အပိုင်း ၇၀
Viewers 15k

Chapter 70


ဤတည်းခိုဆောင်ကို လှပခမ်းနားစွာ အလှဆင်ထားခြင်းများ မရှိပေ။ သစ်သားဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များဖြင့်သာ ပြည့်နေသည်။ စားပွဲနှင့်ထိုင်ခုံများကိုလည်း သစ်ကြမ်းသားများဖြင့်သာ ပြုလုပ်ထားသော်လည်း အားလုံးကို ပြောင်လက်သန့်ရှင်းနေအောင် သုတ်ထားသည်။

    

ပြတင်းပေါက်အပြင်ဘက်တွင်မူ နေလုံးကြီးက မိုးကုပ်စက်ဝိုင်းထဲ ပြန်ဝင်လုနီး၍ ခပ်မှိန်မှိန်သာ တောက်ပနိုင်တော့သည်။

    

သူတို့နှစ်ယောက်လုံးက ပိုးထည်များကိုသာဝတ်ဆင်ထားပြီး ကိုယ်ပေါ်တွင်လည်း ဖုန်တစ်စက်မှ ပေကျံနေခြင်းမရှိပေ။ ခုံတွင်ထိုင်လိုက်သည်နှင့် လူအများအပြား၏အာရုံက သူတို့ထံသာ ရောက်လာသည်။


" ဧည့်သည်တို့ ဘာမှာကြမလဲ..."


စားပွဲထိုးလေးက ရှေ့သို့အမြန်ရောက်လာပြီး သူတို့နှစ်ယောက်လုံးအတွက် လက်ဖက်ရည်ကြမ်းငှဲ့ပေးလိုက်သည်။

    

" ဆန်ဝိုင်တစ်အိုးနဲ့ အမဲသားတစ်ပွဲပေးပါ..."


ကျွင်းရှောင်ဝူက ခြေထောက်ကို ခုံပုတစ်လုံးပေါ်တင်၍ထိုင်လိုက်ပြီး ဤနေရာနှင့်ရင်းနှီးနေသကဲ့သို့ပင် ပြောလိုက်သည်။


" မင်းတို့ဆီက ဟင်းကောင်းတွေလည်း ယူလာပေးလေ... စားလို့ကောင်းရင် ထပ်ဆုချတာပေါ့..."


သူ ပြောပြောဆိုဆိုနှင့်ပင် ငွေတုံးတစ်တုံးကိုစားပွဲပေါ်တင်လိုက်သည်။

    

စားပွဲထိုးလေးက ငွေရှိသောဧည့်သည်တစ်ယောက် ရောက်လာသည်ကိုသိ၍ သူ့မျက်ဝန်းထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်သွားသည်။ ငွေတုံးကိုယူသွားပြီး အကြိမ်ကြိမ်ဦးညွတ်ကာ ပြန်ဝင်သွားသည်။

    

ကျွင်းဟွိုင်လန်က ကျွင်းရှောင်ဝူကို တစ်ချက်ကြည့်လိုက်သည်။


ဒီနှစ်တွေအတွင်းမှာ ဒီကလေးက စစ်တပ်ထဲမှာပဲ တပ်သားအဖြစ် နေခဲ့ရတာကိုး... ခြေထောက်ကိုခုံပေါ်တင်ပြီး ဝိုင်နဲ့အသားကို အသံကျယ်ကျယ်နဲ့မှာတတ်နေပြီပေါ့... သူ့ကိုကြည့်ရတာ မင်းမျိုးနွယ်တစ်ယောက်ရဲ့ အမူအကျင့်ကို မရှိတော့ဘူး...


ကျွင်းဟွိုင်လန်က စားပွဲခုံကိုခေါက်လိုက်ပြီး အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။


  " မင်းခြေထောက်ကို ပြန်မချရင် ဘာဖြစ်မလဲသိလား..."


ကျွင်းရှောင်ဝူက သူ့ကို ပြုံးပြပြီးနောက် ခြေထောက်များ ပြန်ချထားလိုက်သည်။


" မင်း ငါ့ကိုဒီနေ့အပြင်ခေါ်လာတာ ဝိုင်သောက်ဖို့လား..."


ကျွင်းဟွိုင်လန်က မေးလိုက်သည်။


ကျွင်းရှောင်ဝူက စားပွဲကို တံတောင်ဆစ်ဖြင့်ထောက်ကာ သူ့နားကပ်လာသည်။   


" အစ်ကိုကြီး အတွက် နှုတ်ဆက်ပွဲလုပ်ပေးတာလေ..."


" အစ်ကိုကြီး ခုတလော ပျော်ပျော်ရွှင်ရွှင်မနေတာ ကျွန်တော်တွေ့လို့လေ... အိမ်ကနေ မထွက်သွားချင်လို့လား..."


ကျွင်းဟွိုင်လန် ထိတ်လန့်သွားသည်။


သူ့ကိုယ်သူ ဤအချိန်‌အတောတွင်း မပျော်မရွှင်ဖြစ်နေခြင်းကို သတိမထားမိပေ။ ကျွင်းရှောင်ဝူ ပြောလိုက်သည့်အခါမှာသာ ရွှယ်ယန့်အကြောင်း မတွေးပဲ မနေနိုင်အောင် ဖြစ်လာသည်။

    

သူ  ကျေးဇူးတင်စကား မပြောခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ သူ နန်းတွင်းမှလည်း နှုတ်ဆက်စကားမပြောပဲ ထွက်လာဲ့ခြင်းဖြစ်ကာ ယခုအခါတွင်လည်း ကျန်းနန်သို့ မြန်မြန်ထွက်သွားရတော့မည်ဖြစ်၍ စိတ်ထဲ မတင်မကျဖြစ်နေမိသည်။

 

စားပွဲခုံပေါ်မှ ရေနွေးကြမ်းခွက်ကို အချိန်အတော်ကြာ ငုံ့ကြည့်နေပြီးနောက်မှသာ ညင်သာစွာပြောလိုက်သည်။


" မိတ်ဆွေဟောင်းတစ်ယောက်ကို နှုတ်ဆက်စကားပြောဖို့ အခွင့်အရေး မရခဲ့လို့ပါ..."

    

ကျွင်းရှောင်ဝူ ထိုစကားများကိုကြားသည်အခါ ခြေ‌ထောက်ကို ခုံပေါ်ပြန်တင်ကာ ပြောလိုက်သည်။


" ဘာလို့ အခွင့်အရေးမရတာလဲ... သူ့ကို ‌ဝိုင်သောက်ဖို့ဖိတ်လိုက်ရင် ရတာပဲကို..."


၎င်းက သူ့အနားတွင်ရှိသော မိတ်ဆွေဟောင်းတစ်ယောက်ဆိုပါက လွယ်ကူသော်လည်း ယခုက နန်းတွင်းထဲမှ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေသည်။

    

ကျွင်းဟွိုင်လန်က ပြုံးပြလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။


" ဒါပေမဲ့ အဲဒါက ထင်သလောက်မလွယ်ဘူး..."


ကျွင်းရှောင်ဝူက သူပြောသည်ကို နားမလည်နိုင်ဖြစ်နေသည်။


သူတို့စကားပြောနေစဉ်မှာပင် စားပွဲထိုးလေးက ဆန်ဝိုင်နှင့် အမဲသားဟင်းကို စားပွဲပေါ် လာချသည်။ ကျွင်းဟွိုင်လန်က စကားလမ်းကြောင်းလွှဲလိုက်သည်။


" မင်း ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ..."


ကျွင်းရှောင်ဝူက ချက်ချင်းပင် အာရုံပြောင်းသွားသည်။


" ကျွန်တော် ယီမန်တံခါးမှာနေတုန်းက အိမ်ကို လုံးဝ မပြန်လာဖို့ စိတ်ကူးဖူးတယ်...  အဖေက ကျွန်တော့်ကို သိုင်းပညာမသင်ခိုင်းတော့ စိတ်ဆိုးပြီးတော့ ခြေဦးတည့်ရာလျှောက်သွားရင်း လမ်းဘေးမှာ ဒီနေရာကို တွေ့တာပဲ... အဲဒါနဲ့ အထဲဝင်လာပြီး ဆန်ဝိုင်တစ်အိုးသောက်ပြီး ထွက်လာလိုက်တယ်..."

    

ကျွင်းဟွိုင်လန်က ဝါးလုံးကွဲအော်ရယ်မိတော့သည်။

  

" မင်း အဲဒီအချိန်တုန်းက ဘယ်နှနှစ်လဲ... ၁၂နှစ်လား ၁၃နှစ်လားပဲ ရှိသေးတဲ့ကောင်လေးက ဒီနေရာမှာ ဝိုင်လာသောက်တာပေါ့ဟုတ်လား..."  


ကျင်းရှောင်ဝူက သူ့ကိုဂရုမစိုက်ပဲ အမဲသားတစ်ဖက်ကို ပါးစပ်ထဲထည့်လိုက်သည်။


  " အဲ့တော့ဘာဖြစ်လဲ... ကျွန်တော်အဲ့အချိန်တုန်းက ယွီမန်တံခါးမှာပဲတစ်သက်လုံးနေပြီး အရွယ်ရောက်လာရင်လည်း လုံးဝမပြန်လာတော့ဘူးလို့ တွေးခဲ့တာ..."


ကျွင်းဟွိုင်လန်က သူ့စကားများကြောင့် စားပွဲခုံကိုပင်လက်ဖြင့်ထောက်ကာ ရယ်နေမိသည်။


" ဒါပေမဲ့ မင်း ပြန်လာသေးတယ်ဆိုတော့ အဖေ့ကို နည်းနည်းမျက်နှာသာပေးသေးတယ် ပြောရမှာပေါ့..."


ကျွင်းရှောင်ဝူက ထိုစကားများကြောင့် မျက်နှာကိုရှုံ့မဲ့ပစ်လိုက်သည်။


" နယ်စပ်က သဲတွေက အရသာမရှိပါဘူး... အချိန်အကြာကြီးနေခဲ့ရပေမယ့် အိမ်ပြန်ချင်နေတုန်းပါပဲ..."


ထို့နောက် ဝိုင်ခွက်ကိုကိုင်မြှောက်ပြီး ကျွင်းဟွိုင်လန်၏ခွက်နှင့် ထိလိုက်သည်။

    

ကျွင်းဟွိုင်လန်ကလည်း ဝိုင်သောက်လိုက်သည်။


မြို့ပြင်မှ ဆန်ဝိုင်က သူသောက်နေကျဝိုင်များနှင့် လုံးဝကွဲပြားသည်။ သူက နူးညံ့ကြည်လင်သောအရသာရှိသည့် ဝိုင်များကိုသာ သောက်နေကျဖြစ်ပြီး လည်ချောင်းထဲထိ ပူဆင်းသွားစေမည့်ဝိုင်မျိုးကို တစ်ခါမှ မသောက်ခဲ့ဖူးပေ။ တစ်ခွက်သောက်ပြီးသည့်အခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

  

သူ မျက်မှောင်ကြုတ်လိုက်သည်ကိုမြင်၍ ကျွင်းရှောင်ဝူက စားပွဲကိုပုတ်၍ ရယ်လိုက်သည်။


" အရမ်းပြင်းတယ်မလား... ကျွန်တော် ပထမဆုံးအကြိမ်သောက်တုန်းကဆိုရင် တစ်ငုံပဲသောက်ရသေးတယ် မျက်ရည်တွေတောင်ကျလာတာ..."


ဝိုင်အရသာပြင်းပြင်းက လည်ချောင်းထဲရောက်လာသည်နှင့် ကျွင်းဟွိုင်လန်၏ အစာအိမ်တစ်ခုလုံး လောင်ကျွမ်းသွားပြီး မျက်ရည်ကျမတတ်ပင်ဖြစ်လာသည်။ သို့ရာတွင် ချိုမြသောအရသာက ခံတွင်းထဲ ပျံ့နှံ့သွား၍ ကျွင်းဟွိုင်လန်ကဝိုင်ကို သဘောကျသွားမိသည်။


" ဒါပေမဲ့ ဝိုင်ကောင်းပဲ..."

    

ထိုအချိန်တွင် ကျွင်းရှောင်ဝူက သူ့လက်မောင်းကိုပုတ်ပြီး အပြင်ကို မေးငေါ့ပြလိုက်သည်။


" အစ်ကိုကြီး ဟိုကိုကြည့်လိုက်..."

    

ကျွင်းဟွိုင်လန်ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည့်အခါ ငွေရောင်အနားကွပ်ထားသော အဖြူရောင်အဝတ်စတစ်စကို ပြတင်းပေါက်ဘောင်တွင် တွေ့လိုက်သည်။


၎င်းတို့က နန်းတွင်းထဲတွင်တွေ့ရသော တံစက်မြိတ်များနှင့် မတူပေ။ နန်းတွင်းအပြင်ဘက်မှ မဆောက်အဦးများ၏တံစက်ကမြိတ်များက ပြန့်ပြူးကျယ်ပြန့်၍ တစ်ချက်ကြည့်ရုံဖြင့် ‌မိုးကုပ်စက်ဝိုင်းကြီးကိုပင် မြင်တွေ့နိုင်သည်။ အဝေးတွင် နှင်းများဖုံးလွှမ်းနေသော တောင်ကုန်းတောင်တန်းများစွာရှိသည်။


ယခုက နေဝင်ရီတရောအချိန်ဖြစ်၍ ရွှေရောင်နေဝင်ချိန်အလင်းရောင်က ပြတင်းပေါက်အပြင်ဘက်မှ တောအုပ်များပေါ် ဖြာကျနေသည်။


ကျွင်းရှောင်ဝူက အောင်နိုင်သူကဲ့သို့ ပြုံးလိုက်သည်။


" အစ်ကိုကြီး ကြည့်ကောင်းတယ်မလား... ကျွန်တော် ဒီကိုရောက်တိုင်း ဒီနေရာမှာ ဝိုင်သောက်ရင်းနဲ့ အပြင်ဘက်က ရှု့ခင်းကျယ်ကြီးကိုကြည့်တယ်... ကြည့်နေရင်းနဲ့ အားမလိုအားမရဖြစ်ပြီး ချန်အန်းမြို့အပြင်ဘက်ကိုထွက်ပြီး ဒီကနေလှမ်းမြင်နေရတဲ့ရှု့ခင်းတွေကို သွားကြည့်ချင်လာတာ..."


 

ကျွင်းဟွိုင်လန်က ပြတင်းပေါက်အပြင်ဘက်ကို တည့်တည့်ကြည့်လိုက်သည်။

    

တောအုပ်များပေါ်မှ အဖြူရောင်ဆီးနှင်းများက ကောင်းကင်နှင့်ထိစပ်နေပြီး မြေဝါရောင်လမ်းကြီးက မြောက်ပိုင်းအထိ ဆန့်တန်းတည်ရှိနေသည်။ မှောင်လုဆဲဆဲအချိန်ဖြစ်သော်လည်း ကုန်သည်များက ခရီးဆက်နေကြဆဲဖြစ်ကာ ရပ်ဝေးမှ လာရောက်ကြသူများကလည်းချန်အန်းမြို့ကို ဦးတည်လာနေကြဆဲဖြစ်သည်။


၎င်းက မြို့၏ မြင်ရခဲလှသော မြင်ကွင်းတစ်ခုဖြစ်သည်။

 

ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် လူတစ်ယောက်အကြောင်းကို မတွေးပဲ မနေနိုင်အောင်ဖြစ်သွားသည်။


ရွှယ်ယန်...

    

လွန်ခဲ့တဲ့တစ်နှစ်တုန်းက သူလည်း ဒီလမ်းပေါ်မှာ တစ်ယောက်တည်းလျှောက်ခဲ့ပြီး ယန်ဒေသကနေ မြောက်ပိုင်းက ချန်အန်းအထိကို လာခဲ့ရတာပဲမလား...


ထိုအတွေးကြောင့် ကျွင်းဟွိုင်လန် ရယ်ချင်မိသွားသည်။

   

ဘာတွေဖြစ်နေတာလဲ ရွှယ်ယန် ရွှယ်ယန်နဲ့... သူနဲ့ အချိန်အတော်ကြာ တူတူနေလိုက်ရတာနဲ့ ဘာလုပ်လုပ် သူ့အကြောင်းကိုပဲ တွေးမိနေတော့တာလား...

  

သို့သော် ရွှယ်ယန်က သူ့အသက်ကို ကယ်ခဲ့ဖူးသည်ကို ကျွင်းဟွိုင်လန် ဝန်ခံရပေမည်။ သို့ရာတွင် သူ့ကိုကျေးဇူးပြန်ဆပ်ရန် အချိန်မရှိတော့ပေ။ ဤကဲ့သို့ အခြားလူအပေါ် ကျေးဇူးကြွေးတင်ခြင်းကြောင့် သူ့ကိုာသတိရနေမိသာည်ဟုသာ တွေးလိုက်သည်။

    

ထိုအချိန်တွင် ကျွင်းရှောင်ဝူက "ဟမ်"ခနဲအသံပြုလိုက်သည်။


" ဒီနေရာမှာ အရာရှိတွေနဲ့ စစ်သားတွေ ဘာလို့ အရမ်းများနေရတာလဲ..."


သူ အောက်ထပ်ကိုကြည့်ကာ အံ့ဩတကြီးဖြင့် ပြောလိုက်သည်။


ကျွင်းဟွိုင်လန် ထိုစကားများကိုကြားသည့်အခါ သူသည်လည်း အောက်ထပ်ကိုလှမ်းကြည့်လိုက်သည်။

    

အရာရှိများနှင့် စစ်သားတစ်ရာခန့်က မြင်းများစီးလျက် တည်းခိုဆောင်ကို ဝန်းရံထားကြသည်။ ဤလူအုပ်စုက သေချာစွာလေ့ကျင့်ထားကြသည့်လူများဖြစ်ကြောင်းသိသာသည်။ သူတို့ မြင်းစီးလာစဉ်တွင် သေသပ်သောမြင်းခွာသံများနှင့် ဓားများ၏ တချွင်ချွင်အသံများကိုသာ ကြားနေကြသည်။


အပြင်ဘက်မှ ကုန်သည်‌၊ ဈေးသည်များကို အထဲသို့ ဝင်ခိုင်းလိုက်ပြီ မည်သူမှ အပြင်ထွက်ခွင့် မရှိတော့ပေ။

    

နောက်မှ တဖြည်းဖြည်းလိုက်လာသည်က စစ်သားအနည်းငယ် ဝန်းရံထားသော မြင်းလှည်းတစ်စီးဖြစ်သည်။

    

စစ်သားတစ်ယောက်က လိုက်ကာကိုလှပ်ပြီး အတွင်းဘက်သို့ စကားလှမ်းပြောနေသည်။ အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်၍  အပေါ်ထပ်မှလှမ်းကြည့်ပါက မြင်းလှည်းထဲတွင် ထိုင်နေသည့်လူကို သေချာမမြင်ရပေ။

  

ထိုစစ်သားက တရိုတသေဖြင့် ဦးညွှတ်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။


 " ရှာကြစမ်း..."


စစ်သားများအားလုံး ချက်ချင်းပင်ထွက်ခွာသွားပြီး တံခါးပေါက်နှင့် ပြတင်းပေါက်များကို ပိတ်ဆို့ထားကာ အတွင်းသို့ဝင်၍ ရှာဖွေကြတော့သည်။

    

" ကြည့်ရတာ ပြစ်ဒဏ်စီရင်ရေး‌ဌာနက တစ်ယောက်ယောက်ထင်တယ်..."


ကျွင်းဟွိုင်လန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

    

ကျွင်းရှောင်ဝူကလည်း သိချင်နေမိသည်။


" ဒီနေရာကို ဘာလို့ရှာနေကြတာပါလိမ့် ဝရမ်းပြေးတွေဘာတွေများ ရှိလို့လားမသိဘူး..."


ကျွင်းဟွိုင်လန်လည်း အကြောင်းရင်းကိုမသိ၍ ခေါင်းခါလိုက်သည်။

    

ကျွင်းရှောင်ဝူက ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပျင်းရိသွားပုံရသည်။ ထို့နောက် သူ တစ်စုံတစ်ခုကို မှတ်မိသွား၍ ကျွင်းဟွိုင်လန်ကို ပြုံးပြီးလှမ်းပြောလိုက်သည်။


" အစ်ကိုကြီး ကြားပြီးပြီလား... အရီးတော်ရဲ့နန်းဆောင်က မင်းသား၅က ဒီနှစ်ကစပြီး ညီလာခံထဲမှာ အမှုထမ်းတော့မယ်တဲ့... ပြီးတော့ ဧကရာဇ်ကိုယ်တိုင်ကွပ်ကဲတဲ့ ပြစ်ဒဏ်စီရင်ရေးဌာနမှာ..."


ကျွင်းဟွိုင်လန် ခဏတာ အံ့အားသင့်သွားသည်။


" ညီလာခံထဲမှာ အမှုထမ်းတယ်... ပြီးတော့ ပြစ်ဒဏ်စီရင်ရေး‌ဌာနမှာလား..." 


ထိုကိစ္စများကို သူ လုံးဝ မသိပေ။


" ဟုတ်တယ်... ကျွန်တော်လည်း ဟိုတစ်ရက်ကမှ လူတစ်ရက်ကမှ အပြင်သွားရင်းလူတစ်ယောက်ဆီက ကြားခဲ့တာ... ဧကရာဇ်က သူ့ကို ရုတ်တရက်ကြီးသဘောကျလာပြီး တာဝန်တွေပေးလာတယ်တဲ့... ပြီးတော့ ပြစ်ဒဏ်စီရင်ရေးဌာနက ရာထူးနေရာတစ်ခုလွတ်နေလို့ အဲ့ဌာနကကိစ္စတွေကို တာဝန်ယူခိုင်းလိုက်ပြီတဲ့... အမေပြောတာတော့ သူက ဒီနှစ်မှ ၁၆နှစ်ပြည့်တာလားလို့လေ... သူ့အထက်မှာ အစ်က်ိုတော်နှစ်ယောက် ရှိတာတောင်မှ ဧကရာဇ်ကဘာလို့ သူ့ကို ရုတ်တရက်ကြီး မျက်နှာသာပေးနေတာပါလိမ့်..."

    

မင်းသား၂ က တစ်ကြိမ်တစ်ခါကမှ ဧကရာဇ်၏ မျက်နှာသာပေးမှုကို မရရှိခဲ့ပေ။ ဧကရာဇ်က သူ့ကို နောက်ထပ်နှစ်နှစ် စာထပ်မံလေ့လာခိုင်းခဲ့သည်ကို ကျွင်းဟွိုင်လန်သိသည်။ မင်းသား၄က အားလုံးထဲတွင် အထူးချွန်ဆုံးဖြစ်သော်လည်း ညီလာခံသို့ဝင်ရောက်ရမည့်နှစ်တွင်မှ မိခင်ရင်းဖြစ်သူ၏ကိစ္စဖြစ်သွားခဲ့၍ ချောင်ထိုးခံထားလိုက်ရသည်။

    

မင်းသားများ ညီလာခံထဲသို့ စတင်ဝင်ရောက်လာချိန်တွင် တိုင်းရေပြည်ရေးကိစ္စများတွင် မပါဝင်ရသေးပဲ အမတ်များထံမှသာ လေ့လာသင်ယူရခြင်းဖြစ်သည်။


သို့ဖြစ်၍ ဧကရာဇ်က ယခုချိန်တွင် မည်သူ့ကိုတန်ဖိုးအထားဆုံးဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့်သိနိုင်သည်။


ဧကရာဇ်ချင်းဖျင်က ကမ္ဘာပေါ်ကိုရောက်လာတဲ့ နတ်ဆိုးကြယ်ဆိုတာကို မကြောက်တော့တာများလား...

    

ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် ထိုကိစ္စက အနည်းငယ်မှော်ဆန်သည်ဟု ထင်နေမိသည်။


သူ ပြန်မွေးဖွားလာပြီးတော့ အရင်ဘဝက ကိစ္စတော်တော်များများကို ဖျက်ဆီးပစ်လိုက်လို့ ရွှယ်ယန် ညီလာခံထဲရောက်ပြီး အမှုထမ်းရတဲ့အချိန်က အရမ်း စောသွားတာများလား..

    

ယခင်ဘဝက ရွှယ်ယန် ပထမဆုံး ပေါ်လာခဲ့သည်မှာ ကျန်းနန်တွင်ပုန်ကန်မှုပေါ်ပေါက်လာခဲ့၍ ညီလာခံတွင်လည်း စစ်သူကြီးမရှိသောကြောင့် တောင်အရပ်သို့သားကာ ပုန်ကန်မှုကို နှိမ်နင်းခဲ့ရစဉ်ကဖြစ်သည်။

    

အခု ပိုဆိုးသွားပြီပေါ့...

    

သူတို့နှစ်ယောက် စကားစမြည်ပြောနေစဉ်တွင် စစ်သားများ၏ရှာဖွေမှုက  အပေါ်ထပ်အထိ ရောက်လာပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ပိုးထည်ဝတ်ရုံများဝတ်ဆင်ထားသော သခင်လေးများဖြစ်၍ သူတို့ကို မေးခွန်းမမေးပဲ ကျော်သွားကြသည်။


ခဏအကြာတွင် တတိယထပ်ဧည့်ခန်းထဲမှ လူအများအပြားထွက်လာသည်။


ခေါင်းဆောင်က သာမန်ဝတ်စုံဝတ်ထားသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူ့အဝတ်အစားများက ရိုးရှင်းသော်လည်း မြင့်မြတ်သူတစ်ယောက်ဖြစ်‌ကြောင်း ပေါ်လွင်နေသည်။ သူ့နောက်တွင်က အမျိုးသမီးငယ်လေးနှစ်ယောက်ဖြစ်သည်။ အသက်ပိုကြီးသောမိန်းကလေးက သားငယ်လေးနှစ်ယောက်ကို လက်တစ်ဖက်စီတွင်ဆွဲထားသည်။

    

မိသားစုကြီးတစ်ခုပဲ...


" ပြစ်ဒဏ်စီရင်ရေးဌာနက ဘာလို့ မိန်းကလေးတွေနဲ့ ကလေးတွေကိုပါ ဖမ်းနေရတာလဲ..."


ကျွင်းရှောင်ဝူ အလွန်အံ့အားသင့်သွားပြီး လည်ပင်းကိုစောင်း၍ပင် ကြည့်နေမိသည်။


ကျွင်းဟွိုင်လန်က စားပွဲခုံကိုခေါက်ကာ ပြောလိုက်သည်။

" မှန်လား မှားလား ဘယ်လိုသိဦးမှာလဲ..."


ကျွင်းရှောင်ဝူက တုံ့ပြန်လိုက်သော်လည်း စပ်စုချင်နေဆဲဖြစ်သည်။


 xxxxxxxxx