Chapter 74
ထိုလူငယ်လေးမှာ ဝမ်းနည်းကြေကွဲမှုအကြောင်းကို မည်သည့်အချိန်ကမျှ မသိရှိခဲ့သော်လည်း ယနေ့တွင် သူ မတောင်းဆိုသည့် ခါးသီးမှုအနည်းငယ်ကို မြည်းစမ်းလိုက်ရလေသည်။
ရွှယ်ယန်မှာ သူ၏ဖျက်ဆီး၍မရနိုင်သော အကာအကွယ်ထဲတွင် နေသားကျနေပြီဖြစ်သည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို နွေဦးလေပြေလေးမှ သူ့ကိုရစ်ပတ်လာပြီး သူ၏အေးစက်နေသည့်အကာအရံတွင်းသို့ ပထမဦးဆုံးအကြိမ်အဖြစ် နွေးထွေးစေခဲ့သည်။
သူ၏ရေခဲနေသည့်ခန္ဓာကိုယ်အား တဖြည်းဖြည်းအရေပျော်ကျသွားစေကာ ထိုနွေးထွေးသည့်ခံစားချက်ကို စတင်၍လက်မလွှတ်နိုင်ဖြစ်လာရသည်။ သူ၏နှလုံးသားထဲတွင်ပင် ထိုလေပြေလေညင်းလေးကို သိမ်းဆည်းထားပြီး အဆုံးတိုင် သိမ်းပိုက်ထားချင်မိလေသည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို လေပြေလေးမှာ ရပ်တန့်သွားပြီးနောက် ထပ်မံ၍ ထွက်ပြေးသွားပြန်သည်။
လေပြေမှာ ညင်သာလှပြီး ၎င်းမှာ သတ္တဝါအပေါင်းကို ကယ်တင်နိုင်သော်ငြား သူ့ကိုမူ ရပ်တန့်စေမည်မဟုတ်ချေ။
ထိုလေပြေလေညင်းလေးကြောင့်ပင် ရွှယ်ယန်မှာ အခြားသူများကဲ့သို့ သာမန်လူသားတစ်ဦးဖြစ်လာခဲ့လေသည်။
သို့သော်လည်း မမျှော်လင့်ပါဘဲ ရွှယ်ယန်သူ့ကိုချစ်မိသွားခဲ့သည်။
.....
တောင်ဘက်ယန်ဇီမြစ်၏ နွေဦးနှောင်းပိုင်းအချိန်တွင် ပျော့ပြောင်းသောမြက်ပင်များယိမ်းထိုးနေကြပြီး ငှက်များပျံဝဲနေလေသည်။
ယခုအချိန်တွင် မတ်လသို့ရောက်ရှိလာပြီဖြစ်၍ ချန်အန်းမြို့၏နှင်းထုမှာ အရည်ပျော်လာပြီဖြစ်သောကြောင့် ယန်ဇီမြစ်နားတွင် စိုက်ပျိုးထားကြသော ဟင်းသီးဟင်းရွက်များသည်လည်း ကျေနပ်စဖွယ် ကြီးထွားနေကြပြီဖြစ်သည်။ အထူးသဖြင့် ကျင်းလင်ဘုရင်ခံစံအိမ်၏စိုက်ခင်းမှာ ယခုနှစ်တွင် ကောင်းမွန်စွာ ဖွံ့ဖြိုးနေပြီဖြစ်ကာ လန်းဆန်းသည့်အစိမ်းရောင်အသီးအရွက်များမှာ ပြတင်းမှပင်လှမ်းမြင်နိုင်သည်အထိ ကောင်းမွန်စွာ ပေါက်ရောက်ရှင်သန်နေကြသည်။
ယခုနှစ်၏ရာသီဥတု တစ်ခုတည်းသာလျှင် အနည်းငယ်အဆင်မပြေသောအရာဖြစ်နေသည်။
နွေဦးပိုင်းအစတွင် ကျင်းနန်၏မိုးမှာ မည်သို့မျှမတိတ်ခဲ့ချေ။ မိုးများစွာရွာသွန်းမှုကြောင့် နံရံများတွင် မြက်ပင်များစွာပေါက်ရောက်နေကြကာ လေထုမှာ စိုထိုင်းနေပြီး လူများအား သက်တောင့်သက်သာမရှိစေခဲ့ပေ။
ရက်အနည်းငယ်မျှ မိုးသည်းထန်စွာရွာသွန်းပြီးနောက် အဆုံးတွင် ကောင်းကင်မှာကြည်လင်သွားပြီဖြစ်သည်။
မနက်စောစောတွင် ကျွင်းဟွိုင်လန်နိုးလာသည်နှင့်တစ်ပြိုက်နက် ဖုရိက တံခါးနှင့် ပြတင်းပေါက်များကို ဖွင့်ပေးလိုက်လေသည်။
" ရှားရှားပါးပါးနေသာနေတာပဲ.."
ကျွင်းဟွိုင်လန်မနက်စာသုံးဆောင်နေချိန်တွင် ဖုရိမှ ပြုံးလျက်ပြောလာခဲ့သည်
" မနှစ်ကကျွန်တော်ဒီကိုရောက်လာတုန်းကဆိုရင် ကျင်းနန်ရဲ့နွေဦးမှာ မိုးအမြဲလိုရွာလေ့ရှိတယ်ဆိုတာကို မသိခဲ့ဘူး…ဒါပေမယ့်ဒီနေ့တော့ နေထွက်လာတာပဲ..ကျွန်တော်မျိုးတော့ ပိုပြီးနေလို့ကောင်းသွားပြီ…"
အခန်းတွင်းရှိ အပျိုတော်နှင့်အစေခံများအားလုံးသည်လည်း ပျော်ရွှင်နေကြသည်။ အများစုမှာ ကျွင်းဟွိုင်လန်နှင့်အတူလိုက်ပါလာသူများဖြစ်ကြရာ ချန်အန်း၏ခြောက်သွေ့သောရာသီဥတုတွင်နေထိုင်ခဲ့ကြသည့်ထိုသူတို့မှာ ကျင်းနန်၏စိုစွတ်သောလေထုတွင် မည်ကဲ့သို့ရှင်သန်နိုင်မည်နည်း…
ကျွင်းဟွိုင်လန်၏မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ချိတ်ဆွဲထားပြီး ခေါင်းငြိမ့်လိုက်သော်လည်း သူ၏အမူအယာမှာ ပျော်ရွှင်နေပုံမရချေ။
သူ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
တောင်ဘက်ယန်ဇီမြစ်ရှိအဆောက်အဦးများမှာ များသောအားဖြင့် အဖြူရောင်နံရံများနှင့် အနက်ရောင်ကြွေပြားများဖြစ်သည်။ ယခုပင်ထွန်းလင်းတောက်ပနေသည့် နေရောင်မှာ မနက်စောစောတွင် အပြင်ဘက်မှာရှိသည့် ဝါးပင်များနှင့် ကျောက်ဆောင်မဏ္ဍပ်များပေါ်တွင် တောက်ပနေကာ အဖြူရောင်နံရံများ၏ရှေ့၌ အစိမ်းရောင်အရိပ်များနှင့် အနက်ရောင် ကြွေပြားများက ယိမ်းနွဲ့နေပြီး ခြံဝင်းထဲရှိ ကွိုင်ငါးကန်မှ တောက်ပနေသည်မှာ အလွန်လှပလွန်းလှသည်။
ကျွင်းဟွိုင်လန် မတူညီသည့်သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏မျက်လုံးများကို အဝေးတစ်နေရာသို့ရွှေ့လိုက်သည်။
နွေဦးရာသီတွင် ကျင်းနန်၌ မိုးရွာလေ့မရှိသည်ကို သူသိထားသော်လည်း ယခုအချိန်တွင်မူ ထူးထူးခြားခြားမိုးရွာနေခဲ့သည်။
နွေရာသီတွင်ပင် မိုးမှာဆက်လက်၍သည်းထန်စွာရွာသွန်းနေလျက်ရှိရာ ယန်ဇီမြစ်ကိုရေကြီးစေပြီး လယ်တောအိမ်များအား ရေမျောစေသည်။ ယခင်ဘဝ၏ နွေရာသီယခုအချိန်တွင် ယန်ဇီမြစ်၏မြစ်ရေကြီးမှုမှာ မြို့တော်ကိုရှော့ရသွားစေပြီး ဧကရာဇ်မှ အလျင်အမြန်ပင် မင်းမှုထမ်းများကိုစေလွှတ်စေကာ သူ၏ဖခင်ဖြစ်သူကို ရေကြီးမှုအတွက်ထိန်းချုပ်ရန် ခိုင်းစေလိုက်သည်။
ထိုအချိန်တွင် ရေဘေးကြောင့် ကြီးမားသည့်ငွေကြေးနှင့်အစားအစာပြတ်လပ်မှုဖြစ်ပွားနေသည့်အပြင် ယန်ဇီမြစ်၏တောင်ဘက်ပိုင်းတွင်လည်း ပုလိပ်ရောဂါစတင်ဖြစ်ပွားလာသဖြင့် ဒုက္ခသည်များ၏ဆန္ဒပြမှုများကြောင့် သူ၏ဖခင်မှာ ထိုနှစ်အဆုံးတွင် ကွပ်မျက်ခံခဲ့ရသည်။
ထို့ကြောင့် ယခုနှစ်တွင် ကျွင်းဟွိုင်လန်သည် ထိုနွေရာသီအတွက် ပြင်ဆင်နေလေသည်။ သူ၏ဖခင်ဖြစ်သူ ကျင်းနန်တွင် စစ်ဆေးရေးမှုးဖြစ်လာသည့်နှင့် သူသည်လည်း မြို့တော်တွင်မဟုတ်ဘဲ ကျင်းနန်၌ရှိနေလေရာ စွပ်စွဲခံရခြင်းကိုရှောင်ရှားရန်အတွက် ယခင်ဘဝကကဲ့သို့ နန်းတော်စာမေးပွဲကိုဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိပေ။
သို့သော်လည်း ၎င်းမှာ သူ့အတွက် အကျိုးအချို့တော့ရှိနေသေးသည်။ သူသည် ယခုအချိန်၌ အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးပြီဖြစ်ပြီး တော်ဝင်စာမေးပွဲတွင် မှုးမတ်တစ်ဦးဖြစ်လာရန်အတွက် အသက်ပြည့်မှီပြီဖြစ်သည်။ ထို့အပြင် သူသည် သုံးနှစ်မျှ အားလပ်နေပေရာ အချိန်ပိုများလည်း အတော်အတန်ရှိနေခဲ့သည်။
ထို့နောက် သူမည်သည့်အရာမှ လုပ်ရန်မလိုသည့်အချိန်များတွင် အပြင်သို့သွား၍ အချို့သောလုပ်ငန်းဆောင်တာများကိုဆောင်ရွက်ရန် ဖခင်ဖြစ်သူနှင့်တိုင်ပင်ခဲ့လေသည်။ သူ၏ဖခင်မှ ခွင့်ပြုပေးပြီးနောက်တွင် သူကျင်းလင်စံအိမ်မှ သွားလိုက်ပြန်လိုက်လုပ်ကာ အချို့သော စာရေးစာချီများနှင့်တွေ့ဆုံဆက်သွယ်နိုင်ခဲ့သည်။ သူတို့အပြင်သွား၍ စုံစမ်းစစ်ဆေးကြချိန်တွင် သူသည်လည်း လိုက်ပါနိုင်မည်ဖြစ်သည်။
သူ၏ဖခင်နှင့်အတူလာကြသော မှုးမတ်များဖြစ်သည့် စာရေးစာချီများ စာရင်းစစ်များနှင့် မည်သို့သော သူများဖြစ်နေပါစေ သူတို့အတွက် သူ့ထံတွင် အကြမ်းဖျင်းအကြံတစ်ခုရှိလေသည်။
ယခင်ဘဝတွင် ဖခင်ဖြစ်သူကို ချောက်ချသတ်ဖြတ်ခဲ့သူများမှာ ထိုလူအုပ်စုထဲမှဖြစ်နေမည်ကို ကျွင်းဟွိုင်လန်သိနေခဲ့သည်။
ရုံးဖွင့်ရက်များတွင် ရုံးကိစ္စများမှာ အလွန်ပင်ရှုပ်ထွေးပွေလီလှပြီး သေချာပေါက်ပင် သူ၏ဖခင်ဖြစ်သူတစ်ဦးတည်းဖြေရှင်းနိုင်မည်မဟုတ်ပေ။ သူ၏အနားတွင်ရှိနေသည့် အမှုထမ်းများသည်သာလျှင် သူ့အား မည့်သည့်ခြေရာမျှမကျန်ရစ်ဘဲ တိတ်တဆိတ် မင်ရေထဲသို့တွန်းချနိုင်မည်ဖြစ်သည်။
ထို့အပြင် ထိုသူသည် မည့်သည်ကိုမျှ စိုးရိမ်ခဲ့ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ပေရာ ကျိန်းသေပေါက် သူ၏နောက်ခံမှာ ပေကျင်းမှ အမတ်များဖြစ်ရပေမည်။
သူလုပ်ရန်မှာ သူ၏ဖခင်ဘေးမှာ ထိုကိစ္စကိုကြံစည်ခဲ့သူကိုသာ ရှာရန်ဖြစ်ပြီး သူ့ကိုစောင့်ကြည့်ကာ နောက်ကွယ်မှသူကိုရှာဖွေရပေမည်။
ကျွင်းဟွိုင်လန်၏မျက်လုံးများဗလာဖြစ်နေပြီး သူ၏အတွေးများပျံ့လွင်နေလေသည်။ အချိန်အတန်ကြာသည်အထိ သူ၏တူမှမလှုပ်ရှားလာသောကြောင့် ဖုရိမှ " ဘယ်တွေကြည့်နေတာပါလဲ သခင်လေး…"
ကျွင်းဟွိုင်လန် သူ၏အကြည့်များကို တိတ်တဆိတ်ရုတ်သိမ်းလိုက်ရသည်။
" အာ ငါတံစက်မြိတ်မှာ နားနေတဲ့ပျံလွှားတစ်ကောင်ကိုမြင်မိလို့လေ…" ကျွင်းဟွိုင်လန်ဖျော့တော့စွာပြုံးကာ တူများကို ပြန်လည်ကောက်ယူလိုက်ပြီး " သူသာအဲ့မှာအသိုက်လုပ်ချင်တယ်ဆိုရင် သူ့ကိုမတားနဲနော်… ဒီနှစ်မိုးကလည်းသည်းတော့ အဲ့ဒီနေရာမှာပဲ အသိုက်လုပ်နေပါစေ…"
ဖုရိပြုံးလျက် ခေါင်းငြိမ့်လိုက်ကာ " သခင်လေးကတော့ အမြဲလိုကြင်နာတတ်တာပဲ…"
ထို့နောက် အပြင်ဘက်မှ အစေခံငယ်လေး အပြေးရောက်လာခဲ့သည်။
ထိုကောင်လေးမှ " သခင်လေး သခင်ရှန်းက ဒီနေ့အချိန်ရှိမလားဆိုပြီး စာတစ်စောင်ပို့ပြီးမေးခိုင်းလိုက်ပါတယ်…"
ကျွင်းဟွိုင်လန် ခေါင်းကိုမော့လိုက်ပြီး " လျိုဖုန်းလား..သူကဒီနေ့ဘာလို့အစောကြီးရောက်လာတာလဲ ဒီနေ့အနားရလို့လား…"
အစေခံငယ်လေးမှ အလျင်အမြန်ပြန်ဖြေလိုက်သည် " သခင်ရှန်းပြောတာတော့ ဒီနေ့ကျောင်းတော်ကနားရက်တဲ့..သူအစောကြီးထမိပြီး ပြန်လည်းအိပ်မရမဲ့အတူတူ ရာသီဥတုလည်းကောင်းတာနဲ့ သခင်လေးနဲ့အတူတူ လမ်းလျှောက်ပြီး အတူသောက်ကြဖို့လာခဲ့တာလို့ပြောတယ်…"
ကျွင်းဟွိုင်လန် မနေနိုင်ဘဲ ရယ်မိသွားလေသည် " မင်းဒီလောက်တက်ကြွနေတာ မထူးဆန်းတော့ပါဘူး မင်းကဝိုင်အတွက်ဆန္ဒပြင်းပြနေတာပဲလေ…"
စကားပြောပြီးနောက် သူထရပ်လိုက်ကာ " လျိုဖုန်းကို ခန်းမရှေ့မှာ ခဏစောင့်ခိုင်းထားလိုက်ချည် ငါအဝတ်လဲပြီးလာခဲ့လိုက်မယ်…"
အစေခံလေးမှ အမိန့်ကိုနာခံကာ ပြန်လည်ထွက်ခွာသွားလေသည်။
ဖုရိမှ ကျွင်းဟွိုင်လန်၏ရှေ့သို့တိုးလာခဲ့ပြီး ဆေးကြောသန့်စင်ကာ အဝတ်လဲလှယ်ရန်အတွက် ကူညီပေးလိုက်သည်။
ထိုရှန်းလျိုဖုန်းမှာ ကျင်းလင်ရိုင်တရားသူကြီး၏တစ်ဦးတည်းသောသားဖြစ်သော်လည်း သားအရင်းတော့မဟုတ်ချေ။
သူ၏ဇနီးသည်မှာ အရွယ်ကောင်းစဉ်ပင်ကွယ်လွန်သွားပြီး ထို့နောက်တွင် ခရိုင်တရားသူကြီးမှ ထပ်မံလက်ထပ်ခြင်းမပြုခဲ့ပေ။ ရှန်းလျိုဖုန်းမှာမူ လွန်လေပြီးသောအစ်ကိုကြီး၏သားဖြစ်လေရာ တူကိုသူ၏နာမည်အောက်သို့သွပ်သွင်း၍ သားအရင်းနှယ်ပြုစုပျိုးထောင်ပေးခဲ့သည်။ သူသည်ယခုအချိန်တွင် အသက်နှစ်ဆယ်ပြည့်ပြီဖြစ်ပြီး ကျင်းလင်ရှိ လင်းကျန်းကျောင်းတော်တွင် ပညာသင်ကြားနေသည်။
ယမန်နှစ် ကျွင်းဟွိုင်လန် ရှန်းလျိုဖုန်းနှင့်ဆုံချိန်၌ သူ့ထံတွင် တစ်ကိုယ်ကောင်းဆန်သော အကြံရှိခဲ့လေသည်။ ထိုအချိန်တုန်းက သူတို့ကျင်းလင်သို့ ပထမဦးအကြိမ်ရောက်ခြင်းဖြစ်ရာ အမှုထမ်းများကို ဦးစွာစုံစမ်းစစ်ဆေးရန်မဖြစ်နိုင်သဖြင့် ကျွင်းဟွိုင်လန် ပညာတတ်မိသားစုကြီးများ၏သားဖြစ်သူများကို အရင်ပစ်မှတ်ထားခဲ့လေသည်။
သို့သော် မထင်ထားခဲ့သည့်အရာမှာ သူတို့နှစ်ဦး မမျှော်လင့်ဘဲ တွေ့ဆုံမိကာ အချိန်အနည်းငယ်အတွင်း သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။
ကျွင်းဟွိုင်လန်ပြင်ဆင်ပြီးနောက် ဘုရင်ခံစံအိမ်၏အရှေ့ခန်းသို့လျောက်သွားစဉ်တွင် လူများ အကွာအဝေးတစ်ခုထား၍ထိုင်နေကြသည်ကိုမြင်လိုက်ရသည်။
လူငယ်မှာ အရပ်ရှည်ကာပိန်သွယ်ပြီး ဖြောင့်တန်းနေသော သစ်ပင်တစ်ပင်ကဲ့သို့ရှိနေကာ ခန်းမထဲရှိထိုင်ခုံတွင်ထိုင်၍ နံရံပေါ်တွင်ချိတ်ဆွဲထားသည့် လက်ရေးလှများနှင့်ပန်းချီကားများကို ပျင်းတိပျင်းရွဲ့ကြည့်နေသည်။ ကျွင်းဟွိုင်လန်ကို မြင်လိုက်ချိန်တွင် ထရပ်လိုက်ပြီး ယပ်တောင်ကိုဖွင့်ကာ ဖြည်းညှင်းစွာခပ်လိုက်လေသည်။
မြေခွေးကဲ့သို့မျက်လုံးများမှာ ချွန်ထက်သည့်မျက်နှာပေါ်တွင်ရှိနေပြီး အပျော်ရှာတတ်သူတစ်ဦးနှယ်ချောမောနေခဲ့သည်။
ကျွင်းဟွိုင်လန် သူနှင့်ပထမဆုံးအကြိမ်အဖြစ်ဆုံချိန်တွင် ထိုလူငယ်မှာ ရွှေချည်ထိုးပိုးထည်ကိုဝတ်ဆင်ထားပြီး ခါးတွင်အဖိုးတန်ကျောက်စိမ်းဆွဲပြားကို ချိတ်ဆွဲထားကာ သူ၏လက်ထဲမှယပ်တောင်သည်ပင် လွန်ခဲ့သောနှစ်ရာပေါင်းများစွာမှ နာမည်ကြီးရှေးဟောင်းပစ္စည်းဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ့အား အပျော်ရှာတတ်သည့်သူဌေးသားဟူ၍ထင်မိခဲ့သည်။
ထို့နောက်တွင်မှသာ ထိုသူ၏လွန်လေပြီးသည့်ဖခင်မှာ ကျင်းနန်ရှိကျော်ကြားသောကုန်သည်ကြီးတစ်ဦးဖြစ်ပြီး သူ၏မိသားစုမှာလည်းအလွန်ချမ်းသာကြောင်းကိုသိလိုက်ရလေသည်။ သူကွယ်လွန်ပြီးနောက်တွင် ပိုင်ဆိုင်မှုအားလုံးမှာ ရှန်းလျိုဖုန်းဆီသို့ရောက်ရှိလာသည့်အပြင် ရှန်းခရိုင်တရားသူကြီးမှာလည်း သူ့အားအလွန်ချစ်ခင်သည်ဖြစ်ရာ အစားအသောက်နှင့်အဝတ်အစားတို့တွင် ပြတ်လပ်မှုမရှိခဲ့ပေ။ သူသည် ပွေလီတတ်မည့်ပေါ်နေသော်လည်း အမှန်တကယ်မှာမူ ထိုသူမှာ ရိုးရှင်းကာ ပွင့်လင်းသောသူတစ်ဦးဖြစ်လေသည်။
" ဟွိုင်လန် မင်းအိပ်ရာထနောက်ကျနေပြီ…"
သူ၏ယပ်တောင်ကိုတဖျပ်ဖျပ်ခပ်လျက် ထရပ်လိုက်ကာ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်
" ရာသီဥတုကဒီလောက်သာယာနေတာ မင်းမြန်မြန်အပြင်မသွားဘူးဆိုရင် မိုးရွာလာလိမ့်မယ်နော်…"
ကျွင်းဟွိုင်လန်လည်း ပြုံးလျက်ပြန်ဖြေလိုက်သည် " ဒီလောက်နေပူနေတာ စိတ်မပူစမ်းပါနဲ့…"
ထိုသို့ပြောရင်းမှ လက်ကိုဆန့်၍ ရှန်းလျိုဖုန်းနှင့်အတူ အပြင်သွားရန်ဟန်ပြင်လိုက်သည်။
အရှေ့ဘက်ခန်းမသို့လျှောက်သွားချိန်တွင် ရှန်းလျိုဖုန်းမှာ နံရံပေါ်ရှိပန်းချီကားကို သူ၏ယပ်တောင်ဖြင့် ညွှန်ပြရန်မမေ့ခဲ့ပေ
" ငါအခုပဲ အဲ့ပန်းချီကားကိုကြည့်နေတာ အဲ့ဟာက ဘုရင်ခံစံအိမ်ရဲ့မျက်နှာစာမှာချိတ်ဆွဲဖို့အတွက် မသင့်တော်လှဘူး..ငါ့မှာလည်း ပန်းချီကားအချို့ရှိနေတာ တန်ယင်းရဲ့မူရင်းပန်းချီကားနဲ့ဆို သင့်တော်လောက်မယ်ထင်တယ်.. ငါနောက်နေ့ကျပို့ပေးလိုက်မယ်…"
ကျွင်းဟွိုင်လန် ပြုံးလျက် သူ့ကို အလျင်အမြန်တားလိုက်ရသည်
" မလုပ်စမ်းပါနဲ့.. ငါ့အဖေသာ မင်းဆီက အဲ့လောက်အဖိုးတန်ပစ္စည်းကိုလက်ခံရတယ်မှန်းသိသွားရင် သူအဲ့ဒါနဲ့တန်းတူပစ္စည်းကို တရားသူကြီးမင်းဆီ ပြန်ပေးဖို့ ဘယ်လိုလုပ်တတ်နိုင်တော့မှာလဲ…"
ရှန်းလျိုဖုန်း မယုံနိုင်စွာဖြင့် ညည်းညူလိုက်သည်
" အဲ့ဒါလေးက ဘယ်လောက်ရှိမှာမလို့လဲကွာ.. မင်းပြန်ပေးဖို့လိုသေးလို့လား…"
ကျွင်းဟွိုင်လန် ကူကယ်ရာမဲ့စွာဖြင့်သာ ပြုံးလိုက်ရသည်။
သူချန်အန်းတွင်ရှိစဉ်က ကျင်းနန်ရှိအမှုထမ်းများမှာ အဖြူရောင်ကျောက်စိမ်းနှင့်ရွေမြင်းများကဲ့သို့ ချမ်းသာကြွယ်ဝကြသည်ဟုကြားဖူးခဲ့ရာ ၎င်းမှာအမှန်ပင်ဖြစ်သည့်ပုံပင်။
" ငါက ပန်းချီတို့ လက်ရေးလှတို့အကြောင်းမသိဘူးဆိုတော့ ငါ့ကိုပေးရင်လည်း နှမြောစရာကြီးဖြစ်နေတော့မှာပဲ…"
ကျွင်းဟွိုင်လန် ယောင်ဝါးဝါးဖြစ်နေပြီး ရှန်းလျိုဖုန်းနှင့်သာ လှည်းပေါ်သို့အတူလိုက်တက်လိုက်သည်။
သူတို့လှည်းပေါ်ရောက်သည်နှင့် ရှန်းလျိုဖုန်းမှ မကျေမနပ်ဖြင့် ပြောဆိုနေလေသည်
" ဒီနှစ်ရာသီဥတုကြီးကလည်း ဘယ်လိုကြီးလဲကွာ…နွေဦးစတော့မှာကိုတောင် မိုးရာသီကြီးအတိုင်းဖြစ်နေတာ.. ငါ့အရိုးတွေတောင်မှိုတက်နေပြီ ဒါပေမယ့်လည်း ကျောင်းကိုနေ့တိုင်းသွားနေရတုန်းပဲ…"
ထိုစကားကိုကြားသည့်အချိန်မှသာ ကျွင်းဟွိုင်လန်တစ်စုံတစ်ခုကိုသတိရသွားခဲ့သည်။
ရှန်းလျိုဖုန်းတက်ရောက်နေသည်မှာ လင်းကျန်းကျောင်းတော်ပင်ဖြစ်သည်။
သူ၏ယခင်ဘဝတွင် ဖခင်ဖြစ်သူ၏မတရားခံရမှုမှ အမှန်တရားရှာဖွေရန်အတွက် ရုံးတော်သို့ဝင်ရောက်ပြီးနောက် တောင်ဘက်ယန်ဇီမြစ်နှင့်ပတ်သက်သည့်အချက်အလက်မှန်သမျှအရာအားလုံးကိုရှာဖွေကာ စေ့စေ့စပ်စပ်ဖြင့် လေ့လာခဲ့လေသည်။
Xxxxxxx