Chapter 69
ဒါ လုံးဝ အဓိပ္ပါယ်မရှိတာပဲ... သူက ရေထဲကို တမင်တကာတွန်းချခံလိုက်ရတာလေ... ဘယ်ကနေ နတ်ဆိုးဝိညာဉ်က ရောက်လာရတာလဲ... ကြည့်ရတာ ဒီကိစ္စကို နောက်ကွယ်ကစီမံတဲ့လူကပဲ သူ့ကို ရေကန်ထဲ တွန်းချလိုက်တာဖြစ်မယ်...
သူ့ကို ရေထဲတွန်းချလိုက်သော်လည်း မသေဆုံးသွား၍ နတ်ဆိုးဝိညာဉ်ကိုအသုံးချကာ အကွက်ကျကျလုပ်ကြံလိုက်ခြင်းဖြစ်ပုံရသည်။
နတ်ဆိုးဝိညာဉ်လို့ခေါ်ကြတာ နန်းတွင်းထဲမှာ ရွှယ်ယန်အပြင် ဘယ်သူရှိသေးလို့လဲ...
ကျွင်းဟွိုင်လန် ရှင်းပြတော့မည့်အချိန်တွင် ရှန်းရှီက ပြောလိုက်သည်။
" သူ ကူးရေးလိုက်တဲ့ ကျမ်းစာတွေက တကယ်အလုပ်ဖြစ်တာပဲ... ညတစ်ဝက်လောက်ရောက်တော့ သားရဲ့အဖျားကျသွားတယ်... အခု နန်းတွင်းထဲမှာ ဖရိုဖရဲတွေဖြစ်ကုန်တော့ သားတို့မောင်နှမနှစ်ယောက်ကို အမေ ဆက်နေခွင့်မပြုတော့ဘူး..."
ကျွင်းဟွိုင်လန် အသည်းအသန်ပင် မေးလိုက်သည်။
" အမေ... ကျွန်တော်က ရေကန်ထဲ တွန်းချခံရတာ... ဘယ်သူလုပ်တာလဲသိသွားကြပြီလား..."
ရှန်းရှ်ီ ခေါင်းငြိမ့်ပြလိုက်သည်။
သူမ တစ်ခွန်းမှ မပြောနိုင်မီအချိန်မှာပင် ကျွင်းရှောင်ဝူက ဖြတ်ပြောလိုက်သည်။
" ရှုမိသားစုက ယီကျဲယွီက အရီးတော်ကို မနာလိုလို့ တစ်ယောက်ယောက်ကိုလွှတ်ပြီး လုပ်ခိုင်းလိုက်တာမလား... သူက ဘယ်သူမှ မသိလောက်ဘူးထင်နေပေမယ့် မင်းသား၅က သူလွှတ်လိုက်တဲ့ နန်းတွင်းသူကို မှတ်မိသွားပြီး စစ်မေးလိုက်တာ အားလုံးသိကုန်တော့တာပဲ..."
ယီကျဲယွီလား...
သူမက ကျွင်းဟွိုင်လန်၏ရှေ့တွင် တစ်ကြိမ်တစ်ခါမှ မပေါ်လာခဲ့ဖူးသူဖြစ်၍ ထိုနာမည်ကိုကြားသည့်အခါ အံ့အားသင့်သွားမိသည်။
ထို့နောက် ကျွင်းရှောင်ဝူက စိတ်လှုပ်ရှားစွာဖြင့် တဗျစ်တောက်တောက်ပြောနေသည်။
" ယီကျဲယွီက အရီးတော်ကို မနာလိုဖြစ်နေတာ အစ်ကိုကြီးမသိဘူးမလား... ပြီးတော့ သူက ချင်ထျန်ကျန့်ဆီက အမှုထမ်းတစ်ယောက်နဲ့ ဖောက်ပြန်နေသေးတယ်လေ... ဒီမနက် အာရုဏ်တက်ချိန်မှာ အဲ့ကိစ္စကို သိသွားလို့ ဧကရာဇ်က သူ့ကို ဖဲကြိုးဖြူပေးလိုက်ပြီ..."
ရှန်းရှီက သူ့ကို လက်ဖြင့် လှမ်းပုတ်လိုက်သည်။
" ဒီကလေး ဘာလို့အရမ်းစကားများနေရတာလဲ... နန်းတွင်းထဲက အဲ့အကြောင်းတွေကို အပြင်မှာ မပြောသင့်ဘူးလေ..."
သူမက ကျွင်းရှောင်ဝူကို လေသံဖျော့ဖျော့ဖြင့်သာ ဆူပူလိုက်မိသည်။
ကျွင်းရှောင်ဝူက ပြုံးပြပြီး ပါးစပ်ပိတ်သွားသည်။
ယီကျဲယွီ သေပြီလား...
ဤကိစ္စနောက်ကွယ်မှ လက်တစ်ဖက်က မည်သူမည်ဝါဖြစ်ကြောင်း သိသွားကြသည်နှင့် အသက်ဆုံးရှုံးသွားလိမ့်မည်ဟု ကျွင်းဟွိုင်လန် မထင်ထားခဲ့မိပေ။
ယီကျဲယွီ၊ ချင်ထျန်ကျန့်မှလူနှင့် ယမန်နေ့ညက သူ့ကို ရေထဲတွန်းချခဲ့သောလူများက ဆက်စပ်နေခဲ့ပြီး သူတို့အားလုံး ညတွင်းချင်း ရှင်းပစ်ခံလိုက်ရသည်။
ဤကိစ္စက တိုက်တိုက်ဆိုင်ဆိုင်ပင် အတွဲလိုက်ဖြစ်သွားခဲ့ခြင်းဖြစ်၍ တစ်ခုခုမှားယွင်းနေသည်ဟု ကျွင်းဟွိုင်လန် ထင်မိသွားသည်။
ရွှယ်ယန်က ကျမ်းစာသာကူးရေးနေခဲ့ပြီး ဘာမှမလုပ်ခဲ့သော်လည်း နတ်ဘုရားများနှင့် ဗုဒ္ဓက ကမ္ဘာပေါ် ဆင်းသက်လာခဲ့ပြီး တရားမျှတမှုအတွက် ထိုလူများကို ခေါ်ဆောင်သွားခဲ့သည့်ပုံပင်။
ကျွင်းဟွိုင်လန်က ခဏတာ အံ့အားသင့်သွားခဲ့ပြီးနောက် သူ့ကိုယ်ပိုင်အတွေးများကြောင့် ပြုံးစစဖြစ်သွားမိသည်။
အဲ့လို နတ်ဘုရားနဲ့ ဗုဒ္ဓဆိုတာ ရှိမယ်တဲ့လား...
ထိုလူများအကြားတွင် တစ်စုံတစ်ယောက်က ကိစ္စတစ်ခုခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကိုယ်လုပ်တော်ရှု့က အပြစ်ကင်းသူဖြစ်ကာ ရွှယ်ယန်ကလည်း ယခုထက်တိုင် အပြစ်ကင်းသူ ဖြစ်နေဆဲဖြစ်ပြီး ထိုသို့သောကိစ္စမျိုးကို စီမံနိုင်လိမ့်မည့်လူ မဟုတ်ပေ။
တစ်ယောက်ယောက်က လူသိမခံပဲ သူ့ကို တိတ်တိတ်လေး ကူညီပေးနေတာများလား...
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားသော်လည်း သူက နန်းတွင်းထဲတွင် ရှိမနေတော့ပေ။
သို့သော်လည်း အရီးတော်၏ နန်းဆောင်မှ သစ္စာဖောက်ကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်သည်။ နှစ်သစ်ကူးအကြိုညစာစားပွဲမှ ကိစ္စက ရွှယ်ယန့်ကို အန္တရာယ်မဖြစ်စေခဲ့ရုံသာမက ဧကရာဇ်ချင်းဖျင်က သူ့အပေါ် မလိုမုန်းထားဖြစ်နေစေခြင်းများကိုပါ များစွာ ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် ချင်ထျန်ကျန့်မှ တာအိုဆရာကလည်း ယခုအခါတွင် သေဆုံးသွားခဲ့ပြီဖြစ်၍ ယခင်ဘဝက နန်းတွင်းထဲတွင် ပုန်းကွယ်နေခဲ့သော အန္တရာယ်များအားလုံးက တစ်ညတည်း သုတ်သင်ခံလိုက်ရပြီဖြစ်သည်။
ယခုအခါတွင် သူ့ဖခင်ကို အကျင့်ပျက်ခြစားသည်ဟု ယခင်ဘဝမှ စွပ်စွခံခဲ့ရသောကိစ္စမှလွဲ၍ အခြားကိစ္စများကို စိုးရိမ်စရာ မလိုအပ်တော့ပေ။
ကျွင်းဟွိုင်လန် စိတ်တည်ငြိမ်သွားပြီးနောက် အိမ်တော်တွင်သာ အချိန်တစ်ခုခန့်အထိ နေထိုင်ခဲ့သည်။
ထိုညက အအေးမိသွား၍ ဖြစ်ပွားခဲ့သော အဖျားက သက်သာသွားမည်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က အားနည်းနေဆဲဖြစ်ကာ အိမ်တော်တွင် တစ်လတာခန့် အနားယူပြီးသည့်နောက်တွင်မှ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ထိုအချိန်အတွင်းတွင် သူ့ဖခင်ကို ကျန်းနန်သို့ပို့ဆောင်မည့် မင်းကြီး၏အမိန့်တော် ရောက်ရှိလာခဲ့ပြန်သည်။
ကျန်းနန် နန်းတွင်းစာမေးပွဲကြီးက တာ့ယုံမှ အရည်အချင်းရှိလူများအားလုံးအတွက် ပထမဦးစွာပေးနေရာဖြစ်သည်။ သုံးနှစ်တစ်ခါ နွေရာသီရောက်လာချိန်တိုင်းတွင် စာမေးပွဲစစ်ဆေးသူများက စာမေးပွဲနှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို ကြိုတင်စီမံဆောင်ရွက်ရပြီး နောက်နှစ်တွင်ပြုလုပ်မည့် စာမေးပွဲမေးခွန်းများကို စီစဉ်ထားရသည်။
ထိုနေရာမှ စာမေးပွဲစစ်ဆေးသူခေါင်းဆောင်များမှာ ဧကရာဇ်၏ ယုံကြည်မှုကို ရရှိထားသည့် ပေကျင်းမှ မှူးမတ်များသာဖြစ်သည်။ နွေရာသီပြီးမှ သူတို့အားလုံး နန်းမြို့တော်သို့ ပြန်လာရမည်ဖြစ်သည်။ ထို့အပြင် တာ့ယုံက စားမေးပွဲစစ်သူခေါင်းဆောင်ကို ကျန်းနန်၏ ဘုရင်ခံအဖြစ် ရာထူးခန့်အပ်လေ့ရှိသော ဓလေ့ရှိသည်။ သို့ဖြစ်၍ ထိုအမတ်မှာ စာမေးပွဲစစ်ဆေးသူခေါင်းဆောင်တစ်ယောက်အနေဖြင့် ယန်ဇီမြစ်၏ တောင်ပိုင်းသို့ တစ်နှစ်ကြိုသွားတာ ဒေသအကြောင်းကိုသိအောင် စုံစမ်းစစ်ဆေးရသည်။
ကျွင်းဟွိုင်လန်က အိမ်တွင် လဝက်ခန့်နေပြီးနောက် ပျင်းရိနေချိန်တွင် ယုံနင်မြို့စားကို ကျန်းနန်ဘုရင်ခံအဖြစ်ခန့်အပ်သော မင်းကြီး၏အမိန့်တော်ရောက်ရှိလာ၍ သူပါ ကျန်းနန်းသို့ လိုက်သွားရန်တွေးခဲ့သည်။ သို့ဖြစ်၍ ယုံနင်မြို့စားက ပေကျင်းမှကိစ္စများကို အခြားလူလက်ထဲ လွှဲခဲ့ပြီး နွေဦးရာသီတွင် ရာထူးလက်ခံရမည်ဖြစ်သည်။
ထိုရာထူးနေရာမှာ ပေကျင်းမှ အမတ်တိုင်း၏အမြင်တွင် နေရာကောင်းဖြစ်နေသည်ကို မေးနေရန်ပင်မလိုချေ။ ဘုရင်ခံက ရာထူးမြင့်ပြီး အာဏာရှိရုံသာမက အရေးကြီးဆုံးမှာ ဧကရာဇ်၏ ယုံကြည်မှုကို ရရှိထားခြင်းဖြစ်သည်။
တာ့ယုံမင်းဆက်တည်ထောင်ချိန်မှစ၍ ယခုချိန်ထိ ထိုရာထူးကို ရရှိခဲ့သော မင်းမျိုးမင်းနွယ်က များများစားစား မရှိခဲ့ပေ။ ထို့အပြင် နောက်နှစ်နွေရာသီတွင်ကျင်းပမည့် ကျန်းနန်နန်းတွင်းစာမေးပွဲတွင် ပထမရမည့်လူက သူ့ကို ဆရာတင်ရတော့မည်ဖြစ်ကာ အနာဂတ်တွင်လည်း ထိုလူကို ဘုရင်ခံက နန်းတွင်းညီလာခံတွင် နေရာတစ်ခု ရလာစေရန် ကူညီပေးမည်ဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရှုနှင့် ကျန်းမိသားစုများကြားမှ အချေအတင်ဖြစ်မှုများကြောင့် ယုံနင်မြို့စား၏ ဂုဏ်သတင်က လူသိနည်းခဲ့သည်။
သို့ရာတွင် ယုံနင်မြို့စားက ယခင်တည်းက အကျိုးဆောင်မှု ကြီးကြီးမားမားမရှိပဲ ထင်ပေါ်မှုမရှိသည့် သာမန်လူဖြစ်ခဲ့၍ ညီလာခံမှ လူများက သူ့ကိုခေါင်းထဲမထည့်ကြပေ။
သို့ရာတွင် ဧကရာဇ်၏အမိန့်တော်ကြောင့် သူ့ကိုပြန်လည်အသုံးချလိုသည်ဟူသော ညီလာခံထဲမှ ထင်မြင်မှုများကို အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားသည်။
သို့ဖြစ်၍ အမိန့်တော်ရောက်ရှ်ိလာချိန်တွင် ယုံနင်မြို့စားမင်းအိမ်တော်၌ လူများစွာဖြင့် သက်ဝင်လှုပ်ရှားနေခဲ့သည်။ မှူးမတ်အမြောက်အများက ယုံနင်မြို့စားမင်းနှင့် ရင်းနှီးမှုရရှိအောင် နည်းမျိုးစုံဖြင့် ကြိုးစားကြတော့သည်။ သို့သော်လည်း ယုံနင်မြို့စားမင်းက ယခင်တည်းက လူအများနှင့်ဆကိဆံရသည်ကို သဘောမကျပဲ အေးစက်စက်နေတတ်သည့်လူဖြစ်သည်။ ၎င်းတို့ကို အကြိမ်အနည်းငယ်သာ လက်ခံတွေ့ဆုံပြီးသည့်နောက်တွင် အားလုံးကို ငြင်းဆန်လိုက်တော့သည်။
ထို့ေကြာင့် လက်ရှိအချိန်တွင်မူ မြို့စားမင်းအိမ်တော်က သိသိသာသာ တိတ်ဆိတ်နေခဲ့သည်။ ကျွင်းဟွိုင်လန် ပြန်လည်ကျန်းမာလာသည့်အခါတွင် ရှန်းရှီက သူ့ကို အထုပ်အပိုးများ ကူထည့်ပေးနေသည်။
သူတို့သားအဖနှစ်ယောက်က ကျန်းနန်တွင် နှစ်နှစ်ခန့် နေထိုင်ရမည်ဖြစ်၍ ယူဆောင်သွားရမည့်ပစ္စည်းက များပြားလွန်းနေသည်။ အားလုံးပြင်ဆင်ပြီးသွားချိန်တွင် နွေဦးရာသီအစောပိုင်းသို့ပင် ရောက်ရှ်ိလာပြီဖြစ်သည်။
ယုံနင်မြို့စားမင်း ရာခထူးလက်ခံရမည့်နေ့သို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီဖြစ်သည်။
သို့ရာတွင် ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် တစ်ခုခုဖြစ်နေသည်။ ထွက်ခွာရမည့်အချိန်နီးလာလေ သူ့စိတ်ထဲတွင် မသက်မသာဖြစ်လာလေဖြစ်သည်။
နန်းတွင်းမှ အရာအားလုံးကို ဖြေရှင်းပြီးသွား၍ စိုးရိမ်စရာ မရှိတော့သော်လည်း ထိုနေ့ညက ရွှယ်ယန်ကျခဲ့သည့်မျက်ရည်များအကြောင်း အမြဲတစေ တွေးနေမိသည်။
ယခင်ဘဝတွင် မည်သည့်ကိစ္စများ ဖြစ်ခဲ့စေကာမူ ယခုဘဝတွင် ရွှယ်ယန်က သူ့အသက်ကို ကယ်တင်ခဲ့သည်။
ကျွင်းဟွိုင်လန် သူ့ကို ချဉ်းကပ်ခဲ့ရခြင်းမှာ အနည်းငယ် သနားကရုဏာသက်မိခြင်းနှင့် မိသားစုကို ကာကွယ်ရန်အတွက် တစ်ကိုယ်ကောင်းစိတ်ကြောင့်သာဖြစ်ပြီး အသေးအဖွဲ့ အားစိုက်ထုတ်မှုအနည်းငယ်မှ လွဲ၍ ရေရေရာရာလုပ်ပေးခဲ့ခြင်းမရှိပေ။
ယခင်ဘဝမှ အမှားများကို ထပ်ခါတလဲလဲ မပြုလုပ်မိရန်သာ မျှော်လင့်မိ၍ တစ်ဖက်လူထံမှ မည်သည့်အရာကိုမှ ပြန်လည်မမျှော်လင့်ခဲ့မိပေ။ သို့ရာတွင် ရွှယ်ယန်က သူ့ကို စိတ်ရင်းအမှန်ဖြင့်သာ ဆက်ဆံပေးပြီး ၎င်းကလည်း သူထင်ထားသည်ထက်ကိုပိုသည့် စစ်မှန်မှုမျိုးဖြစ်သည်။
မျက်ရည်များက လူကိုသစ္စာဖောက်နိုင်သော်လည်း ထိုညက ရွှယ်ယန်ငိုကြွေးနေခဲ့ချိန်တွင် သူ့ကိုကြည့်သောအကြည့်မျိုးက အလိမ်အညာအဟုတ်ခဲ့ပေ။
ရွှယ်ယန်ကို နောက်တစ်ကြိမ်တွေ့ရန် နည်းလမ်းရှာသင့်ပြီး အနည်းဆုံး ကျေးဇူးတင်သွားသင့်ပြီး နှုတ်ဆက်စကားပြောသင့်သည်ဟု တွေးနေမိသည်။
သို့သော်လည်း အချိန်အတန်ကြာသည်အထိ နန်းတော်သို့သွားရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ပေ။ ထို့အပြင် သူက နန်းတွင်းထဲတွင် ရေကန်ထဲတွန်းချခံခဲ့ရဖူးသည်ဖြစ်၍ ရှန်းရှီက သူ့ကို နန်းတွင်းထဲ လွယ်လွယ်ကူကူသွားခွင့်မပြုတော့ပေ။
ဤကိစ္စက ကျွင်းဟွိုင်လန်၏နှလုံးသားထဲတွင် အမြဲတမ်းရှိနေတော့မည်ဖြစ်သည်။
တစ်ချိန်လုံး အလုပ်များနေတတ်သောရှန်းရှီက သူ၏ ခံစားချက်များကို သတိမပြုမိပေ။ သို့သော် တစ်နေကုန် လုပ်စရာမရှိပဲ သူနှင့်ဆော့ကစားရန်သာ စိတ်အားထက်သန်နေသော သူ့ ညီငယ်က ထိုကိစ္စကို သတိပြုမိသည်။
သို့သော်လည်း ကျွင်းရှောင်ဝူက အမြဲတမ်း အမှတ်တမဲ့ နေတတ်သူဖြစ်၍ သူ့အတွေးများကို အသေးစိတ် နားမလည်နိုင်ပေ။ အစ်ကိုဖြစ်သူက အိမ်မှထွက်သွားရန် တွန့်ဆုတ်နေမိပြီး စိတ်မကောင်းဖြစ်နေခြင်းဟုသာ တွေးလိုက်မိသည်။
ကျွင်းရှောင်ဝူက တစ်စုံတစ်ခုကို တွေးတောမိသွားသည်။
ရာသီဥတုသာယာသောနေ့တစ်နေ့ကို ရွေးချယ်လိုက်ကာ နေဝင်ရီတရောအချိန်ထိစောင့်နေပြီးမှ ကျွင်းဟွိုင်လန်၏ အခန်းသို့ အလည်သွားခဲ့သည်။
" အစ်ကိုကြီး ဒီနေ့ရာသီဥတုကောင်းတယ်... ကျွန်တော် တစ်နေရာကို ခေါ်သွားရမလား..."
သူ့မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သောအပြုံးတစ်ခု ရှိနေပြီး ကျွင်းဟွိုင်လန်၏လက်ကိုဆွဲကာ ပြောလိုက်သည်။
" ဘယ်သွားမလို့တုန်း..."
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားမိသည်။
ကျွင်းရှောင်ဝူက ဘာမှမပြောပေ။
" ကျွန်တော်နဲ့လိုက်လာရင် သိလိမ့်မယ်..."
သူ ပြုံးလျက်နှင့် ပြောလိုက်သည်။
ကျွင်းရှောင်ဝူက သူ့ကို မြို့ပြင်ဘက်မှ တည်းခိုဆောင်သို့ ခေါ်လာခဲ့မည်ဟု ကျွင်းဟွိုင်လန် မထင်ခဲ့မိပေ။
တည်းခိုဆောင်က ချန်အန်းမြောက်ဘက်ဂိတ်၏ အပြင်ဘက်တွင် တည်ရှိသည်။ ၎င်းကို တည်ဆောက်ထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ၎င်းက သုံးထပ်မြင့်သောအဆောက်အဦးကြီးဖြစ်ကာ သစ်သားချပ်များမှာလည်း တိုက်စားခံရ၍ ပြိုလဲလုနီးနီးဖြစ်နေသည်။
တည်းခိုဆောင်ကို မှူးမတ်မိသားစုက တည်ဆောက်ခဲ့ခြင်းမဟုတ်ပေ။ ဤနေရာတွင် ခြေကျင်ခရီးသွားလာသူများ ၊ ဈေးသည်များနှင့် ကုန်သည်များ အနားယူကြသည်။ ဤနေရာတွင် မြင်းလှည်းများ၊ မြင်းများ၊ မြည်းများနှင့် လားများရှိပြီး အလွန်စည်ကားလျက်ရှိသည်။
သူတို့နှစ်ယောက် စံအိမ်မှထွက်လာချိန်တွင် အခြားလူများ၏ အာရုံစိုက်မှုရမည်စိုး၍ မြို့စားမင်းအိမ်တော်မှ မြင်းလှည်းကို မယူလာခဲ့ကြပေ။ သို့ဖြစ်၍ သူတို့ငှားလာသောမြင်းလှည်းက တည်းခိုဆောင်၏ဂိတ်ရှေ့တွင် ရပ်လိုက်သည်နှင့် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ချက်ချင်းမြင်လိုက်ရသည်။
" မင်း ဒီကို ဘာလာလုပ်တာလဲ..."
ကျွင်းဟွိုင်လန် မြင်းလှည်းပေါ်မှဆင်းလာချိန်တွင် သူ့ရှေ့မှမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားရသည်။ သူ တံခါးဝတွင်ရပ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ဤနေရာတွင် သာမန်အဝတ်အစားများကိုဝတ်ဆင်ထားသည့် သာမန်လူတန်းစားများဖြင့် ဝန်းရံနေပြီး အားလုံးက စကားစမြည်ပြောလျက် ကျယ်လောင်စွာ ရယ်မောနေကြသည်။ ကုန်သည်များက မြင်းနှင့်လားများကို လမ်းဘေးနားတွင် ရပ်ထားကြပြီး ကုန်ထမ်းသူများက ရောင်းဝယ်ရန် ကုန်ပစ္စည်းများကို သယ်ဆောင်နေကြသည်။ လူအများ ဝင်ထွက်သွားလာနေသောကြောင့် ဤနေရာတွင် ဆူညံနေသည်။
သူက အိမ်တွင်သာတစ်နေကုန်ထိုင်နေတတ်သည့် သခင်လေးတစ်ယောက် မဟုတ်သော်လည်း ဤမျှ စည်ကားသိုက်မြိုက်နေသော လေထုအခြေအနေနှင့် နေရာမျိုးကို တစ်ကြိမ်တစ်ခါမှ မရောက်ဖူးပေ။
ကျွင်းရှောင်ဝူက ရေထဲရောက်သွားသည့် ငါးတစ်ကောင်ကဲ့သို့ သူ့ကို ရှေ့သို့တွန်းကာ ပြုံးလိုက်သည်။
ကျွင်းရှောင်ဝူက ဒုတိယထပ်ကို ဦးဆောင်ခေါ်သွားပြီးနောက် ပြတင်းပေါက်နားမှ နေရာတစ်နေရာတွင် ထိုင်လိုက်သည်။
Xxxxx