အပိုင်း ၇၂
Viewers 15k

Chapter 72


ဤကမ္ဘာကြီးတွင် လူဘယ်လောက်များများက  မိန်းမစိုးခစားခြင်းခံရမည်နည်း…


သခင်ငယ်လေး၏ဒူးများခွေယိုင်လာကာ ထောက်ကျသွားတော့သည်။


ယနေ့သူ၏ရှေ့တွင်ရှိနေသူမှာ နန်းတော်ထဲမှမင်းသားတစ်ပါးဖြစ်သည်ကို သူသိသွားပြီဖြစ်သည်။ ယနေ့တွင် သူ့ကိုယ်လုပ်တော်၏လက်ကိုဖြတ်ရုံမျှသာမက သူတို့မိသားစုတစ်ခုလုံးကို ကွပ်မြက်လိုက်လျှင်ပင် မည်သူကမျှပြောရဲမည်မဟုတ်ပေ။


ထို့နောက် ရွှယ်ယန်၏ပျင်းရိနေသောအသံကိုကြားလိုက်ရသည် " မင်းအခုထိမပြောသေးဘူးဆိုရင် ငါမင်းကိုလောပေးရမလား…"


ဓားများရုတ်တရက်အောက်သို့ကျဆင်းလာသည်။


ကိုယ်လုပ်တော်မိန်းမ၏အသံမှာ ပို၍ပင်စူးရှလာကာ ငိုယိုလျက် " သခင်ကြီး သခင်ကြီး ကျွန်မကိုကယ်ပါဦး သူ့ကိုပြောလိုက်တော့ ပြောပြလိုက်ပါတော့…"


ဓားမှာ လမ်းတစ်ဝက်တွင် သူမ၏လက်ချောင်းများပေါ်မှ ပွတ်တိုက်လျက် ရပ်တန့်သွားလေသည်။


" ငါနောက်ထပ်မဟုတ်တာတွေမကြားချင်တော့ဘူး.." ရွှယ်ယန် ပျင်းရိနေသည့်အသံဖြင့် လက်ချောင်းများကိုကွေးကာပြောလိုက်သည်။


မြေကြီးပေါ်၌ ဒူးထောက်နေရသော သခင်ငယ်လေးမှာမူ တုန်ယင်နေကာ " မြောက်ဘက်မှာရှိတဲ့အစေခံငယ်လေးတစ်ယောက်ဆီကို ညတွင်းချင်းပို့လိုက်တာပါ..အခုဆိုရင် ချန်အန်းရဲ့မြောက်ဘက်က ဝမ်ပင်းရွာမှာရှိနေပါလိမ့်မယ်…"


ရွှယ်ယန် သူ၏ဘေးတွင်ရပ်နေသော စစ်သည်ခေါင်းဆောင်ဖြစ်သူကိုကြည့်လိုက်သည်။


" မင်းကြားပြီလား.."


ခေါင်းဆောင်မှ ချက်ချင်းအရိုအသေပေးလိုက်သည်။


ရွှယ်ယန် အကြည့်လွှဲလိုက်ပြီး ပေါ့ပေါ့ပါးပါးသာ ညွန်ကြားလိုက်သည် " သူတို့ကိုကြိုးချည်လိုက် ငွေလက်မှတ်တွေရှာတွေ့သွားရင် ပြစ်ဒဏ်စီရင်ရေးဌာနကိုပို့လိုက်တော့…"


ခေါင်းဆောင်မှ စစ်သည်တော်များကိုဦးဆောင်လိုက်ကာ နာနာခံခံဖြင့် ထွက်ခွာသွားပြီး တစ်ဖွဲ့မှာ မြို့တော်သို့ပြန်ကာ တစ်ဖွဲ့မှာမူ ငွေလက်မှတ်ရှာရန် မြောက်ဘက်အရပ်သို့သွားလိုက်ကြသည်။


ရွှယ်ယန် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။


ကျင်းပေါင် အလျင်အမြန်အရှေ့တိုးကာ သခင်ဖြစ်သူ၏လမ်းမှာ ထိုင်ခုံကိုဖယ်ပေးလိုက်ပြီး လမ်းဖွင့်ပေးလိုက်သည် " အရှင့်သား ကျွန်တော်မျိုး ပြစ်ဒဏ်စီရင်ရေးဌာနကိုသွားရမှာလား နန်းတော်ကိုပြန်ရမှာလား…"


ရွှယ်ယန် ပြောလိုက်သည် " နန်းတော်ပဲပြန်…"


ကျင်းပေါင် သက်ပြင်းချကာ ခုံကို ဘေးဘက်တွင်ပြန်ထားလိုက်သည်။


ချက်ချင်းဆိုသလိုပင် လှေကားတွင်ရပ်နေသည့်ပုံရိပ်တစ်ခုမှာ ကျင်းပေါင်၏မျက်လုံးတွင်းသို့ ကျရောက်သွားလေသည်။


ထိုဘုရားသားတော်ကို လပေါင်းအနည်းငယ်မျှ ခစားပြီးချိန်တွင် ထိုသူမည်သူဖြစ်သည်ကို သူမည်ကဲ့သို့ သတိမပြုမိဘဲနေမည်နည်း။


ကျင်းပေါင် သူ၏ခေါင်းကိုသတိတကြီးဖြင့် မော့လိုက်ချိန်၌ လှေကားတွင်ရပ်ကာ ယခုပင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းအားလုံးကို ကြည့်ရှုနေသည်အား မြင်လိုက်ရလေသည်။


ကျင်းပေါင် နှလုံးတစ်ချက်ခုန်သွားခဲ့ရသည် 


ထို.. သခင်ဖြစ်သူမှာ မောက်မာရက်စက်ကာ လူများ၏လက်ချောင်းများကို ယူချင်ပြီး အသက်ကိုပင် သူ့ဆန္ဒအတိုင်းသိမ်းယူနိုင်သည်ဖြစ်ရာ ၎င်းမှာ ဗုဒ္ဓမြင်နိုင်ရန်အတွက် လုံလောက်နေပြီ မဟုတ်သည်လော..


သူ၏နှေးကွေးမှုကိုသာ ကျင်းပေါင်မုန်းတီးမိတော့သည်။ သူမည်ကဲ့သို့အနားသို့တိုးကပ်နိုင်တော့မည်နည်း။ ထို့အတူ ထိုဘုရားသားတော်တွင် ဗုဒ္ဓရောင်ဝါလွှမ်းခြုံထားမှုကိုလည်း သူ မခံစားခဲ့ရပေ။


နန်းတော်သို့ဝင်ပြီးနောက် ထိုသူမှာ ကျွင်းဟွိုင်လန်ကျေနပ်စေရန်အတွက်သာ ပြုံးပြတတ်ကြောင်းကို သူသိသွားခဲ့ရသည်။


ထိုအချိန်တွင် အရှေ့သို့လျှောက်သွားပြီးဖြစ်သော ရွှယ်ယန်မှာ အနောက်မှ ကျင်းပေါင်မပါလာသည်ကို တွေ့လိုက်ရသည့်အတွက် လှည့်၍ စိတ်မရှည်သည့်အသံဖြင့် အေးစက်စက်ပြောလိုက်လေသည် " မလိုက်လာတော့လား မင်းအထဲမှာသေနေတာလား…"


ကျင်းပေါင်၏ နှလုံးခုန်သံပင် ကျယ်လောင်သွားရသည်။


သခင် ကျွန်တော်မျိုးကို ဘယ်အချိန်ဆူဆူရပေမယ့် ဘာလို့ဒီအချိန်ကြီးလဲနော်…


ကျင်းပေါင် သတိတကြီးဖြင့် ခေါင်းမော့လိုက်ချိန်တွင် ရွှယ်ယန်မလှုပ်ရှားသည်ကိုမြင်လိုက်ရသည်။


အရှင့်သားနှင့်သခင်လေးတို့မှာ တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကြသည်။


အရှင့်သားမှာ သခင်လေးကို ပျင်းတိပျင်းရွဲ့ဖြင့် စိတ်မရှည်သည့်မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး ယခုပင်တည်ရှိခဲ့သော အေးစက်မောက်မာမှုများမှာ အစပင်ရှာမရတော့ချေ။ အပြန်အလှန်အားဖြင့် ၎င်းတို့မှာ ဖုံးကွယ်၍ပင်မရနိုင်သည့် ရင်ခုန်စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။


သူမတ်မတ်ရပ်ကာ မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှမပြစေကာမူ ဆရာ၏ရှေ့တွင် အမှားလုပ်မိသော ကျောင်းသားတစ်ဦးကဲ့သို့ ဖြစ်နေလေသည်။


၎င်းမှာ အမြဲပင် ဂုဏ်ယူမောက်မာနေခဲ့သည့် ဝံပုလွေ‌တစ်ကောင်မှာ သူ၏နားရွက်များနှင့်အမြီးကို အောက်စိုက်ချထားရပုံနှင့်ပင် တူညီနေခဲ့သည်။


တည်းခိုဆောင်၏ ဒုတိယထပ်မှာ ထိန်းချုပ်ခံထားရသည်။


ဒုတိယထပ်ရှိ ဆိုင်ရှင် စားပွဲထိုးနှင့် ကုန်သည်များမှာ ပထမထပ်သို့ မောင်းထုတ်ခံထားရကာ တစ်ဦးကိုတစ်ဦး တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။ သူတို့မည်သူကမျှမထင်ထားခဲ့သည်မှာ သွေးမြေကျလုမတတ်ကြီးစိုးခဲ့သည့် ရာထူးကြီးပုဂ္ဂိုလ်မှာ မိတ်ဆွေဟောင်းနှင့် ဆုံစည်းမိကာ ဤပျက်ဆီးနေသည့်နေရာတွင် နေလိမ့်မည်ဟု မထင်မိခဲ့ကြချေ။ အတိတ်ကိုပင် အမှတ်ရနေသည့်ပုံပင်။


ထိုအချိန်တွင် စားပွဲထိုးများနှင့် စားသုံးသူများမှာ မျိုးရိုးမြင့်ပုဂ္ဂိုလ်များကို အပြစ်ပြုမိပြီး ကိုယ့်သေတွင်းကိုယ်တူးမိမှာ စိုးသည့်အတွက် ဆိုင်ထဲတွင် တိတ်တဆိတ်သာနေနေကြပြီး ထွက်ပင်မလာရဲကြချေ။


ဆိုင်ရှင်မှာမူ သူတို့၏ဝန်ဆောင်မှုညံ့ဖျင်းမှုကြောင့် ကျွင်းဟွိုင်လန်တို့ကိုရန်မစမိစေရန်အတွက် အမှုထမ်းများအား အသံနိမ့်နိမ့်ဖြင့် အသားဟင်းနှစ်ပွဲနှင့်ဝိုင်တို့ကိုပို့ပေးချင်ကြောင်း ဆွေးနွေးနေခဲ့သည်။


မည်သို့ပင်ဖြစ်စေ အပေါ်ထပ်ကို တက်သွားရဲမည့်သူတော့မရှိသေးပေ။


ဒုတိယထပ်တွင်ရှိနေသူများမှာ ဓားလှံအစစ်များကိုသယ်ဆောင်ထားသည့်စစ်သည်များဖြစ်ကြပြီး တစ်ဦးဆိုလျှင် လူ့လက်ချောင်းများကို ဖြတ်ပစ်လုမတတ်ပင်ဖြစ်သွားခဲ့ရသည်။


ထို့နောက် အပေါ်ထပ်မှ ခြေသံများထွက်ပေါ်လာသည်။


ဆိုင်ရှင် လှည့်ကြည့်လိုက်ချိန်တွင် သူ၏နောက်တွင်ရှိနေသည့် မျိုးရိုးမြင့်ပုဂ္ဂိုလ်၏မိန်းမစိုးကိုတွေ့လိုက်ရသည်။


ထိုပုဂ္ဂိုလ်မှာ ချောမောသည့်ရုပ်သွင်ရှိသော်လည်း အေးစက်မောက်မာကာ တော်ဝင်နန်းဆန်သည့်အမူအယာရှိပြီး လူများကိုတည့်တည့်ကြည့်ခြင်းပင်မရှိပေ။


ဆိုင်ရှင်မှ အလျင်အမြန် လှေကားရင်းတွင် စောင့်နေကြသည့်ကောင်လေးများကိုခေါ်လိုက်ပြီး အရိုအသေပေးကာ မိန်းမစိုး၏အမိန့်ကိုစောင့်ဆိုင်းနေလိုက်သည်။


မိန်းမစိုးမှ ဝတ်ရုံအင်္ကျီလက်ထဲမှ ငွေလက်မှတ်တစ်စောင်ကိုထုတ်ကာ ဆိုင်ခုံပေါ်သို့ ပစ်တင်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်လေသည် " ငါ့ရဲ့သခင်က ဒုတိယထပ်ကိုသုံးမယ်ပြောလိုက်တယ်…ဒါက ငှားရမ်းခပဲ…"


ဆိုင်ရှင် အရှေ့သို့တိုးကာ ကြည့်လိုက်ချိန်၌ ငွေတုံး၅ရာတန်လက်မှတ်ဖြစ်နေသည်ကို မြင်လိုက်ရသည်။


ဒီလောက်ငွေအများကြီးဆို ငှားဖို့မပြောနဲ့ ဒုတိယထပ်တစ်ထပ်လုံးတောင် ဝယ်လို့ရမယ်..


ထို့ကြောင့် သူအလျင်အမြန်ပင် ပြုံးလျက် အရိုအသေပေးကာ ကျေးဇူးတင်စကားဆိုလိုက်ရသည်။


မိန်းမစိုးမှ ဟိုဟိုဒီဒီလှမ်းကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများမှာ ပထမထပ်ဆီသို့ကျရောက်သွားလေသည်။


ထိုအချိန်တွင် ပထမထပ်မှာမူ မူလကရှိပြီးသောလူများအပြင် ဒုတိယထပ်မှဆင်းလာရသူများပါ စုပေါင်းနေရသဖြင့် ပြည့်ကျပ်နေလေသည်။ ညမနက်လာပြီဖြစ်ရာ အခြားသွားရန်နေရာလည်းမရှိတော့သဖြင့် ထိုနေရာတွင်ပင် သည်းခံနေရမည်ဖြစ်ကာ မနက်ခင်းကျမှ ခရီးဆက်ရပေမည်။


ပထမထပ်ရှိလူအုပ်ကြီးမှာမူ စကားပင်မပြောရဲဘဲ သူ့ကိုသာ သတိတကြီးဖြင့် ကြည့်နေကြသည်။


မိန်းမစိုးမှအကြည့်ကိုလွှဲလိုက်ပြီး အင်္ကျီလက်ထဲမှ ငွေပြားများပြည့်နေသည့် လေးလံသောအိတ်တစ်လုံးကိုထုတ်ကာ ငွေခုံပေါ်သို့ပစ်တင်လိုက်သည်။


" ဒီငွေတွေကို သူတို့ခွဲဝေပေးလိုက်..ဘာလုပ်ရမယ်ဆိုတာကိုမသိသလိုလုပ်မနေနဲ့..သခင်က သူနဲ့အတူအကျဉ်းသားနည်းနည်းခေါ်လာရုံပဲရှိတာ… ဒါက မင်းရဲ့ဝိဉာဉ်ကိုဆုံးရှုံးစေတဲ့အထိ ကြောက်ဖို့ကောင်းနေလို့လား…" 


မိန်းမစိုးမှ အပြစ်တင်လိုက်သည်။


‌ကြောက်ဖို့မကောင်းပါဘူးလေ.. လူတစ်ယောက်ကို ဓားနဲ့ခုတ်ဖြတ်ဖို့လုပ်ရုံလေးပဲ ကြောက်ဖို့မကောင်းပါဘူး…


မိန်းမစိုးမှ ဆိုင်ရှင်ကိုစိုက်ကြည့်လိုက်ပြီး ငွေကိုကိုယ်ကျိုးအတွက်အသုံးမပြုရန် သတိပေးလိုက်ပြီး ဟင်းပွဲအနည်းငယ်ပို့ဆောင်ပေးရန် ညွှန်ကြားလိုက်ကာ အပေါ်ထပ်သို့ပြန်တက်သွားလေသည်။


လူတိုင်း၏စိတ်ထဲတွင်မူ ထိုမိန်းမစိုး၏မောက်မာမှုနှင့် ဉာဏ်ပညာကြီးမှုတို့အတွက် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။


လူတိုင်း၏မျက်လုံးအောက်မှာပင် ထိုမောက်မာဉာဏ်ကြီးသော မိန်းမစိုးလေးကျင်းပေါင်မှာ တိတ်တခိုးနှလုံးသွေးများယိုစီးလျက် အပေါ်ထပ်သို့ပြန်တက်ရသည်။


အဘယ့်ကြောင့် အရှင့်သားမှာ သခင်လေးကိုမြင်သည်နှင့် ထိုကဲ့သို့ပြောင်းလဲသွားသည်နည်း။ ငွေပြားများမှာ ရေကဲ့သို့ပင် လျှံကျလာလေရာ သူ့အတွက် မြင်ရသည်မှာပင်နာကျင်လှသည်။


သို့သော်လည်း ကျင်းပေါင် ထုတ်ဖော်ပြောကြားရဲခြင်းမရှိပေ။


သူတတ်နိုင်သည့်အရာမှာ လှေကားပေါ်သို့ ရှဉ့်တစ်ကောင်ကဲ့သို့ တိတ်တဆိတ်တက်သွားရန်သာဖြစ်သည်။


ကျွင်းဟွိုင်လန် ထိုင်ခုံပေါ်သို့ထိုင်ချလိုက်သည်။


အစပိုင်းတွင် လူနှစ်ဦးသာရှိနေသော်လည်း ယခုတွင် သုံးဦးဖြစ်သွားပြီဖြစ်သည်။ ကျင်းပေါင်မှ ရှောင်အာကို မီးလာညှိရန်ခေါ်လိုက်သည် သူကိုယ်တိုင် စားပွဲပြင်၍ တူများကို ရွှယ်ယန်ထံပေးကာ အရက်ကိုငှဲ့ပေးလိုက်သည်။ သူတို့သုံးဦးမှာမူ မည်သည့်စကားမျှပြောခြင်းမရှိသေးပေ။


ကျွင်းဟွိုင်လန် ရွှယ်ယန်ကို အကြိမ်အနည်းငယ်မျှ ခိုးကြည့်လိုက်သည်။


သူရွှယ်ယန်ကို ပြတင်းပေါက်မှ မြင်လိုက်ရချိန်တွင် ဤနေရာသို့ အပြစ်သားကိုဖမ်းဆီးရန်လာရောက်ခဲ့သည်ဟု ထင်မှတ်မိသည့်အတွက် အောက်သို့ဆင်း၍ သူ့ကိုတွေ့ဆုံရန်လာခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း ရွှယ်ယန် အပြစ်ပေးနေချိန်နှင့် ဆုံသွားမည်ကိုမူ သူမထင်မိခဲ့ချေ။


ကျွင်းဟွိုင်လန် ရွှယ်ယန်၏ထိုမျှတည်ငြိမ်ကာအားကောင်းသည့်ဟန်ပန်ကို တွေ့မြင်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းမှာ သူ့တစ်ဘဝလုံးတွင်မမြင်ခဲ့ဖူးသော အေးစက်ကာ ကြမ်းကြုတ်သည့်အော်ရာမျိုးပင်ဖြစ်သည်။


သူ၏ရှေ့တွင် ယခုရှိနေသော ရွှယ်ယန်မှာ ယခင်ဘဝမှရွှယ်ယန်ကဲ့သို့ အေးစက်ကြမ်းကြုတ်ကာ ဓားအိမ်မှထွက်လာသည့် ဓားတစ်ချောင်းကဲ့သို့ ထက်ရှလှနေပြီး အအေးရောင်ဝါမှာ သူ၏တစ်ကိုယ်လုံးကိုလွှမ်းခြုံထားသည်။


ကြည့်ရသည်မှာ ဤသည်သာ ရွှယ်ယန်၏ပုံစံအမှန်ဖြစ်ပုံပင်။


ထိုသို့တွေးကြည့်မှ ရွှယ်ယန်မှာ ယခုအချိန်တွင် အသက်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသည်ဖြစ်ရာ အကယ်၍သာ သူစိတ်ကူးထားသကဲ့သို့ တုံးအပျော့ညံ့နေမည်ဆိုပါက ယခင်ဘဝ၌ ယခုရောက်နေသည့်အနေအထားဆီသို့ တက်လှမ်းနိုင်မည်မဟုတ်ချေ။


ရွှယ်ယန်မှာ သူ့ကိုယ်သူဖြူစင်ကြောင်းကို မည်သည့်အချိန်ကမှ ဖော်ပြထားခဲ့ခြင်းမရှိလေရာ အရာအားလုံးမှာ သူ၏စိတ်ကူးယဉ်ခြင်းသာဖြစ်‌ခဲ့ပေမည်။


ပုံမှန်အားဖြင့် ကျွင်းဟွိုင်လန် ထိုအရာကို ကြောက်လန့်ရမည်ဖြစ်သည်။


သို့သော်လည်း ဆန်းကြယ်စွာဖြင့် ကြောက်လန့်နေခြင်းမရှိခဲ့ပေ။ ဖြစ်နိုင်သည်မှာ ရွှယ်ယန်မှာ သူ့အပေါ် အလွန်သိမ်မွေ့နူးညံ့စွာပြုမူခဲ့ပြီး သူ၏အသက်ကိုကယ်ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေမည်။ ထိုအချိန်က ရွှယ်ယန်၏ထိတ်လန့်နေမှုနှင့် မျက်ရည်များမှာ အလွန်စစ်မှန်လှပေရာ ထိုအရှုပ်အထွေးကြားမှာပင် ကျွင်းဟွိုင်လန်မေ့ဖျောက်၍မရခဲ့ပေ။


ထို့ကြောင့် ၎င်းအစား ထိုအရာမှာဤသို့ဖြစ်သွားသည် ဟူသောခံစားချက်မျိုးသာရှိနေခဲ့ပြီး ယခင်ဘဝတွင် လုပ်ဆောင်ခဲ့သော အမှားမျိုးကို ရွှယ်ယန်ထပ်မံကျူးလွန်လိမ့်မည်ဟုပင် ကျွင်းဟွိုင်လန် မတွေးမိခဲ့ချေ။


ထိုအရာမှာ အနည်းငယ်မရင်းနှီးသလိုဖြစ်လာလေသည်။


လွန်ခဲ့သောအချိန်များက သူရွှယ်ယန်ကို ကြည့်မိခဲ့စဉ်တွင် သူ၏မှန်းဆချက်များမှာ အမြဲလိုရှုပ်ထွေးနေရပြီး ထိုသူမှာ အစဉ်အမြဲ ခက်ခဲသနားစဖွယ်တစ်ဦးတည်းရှင်သန်နေရသည်ဟူသောအတွေးမျိုးရခဲ့သည်။


သို့သော် ယခုအချိန်တွင်မူ ထိုသူမှာ နှင်းများကြားမှ ဝံပုလွေတစ်ကောင်ဖြစ်သွားသည့်ပုံပင်။ ထိုမျှသော ဝန်အားများကို တစ်ဦးတည်း ထမ်းပိုးထားလျက် ရွှယ်ယန်မှာ အရွယ်ရောက်ကြီးပြင်းလာ‌ရသော်လည်း သူသည် ဖျက်ဆီးခံရခြင်းမရှိခဲ့ပေ။


ကျွင်းဟွိုင်လန်၏ကိုယ်ပိုင်ခွန်အားဖြင့် ထိုသူ၏မူလအမူအကျင့်များကို မပြောင်းနိုင်ခဲ့သော်လည်း မိသားစုအပေါ်ထားရှိသည့်သဘောထားကိုတော့ သူပြောင်းလဲနိုင်ခဲ့သည်။ ထို့အပြင် ရွှယ်ယန်၏ပုံပန်းသဏ္ဍာန်မှာလည်း ပြောင်းလဲသွားသည့်ပုံမရချေ။


ကျွင်းဟွိုင်လန် အတွေးနစ်နေချိန်တွင် ရွှယ်ယန်မှာမူ သူ၏ဘေးတွင်ရှိနေကာ စကားတစ်လုံးမျှမပြောခဲ့ပေ။


တစ်ဖက်မှာမူ ဘေးတွင်ထိုင်နေသည့် အမြဲလိုဒေါသကြီးတတ်သော ကျွင်းရှောင်ဝူမှာမူ ပါးစပ်ပင်မပိတ်ထားဘဲမနေရဲချေ။ သူ၏ဘေးဘယ်ညာသို့ကြည့်လိုက်ချိန်တွင် အစ်ကိုဖြစ်သူမှာ လက်ဖက်ရည်ကြမ်းကိုတိတ်ဆိတ်စွာသောက်နေပြီး မင်းသား၅မှာ မည်သည့်စကားမှမဆိုဘဲနေနေသည်ကို မြင်လိုက်ရရာ ကျွင်းရှောင်ဝူ ပြတင်းပေါက်မှပင် ခုန်ချထွက်ပြေးချင်စိတ်များပေါ်လာရလေသည်။


ခဏကြာ စောင့်ဆိုင်းနေပြီးနောက် ရှောင်အာမှ ဝိုင်ကမ်းပေးလာခဲ့သည်။


ကျွင်းရှောင်ဝူ အလျင်အမြန်ပင် ထိုအခွင့်အရေးကိုယူလိုက်ကာ ဝိုင်ကို သူတို့နှစ်ဦးအတွက် လောင်းထည့်ပေးလိုက်ရင်းမှ ပြောလာခဲ့သည်


 " ဒီနေရာမှာ မင်းသား၅ကိုမြင်ရမယ်လို့ ကျွန်တော်မထင်ထားမိခဲ့ဘူး…ဒီနေရာကအနည်းငယ်ပျက်ဆီးနေပေမယ့် သူတို့ရဲ့ဝိုင်ကတော့တော်တော်လေးအဆင်ပြေတယ် အရှင့်သားမြည်းကြည့်ချင်ရဲ့လားမသိဘူး .."


ရွယ်ယန်ခေါင်းညိတ် လိုက်သော်လည်း ဝိုင်ခွက်ကိုကောက်ယူမည့်အစား ကျွင်းဟွိုင်လန်ကိုသာ စိုက်ကြည့်နေခဲ့သည်။


ကျွင်းဟွိုင်လန် ခွက်ကိုကောက်ယူသည်ကိုမြင်မှသာလျှင် သူသည်လည်း ဝိုင်ခွက်ကိုကောက်ယူလိုက်သည်။


ထိုအရာကို မြင်တွေ့လိုက်ရသည့် ကျွင်းရှောင်ဝူမှာမူ အနည်းငယ်အံ့ဩသွားရသည်။ ယခုပင် ပြတ်ပြတ်သားသားမင်းမူနေသည့်မင်းသား၅မှာ အနည်းငယ်ကောင်းကောင်းပြုမူလာသည်ဟု သူခံစားလိုက်ရသည်။


သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူ၏ပေါက်တတ်ကရအတွေးအား အနောက်သို့ပစ်ထုတ်လိုက်လေသည်။


ကောင်းကောင်းပြုမူသည်လော.. မည်သည့်အရာမှာ ကောင်းကောင်းပြုမူနေသည်နည်း၊ ယခုပင်ထိုသူက လူတစ်ယောက်၏လက်ချောင်းများကိုဖြတ်ပစ်တော့မလိုဖြစ်သွားခဲ့ရသည်လေ။


Xxxxxx