရပဲ နန်းတွင်းသူက ကိစ္စအားလုံးကို ဝန်ခံခဲ့သည်။


ယီကျဲယွီက ကိုယ်လုပ်တော်ရှု့ မျက်နှာသာပေးခံနေရသည်ကို မနာလို၍ သူမ၏တူဖြစ်သူ ကျွင်းဟွိုင်လန်ကို ရေကန်ထဲတွန်းချခိုင်းပြီး ကိုယ်လုပ်တော်ရှု့ကို ပညာပေးချင်လိုခြင်းဟုသာ ပြောပြခဲ့သည်။


ဤကိစ္စက ရှုမိသားစုနှင့် မသက်ဆိုင်သကဲ့သို့ မင်းသား၄နှင့်လည်း မသက်ဆိုင်ပေ။ ယီကျဲယွီ၏ မနာလိုဖြစ်မှုကြောင့်သာ ဤမျှရူးနှမ်းသည့်အရာကို ပြုလုပ်မိခဲ့ခြင်းဟု ဝန်ခံခဲ့သည်။


ရွှယ်ယန်၏ အချုပ်ခန်းအပြင်ဘက်တွင်ထိုင်နေပြီး ပြစ်ဒဏ်စီရင်ရေးဌာနမှ လူများအား သူမ၏ဝန်ခံချက်ကို ရေးသား၍မင်းကြီးထံသို့ ပို့ဆောင်စေခဲ့သည်။


မကြာမီအချိန်တွင် ဧကရာဇ်ထံမှ အမိန့်စာတစ်ခု ရောက်ရှိလာသည်။ ထိုအမိန့်စာထဲတွင် နန်းတွင်းသူကို ကွပ်မျက်ရန်နှင့် ယီကျဲယွီကို ကိုယ်တိုင်သတ်သေခိုင်းရန် ဖဲကြိုးဖြူပေးပြီး အမိန့်ချမှတ်ခဲ့သည်။


ရွှယ်ယန်က မင်းကြီး၏အမိန့်တော်ကို ကျင်းဝူဝေ့အစောင့်များကိုပေးအပ်ကာ နန်းတွင်းသူကို ကွပ်မျက်ခိုင်းပြီးသည့်နောက်တွင် ပြစ်ဒဏ်စီရင်ရေးဌာနမှ ထွက်လာခဲ့သည်။

   

ပြစ်ဒဏ်စီရင်ရေးဌာနမှထွက်လာသည်နှင့် ကျင်းပေါင်က သူ့နောက်မှ လိုက်လာသည်။

  

" သခင်... ဘာလို့ ဆက်ပြီးမစုံစမ်းတာလဲ... "


ကျင်းပေါင် အသံတိုးတိုးဖြင့် မေးလိုက်သည်။


သူ ဝန်ခံတာက ကျိုးကြောင်းဆီလျော်မှု မရှိတဲ့အပြင် ရှုမိသားစုက တစ်ယောက်ယောက်ကိုလည်း သူ့ဆီကို အကြောင်းကြားစာပို့ခွင့် ပေးလိုက်သေးတာလား..."


 ကျင်းပေါင်က ကပျာကသီဖြစ်နေပြီဖြစ်သည်။


ရွှယ်ယန်က သူ့ကို အေးအေးဆေးဆေးသာ ပြန်ကြည့်နေသည်။


" ယီကျဲယွီ သေရင် လုံလောက်ပြီလေ..."


သူ့ နှုတ်ခမ်းများကို ကွေးညွတ်လိုက်သည်။


ကျင်းပေါင်ထိုစကားများကိုကြားသည့်အခါ သူက မကျေနပ်နိုင်သေးပဲ ရွှယ်ယန့်ကို တီးတိုးပြောလိုက်သည်။


" သခင့်ရဲ့အကြံတွေကို သူတို့ရှေ့မှာ မပြောလိုက်သင့်ဘူး... သူ့ကို တိတ်တိတ်လေးစစ်မေးလိုက်မယ်ဆိုရင် ဘာဖြစ်ခဲ့တာလဲဆိုတာ သေချာသိရမှာ အနည်းဆုံးတော့..."


ရွှယ်ယန် မျက်ခုံးပင့်လိုက်သည်။


ဒီရက်ပိုင်းအတွင်း သူ အရမ်းများ ကြင်နာမိနေလို့လား... ဒီ အစေခံခွေးလေးက တဖြည်းဖြည်း သတ္တိကောင်းလာတာပဲ...


" မင်းက တော်တော်နားငြီးတာပဲ..."


ရွှယ်ယန်က သူ့ကို စောင်းကြည့်လိုက်သည်။


ကျင်းပေါင် ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး အနောက်မှ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်လာတော့သည်။


ရွှယ်ယန်က သူ့ဆီမှ အကြည့်လွှဲလိုက်သည်။


သူ ထိုစကားများကို တမင်ပြောပြခဲ့ခြင်းပင်ဖြစ်သည်။ သူက ရှုရှန့်ရောက်လာချိန်အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ နန်းတွင်းသူကို မှတ်မိကြောင်းပြောပြခဲ့ခြင်းဖြစ်သည်။


ရှုမိသားစုက စီးပွားရေးအင်အားတောင့်တင်းကာ အခြေခံအုတ်မြစ်ကောင်းပြီး အဆက်အသွယ်‌များစွာရှိသည်။ ယခုထက် သုံးဆပိုများသော ကျင်းဝူဝေ့အစောင့်များဖြင့်ဆိုလျှင်ပင် အချိန်တိုအတွင်း မည်သည်အကြောင်းကိုမှ ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။


ထိုစကားများကို ဧကရာဇ်ရှေ့တွင် တမင်သက်သက်ပြောခဲ့ပြီး သူတို့ကို ကြောက်လန့်အောင်လုပ်ခြင်းဖြစ်သည်။


 သူတို့က ဧကရာဇ်ချင်းဖျင်ရှေ့တွင် မျက်နှာပျက်ခဲ့ရပြီးဖြစ်၍ ထိတ်ထိတ်ပျာပျာဖြစ်နေခဲ့ပြီးဖြစ်ရာ ထိုကိစ္စကြီးပါ ပေါ်ပေါက်သွားခဲ့ပါက ထိုသို့သော အလောင်းအစားမျိုးကို ထပ်လုပ်ရဲတော့မည်မဟုတ်ပေ။ ထိုအကြောင်း ပေါ်သွားရန် ၅၀%သာ အခွင့်အရေးရှိပါကလည်း စွန့်စားရဲမည်မဟုတ်ပေ။


ယီကျဲယွီက ယခုအခါတွင် အအေးနန်းဆောင်သို့ ပို့ဆောင်ခံလိုက်ရသည့် သာန်လူဖြစ်သွား၍ ရှုမိသားစုအတွက် အသုံးဝင်တော့မည်မဟုတ်ပေ။


ယခုအခါတွင် သူမနှင့် ရှုရှန့်အကြားတွင် သားအဖသံယောဇဉ်သာ ကျန်ရှိနေတော့သည်။ ရှုရှန့်က အမတ်ကောင်းတစ်ယောက်ဖြစ်၍ သမီးဖြစ်သူကို ချစ်ခင်မှုကြောင့်နှင့် ရှုမိသားစုတွင် အမှားဖြစ်ခံမည်မဟုတ်ပေ။


ထို့အပြင် ရွှယ်ယန်အလိုရှိသည်က ယီကျဲယွီ၏အသက်ဖြစ်သည်။


သူမက ကျွင်းဟွိုင်လန်အပေါ် လုပ်ကြံခဲ့၍ သူ့အပေါ်တွင် မလုပ်အပ်သောအရာတစ်ခုကို ကျူးလွန်ခဲ့ပြီးပြီဖြစ်သည်။ သူက ယခုချိန်တွင် အာဏာအပြည့်ရှိသူတစ်ယောက် မဟုတ်သော်လည်း မည်သည့်ဘက်မှဖြစ်စေ သူမအသက်ကို နှုတ်ယူရန် မခက်ခဲတော့ပေ။ 

 

ကျွင်းဟွိုင်လန်အကြောင်း တွေးမိသွားသည့်အခါ ရွှယ်ယန် ခဏတာ ရပ်တန့်သွားသည်။


ယမန်နေ့ညတည်းက ဘုရားကျောင်းသို့သွားကာ ကျမ်းစာများ ကူးရေးနေခဲ့ရသည်ဖြစ်ပြီး ယခုချိန်ထိ ကျွင်းဟွိုင်လန်ကို သွားမကြည့်ဖြစ်ခဲ့သေးပေ။


သူ့အဖျားကျသွားပြီဖြစ်ကြောင်း သတင်းလာပို့သည့် မိန်းမစိုးထဲမှ ကြားလိုက်ရသော်လည်း သူက ထိုအချိန်အတောအတွင်း ဘုရားကျောင်းတွင်နေမှသာ ကျင်းပေါင်က ထိုလူနှစ်ယောက်ကို နည်းလမ်းကျကျဖမ်းနိုင်မည်ဖြစ်သောကြောင့်ပင်။


သူ့ကို သွားတွေ့သင့်ပြီထင်တယ်...


အကြောင်းရင်းတစ်ချို့ကြောင့် ရွှယ်ယန်၏စိတ်ထဲတွင် မတည်မငြိမ်ဖြစ်သွားမိသည်။ ယ‌မန်နေ့ညက ရေထဲတွင် သူမဖြစ်မနေပြုလုပ်ခဲ့ရသည့် ကိစ္စတစ်ခုကိုလည်း ရုတ်တရက် ပြန်တွေးမိသွားသည်။


မည်သည့်အကြောင်းအရင်းကြောင့်ပင်ဖြစ်စေ သူ့နှုတ်ခမ်းက တစ်ဖက်လူ၏နှုတ်ခမ်းကို ထိတွေ့သွားခဲ့သည်။


ထိုအတွေးကြောင့် ရွှယ်ယန်၏စိတ်ထဲတွင် ရုတ်တရက် ပူနွေးလာပြီး နားရွက်ဖျားများပင် နီရဲလာသည်။


သူ မရိုးမသားဖြစ်မိသွားတာလား...

  

ကြမ်းတမ်းသည့်နယ်မြေတွင် ကြီးပြင်းလာသည့် ‌ဝံပုလွေပေါက်လေးက လောကဝတ်များကို တစ်ကြိမ်တစ်ခါမှ မသိနားမလည်ခဲ့သော်လည်း သူ့ခေါင်းထဲတွင် ထိုသို့သောအတွေးမျိုး ပေါ်လာခဲ့သည်။


 ချောင်းဟန့်ပြီး ကျင်းပေါင်ကို တစ်ချက်ကြည့်လိုက်ကာ မည်သည့်အရာမှ မဖြစ်ပျက်သကဲ့သို့ ဟန်ဆောင်လိုက်သည်။


" မြို့စားရဲ့သားလေးက အခုဘယ်မှာလဲ... သတိရလာပြီလား..."


ကျွင်းဟွိုင်လန်က ယမန်နေ့ညက အဖျားကျသွားပြီဖြစ်၍ ယခုချိန်တွင် နိုးနေ‌ရတော့မည်ဖြစ်သည်။ 


ရွှယ်ယန် သူ့ကိုတွေ့ပါက ဘာပြောရမည်မသိသော်လည်း သူ့ကိုတွေ့ချင်စိတ်များနေသည်။


အကယ်၍ သူဘေးကင်းသွားပြီဆိုပါက သူ့ကိုနာကျင်စေခဲ့သူကိူ ရွှယ်ယန်ကိုယ်တိုင် အပြစ်ပေးလိုက်ပြီဖြစ်ကြောင်း ကိုယ်တိုင် ပြောပြလိုသည်။


 ကျင်းပေါင်က တွန့်ဆုတ်နေသည်။


"သခင်လေးက ပြန်သွားပါပြီ..."


ရွှယ်ယန် ထိတ်လန့်သွားသည်။


" ဘာ..."


ကျင်းပေါင်က သူ့အမူအရာကို ဂရုတစိုက် ကြည့်နေသည်။


သူ့ရှေ့မှ ငရဲမင်းကြီးအကြောင်းကို ကျင်းပေါင် အနည်းအကျဉ်းခန့်နားလည်ထားရလောက်တွင် ကျွင်းဟွိုင်လန်က သူ့ရင်ထဲတွင် နေရာယူထားကြောင်းကို သူသိသည်။


" ဒါ... ဒီမနက် နေမထွက်ခင်အချိန်မှာ သခင်လေးရဲ့ အဖျားသက်သာသွားလို့ ကျွင်းကတော်က သူ့ကို အိမ်တော်ပြန်ခေါ်သွားမယ်ဆိုပြီး ပြောလာလို့ ဧကရာဇ်နဲ့ ကိုယ်လုပ်တော်ရှု့ကတောင် တားလို့မရခဲ့ပါဘူး..."


ကျင်းပေါင် တံတွေးမျိုချလိုက်သည်။


" သခင်လေးက နန်းတွင်းကနေထွက်ပြီး အိမ်တော်ကို ပြန်သွားပါပြီ..."


ထိုစကားကိုပြောပြီးနောက် ရွှယ်ယန့်ကို တစ်ချက်ခိုးကြည့်လိုက်သည်။


ငရဲမင်းနှင့်တူသော သူ့သခင်၏ နှုတ်ခမ်းများက တဖြည်းဖြည်းမဲ့သွားသည်ကို သူသေချာမြင်တွေ့လိုက်ရသည်။


ကျွင်းဟွိုင်လန် သတိပြန်ရလာချိန်တွင် သူက နန်းတွင်းထဲတွင် ရှိမနေတော့ပေ။


မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ရှေ့တည့်တည့်တွင် အပြာနုရောင်မျက်နှာကြက်ကို မြင်လိုက်ရသည်။ ပူနွေးသောနေရောင်ခြည်က ပြတင်းပေါက်မှ ဖြာကျနေပြီး ခေါင်းစောင်း၍ကြည့်လိုက်သောအခါ နေရောင်ခြည်ဖြင့်ပြည့်နေသော အိပ်ခန်းကို မြင်လိုက်ရသည်။


၎င်းက အလွန်တိတ်ဆိတ်လွန်းနေသည်။


ပြတင်းပေါက်ဘောင်က ရင်းတိုက်ပင်‌၏အသားဖြင့်ပြုလုပ်ထား၍ အလွန်ရင်းနှီးနေပြီး ဘေးနားမှ ပရိဘောဂများကလည်း ကျက်သရေရှိသည့်ပုံစံများဖြစ်သည်။ မင့်လွမ်နန်းဆောင်မှ တောက်ပနေသည့်ရွှေရောင်နှင့် ကျောက်စိမ်းရောင် အသုံးအဆောင်ပစ္စည်းများကိုဟာ မြင်နေကျဖြစ်၍ ကျွင်းဟွိုင်လန်၏ မျက်လုံးများက ကျင့်သားမရဖြစ်နေသည်။


ဒါ သူ့အိမ်တော်ကို ပြန်ရောက်နေတာပဲ...

    

ကျွင်းဟွိုင်လန် ခေါင်းထဲတွင် မူးဝေလာသည်။

    

ထင်ယောင်ထင်မှားဖြစ်နေခဲ့သည်ဟုထင်၍ မျက်လုံးများ ခဏမှိတ်ထားလိုက်သည်။ သူ နောက်ဆုံးမှတ်မိခဲ့သည်မှာ ထိုက်ယဲ့ရေကန်ထဲတွင် ရေနစ်ခါနီးဖြစ်၍ ရုန်းကန်နေခဲ့ရသည်ကိုပင်။ ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်တွင် တစ်စုံတစ်ယောက်က သူ့ကို လာကယ်ခဲ့သည်။ မျက်လုံးများကို ခက်ခက်ခဲခဲဖွင့်ကြည့်လိုက်သည့်အခါ သူ့ရှေ့မှလူက ...


ရွှယ်ယန်ဖြစ်နေခဲ့သည်။


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် ခဏတာခန့် ရှင်းလင်းအးသွားသည်။


ထိုအချိန်တွင် သူက အိပ်မွေ့ချခံရသကဲ့သို့ဖြစ်သွား၍ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းနေခဲ့ပြီး သူ့ရှေ့မှမြင်ကွင်းကို အမြင်မှားခြင်းဟုသာထင်ခဲ့မိသည်။

    

ထိုသို့ ဝိုးတဝါးနှင့် ခွဲခြားမရနိုင်သော ထင်ယောင်ထင်မှားဖြစ်မှုထဲတွင် တစ်စုံတစ်ရာက အသက်ဝင်လှုပ်ရှားနေခဲ့သည်။ 


ကျွင်းဟွိုင်လန် အမှတ်တမဲ့ဖြင့် သူ့လက်ခုံကို ပွတ်သပ်လိုက်သည်။

    

သူ့လက်ခုံပေါ်သို့ ကျဆင်းလာသည့်မျက်ရည်များက အလွန်အမင်းပူပြင်းနေခဲ့ပြီး အေးစက်သည့်အသားအရည်ပေါ်သို့ ကျဆင်းလာခဲ့ချိန်တွင် အရည်ပျော်သွားသကဲ့သို့ဖြစ်ကာ ချက်ချင်းပင် ဤကမ္ဘာသို့ပြန်ဆွဲခေါ်လာခဲ့သည်။

 

၎င်းက ရွှယ်ယန်၏မျက်ရည်များဖြစ်သည်။


ကျွင်းဟွိုင်လန်က လန့်နိုးလာသကဲ့သို့ ချက်ချင်းထထိုင်လိုက်သည်။


သူ နိုးနိုးလာချင်း ဘာလို့ အိမ်ပြန်ရောက်နေတာလဲ...

    

အဲ့အချိန်တုန်းက သူနဲ့ရွှယ်ယန်နှစ်ယောက်တည်း ရှိနေခဲ့တာ... တစ်ယောက်ယောက်က ရွှယ်ယန်ကို အပြစ်ပုံချလိုက်ရင် ဘယ်လိုလုပ်မလဲ... ရွှယ်ယန်က သူ့အသက်ကိုကယ်ခဲ့လို့ လွှဲချခံရပြီး ဒဏ်ပေးခံနေရရင် ဘယ်လိုလုပ်မလဲ...


ထိုအချိန်တွင် အပြင်ဘက်တွင်စောင့်နေသောအစေခံက အခန်းတွင်းမှ လှုပ်ရှားမှုကို ကြားသွား၍ ကြည့်ရှု့ရန် ရောက်လာခဲ့သည်။ ကျွင်းဟွိုင်လန် ထထိုင်နေသည်ကို မြင်သောအခါ သူမ မျက်နှာထက်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့် အမူအရာတစ်ခု‌ဖြစ်ပေါ်လာပြီး ရှေ့တိုးလာကာ သူ့နဖူးကို ထိကြည့်လိုက်သည်။

    

" သခင်လေး နေကောင်းသွားပြီပဲ... ကွန်မ ဖုရိကိုပြောပြီး သခင်မကို မြန်မြန်အကြောင်းကြားခိုင်းရမယ်... သခင်လေးကို ပြန်ခေါ်လာပြီးတည်းက သခင်မနဲ့ ဒုတိယသခင်လေး အနားကိုမယူသေးတာ... အစေခံတွေအားလုံးဝိုင်းဖျောင်းဖျလိုက်မှ ဘေးနားကအခန်းမှာ ခဏသွားအနားယူကြတာ..."

 

ကျွင်းဟွိုင်လန်က အနည်းငယ်မူးဝေနေဆဲဖြစ်သည်။ သူ့နဖူးကိုကိုင်ကာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တစ်ယောက်ယောက်ကိုသွားခေါ်ရန် သူမကို လက်ဝှေ့ယမ်းပြလိုက်သည်။

    

အထဲမှအသံများကြောင့် အပြင်ဘက်တွင်‌စောင့်ဆိုင်းနေကြသည့် အစေခံများအားလုံး ပျော်ရွှင်သွားကြသည်။ အစေခံတစ်ယောက်က အခြားလူများကို သွားခေါ်စဉ်တွင် အခြားလူများက ကျွင်းဟွိုင်လန်ကို ကုတင်ပေါ်မှထလာနိုင်အောင် ကူညီပေးပြီး အဝတ်အစားများလဲလှယ်ပေးကြသည်။


" ကျွန်တော် ဘယ်လောက်ကြာကြာအိပ်ပျော်သွားတာလဲ..."

   

" သိပ်မကြာပါဘူးသခင်လေး... အခု နေ့လယ်ခင်းတောင် မရောက်သေးပါဘူး... မြို့စားမင်းက ဧကရာဇ်နဲ့တွေ့ဖို့ မနက်မိုးလင်းတည်းက နန်းတွင်းထဲဝင်သွားတာပါ အခုထိ ပြန်မရောက်လာသေးပါဘူး..."


အနီးဆုံးနေရာမှအစေခံက ဖြေလိုက်သည်။

    

ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။ 


သူ့အနားတွင် ဝင်ထွက်သွားလာနေကြသော အလုပ်များနေသည့်လူများကို တစ်ချက်ကြည့်လိုက်သည်။ အကုန်လုံးက သူကလေးဘဝတည်းက ခစားလာခဲ့ကြသောလူများဖြစ်ကာ သူတို့၏ အမူအကျင့်များနှင့်လည်း သူအလွန်ရင်းနှီးနေသည်။

    

အမှန်တွင် သူ စိတ်အေးလက်အေး နေလိုက်သင့်ပြီဖြစ်သည်။


သို့သော်လည်း သူ့စိတ်ထဲတွင် အနည်းငယ်စိုးရိမ်နေမိကာ မတည်မငြိမ်ဖြစ်နေမိသည်။

    

 သူ နန်းတွင်းထဲ‌ဝင်ရောက်ပြီးချိန်မှစ၍ ရွှယ်ယန်က ထိုသို့သော ဘေးအန္တရာယ်မျိုးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည်မှာ ပထမဆုံးဖြစ်သောကြောင့်ပင်ဖြစ်သည်။


ရွှယ်ယန် အန္တရာယ်ကျရောက်နေသည့်အချိန်တိုင်း ကူညီပေးရသည်ကို နေသားကျနေပြီဖြစ်သည်။ သူ့အမြင်တွင်မူ ရွှယ်ယန်က အနာဂတ်တွင် မည်မျှ ရက်စက်ကြမ်းတမ်းမည့်လူ ဖြစ်လာစေကာမူ သူက  ယခုမှသာ ချန်အန်းကို ပြန်ရောက်လာသည့်  ဘာကိုမှမသိပဲ စကားအနည်းငယ်သာပြောတတ်သည့် ဆယ်ကျော်သက်လေးဖြစ်ကာ သူ မကိုင်တွယ်နိုင်သော နန်းတွင်း၏အရှုပ်အထွေးများတွင် ဝင်ပါနေရသူဖြစ်သည်။


ထို့အပြင် သူ့ကို သတ်ချင်နေသည့်လူက မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးပေ။ကျွင်းဟွိုင်လန်၏ အမူအရာက ပို၍လေးနက်လာသည်။

    

ခဏအကြာတွင် သူ့မိခင်ရှန်းရှီနှင့် ကျွင်းရှောင်ဝူတို့ အခန်းထဲ အလျင်အမြန်ဝင်လာသည်။

    

ရှန်းရှီက အမြန်ရောက်လာကာ ကုတင်ဘေးတွင်ထိုင်လိုက်ပြီး ကျွင်းဟွိုင်လန်၏ ပါးပြင်နှင့်နဖူးကို ထိကြည့်လိုက်သည်။ အဖျားပျောက်သွားပြီး အဆင်ပြေသည်ကိုသိမှ မေးလိုက်သည်။


" နေလို့ထိုင်လို့ ကောင်းရဲ့လား..."


သူမ စိတ်ပူနေဆဲဖြစ်သည်။


ကျွင်းဟွိုင်လန်က ခေါင်းခါလိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ကျွင်းရှောင်ဝူပြောသည်ကို ကြားလိုက်ရသည်။

    

သူက ‌ကုတင်ခေါင်းရင်းတွင်မှီကာ ပြုံးပြလိုက်သည်။


" အမေကလည်း စိတ်မပူပါနဲ့တော့... အဖျားကျသွားရင် အားလုံးကောင်းသွားပြီလို့ နန်းတွင်းသမားတော်ပြောတယ်မလား..."


ရှန်းရှီက ဘုရားတလိုက်မိသည်။

" အာမီတာဘ... မင်းသား၅ကို ကျေးဇူးတင်ပါတယ်..."

    

ကျွင်းဟွိုင်လန် ထိုစကားများကိုကြားသည်နှင့် အမြန် မေးလိုက်သည်။


" အမေ... မင်းသား၅ရော ဘယ်လိုနေသေးလဲ..."


ကျွင်းသခင်မက မျက်ရည်များသုတ်ကာ ပြောလိုက်သည်။


" သူ့ကျေးဇူးကြောင့်ပေါ့သားရယ်... သားကိုအရှင့်သားက ကယ်လိုက်တာ... သား အဖျားတွေတက်နေတော့ နတ်ဆိုးဝိညာဉ်ကြောင့်ဖြစ်တာလို့ သမားတော်က ပြောတာနဲ့ သားကိုကာကွယ်ပေးဖို့ သူ ဘုရားကျောင်းကိုသွားပြီး တစ်ညလုံး ကျမ်းစာတွေ ကူးရေးပေးနေခဲ့တာ..."


ကျွင်းဟွိုင်လန် ထိတ်လန့်သွားမိသည်။


နတ်ဆိုးကြောင့်တဲ့လား...

  


Xxxxxxx