Ch 1
Viewers 1k

အခန်း(1)


ရှုပ်ထွေးနေသော ရောင်စုံမျဉ်းများက အမှောင်ထဲတွင် တွဲလောင်းကျလျက်ရှိနေခဲ့သည်။ မော့ဝမ်ယွီမှာ မျဉ်းများ၏အလယ်ဗဟိုတွင် တစ်ယောက်တည်းရပ်နေကာ အဝေးကိုရွှေ့ရန်အတွက် ရုန်းကန်နေခဲ့ရသည်။ သို့သော်လည်း သူ၏ခြေထောက်များမှာ မြေကြီးထဲတွင်မြှုပ်နှံခံထားရသကဲ့သို့ဖြစ်နေခဲ့ပြီး မလှုပ်ရှားနိုင်ခဲ့ပါချေ။


ရောင်စုံမျဥ်းများက တဖြည်းဖြည်းချင်း ရှုပ်ထွေးလာခဲ့ပြီး နောက်ခဏအတွင်း လက်ရေးစာတစ်ခုအဖြစ် အစီအစဥ်တစ်ခုကျကျဖြင့် ပြောင်းလဲသွားခဲ့သည်။ 


ခဏအကြာတွင်တော့ ၎င်းမျဥ်းများကြားတွင် ရှိနေသောလိုင်းတချို့က ပြုံးနေသော မျက်နှာတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြန်သည်။


 နောက်ဆုံးတွင် ထိုမျက်နှာမှာ ဘောလုံးတစ်လုံးအဖြစ် ကြေမွသွားခဲ့ကာ ပြိုးပြိုးပြက်ပြက်အလင်းရိပ်မှတစ်ဆင့် ရုပ်ပုံတစ်ခုသဏ္ဍာန် ဖြစ်သွားခဲ့လေသည်။


ထိုမျက်နှာသည်ကား သူ အမုန်းဆုံး လူ၏မျက်နှာသာဖြစ်ပေသည်။ ကြောင်သူတော်ဆန်လှသည့် ထိုမျက်နှာကို မြင်တိုင်း သူ အော့အန်ချင်စိတ်ပင်ဖြစ်မိရသည်။


ထိုရောင်စုံမျဉ်းကြောင်းများက ပတ်ပတ်လည်တွင် လည်ပတ်နေသေးပြီး တစ်ဖက်လူက သူ့ကို ဓားမြှောင်တစ်ချောင်းနှင့် အမြန်ထိုးလိုက်သည်ကို မြင်လိုက်ရချိန်တွင် သူ၏တစ်ကိုယ်လုံး အေးခဲသွားရပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။ သူ့အနေဖြင့် ရှောင်လွှဲ၍မရနိုင်တော့ဘဲ အေးစက်သော ချွေးသီးများကသာ နဖူးပေါ်မှ တဖြည်းဖြည်း ကျဆင်းလာခဲ့ရသည်။


ဓားမြှောင်က ပို၍နီးလာခဲ့ချေပြီ။ သူ့မျက်လုံးကို ဓားမြှောင်နဲ့ ထိုးလိုက်သည့်အချိန်အခိုက်အတန့်တွင် မေ့ဝမ်ယွီတစ်ယောက် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ရသည်။



သူ၏မြင်ကွင်းထဲသို့ ပထမဆုံးဝင်ရေုက်လာသည်မှာ အိပ်ယာခုတင်၏အပေါ်တွင် မိုးထားသော စိမ်းသက်သည့် အဖြူရောင် ပိတ်စတစ်ခုသာဖြစ်ချေသည်။



မော့ဝမ်ယွီ၏ နဖူးက ချွေးများနှင့် စိုစွတ်နေခဲ့ပြီး သူ့၏မျက်နှာပြင်သို့ တိတ်တဆိတ်စီးကျလာခဲ့ကာ မြင်ရသူကို အလွန်ပင် ရှက်ရွံ့သွားနိုင်စဖွယ်ရှိနေခဲ့သည်။


သူက အချိန်ခဏလောက် ထိတ်လန့်သွားပြီးနောက် အသက်ရှူနှုန်းကို ထိန်းညှိလိုက်ကာ နာကျင်နေသော ခန္ဓာကိုယ်အပေါ်ပိုင်းကို လက်နှစ်ဖက်လုံးဖြင့် ထောက်၍ ထထိုင်လိုက်ပြီး အခန်းတစ်ခုလုံးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။


ဒါက သူ့ရဲ့အခန်းမဟုတ်ဘူး။


အခန်းသည်ကား သေးငယ်လွန်းလှသည်မဟုတ်ပေ။ သူနေထိုင်သည့် စတုရန်းမီတာ 20 ခန့် ကျယ်ဝန်းသော ငှားရမ်းထားသောအိမ်ထက် နှစ်ဆ သို့မဟုတ် နှစ်ဆကျော်မျှပိုကြီးပေသည်။ 


အဖြူရောင်အဝတ်စက ကန့်လန့်ကာအဖြစ်ရှိနေခဲ့ပြီး ခုတင်လက်ရန်းအစွန်းအထိ ဆွဲယူထားခဲ့သည်။


မလှမ်းမကမ်းတွင်  မသေမျိုးရှစ်ပါးစားပွဲငယ်လေးတစ်ခုရှိနေပြီး ထိုစားပွဲမှာ အလွန်ရိုးရှင်းကာ စားပွဲပတ်လည်တွင် သပ်သပ်ရပ်ရပ် ကွေးထားသောခြေထောက်လေးခုပါရှိသည်။


အခန်း၏အလှဆင်မှုသည်ကား အလွန်သပ်ရပ်ပြီး အံဝင်ခွင်ကျဖြစ်နေခဲ့သည်။


နံရံပေါ်တွင် ရှုခင်း၊ ပန်းချီကားများကို ချွတ်ဆွဲထားသည်။


ခုတင်နှင့် မနီးမဝေးထောင့်တွင် စာအုပ်စင်တစ်ခုလည်းရှိနေခဲ့သည်။ စာအုပ်စင်ဘေးတွင် ရှေးဟောင်းပစ္စည်းစင်တစ်ခုရှိနေခဲ့သည်။ စာအုပ်စင်တွင် စာအုပ်များစွာကို သေသေသပ်သပ် စီစဥ်လျက် ရှိနေလေသည်။


ဤအခန်းပိုင်ရှင်သည်ကား သပ်ရပ်မှုအပေါ် အစွဲအလမ်းလွန်ကဲသော ရောဂါဝေဒနာ ခံစားနေရပုံရပြီး အရာအားလုံးကို စနစ်တကျ စီစဉ်ပေးထားခဲ့သည်။


တည်ရှိနေသော အရာအားလုံးသည်ကား သူနှင့် အလွန်အမင်း စိမ်းသက်နေခဲ့ကာ မသိကျွမ်းနေခဲ့ပါချေ။ 


သူ အောက်သို့ငုံ့ကြည့်လိုက်လျှင် သူဝတ်ထားသည့် အဝတ်အစားများက ရှေးခေတ်အကြောင်း ရိုက်ကူးထားသည့် တီဗီ ဇာတ်လမ်းတွဲများတွင်သာမြင်ခဲ့ရလေ့ရှိသည့် အဖြူရောင်အတွင်းခံဘောင်းဘီနဲ့ အတော်ဆင်တူနေသည်ကို တွေ့လိုက်ရသည်။


   

ဖော်မပြနိုင်သော ထူးဆန်းသော ခံစားချက်တစ်ခုက သူ၏ခေါင်းထဲသို့ ရောက်ရှိလာသော်လည်း လက်ရှိတွေ သူ၏ဦးနှောက်က  အလွန်ကိုက်ခဲနေသေးသောကြောင့် မော့ဝမ်ယွီတစ်ယောက် မည်သည့်နေရာက မှားယွင်းနေမှန်းကို သတိမထားမိလိုက်သေးပေ။


မော့ဝမ်ယွီ အခန်းပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ကာ နာကျင်နေသော နဖူးကို ပွတ်သပ်လိုက်မိသည်။


သူ အခုဘယ်မှာလဲ။


ထိုအခိုက်အတန့်တွင် သူ၏ခေါင်းက ရုတ်တရတ် အတွေးများဝင်ရောက်လာပြီး သူ မေ့လဲမသွားခင် အမှတ်ရစရာများက တဖြည်းဖြည်း ပေါ်လာလေသည်။


မော့ဝမ်ယွီ သူ မူးမေ့လဲမသွားမီတွင် သူ့အား သစ္စာဖောက်ခဲ့သော သူငယ်ချင်းကို ရင်ဆိုင်ရန်အတွက် ထိုသူ ခိုးယူထားသော အကြံအစည်မူကြမ်းကို ပြန်လည်ယူဆောင်လာခဲ့သည်ကို အမှတ်ရမိသည်။ 


မမျှော်လင့်ဘဲ တစ်ဖက်လူထံမှ လမ်းပေါ်သို့ တွန်းချခံရပြီး ကားတစ်စီးနှင့် မတော်တဆတိုက်မိကာ သတိလစ်သွားခဲ့သည်။


သူပြန်နိုးလာသည့်အချိန်တွင် ဤနေရာ၌ ပေါ်လာခဲ့ပေပြီ။


ဤနေရာသည်ကား မည်သည့်နေရာဖြစ်သည်ကို မသိရသေးမီတွင် တံခါးခေါက်သံများ ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းသစ်သားတံခါးက ပွင့်သွားခဲ့ကာ ရှေးခေတ်အဝတ်အစားများကိုဝတ်ထားသည့် လူငယ်တစ်ဦးက လက်ထဲတွင် သစ်သားအင်တုံကို ကိုင်ဆောင်လျှက် ဝင်လာခဲ့လေသည်။


မော့ဝမ်ယွီမှ ရှုပ်ထွေးနေသော မျက်နှာဖြင့် ခုတင်ပေါ်တွင် ထိုင်နေသည်ကို ထိုလူငယ် မြင်သောအချိန်တွင် ခဏလောက် အံ့သြသင့်သွားပုံရပြီး လက်ထဲမှ သစ်သားအင်တုံကို ကိုင်ကာ ရွှင်မြူးသော မျက်နှာဖြင့် ပြေးလာခဲ့လေသည်။


“ရှီးရယ် နိုးလာပြီလား!”


လူငယ်လေး၏ အသံသည်ကား အလွန်ရှင်းလင်းကြည်လင်နေခဲ့သည်။ သူက သစ်သားအင်တုံကို ဘေးဖယ်ထားပြီး သူ့ကို စတင်ကူညီသည်။


မော့ဝမ်ယွီ နိုးလာခဲ့ပြီးနောက် သူ့၏ခန္ဓာကိုယ်က ကွဲအက်ပြိုကျနေသကဲ့သို့ နာကျင်နေခဲ့သည်။ သူက တစ်ဖက်လူ၏  အထောက်အပံ့ကို ငြင်းဆန်ချင်နေသော်လည်း ထိုသူ၏အကူအညီဖြင့် မတ်တတ်ထရပ်လိုက်ရဆဲပင်။


“မင်  ခုနက ဘာခေါ်လိုက်တာလဲ ၊ ရှီးရယ် ဟုတ်လား?”


တစ်ဖက်မှ လူငယ်က ဘေးနားတွင်ရှိနေသော အဝတ်အစားများကို ကောက်ယူလိုက်ပြီး  သူ့အတွက် ဝတ်ဆင်ပေးချင်ခဲ့သော်လည်း မော့ဝမ်ယွီက ငြင်းဆိုလိုက်သည်။


သို့နှင့် ထိုလူငယ်က မော့ဝမ်ယွီ၏စကားကို တုံ့ပြန်လာခဲ့လေသည်။


“ဟုတ်တယ်လေ ရှီးရယ်၊ ရှီးရယ်က ကျွန်တော်တို့မိသားစုရဲ့သားမက်မို့လို့ အားရှုက ရှီးရယ်ကို ရှီးရယ်လို့ခေါ်ရမယ်”


လူငယ်လေးရဲ့နာမည်က အားရှုပဲ။


မော့ဝမ်ယွီက သူ ယူလာသည့် နက်ပြာရောင်ရှေးဟောင်းဝတ်စုံကို ကြည့်လိုက်ပြီး အားရှုဟုခေါ်သော လူငယ်ကို ပြန်ကြည့်လိုက်သော်လည်း ခဏတာမျှ တုံ့ပြန်မှု မရှိနိုင်ခဲ့ပေ။



သို့နှင့် သူ အစမ်းသဘောဖြင့်သာ မေးနိုင်ခဲ့သည်။


“မင်း... အခြေအနေကို ဘာကြောင့် တိတိကျကျ မပြောတာလဲ၊ ငါက ဘယ်သူလဲ”


ထိုစကားကိုကြားလျှင် အားရှုက  တခဏတာလောက် အံ့အားသင့်သွားပြီး သူ့ရှေ့မှ ချောမောသည့် လူငယ်ကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်သည်။ ထိုလူငယ်မှာ ရေထဲမှငါးကိုဖမ်းပြီးနောက် အဘယ်ကြောင့် ပို၍ပင် ရူးနှမ်းလာပုံရသနည်းဟု သူ အံ့ဩနေခဲ့မိသည်။ 


အခုချိန်မှာ သူ ဘယ်သူလဲဆိုတာတောင် မသိတော့ဘူး။


သို့သော် တစ်ဖက်လူမှာ အရူးတစ်ယောက်ဟု ယူဆရသည့်အတွက် သူ ယခုကဲ့သို့ပြုမူလာပုံက အံ့သြစရာမဟုတ်ပါချေ။ သူစကားပြောခါနီးတွင် တံခါးအပြင်ဘက်မှာ ဆွေးနွေးသံတွေထွက်လာခဲ့သည်။


“ရှီးရယ် နိုးနေပြီလား မသိပါဘူး၊ ရှောက်ရယ်က တကယ်ကို သနားစရာ ကောင်းလွန်းပါတယ်၊ ကွေ့ဟွားရွာက မော့မိသားစုရဲ့ အကြီးဆုံးသားကို ခေါ်ယူခဲ့ပေမယ့် သူတို့တွေက  မိုမိသားစုရဲ့ အရူးနှင့် အစားထိုးလိုက်တယ်”


တစ်ဖက်လူက ထိုသို့ပြောရသည်ကို မကောင်းသကဲ့သို့ ခံစားရပုံပင်။ ထိုသို့ပြောပြီးနောက်တွင် ထက်မပြောလာတော့ပါချေ။  တခြားလူတစ်ယောက်က အသံကို လျှော့ပြီး ပြန်ပြောလာခဲ့သည်။


“ဒါပေမယ့် ရှောက်ရယ်က အဆင်မပြေဘူးလို့ မထင်ဘူးလေ၊ သူက  အဲဒီတစ်ယောက်ကို လက်ထပ်လိုက်သေးတယ်”


“…”


အသံက မသိပ်ပြီးမတိုးလှသကဲ့သို့  ပြတင်းပေါက်ကလည်း လုံးဝ အသံမလုံပါချေ။ မော့ဝမ်ယွီ ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး အနည်းငယ် အံ့သြသွားမိရသည်။



သို့သော် ထိုစကားများကို ကြားလိုက်ရသော အားရှု၏အမူအရာက ပြောင်းလဲသွားခဲ့ရသည်။ သူ့ရှေ့မှလူက နည်းနည်းလောက် ရူးနှမ်းကာ ထူးဆန်းနေသော်လည်း အဆုံးတွင် သူတို့၏  ရှီးရယ်ဖြစ်နေဆဲပင်။ 


သို့ဖြစ်၍ သူ ဒေါသတကြီးထွက်သွားခဲ့ကာ အပြင်မှာ ရှိနေသော အစေခံများအားလုံးကို ကြိမ်းမောင်း၍  နှင်ထုတ်လိုက်တော့သည်။


သူ ပြန်လည် ဝင်လာပြီးနောက် အခြေအနေကို အတိုချုံးရှင်းပြသော်လည်း တစ်ဖက်လူမှာ အရူးတစ်ယောက်ဖြစ်ကြောင်းကိုတော့ တစ်ခွန်းတလေမျှ ထည့်မပြောခဲ့ပေ။


“ကျွန်တော်တို့ရဲ့ သခင်လေးရဲ့ မျိုးရိုးနာမည်က ကျူးဖြစ်ပြီး နာမည်က ရှုပါ၊ လောကသိနာမည်ကတော့ ရုန်စစ်တဲ့၊ ကျွန်တော်က သူ့ရဲ့ကိုယ်ပိုင်အစေခံဖြစ်ပြီး ငယ်ငယ်လေးကတည်းက သူနဲ့အတူ ကြီးပြင်းလာခဲ့တာ...”


ထိုစကားကိုကြားလျှင် မော့ဝမ်ယွီက  ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောလိုက်မိပြီး သူ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ရသည် ။


“သူတို့ပြောတဲ့အတိုင်းဆို ငါက ကွေ့ဟွားရွာရဲ့ မော့မိသားစုဝင်တစ်ယောက်လား၊ ပြီးတော့ ခြံထဲက ရေကန်ထဲကို မတော်တဆ ပြုတ်ကျပြီး သတိလစ်သွားခဲ့တာလား”


အားရှု ခဏလောက်ရပ်တန့်သွာစခဲ့သည်။ ထိုလူက သူလုပ်ခဲ့သည့် အရာများကို  အဘယ်ကြောင့် မေ့နိုင်သွားသလဲဟူသည်ကို မတွေးနိုင်ခဲ့ဘဲ သူ ပြန်ပြောလိုက်လေ၏။


“ ရှီးရယ် သတိမရတော့ဘူးလား၊ ရှီးရယ် ငါးဖမ်းဖို့အတွက်  ရေကန်ဘက်ကိုသွားရင်း ရေထဲကိုပြုတ်ကျသွားခဲ့တာလေ”




   

အဖြေရပြီးနောက် မော့ဝမ်ယွီက စိတ်ထဲတွင် တွက်ချက်မှုအချို့ပြုလုပ်ကာ အင်္ကျီလက်များကို လှန်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူ့လက်နှစ်ဖက်လုံးက အမာရွတ်များဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရလေသည်။


ထို့နောက်တွင် သူက သစ်သားအင်တုံကို လှမ်းယူ၍ သူ၏ လက်ရှိအသွင်အပြင်ကို ကြည့်ရန်အတွက် ၎င်းအထဲမှရေကို အသုံးပြုခဲ့သည်။


ရေထဲတွင် ရောင်ပြန်ဟပ်နေသော ပုံရိပ်သည်ကား သူ၏ ယခင်အသွင်အပြင်နှင့် သိပ်ပြီး ကွဲပြားနေခြင်းမရှိပါချေ။


မိုးမခမျက်လုံးတစ်စုံက အနည်းငယ်ကျယ်နေခဲ့ပြီး မျက်နှာအသွင်အပြင်သည်လည်း အလွန်သိမ်မွေ့နေခဲ့သည်။ တစ်ခုတည်းသော ကွဲပြားခြားနားချက်မှာ ခေါင်စည်းကြိုးဖြင့် ချည်နှောင်ခံထားရကာ ရေတံခွန်ကဲ့သို့ ပြေလျော့နေခဲ့သောအနက်ရောင်ဆံပင်များသာ ဖြစ်ပေသည်။


“သေချာပြီ၊ ငါ အချိန်တွေ ဖြတ်သန်းကူးပြောင်းလာခဲ့တာပဲ...” 


မော့ဝမ်ယွီညည်းညူလိုက်မိသည်။


အားရှုက သူ၏ အပြုအမူကို ပို၍ ပို၍ နားမလည်နိုင်ဖြစ်လာခဲ့ကာ မေးလာခဲ့သည်။


“အချိန်ခရီးသွားတယ်၊ အဲဒါက ဘာလဲ”


မော့ဝမ်ယွီ ပြန်မဖြေဘဲ ခဏလောက် စဉ်းစားနေမိသည်။


အားရှု ပြောသည်ကို အခြေခံပြီး တွေးကြည့်ရလျှင် သူသည်ကား မကြာခင်က သူဖတ်ရှုခဲ့သည့်  အွန်လိုင်း စိတ်ကူးယဥ်ဝတ္ထုဖြစ်သော “အေးတိအေးစက်ကောလေးက  ဆိုင်တစ်ဆိုင်ဖွင့်ထားပြီ”ထဲသို့ ကူးပြောင်းလာခဲ့သည်ဟု ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။


   

ဤစာအုပ်၏ လောကအမြင်သည်  ကား ကောလောကအမြင်ဖြစ်ပြီး လူအများကို အမျိုးသမီးများ၊ အမျိုးသားများနှင့် ကောများအဖြစ် ခွဲခြားထားသည်။ 


အဓိကဇာတ်ဆောင် ရှို့မှာ ကောတစ်ဦးဖြစ်သော်လည်း သူ့မိသားစု၏ ကြွေးမြီများကို ဆပ်ရန်အတွက် နည်းလမ်းရှာရန် ဆုံးဖြတ်ထားခဲ့သည်။


စိတ်ကူးယဥ် Dandy ဝတ္ထုအမျိုးအစားဖြစ်သော်လည်း အဓိကဇာတ်ကောင် ကုန်းသည်ကား အမှန်တကယ်တွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိသည့်အပြင် ရှို့နှင့် ခံစားချက်ဆိုင်ရာ စကားအပြောအဆိုများသည်လည်း မရှိသလောက်ဖြစ်ပေသည်။


ထို့အပြင် သူက စာအုပ်ထဲမှ သူနှင့် နာမည်တူသည့် ဇာတ်ပို့တစ်ယောက် ဖြစ်သွားခဲ့သည်။


သူက ငယ်စဥ်ကတည်းက အရူးတစ်ယောက်ဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် သူ့အစ်ကို၏နေရာကို အစားထိုးယူပြီး လက်ထပ်လိုက်ရသည်။


ကျူးမိသားစုတွင် အကြွေးဆပ်ရန်အတွက် တွန်းအားပေးခံရသောအချိန်တွင် သူက မြစ်ထဲသို့ ပြုတ်ကျကာ ရေနစ်၍သေဆုံးသွားခဲ့သည်။


ရိုးရှင်းပြတ်သားစွာပြောရလျှင် မူရင်းပိုင်ရှင်သည်ကား ဇာတ်ကွက်ကို ပို၍အသက်ဝင်စေရန် စာရေးသူအသုံးပြုသည့် ဇာတ်ကောင်တစ်ခုမျှသာဖြစ်ပေသည်။


သို့သော်လည်း မြစ်ထဲသို့ ပြုတ်ကျသည့်အချိန်အထိ ရောက်ရှိပြီးမှ ကူးပြောင်းလာခြင်းမဟုတ်သည်က  ကံကောင်းပေသေးသည်။


အင်တာနက်ပေါ်ရှိ ခွေးသွေးဒရမ်မာ  ဝတ္ထုအားလုံးကို ဖတ်ဖူးသည့် မော့ဝမ်ယွီအတွက်တော့ ကောများရှိနေသည့်ကမ္ဘာပေါ် ထင်မြင်နှင့် ပတ်သက်၍ ပြောရင်လျှင် ထွေထူးဆန်းပြားသည်ဟု မခံစားရပါချေ။



မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ ဝတ္ထုအမျိုးအစားများက နေရာတိုင်းတွင် ရှိပေသည်။


အချိန်ခရီးသွားတာတောင်ဖြစ်လာပြီးတဲ့နောက်မှာ ဒီလိုကိစ္စမျိုးက အံ့သြစရာ မဟုတ်တော့ဘူး။


မည်သို့ပင်ဖြစ်စေ ဤကမ္ဘာတွင် သူ့မှာ အဖေနှင့် အမေတို့က မရှိနေခဲ့ပေ။


သူ၏တစ်ခုတည်းသော ပျော်ရွှင်မှုက စီးပွားရေးလုပ်ခြင်းနှင့် အစီအစဉ်ဆွဲခြင်းသာဖြစ်လိမ့်မည်။


(T/n: ရှီးက မိသားစုထဲကိုဝင်ရောက်လာတဲ့ သားမက်ကိုခေါ်တာပါ ရှီးရယ်က သားမက်တော် ဆိုတဲ့သဘောမျိုး


ရှောက်ရယ်: သခင်လေး  )



**