Chapter 75
ရေကြီးမှုမှာ မေလနှောင်းပိုင်း ဂျွန်လအစတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့ပေါင်းများစွာရွာသွန်းခဲ့သည့်မိုးရေများကြောင့် ဆည်မှာကျိုးပေါက်သွားရကာ ကျင်းလင်မြို့ဆီသို့စီးဝင်သွားရခြင်းဖြစ်သည်။ ဆည်ကျိုးပေါက်သွားသည့်အရပ်မှာမူ လင်းကျန်းကျောင်းတော်၏အနားတွင်ဖြစ်သည်။
လင်းကျန်းကျောင်းတော်မှာမူ ကျန်းနန်ဒေသ၏ အလွန်ကျော်ကြားသော ကျောင်းတော်တစ်ခုဖြစ်ပြီး စတင်တည်ထောင်ချိန်မှစ၍ နှစ်ငါးရာကျော်သမိုင်းရှိလေသည်။ ပေကျင်းရှိ အမှုထမ်းအများစုမှာလည်း ထိုလင်းကျန်းကျောင်းတော်မှပင်ဖြစ်ကြကာ လက်ရှိဘုရင်ကျန်းထိုင်ဖူသည်ပင် ယခင်အချိန်က လင်းကျန်းကျောင်းတော်၏ကျောင်းသားဟောင်းဖြစ်ခဲ့လေသည်။
ထိုအချိန်တွင် ဆောင်းဦးရာသီမှာ နှစ်လမျှသာလိုတော့သည်ဖြစ်ရာ လင်းကျန်းကျောင်းတော်တွင် လာရောက်ပညာသင်ကြားကာ စာမေးပွဲဖြေဆိုကြသည့်ကျောင်းသားများ အလွန်များပြားနေခဲ့သည်။ ဆည်ကျိုးပေါက်မှုမှာ ရုတ်တရက်ကြမ်းတမ်းစွာဖြစ်ပွားခဲ့သောကြောင့် ကျောင်းတော်သားအမြောက်အများရေနစ်သေဆုံးခဲ့ကြရသည်။
ဤသို့တွေးနေရင်းမှ ကျွင်းဟွိုင်လန်မေးလိုက်မိသည်
" မင်းရဲ့ကျောင်းတော်က မြစ်နားလေးမှာပဲရှိတာလေ တကယ်လို့သာမိုးများလာရင် ဆည်မကျိုးကျနိုင်ဘူးလား…"
ရှန်းလျိုဖုန်း ထိုစကားကိုကြားလိုက်ချိန်၌ မဖြစ်နိုင်သည့်အမူအယာဖြင့် " ဆည်ကဒီလောက်မြင့်တာ မိုးနည်းနည်းလေးနဲ့ဘယ်လိုလုပ်ကျိုးမှာလဲဟ…"
ရှန်းလျိုဖုန်းမှာ အမြဲလိုပင် အလွန်တရာစကားများသူဖြစ်သောကြောင့် ကျွင်းဟွိုင်လန်၏စကားကိုကြားသည်နှင့် စတင်၍ပေါက်ပေါက်ဖောက်လာခဲ့သည်
" ဆည်ကို ငါ့ဦးရီးကဆောက်ခဲ့တာလေ..အဲ့ဒါကမြင့်မားပြီး အထူကြီးပဲ.. တစ်ခါက ကျန်းနန်မှာ မိုးအကြီးအကျယ်ရွာပြီး မြို့ထဲကလမ်းတွေလျှောက်လို့မရတဲ့အထိဖြစ်နေတာတောင်မှ ဆည်ကကြံ့ကြံ့ခံနိုင်နေတုန်းပဲ…"
ထိုစကားများကို ကြားရချိန်၌ ကျွင်းဟွိုင်လန်မှာ ထပ်မံ၍ကြောင်အသွားရပြန်သည်။
ထိုသို့ဆိုလျှင် ယခင်ဘဝတွင် ဆည်မှာ နွေရာသီကြီး၌ အဘယ့်ကြောင့် ကျိုးပေါက်ခဲ့ရသည်နည်း…
သူ၏အတွေးများနစ်မြုပ်သွားရသည်။
ယခုအချိန်တွင် ဖခင်၏အနီးအနားရှိ အပေါင်းအဖော်များနှင့်အမှုထမ်းများကို ရှာဖွေတွေ့ရှိပြီးလုပြီးဖြစ်နေသော်လည်း ဆောင်းဦးရာသီမှာရောက်ရှိလာတော့မည်ဖြစ်ရာ သူ့ထံတွင် ပြေးလွားစုံစမ်းရန်အချိန်မကျန်တော့ဘဲ စာမေးပွဲအတွက်စတင်ပြင်ဆင်ရတော့မည်ဖြစ်သည်။
ထို့အတွက်ကြောင့် သူအချိန်အချို့ဖယ်ကာ လင်းကျန်းကျောင်းတော်သို့သွားရောက်ကြည့်ရှုရပေဦးမည်ပင်။
သူ၏ယခင်ဘဝရှိအိမ်စာများမှာ ကျေလုကျေခင်ဖြစ်ကာ ကျွင်းဟွိုင်လန်မှာ မြစ်ကြောင်းနှင့်ဆည်တမံပြုပြင်မှုတွင် ကျွမ်းကျင်နေပြီဖြစ်သည်။ အကယ်၍သာ သူ၏ဖခင်ကိုကြိုတင်အကြောင်းကြား၍ ကယ်ထုတ်နိုင်ပါက ရေဘေးဒုက္ခမှာ အတန်ငယ်သက်သာသွားနိုင်ပေမည်။
ထို့ပြင် မိုးများစွာရွာသွန်းမှုကြောင့် မြို့တော်ထဲတွင်ရေကြီးမှုနှင့်ဆည်ကျိုးပေါက်ချိန်တွင် လူအများအပြားသေဆုံးနိုင်သည်ဖြစ်ရာ ပုလိပ်ရောဂါဖြစ်ပွားနိုင်ချေမှာလည်း မြင့်မားလှသည်။
ကျွင်းဟွိုင်လန် အချိန်အတော်ကြာသည်အထိ အတွေးနစ်နေခြင်းကြောင့် ရှန်းလျိုဖုန်းပြောသည်ကိုမကြားမိလိုက်ချေ။
ရှန်းလျိုဖုန်းမှ ဒုတိယအကြိမ်ထပ်မခေါ်လာခင်အထိ သူသည်သတိမဝင်နိုင်သေးဘဲ ထို့နောက်တွင်မှသာ " ဘာပြောလိုက်တာလဲ…" ဟူ၍ ပြောလိုက်လေသည်။
ရှန်းလျိုဖုန်း ထပ်မံပြောကြားလိုက်သည်။
" ငါပြောတာက လွန်ခဲ့တဲ့ရက်အချို့တုန်းက ဦးရီးပြောတာကြားခဲ့တာ ဒီနှစ်ရဲ့ဆောင်းဦးရာသီကို မြို့တော်က ပေကျင်းရဲ့အမှုထမ်းအချို့ကို ဒီကိုပို့မလို့တဲ့…စုံစမ်းစစ်ဆေးဖို့လို့တော့ပြောတာပဲ ဘယ်သူ့ကိုလွှတ်မလဲတော့ ငါလဲမသိသေးဘူး…"
ကျွင်းဟွိုင်လန်သည်လည်း ကြောင်အသွားရကာ ရှန်းလျိုဖုန်းအား အံ့အားသင့်နေမှုအချို့ဖြင့် လှမ်းကြည့်လိုက်လေသည်။
ပေကျင်းမှ အမှုထမ်းအချို့က လာရောက်စစ်ဆေးမည်လော…
ယခင်ဘဝတွင် ကျန်းနန်သို့ စစ်ဆေးရန်အတွက်အမှုထမ်းများပို့ဆောင်သည်ကို သူမကြားဖူးခဲ့ပေ။ အချက်အလက်များကို ပြန်လည်ဖတ်ရှုချိန်၌ သူ၏ဖခင်ဖြစ်သူသည်သာ ကျန်းနန်ခရိုင်ရေလွှမ်းမိုးမှုအတွက် တစ်ဦးတည်းသော တာဝန်ခံဖြစ်ပြီး သူ့ထက်ပို၍ အဆင့်မြင့်မားပြီး လုပ်ပိုင်ခွင့်ရှိသည့် အရာရှိဟူ၍မရှိခဲ့ချေ။
ယခုဘဝတွင်မူ မည့်ကဲ့သို့ ဖြစ်ပျက်လာရသည်နည်း။
ကျွင်းဟွိုင်လန် အချိန်ခဏအထိ အနည်းငယ်တုန်လှုပ်နေခဲ့သည်။ အကယ်၍သာ လာရောက်စစ်ဆေးမည့်သူမှာ ဖခင်ဖြစ်သူကို အမှုဆင်မည့်သူဖြစ်နေပါက ယခုနှစ်နွေရာသီအရေးမှာ ပို၍ဆိုးရွားလာတော့မည်ပင်။
.......
ရှန်းလျိုဖုန်းတွင် ပုံမှန်နေ့ရက်များအတွက် ဝိုင်တစ်ခွက်တစ်လေသောက်ခြင်းမှလွဲ၍ အခြားဝါသနာဟူ၍မရှိပေ။
ကျွင်းဟွိုင်လန်၏သောက်နိုင်စွမ်းမှာ အတော်အတန်ကောင်းမွန်လှသည့်အတွက် သူရှန်းလျိုဖုန်းနှင့်အဖော်ပြုကာ အတူသောက်ပေးနိုင်လေသည်။ ထိုအချက်ကိုရှာဖွေတွေ့ရှိသွားချိန်၌ ရှန်းလျိုဖုန်းမှာ သူ့အားပို၍ပင်ကပ်လာပြီး သူအနားရချိန်နှင့် ကျွင်းဟွိုင်လန်တွင်လုပ်ဆောင်ရန်ကိစ္စများမရှိသည့်အချိန်မျိုးတွင် သူနှင့်အတူ အရက်သောက်ရန်အတွက် ခေါ်လာတော့သည်။
အချိန်များစွာကြာပြီးနောက် ကျွင်းဟွိုင်လန်သည်လည်း ၎င်းကိုနေသားကျသွားခဲ့သည်။
လှည်းမှာ မောင်းနှင်နေပြီး ရှန်းလျိုဖုန်းညွှန်သည့်ဆိုင်သို့ရောက်ရန် အချိန်အများကြီးမယူလိုက်ရချေ။ သူတို့ရောက်ရှိသည့်အချိန်၌ နေ့လယ်အချိန်ဖြစ်နေပြီဖြစ်ရာ စားသောက်ဆိုင်မှာ ပျားပန်းခပ်မတတ် အသက်ဝင်လှုပ်ရှားနေကာ အပြင်တွင်ရပ်နေရုံနှင့်ပင် အတွင်းမှ ဖျင်ထန်သီချင်းဆိုသံကိုကြားနေရသည်။
ကြည်လင်ပြတ်သားသော ဝူဘာသာစကားအား ပုတီးကုံးများနှယ် ကျဆင်းနေသည့် ပီပါသံဖြင့်ပေါင်းစပ်လိုက်ချိန်တွင် သီချင်းသံမှာ စားသောက်ဆိုင်၏သစ်သားပြတင်းပေါက်များကိုကျော်လွန်၍ လမ်းမထက်သို့ပင် ပျံ့လွင့်နေခဲ့သည်။
" နားထောင်ကြည့်စမ်း ကြည့်ရတာ စုရှောင်ချမ့်ရဲ့အသံဖြစ်မယ်ထင်တယ်…"
ကျွင်းဟွိုင်လန်နှင့်အတူ လှည်းပေါ်မှဆင်းနေစဉ် ရှန်းလျိုဖုန်းမှပြောလိုက်လေသည်
" သူကဖျင်ထန်သီချင်းဆိုရင် အရမ်းကောင်းတာ..ငါတို့နားတွေတော့ ဒီနေ့ချီးမြှောက်ခံရတာပဲဟေ့…"
ကျွင်းဟွိုင်လန် အံ့ဩသွားပြီး " ကျင်းလင်ကလူတိုင်းနီးပါး ဖျင်ထန်ဆိုလေ့ရှိပေမယ့် ဒီလိုကြည်လင်တဲ့အသံကတော့ နည်းနည်းပဲရှိတာပဲ…"
သူတို့နှစ်ဦး စားသောက်ဆိုင်တွင်းသို့ဝင်လာချိန်တွင် ရှန်းလျိုဖုန်းမှာ ယပ်တောင်ကိုခပ်လျက် ကျွင်းဟွိုင်လန်နှင့် စကားစမြည်ပြောဆိုနေသည် " အဲ့ဒီကလေးမလေးက အသက်ဆယ့်လေး ဆယ့်ငါးလောက်ထဲက ဒီကိုဖျင်ထန်ဆိုဖို့ရောက်လာတာတဲ့..အဲ့အချိန်တုန်းက သူ့အဖွားကနေမကောင်းဖြစ်နေတာနဲ့ ဆေးကုဖို့ငွေလိုတဲ့အတွက်ရောက်လာခဲ့တာလေ..လွန်ခဲ့တဲ့နှစ်နှစ်အတွင်းတော့ အခြေအနေပိုကောင်းလာတဲ့ပုံပါပဲ.. သူလည်းသိပ်မလာတော့ဘူး.. ငါကဒီဆိုင်ကိုအမြဲလာနေကျဆိုတော့ ကောင်မလေးရဲ့နားက အခြားသူတွေသီချင်းဆိုတာနဲ့သိပ်အသားမကျသေးတဲ့အတွက် နည်းနည်းပါးပါးသင်ပြပေးဖူးတယ်…"
ကျွင်းဟွိုင်လန်မှာမူ ဖျင်ထန်ကိုမကြားဖူးခဲ့ပေ။ သူသိထားသည့်အချက်မှာ ပုံပြင်ပြောဆိုခြင်းသည် တောင်ဘက်ပိုင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်စံအိမ်များ၌ ရေပန်းမစားသေးသည်ကိုပင်။ သူတို့၏စာအုပ်အားလုံးမှာ သီဆိုကခုန်ခြင်းအကြောင်းများသာဖြစ်ကြလေသည်။
သူတို့နှစ်ဦးမှာ ပုံမှန်လာနေကြဖောက်သည်များဖြစ်ကြသည်နှင့် ဆိုင်တွင်းသို့ရောက်ချိန်တွင် ရှောင်အာမှ ဒုတိယထပ် လေသာဆောင်ရှိ မြင်ကွင်းကောင်းသည့်နေရာတစ်ခုသို့တန်းသွားလိုက်လေသည်။
ကျွင်းဟွိုင်လန်ထိုင်ချပြီးသည့်နှင့် လှမ်းကြည့်လိုက်ချိန်တွင် အသက်ဆယ့်ခုနစ် ဆယ့်ရှစ်ခန့်ရှိမည့် ဆံပင်အရှည်ကိုဆံထုံးထုံးထားသည့် မိန်းကလေးတစ်ဦးမှာ တရုတ်ဆီးသီးရောင် နွေဦးဝတ်စုံကိုဝတ်ဆင်ထားပြီး ပီပါကိုကိုင်လျက် စင်ပေါ်တွင်ထိုင်နေသည်ကိုမြင်လိုက်ရသည်။
သူမမှာ လှပပြီး ကျန်းနန်၏မိန်းမပျိုလေးများကဲ့သို့ ဆန်းကြယ်သည့်ရောင်ဝါဖြင့် ကျက်သရေရှိနေခဲ့သည်။ သူမ၏လက်တွင်ကိုင်ထားသည့်ပီပါသည်လည်း ကောင်းမွန်လှကာ ကျွင်းဟွိုင်လန်စာသားကိုနားမလည်သည့်တိုင် သူမသီဆိုနေသည်ကို နားထောင်နေနိုင်ဆဲပင်ဖြစ်၏။
ဟင်းပွဲနှင့်သေရည်တို့မှာပြီးသည့်နောက်တွင် ရှန်းလျိုဖုန်းမှ ရှောင်အာကို ညွှန်ကြားရန်မမေ့ခဲ့ပါချေ
" ဒီနေ့လည်းအရင်လိုပဲ မိန်းကလေးရှောင်ချမ့်ကို ငွေသုံးတွဲပိုချီးမြင့်ပြီး ငါ့စာရင်းထဲထည့်လိုက်…"
ကျွင်းဟွိုင်လန် ထိုစကားကိုကြားလိုက်ချိန်တွင် အံ့ဩသွားရကာ " ငွေသုံးတွဲတောင်လား ဒါကရှန်းသခင်လေးရဲ့ပုံစံမျိုးမဟုတ်သလိုပဲ…"
ရှန်းလျိုဖုန်း သက်ပြင်းချလိုက်ပြီး " သေချာပေါက်ငါ့ပုံစံဘယ်ဟုတ်မလဲ ဒါပေမယ့် သူဆိုတာနားထောင်ရဖို့ကရှားပါးတယ်လေ..ငါ့အိတ်ထဲပါသမျှပိုက်ဆံအကုန်ပေးဖို့ကို တကယ်မစောင့်နိုင်တော့ဘူး…"
ထိုသို့ပြောရင်းမှ ရှန်းလျိုဖုန်း လက်ဖက်ရည်တစ်ခွက်လောင်းထည့်ပေးလိုက်ကာ " ဒါပေမယ့် အဲ့မိန်းကလေးကလက်မခံဘူးလေ.. သူ့မှာ စည်းမျဉ်းတွေရှိတယ်ဟ.. တကယ်လို့ဆုချတာက သုံးတွဲထက်ပိုတာနဲ့ပြန်ပေးပစ်တော့တာပဲ…"
ကျွင်းဟွိုင်လန်မှာ ရှုပ်ထွေးသွားပြီး " ဘယ်လိုစည်းမျဉ်းကြီးလဲ.. သူ့မိသားစုကဆင်းရဲတယ်မဟုတ်ဘူးလား.. ဘယ်လိုဖြစ်ပြီး ဆုလက်မခံတာမျိုးရှိနေရတာလဲ…"
ရှန်းလျိုဖုန်းမှ " သူသာယောင်္ကျားလေးဆိုရင် ငြင်းဖို့မလိုတော့ဘူး.."
ကျွင်းဟွိုင်လန် သဘောပေါက်သွားလေပြီ။
ထိုမိန်းကလေးတွင် ရင်သပ်ရှုမောဖွယ်ကောင်းသော ရုပ်ရည်ရှိနေပြီး သူမလုပ်ဆောင်ရသည့်အရာမှာ တီးခတ်သီဆိုရခြင်းဖြစ်လေရာ နေ့စဉ်နေ့တိုင်းစားသောက်ဆိုင်တွင် အချိန်ဖြုန်းရလေ့ရှိသဖြင့် သဘာဝကျစွာပင် တပ်မက်လိုစိတ်ရှိသည့်လူများကိုဆွဲဆောင်မိခြင်းဖြစ်ပေမည်။ အကယ်၍သာ သူမ မငြင်းပယ်ဘဲ ရွှေငွေလက်ဝတ်ရတနာများကို လက်ခံလိုက်မည်ဆိုပါက ငွေနှင့်တန်ဖိုးဖြတ်ခံရတော့မည်ဖြစ်ကာ အခြားသူများအတွက် ကစားစရာတစ်ခုဖြစ်သွားလိမ့်မည်။
ကျွင်းဟွိုင်လန် သက်ပြင်းချလိုက်ပြီး " သူ့မှာအပြုမူကောင်းရှိတာပဲ…"
" ဟုတ်တယ်မလား…" ရှန်းလျိုဖုန်း ထိုစကားကိုကြားချိန်တွင် သူ၏မေးကိုမော့လျက် ဂုဏ်ယူနေသည့်အကြည့်ဖြင့် " အဲ့မိန်းကလေးကအမူအကျင့်ကောင်းရုံတင်မကဘူး အတီးအဆိုလည်းကောင်းပြီး အရည်အသွေးကထိပ်တန်းပဲ.. အဲ့ဒါကြောင့်ပဲ ငါသူ့ကိုတန်ဖိုးထားတာ…"
ကျွင်းဟွိုင်လန် ရယ်လိုက်ကာ တိတ်တဆိတ်သာနားထောင်နေလိုက်သည်။
မိန်းကလေးမှ ရင်းရင်း ချင်တီးခတ်နေသည် ဟူသော သီချင်းကိုသီဆိုနေပြီး ၎င်းမှာ အတော်လေးရှည်လျားပြတ်သားလေသည်။ ကျွင်းဟွိုင်လန် ကျင်းနန်သို့ရောက်နေသည်မှာ တစ်နှစ်ရှိပြီဖြစ်ရာ ဤနေရာတွင် ဒေသနိယထုံးတမ်းများမှာ ပွင့်လင်းမြင်သာမှုရှိပြီး ထိုကဲ့သို့အချစ်ကိုရည်ညွှန်းသည့် သီချင်းများကို ဆန္ဒရှိသည့်အလျောက်သီဆိုနိုင်သည်။
အကယ်၍ သူတို့သာချန်အန်းတွင်ဖြစ်နေပါက ထိုသို့သောစာသားမျိုးမှာ မလျော်ကန်သည်ဟုသတ်မှတ်ခံရမည်ဖြစ်ပြီး လမ်းမပေါ်၌ သီဆိုသည့်သူရှိလျင်ပင် မည်သူကမျှထိုင်ကာနားထောင်ရဲမည်မဟုတ်ချေ။
အချိန်ခဏအတွင်း သူတို့၏သေရည်နှင့်ဟင်းပွဲများရောက်ရှိလာသည်။
သေရည်ကို နွေဦးအချိန်၌ မက်မွန်ပွင့်ချပ်များဖြင့် ပြုလုပ်ထားပြီး ချိုမြလန်းဆန်းသောအရသာရှိကာ မက်မွန်ပွင့်များ၏အမွှေးနံ့ရှိသည်။ နွေဦးနှောင်းပိုင်း၏ နူးညံ့သိမ်မွေ့သောလေညင်းသည်လည်း ပြတင်းပေါက်မှတိုက်ခတ်လာပြန်ရာ သေရည်ထက်ပင် ပို၍မူးယစ်စဖွယ်ဖြစ်နေလေသည်။
ထိုအချိန်၌ ပီပါ၏ကြည်လင်သည့်အသံကို ဖျက်ဆီးလိုက်သော ကလန် ဟူသည့်အသံတစ်သံထွက်ပေါ်လာခဲ့သည်။
ကျွင်းဟွိုင်လန်ကြောင်အသွားပြီး အောက်သို့ငုံ့ကြည့်လိုက်ချိန်၌ ပိုးသားဝတ်ရုံဖြင့် လူငယ်တစ်ဦးမှာ မတ်တပ်ရပ်နေပြီး စုရှောင်ချမ့်၏ခြေရင်းသို့ငွေထုပ်ဖြင့်ပစ်ပေါက်လိုက်သည်ကို မြင်လိုက်ရသည်။
" မင်းထပ်ပြီးတော့ပိုက်ဆံပေးစေချင်သေးလား ဒါကသီချင်းဆိုရုံလေးပဲလေ ဘယ်သူနဲ့လာကစားနေတာလဲကွ…"
ထိုအသံမှာ အမှန်တကယ်ပင် မြောက်ဘက်နယ်မှအသံဖြစ်သောကြောင့် ကျွင်းဟွိုင်လန် မျက်ခုံးမကြုတ်ပဲမနေနိုင်တော့ကာ ထိုသူ၏အသွင်အပြင်ကိုလှမ်းကြည့်လိုက်လေသည်။
ထိုသူကို သူမသိသော်လည်း စကားပြောဆိုပုံအရဆိုလျှင် ချန်အန်းမှလာသည့်သူတစ်ဦးဖြစ်မည့်ပုံပင်။
ခဏအကြာတွင် စားသောက်ဆိုင်ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားရလေသည်။
ထိုသူ့ကို တားဆီးနေသည့်လူငယ်လေးတစ်ဦးမှာ အဝေးသို့တွန်းထုတ်ခံလိုက်ရသည်။
" မင်းကဒီနေရာမှာ ဂုဏ်သိက္ခာရောင်းစားနေပြီးတော့ ဈေးသတ်မှတ်နေသေးတယ်…ခွေးမတစ်ကောင်ဖြစ်နေတာတောင်မှ မင်းအတွက်လမ်းဖွင့်ပေးဖို့လိုသေးလို့လားကွ…"
လူငယ်လေးထံမှ အသံဆူလေလေ သူ၏ဘေးရှိသူများက စိတ်အနှောင့်အယှက်ဖြစ်ရလေလေပင်ဖြစ်သည်။
ဤသည်ကိုကြားလိုက်ရချိန်တွင် ရှန်းလျိုဖုန်း ဒေါသတကြီးထရပ်လိုက်သည်။
" ဘယ်သူလဲ ဒီနေရာကို ဘယ်သူငှားထားတာလဲ.."
သူ၏ခုံကိုဆောင့်တွန်းကာ အောက်သို့ဆင်း၍ ထိုသူကိုဖြေရှင်းရန်လုပ်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဆိုင်ရှင်အပြေးရောက်လာသည်။
" စောင့်ဦး…" ကျွင်းဟွိုင်လန်သူ၏လက်ကိုမြောက်ကာ တားဆီးလိုက်ပြီး " ဆိုင်ကဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်လိုက်ပါဦး…ကိစ္စတွေကို ပိုကြီးအောင်လုပ်ပြီး ဆိုင်ကို ပြသနာမပေးနေနဲ့…"
ရှန်းလျိုဖုန်းနေရာတွင်ပင် ရပ်တန့်လိုက်ရသည်။
သို့သော် ကံကောင်းစွာပင် ဆိုင်ရှင်သည်လည်း တည်တည်ငြိမ်ငြိမ်ရှိနေပြီး ချက်ချင်းဆိုသလိုပင် အစောင့်များလှမ်းခေါ်လိုက်ကာ ထိုလူငယ်ကိုအဝေးသို့ခေါ်ဆောင်သွားစေကာ အချိန်ခဏမှာပင် သေရည်နှင့်ဟင်းပွဲများရောက်ရှိလာခဲ့သည်။
စင်ပေါ်မှငွေများကိုလည်း ထိုသူထံပြန်လည်ပေးအပ်လိုက်ပြီး မကြာခင်အချိန်၌ မိန်းကလေး၏ပီပါအသံထွက်ပေါ်လာခဲ့သည်။
စားသောက်ဆိုင်မှာ ပြန်လည်တည်ငြိမ်သွားသော်လည်း ရှန်းလျိုဖုန်း၏ဖျင်ထန်နားထောင် ခြင်းမှာမူ အနှောင့်အယှက်ခံလိုက်ရပြီဖြစ်သည်။
" ညစ်ညမ်းတဲ့သီချင်းတွေဆိုနေတာတဲ့လား…ဒီလူကဘယ်သူ့ကိုလာစော်ကားနေတာလဲ…"
သူ၏ခွက်ကို စားပွဲပေါ်သို့ဒေါသတကြီးဆောင့်ချလိုက်ပြီး " ဒီလူက ဖျင်ထန်ကို တစ်သက်လုံးမကြားဖူးတဲ့သူဖြစ်ရမယ်.. သူတစ်ယောက်ပဲ ညစ်ညမ်းတဲ့သီချင်းတွေလို့တွေးနေတာ…"
ကျွင်းဟွိုင်လန် ရှန်းလျိုဖုန်းအတွက် လက်ဖက်ရည်တစ်ခွက်လောင်းထည့်ပေးလိုက်ပြီး အပြုံးဖျော့ဖျော့ဖြင့် " အဲ့လူက ညစ်ညမ်းတဲ့စိတ်ရှိလို့ သဘာဝကျကျပဲ အရာတိုင်းကို ညစ်ညမ်းတယ်လို့မြင်နေတာလေ…"
ရှန်းလျိုဖုန်းမှ " အမှန်ပဲ…သူ့စကားတွေကဆိုးဝါးနေရုံတင်မကဘူး သူကိုယ်တိုင်ကခွေးကောင်ဖြစ်နေတာ…"
ရှန်းလျိုဖုန်းမှာ ဒေါသတကြီးဖြင့် ဆဲဆိုကြိမ်းမောင်းနေသော်လည်း ကျွင်းဟွိုင်လန် တားဆီးခဲ့ခြင်းမရှိခဲ့ချေ။ သူသည် ဆဲဆိုနေရုံသာရှိပေမည်။
မည်သို့ပင်ဖြစ်စေ ရှန်းလျိုဖုန်း၏စိတ်အခြေအနေမှာ ဖျက်ဆီးခံလိုက်ရပြီး သောက်ပြီးနောက်တွင် သက်တောင့်သက်သာမဖြစ်သလိုခံစားနေရသဖြင့် ခဏအကြာတွင် ကျွင်းဟွိုင်လန်တို့နှစ်ဦး စားပွဲမှ ထထွက်လာခဲ့သည်။
Xxxxxx