အပိုင်း ၇၃
Viewers 15k

Chapter 73


ထို့နောက် ရွှယ်ယန် သူ၏ပါးစပ်ထဲသို့ ဝိုင်တစ်ခွက်လုံးလောင်းထည့်လိုက်သည်ကို မြင်လိုက်ရသည်။


ပုံမှန်အားဖြင့် ကျွင်းရှောင်ဝူမှာ အသိမိတ်ဆွေများကို အပတ်စဉ်အရက်အတူသောက်ရန်ဖိတ်ခေါ်လေ့ရှိသည်။ သူတို့၏သောက်နိုင်စွမ်းအားများကြောင့် အရှက်ကွဲကြသည်ကို ကြည့်ရသည်မှာ သူ၏အကြီးမားဆုံးပျော်ရွှင်မှုဖြစ်လေသည်။ သံသယဝင်စရာပင်မရှိအောင် ဤဆိုင်၏အရက်ဝါမှာ အလွန်ပြင်းလှလေရာ ရွှယ်ယန်သောက်မည်အပြုတွင် မူလကရှိခဲ့သော ပျော်ရွှင်မှုမျိုး မရှိတော့ဘဲ ထိုအစား သူ၏နှလုံးသည်ပင် လည်ချောင်းထဲမှ ခုန်ထွက်လာလုမတတ်ဖြစ်သွားခဲ့ရသည်။


ဒါက… အကယ်၍သာ ဝိုင်သီးသွားခဲ့ပါက ၎င်းမှာ မင်းသားတစ်ပါးအပေါ် အပြစ်ပြုမိခြင်းမျိုး ဖြစ်နိုင်ပေမည်လော..


ထို့ကြောင့် သူအလျင်အမြန်သတိလှမ်းပေးလိုက်ရသည် " အရှင့်သား ‌ဖြေးဖြေးသောက်ပါ ဒီဝိုင်ကနည်းနည်း…"


မမျှော်လင့်ပါဘဲ ရွှယ်ယန်သည်လည်း သူနှင့်ပြိုင်တူစကားပြောလာခဲ့သည်။


သို့သော်လည်း သူ့ကိုပြောခြင်းမဟုတ်ဘဲ ကျွင်းဟွိုင်လန်ကိုပြောလိုက်ခြင်းသာဖြစ်၏။


" ငါကဒီတိုင်းသူ့ကိုခြောက်လှန့်လိုက်ရုံလေးပါပဲ.. ဒီနေရာမှာ ဘာပြသနာမှမဖြစ်သွားစေချင်ပါဘူး…ဒီလိုပဲ သူတို့နဲ့အရမ်းရှုပ်မနေချင်တော့လို့လေ…"


ကျွင်းရှောင်ဝူမှာမူ ပါးစပ်ထဲသို့တက်လာသည့် သူ၏စကားများကို ပြန်သာမျိုချလိုက်ရသည်။


ဖြစ်နိုင်သည်မှာ အရှင့်သားက သူ၏အစ်ကိုဖြစ်သူကို ရှင်းပြနေခြင်းလား…


ကျွင်းရှောင်ဝူမှာ အလွန်အံ့ဩသွားမိသဖြင့် သူ၏အကြည့်များမှာ ရွှယ်ယန်အပေါ်သို့ ကျရောက်သွားလေသည်။


သို့သော်လည်း သူထိုအရာကို နှစ်သက်ခြင်းမရှိပေ။


ရွှယ်ယန်မှာမူ လက်တစ်ဖက်ကို သူ၏ဒူးပေါ်တွင်တင်ထားပြီး တစ်ဖက်မှ ဝိုင်ခွက်ကိုင်လျက် သာမန်ကာလျှံကာပင် အေးစက်သော အမူအယာကို ဆက်လက်ချိတ်ဆွဲထားသည်။


ကြည့်ရသည်မှာ သူအတွေးလွန်သွားသည့်ပုံပင်။


သို့သော်လည်း ကျွင်းရှောင်ဝူသတိမပြုမိသည့်အရာမှာ ရွှယ်ယန်သည် ကျွင်းဟွိုင်လန်ကို စိုးရိမ်တကြီးကြည့်နေပြီး ဒူးပေါ်တွင် သာသာယာယာတင်ထားပုံရသောလက်မှာ စိတ်လှုပ်ရှားမှုကြောင့် လက်သီးဆုပ်ထားသည်ကိုမြင်ရပေမည်။


ပို၍ရှိသည်မှာ ရွှယ်ယန်၏ပြင်းထန်သော စိတ်ခွန်အားကြောင့်သာ ယခုအချိန်ထိ တောင့်ခံထားနိုင်ခြင်းဖြစ်သည်ကိုပင်။


ရွှယ်ယန် တစ်ဦးတည်းသာသိသည့်အရာမှာ သူထရပ်လိုက်ချိန် ကျွင်းဟွိုင်လန်ကိုတွေ့သည်နှင့်တစ်ပြိုင်နက် သူ၏အာရုံငါးပါးမှာ ဆုတ်ယုတ်သွားပြီး မျက်လုံးထဲတွင် လူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။


သူ လူများ၏လက်များကိုခုတ်ထစ်ကာ သတ်ဖြတ်တော့မည့်ဆဲဆဲတွင် ကျွင်းဟွိုင်လန်မှ ထိုအရာကိုမြင်သွားခဲ့သည်။


ရွှယ်ယန် သတိပြန်ဝင်လာချိန်တွင် သူ၏တစ်ကိုယ်လုံးကို တုန်လှုပ်မှုမှလွှမ်းခြုံသွားရသည် ကျွင်းဟွိုင်လန်၏နောက်သို့လိုက်ကာ လှေကားပေါ်သို့တက်သွားချိန်၌ သူသည် ကြိုးစင်ပေါ်တက်ရတော့မည့်အပြစ်သားတစ်ဦးကဲ့သို့‌ဖြစ်နေခဲ့ရသည်။ ထို့အပြင် ကျွင်းဟွိုင်လန်မှာ စကားတစ်လုံးမျှပြောမလာသည်ဖြစ်ရာ ရွှယ်ယန်ပို၍ပင် စိုးထိတ်လာရသည်။


ကျွင်းဟွိုင်လန် သူ့အား စိတ်ပျက်သွားပြီလား..သူ့ကိုဘယ်လိုများတွေးနေမည်နည်း…


ရှောင်အာလာရောက်ကာ မီးများထွန်းညှိ၍ အစားအသောက်များ လာရောက်ချပေးသည့် အချိန်ခဏလေးမှာ ရွှယ်ယန်အတွက် တစ်နှစ်တာမျှကြာမြင့်နေခဲ့ရသည်။ သူခံစားနေရသည့် နာကျင်မှုမှာ တစ်ရှီချန်၏လေးပုံတစ်ပုံပင် ကောင်းကောင်းထိုင်နိုင်စွမ်းမရှိသည့် ကျွင်းရှောင်ဝူ၏အောက်သို့ လျော့နည်းခြင်းမရှိပေ။


အဆုံးမှာတော့ သူမနေနိုင်ဘဲ စကားထပြောရလေသည်။


သူ ကျွင်းဟွိုင်လန်ကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။ ထို့နောက် ကျွင်းဟွိုင်လန်မှာ အချိန်ခဏကြာ တုန့်ဆိုင်းနေပြီးမှ အရင်အချိန်ကနှင့် တူညီသော နူးညံ့ညင်သာသည့် အပြုံးတစ်ပွင့်ကို ထုတ်ဖော်လာခဲ့လေသည်။ 


ကျွင်းဟွိုင်လန်မှ ပြုံးလျက် " အရှင့်သား ဒါကရုံးတော်ရဲ့တရားဝင်ကိစ္စတွေပဲလေ ဘာမှမဖြစ်ပါဘူး…"


ရွှယ်ယန်မှာ ခဏကြာ တုန့်ဆိုင်းနေပြီးမှ မနေနိုင်တော့ဘဲ သူ၏စိတ်ထဲတွင်ရှိနေသည့်စကားလုံးများကို ဖွင့်ဟလာသည်


 " မင်းမှာ ဘာမှပြောစရာမရှိတော့ဘူးလား…"


ကျွင်းဟွိုင်လန်မှာမူ ထိုစကားကိုကြားချိန်တွင် အနာ်းငယ်ကြောင်အသွားရပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်ရသည် " အရှင့်သားက ကျွန်တော့်ကို ဘာပြောစေချင်နေတာလဲ…"


ငါက မင်းကိုဆူစေချင်နေတာ.. ငါပြောင်းလဲသွားတဲ့အထိ ဥပမာတွေပေးပြီး သင်ကြားစေချင်နေတာ…


ရွယ်ယန်မှာ ပြောစရာစကားများပျောက်ရှနေရသည်။


ထို့နောက်တွင်မှ သူသဘောပေါက်သွားသည့်အရာမှာ သူသည် ကျွင်းဟွိုင်လန် သူ့ကိုဆူလာမည်အားအကြောက်ရွံ့ဆုံးမဟုတ်ဘဲ သူဘာလုပ်လုပ် ကျွင်းဟွိုင်လန်ဂရုမစိုက်မည်ကိုအကြောက်ဆုံးဟူ၍ နားလည်သွားခဲ့သည်။


၎င်းမှာ ကြင်နာတတ်ပုံရသော်လည်း တကယ်တမ်းမှာတော့ လုံးလုံးဂရုမစိုက်ခြင်းသာဖြစ်သည်။


သို့သော်လည်း ကျွင်းဟွိုင်လန်၏အမှားဟုပြော၍မရချေ။ သူသည် ရွှယ်ယန်အပါအဝင် လူတိုင်းကို တစ်ပုံစံတည်းသာ ကြင်နာစွာဆက်ဆံတတ်ခြင်းဖြစ်သည်။


အမှားလုပ်သူမှာ ရွှယ်ယန်သူကိုယ်တိုင်သာဖြစ်၏။ သူသည်သာ ကျွင်းဟွိုင်လန်အပေါ်တွင် မသင့်တော်သည့်ခံစားချက်များရှိလာပြီး မသိလိုက်ချိန်၌ အလွန်တရာလောဘတက်လာမိခဲ့သည်။


အတိတ်အချိန်များတွင် သူ ကျွင်းဟွိုင်လန်အခြားသူများကို ပြုံးပြသကဲ့သို့ သူ့အပေါ်ပြုံးပြစေချင်ခဲ့သော်လည်း ယခုတွင်မူ သူအခြားသူများနှင့်အတူတူပြုံးပြသည်မျိုးမဖြစ်စေချင်တော့ပေ။


လူ‌များသည် အမြဲလို အရှေ့သို့တိုးတတ်ကြသူများသာဖြစ်၏။


" အာ ဟုတ်သား ပြောဖို့ရှိနေတာ.." 


ရုတ်တရက်ဆိုသလို ကျွင်းဟွိုင်လန်မှ အပြုံးတစ်ပွင့်ဖြင့် ပြောလာသည်ကို ကြားလိုက်ရသဖြင့် ရွှယ်ယန်၏မျက်လုံးများမှာ ချက်ခြင်းပင် သူ၏မျက်နှာပေါ်သို့ကျဆင်းသွားရသည်။


သို့သော်လည်း ကျွင်းဟွိုင်လန်မှာ ဝိုင်ခွက်ကိုကိုင်ကာ ရွှယ်ယန်၏အရှေ့သို့တိုးလာသည်ကိုသာမြင်လိုက်ရပြီး သူနှင့် ခွက်ချင်းထိလိုက်ကာ " အရင်တစ်ကြိမ်တုန်းက နန်းတော်ထဲကနေ အမြန်ထွက်သွားလိုက်ရတာနဲ့ အရှင့်သားကို ကျေးဇူးတင်ဖို့အခွင့်အရေးတောင်မရလိုက်ဘူး… ကျွန်တော့်ရဲ့အသက်ကိုကယ်ဆယ်ပေးခဲ့တဲ့အတွက် ဟွိုင်လန်က အရှင့်သားကို အလွန်ပင်ကျေးဇူးတင်မိပါတယ်…"


ကျွင်းဟွိုင်လန်၏အပြုံးမှာ အလွန်ရိုးသားပြီး မည်သည့်အပိုခံစားချက်များပင် မပါရှိဘဲ ရိုးရိုးသားသားကျေးဇူးတင်နေခြင်းမျိုးသာဖြစ်လေသည်။


ရွှယ်ယန် သူ၏ကျေးဇူးတင်ခြင်းကို မလိုချင်ပေ။


သူ၏နှလုံးသားထဲတွင် အနည်းငယ်တင်းကြပ်နေကာ ရွှယ်ယန်စကားပင်မပြောနိုင်တော့ပေ။ ကျွင်းဟွိုင်လန်၏ခွက်ကိုမတို့လိုက်သည့်အပြင် သူစကားတစ်ခွန်းမျှပင်မဆိုတော့ဘဲ ခေါင်းကိုမော့၍ ခွက်ထဲရှိ အရက်အားလုံးကိုသာ တစ်ကျိုက်တည်းမော့ချလိုက်သည်။


အရက်မှာ သူ၏လည်ချောင်းတစ်လျောက် ကြမ်းတမ်းစွာစီးဆင်းသွားပြီး ရွှယ်ယန်ပင်သတိမထားလိုက်ဘဲနှင့် သူ၏အစာအိမ်တစ်လုံးလောင်ကျွမ်းသွားရသည်။


ရွှယ်ယန်မှ ကြမ်းတမ်းစွာ မော့ချလိုက်သည်ကို မြင်လိုက်ရချိန်၌ ကျွင်းဟွိုင်လန်မှာ ထိတ်လန့်သွားရလေသည်။ ကျွင်းဟွိုင်လန် ရွှယ်ယန်၏အမူအယာကို ကြည့်လိုက်ချိန်တွင် ထိုသူမှာ အနည်းငယ်ပျော်ရွှင်နေသည့်ပုံပေါ်မနေချေ။


သူ့အား မည်သူကများနှောင့်ယှက်ခဲ့သည်နည်း။


တစ်ဖက်တွင်မူ ကျွင်းရှောင်ဝူမှာ ဟေး ခနဲ ပျော်ရွှင်စွာအော်လိုက်ပြီး ကရားကိုကိုင်၍ ရွှယ်ယန်၏ခွက်ထဲသို့ ထပ်ဖြည့်ပေးလိုက်သည်။


ထို့အပြင် မြှောက်ပင့်၍ပင် ပြောလိုက်လေသည် " အရှင့်သားက တော်တော်သောက်နိုင်တာပဲ…"


ရွှယ်ယန်မှာမူ တိတ်ဆိတ်နေမြဲသာဖြစ်သည်။


သို့သော်လည်း ကျွင်းရှောင်ဝူမှ စိတ်အားထက်သန်စွာဖြင့် မေးနေဆဲပင် " ဒီနေ့အဘယ့်ကြောင့်များ ရောက်လာရသည်နည်း…"


ရွှယ်ယန် ပေါ့ပါးစွား တစ်ချက်ညီးလိုက်ပြီးနောက် ကျွင်းဟွိုင်လန်ကိုကြည့်ကာ စကားလမ်းကြောင်းလွှဲလိုက်သည် " မင်းကဒီကိုဘာလို့ရောက်နေတာလဲ…"


ကျွင်းဟွိုင်လန်မှာ တုန့်ဆိုင်းနေပြီးမှ ပြောတော့မည်အပြုတွင် ဘေးတွင်ရှိနေသောကျွင်းရှောင်ဝူမှ အရိပ်အကဲမကြည့်ဘဲနှင့် ပြုံးလျက်ပြောချလိုက်သည် 


" ဒါက အစ်ကိုကြီးကို နှုတ်ဆက်တဲ့ပွဲလေ.. တိုက်တိုက်ဆိုင်ဆိုင် အရှင်မင်းသား၅လည်းရောက်လာခဲ့တာပဲ… အရှင့်သားလည်း အစ်ကို့ကိုပို့ဆောင်ပေးလို့ရတာပေါ့…"


လုံလုံလောက်လောက်ပင် သူ၏စကားများမှာ ရွှယ်ယန်၏အာရုံကို ဖမ်းစားသွားခဲ့သည်။


ရွှယ်ယန် ကျွင်းရှောင်ဝူကို ကြည့်ကာ တစ်လုံးခြင်းစီ မေးလိုက်လေသည် " နှုတ်ဆက်ပွဲလား…"


ကျွင်းရှောင်ဝူ ထိုသူ၏အကြည့်နှင့် ဆုံလိုက်ရချိန်တွင် နားမလည်နိုင်သည့် စူးရှနက်ရှိုင်းမှုကြောင့် သူ၏ပါးစပ်ပင် အနည်းငယ်ဆွံ့အသွားရလေသည်။


တစ်ဖက်တွင်မူ ဘေးတွင်ရှိနေသည့် ကျွင်းဟွိုင်လန်မှ ပြန်ဖြေပေးလိုက်သည်


 " ဟုတ်ပါတယ်… ကျွန်တော်အရှင့်သားကို ပြောပြဖို့ အချိန်မရှိဘူးဖြစ်နေတာ…"


ရွှယ်ယန် ကျွင်းဟွိုင်လန်ကိုကြည့်လိုက်ချိန်တွင် သူ၏ အခြားအချိန်နှင့် မတူညီသည့် ဖျော့တော့နေသော အပြုံးကိုမြင်ခဲ့ရသည်။ ထို့နောက် ကျွင်းဟွိုင်လန်မှ " ကျွန်တော်မျိုးရဲ့ဖခင်နဲ့အတူ တောင်ဘက် ကျင်းနန်ကိုရက်အနည်းငယ်လောက်သွားမလို့လေ…အရှင်မင်းသား၅ကိုသာ မပြောမိခဲ့ရရင်တော့ ကျွန်တော်တော့ အပြစ်ရှိသလို ခံစားနေရတော့မှာ…"


ရွှယ်ယန် သူ့အား တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။


ထိုသူမှာ ထွက်သွားချင်နေသည်။ အကယ်၍သာ ယနေ့တွင် သူတို့မဆုံတွေ့ခဲ့ကြပါက ထိုသူမှာ တိတ်တဆိတ်ထွက်ခွာသွားပြီး ချန်အန်းတစ်မြို့လုံးတွင် သူရှာမတွေ့နိုင်မည်ကို ရွှယ်ယန်ကြောက်မိလေသည်။


သို့သော်လည်း သူ၏အမူအယာမှာမူ တည်ငြိမ်နေဆဲပင်ဖြစ်ကာ သူ့ကိုခွဲခွာသွားတော့မည့်အပေါ် ဂရုမစိုက်သည့်ပုံပေါ်နေခဲ့သည်။


ရွှယ်ယန်၏လက်များသည်သာ သတိမထားမိဘဲ ဝိုင်ခွက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားမိလေသည်။


တစ်လကျော်အထိ ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုကို သူနေ့စဉ်ကြုံတွေ့နေရပြီး ကန္တာရထဲတွင် ရေမရှာနိုင်သကဲ့သို့ဖြစ်နေခဲ့ရသည်။


ယနေ့တွင် သူရုတ်တရက် ရေကန်ကိုရှာတွေ့သွားရသော်လည်း သူ၏စိုးရိမ်ပူပန်ရမှူမှာ လျော့ကျမသွားဘဲ ပို၍ပင် ဆိုးရွားလာရတော့သည်။


ရွှယ်ယန် ဖြည်းညင်းစွာ အကြည့်များကို ရုတ်သိမ်းသွားသည်။


သူအရင်အချိန်များတွင် လိုချင်ခဲ့သည်‌လားဟူသည်ကို မသိခဲ့သော်လည်း ယခုတွင်မူ ဝိုးတဝါးသိလာခဲ့ရပြီဖြစ်သည်။


အနည်းဆုံးတော့ ယခုအချိန်တွင် သူ ကျွင်းဟွိုင်လန်ကို သူ၏အနားတွင်ထားချင်နေသည် သို့မှသာ ထိုသူသည် မည်သည့်နေရာကိုမျှ မသွားနိုင်မည်ဖြစ်သည်။


ထို့အပြင် တစ်ဖက်သားမှ သူ့အား လူတိုင်းနှင့် တန်းတူညီစွာ နူးညံ့သိမ်မွေ့စွာဆက်ဆံတတ်သော အပြုအမူကို ပယ်ရှားစေလိုသည်။ ကျွင်းဟွိုင်လန် သူ့ကိုမုန်းတီးပြီး ပြစ်တင်ရှုတ်ချလျှင်ပင် တခြားသူများနှင့် တစ်တန်းတည်း ဆက်ဆံတာထက်တော့ ပို၍သာလွန်ပါသေးသည်။


သူသည် ကျွင်းဟွိုင်လန်၏ရှေ့တွင် သူ့ကိုစောင့်ရှောက်နိုင်မည့် တစ်ဦး‌တည်းသောသူသာဖြစ်ချင်သည်။


ထိုကဲ့သို့သော လှုပ်ရှားမှုမှာ ရွှယ်ယန်၏နှလုံးသားထဲတွင် ဘယ်ညာခုန်ပေါက်နေသည် အထူးသဖြင့် ယခုအချိန် ကျွင်းဟွိုင်လန်မှ မည်သည့်အရာမှမဖြစ်ပျက်ခဲ့သကဲ့သို့ နှုတ်ဆက်စကားပြောနေချိန်တွင်ဖြစ်သည်။ ၎င်းမှာ မီးပွားများမှ ခြောက်သွေ့သော မီးဖိုထဲသို့ ကျဆင်းသွားပြီး သူ၏ စိတ်ကို မီးလောင်တိုက်သွင်းလိုက်သကဲ့သို့သော ခံစားချက်မျိုးဖြစ်ပေမည်။


ရုတ်တရက်ဆိုသလို ရွှယ်ယန် ကျွင်းဟွိုင်လန်အား ခေါ်ထားနိုင်မည့် တတ်နိုင်သမျှနည်းလမ်းမျိုးစုံကိုလုပ်ဆောင်ချင်လာမိသည်။


ထိုအချိန်၌ သူ ကျွင်းဟွိုင်လန်၏ သန့်စင်သော မျက်လုံးများနှင့် ဆုံလိုက်ရလေသည်။


၎င်းမှာ မင်ကောင်းတစ်စက်ကဲ့သို့ နက်မှောင်နက်ရှိုင်းနေကာ အပြုံးများအပြည့်နှင့် သူကိုတိတ်ဆိတ်စွာကြည့်နေခဲ့သည်။


ရွှယ်ယန်၏နှလုံးသားထဲမှ မီးတောက်ကြီးကို သန့်ရှင်းသည့် စမ်းရေဖြင့်လောင်းချလိုက်သကဲ့သို့ ယခုပင်ဖြစ်ပေါ်နေသည့် အပူများမှာ ငြိမ်းအေးသွားရသည်။


ရွှယ်ယန်၏စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် မကောင်းသည့်အတွေးများကိုမူ မည်သူကမှမမြင်နိုင်ခဲ့ပေ။ သို့သော်လည်း ရွှယ်ယန် ဝိုင်တစ်ခွက်လောင်းထည့်ကာ တစ်ကျိုက်တည်းမော့ချလိုက်သည်ကိုမူ သူတို့မြင်လိုက်ရသည်။


" ဘယ်လောက်ကြာမှာလဲ.." ရွှယ်ယန်၏ပုံစံမှာ စစ်ပွဲတွင်ရှုံးနိမ့်လာရသဖြင့် စိတ်ဓာတ်ကျဆင်းနေမှုနှင့်အတူ အလျော့ပေးရလိုက်သည်နှင့် တူညီနေသည်။ 


ရွှယ်ယန်ထံတွင် ကျွင်းဟွိုင်လန်ကို ချူပ်နှောင်နိုင်သည့် စွမ်းအားရှိသည်ဆိုလျှင်ပင် သူသည် ကြောက်ရွံ့နေမြဲသာဖြစ်သည်။


သဘာဝကျစွာပင် ကျွင်းဟွိုင်လန်မှာမူ ရွှယ်ယန်၏စိတ်ထဲမှ စိတ်ဆင်းရဲပူပန်နေရမှုများကို မသိသည်ဖြစ်ရာ အပြုံးဖျော့ဖျော့ဖြင့် ပြန်ဖြေလိုက်သည် 


" တကယ်လို့သာ ဘာမတော်တဆမှုမှမရှိရင်တော့ နှစ်နှစ်ကနေ သုံးနှစ်အတွင်းပြန်လာနိုင်လိမ့်မယ်.."


အကယ်၍သာ မတော်တဆတစ်ခုခုရှိခဲ့ပါက…


သေချာပေါက်ပင် သူပြော၍မရချေ။


သို့သော် ရွှယ်ယန် သူ့ကို မြံမြဲစွာစိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။ သူ၏အသံမှာမပြောင်းလဲသော်ငြား နားမလည်နိုင်စွာဖြင့် ပို၍တင်းမာနေခဲ့သည်။


" အဲ့ဒီမှာ အံ့ဩစရာတွေရှိမှာမဟုတ်လောက်ပါဘူးလေ…" ရွှယ်ယန် ပြောလိုက်သည်။


ကျွင်းဟွိုင်လန် ရွှယ်ယန်ကို ကြည့်လျက် မသိလိုက်မသိဘာသာဖြင့် စိတ်သက်သာရာရသွားခဲ့သည်။


ကျွင်းဟွိုင်လန် ခဏကြာ တောင့်ခဲနေပြီးမှ ရယ်ချမိတော့သည်။


" ကောင်းပါပြီ အဲ့မှာ ဘာမတော်တဆမှရှိမှာမဟုတ်ဘူး…" သူပြုံးကာ ခေါင်းငြိမ့်လိုက်သည်။


ရွှယ်ယန်၏မျက်လုံးများမှာ အနည်းငယ်ပူနွေးသွားရပြီးနောက် အကြည့်လွှဲလိုက်ကာ ခေါင်းကိုမော့၍ ခွက်ထဲရှိ အရက်အားလုံးကိုသောက်ချလိုက်လေသည်။


ပြတင်းပေါက်အပြင်ဘက်တွင်မူ နေလုံးကြီးမှာ ပြီးပြည့်စုံစွာ ပျောက်ကွယ်သွားပြီဖြစ်ပြီး တောက်ပသည့်လမင်းကြီးက တောင်၏အပေါ်ဘက်ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေကာ အပြင်ဘက်ရှိ အဆုံးမရှိသော ကြမ်းတမ်းမှုများကို ရောင်ပြန်ဟပ်နေခဲ့သည်။


နှစ်နှစ် သို့မဟုတ် သုံးနှစ်တဲ့လား.. နှစ်လသုံးလသည်ပင် သူ ရွှယ်ယန်အဖို့ ကြာညောင်းလွန်းလှပြီပင်…


ရွှယ်ယန် လကိုသာ လှမ်းကြည့်နေလိုက်မိသည်။


Xxxxxx