Ch 14
Viewers 1k

အခန်း(14)


ကျူးရှုသည် ဘေးအခန်းရှေ့တွင် အချိန်ကြာမြင့်စွာ ရပ်ကြည့်နေခဲ့ပြီး အားရှု သူ့အား လာခေါ်သည့် အချိန်မှသာ တွန့်ဆုတ်မှုပုံစံကို ပြမလာခဲ့ဘဲ ချက်ချင်း ထွက်လာခဲ့လိုက်သည်။ 


အခန်းထဲတွင် ဒီဇိုင်းဆွဲခြင်းကိုသာ အထူးအာရုံစူးစိုက်နေခဲ့ပုံရသော မော့ဝမ်ယွီက ကျူးရှု၏ နာမည်အားခေါ်သံ ကြားလိုက်ပြီး အခန်းတံခါးရှေ့သို့ လှမ်းကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ခဲ့သောကြောင့် ‌မျက်တောင်ခတ်လိုက်ပြီး ရေးဆွဲခြင်းအမှုတွင်သာ ပြန်အာရုံစိုက်လိုက်သည်။ 


သို့သော်  စာရွက်ပေါ်ရှိ‌နေသည့်ပုံမှာ ဈေးဆိုင်တွန်းလှည်း ဖြစ်ရမည့်အစား မျက်နှာသေလေးဖြင့် ယုန်‌လေး၏ပုံသာဖြစ်နေခဲ့သည်။


အတိအကျပြောရမည်ဆိုလျှင် ယုန်ပုံသဏ္ဍာန် စွန်ကလေးဖြစ်ပေသည်။


မော့၀မ်ယွီအတွက် ဤသို့သော အရာမျိုးအား ဖန်တီးရခြင်းက ပထမ‌ဆုံးဖြစ်သည့်အတွက် သူ့၏လက်များက မလုပ်တတ်မကိုင်တတ် ဖြစ်နေခဲ့သည်။ 


စွန်လုပ်ရသည်က လေထဲတွင် စွန်ကောင်းကောင်းပျံနိုင်ရန် ဘက်ညီဖို့လည်း တိုင်းတာတွက်ချက်ရသေးသည်။ ထို့အပြင် ယုန်လေး၏ အလေးချိန်ကိုလည်း သေချာတိုင်းတာရသေးသည်မှာ အလွန် ပြဿနာတတ်သော အပိုင်းဖြစ်သည်။ 


အချုပ်ဆိုရလျှင်တော့ဖြင့် မော့၀မ်ယွီအတွက် ကြီးကြီးမားမားခက်ခဲမှု မတွေ့ခဲ့ဘဲ အဆုံးသတ်နိုင်ခဲ့သည်။


ထိုစွန်လေးက ကျူးရှုအတွက်ပင် ဖြစ်သည်။ သူတို့ ဟွေ့ချန်သို့ အတူသွားခဲ့ချိန်က လမ်းပေါ်တွင် စွန်ပုံစံမျိုးစုံ ပြသထားသော စွန်ရောင်းသည့်‌ဆိုင်အား တွေ့ခဲ့ကြသည်။


အစပိုင်းက မော့၀မ်ယွီ သိပ်ပြီးသတိမထားခဲ့သော်လည်း ကျူးရှု၏ မျက်၀န်းတစ်စုံအား အမှတ်မထင် ကြည့်မိရာမှ ၎င်းကို သတိထားမိလိုက်သည်။ 


ရှေးခေတ်မှ ရေတွင်းများကဲ့သို့ ကြည်လင်လှသော ထိုဗာဒံစေ့မျက်လုံးလေးများသည်ကား ထိုစွန်လေးများကိုကြည့်နေချိန်တွင် ကြယ်ကလေးများကဲ့သို့ တောက်ပလျက်ရှိနေသည်။


သို့သော်လည်း များမကြာမီမှာပင် ထိုကြယ်ပွင့်လေးက မော့၀မ်ယွီ လှည့်ကြည့်လိုက်ချိန်၌ အစအနမကျန်အောင် ကြွေကျပျောက်ကွယ်သွားခဲ့သည်။


သူ ဤကမ္ဘာသို့ ရောက်လာပြီးချိန်ကတည်းက ကျူးရှုသည်က တစ်စုံတစ်ခုအား လိုချင်သည်ဟု တောင်းဆိုခြင်းမျိုး သို့မဟုတ် နှစ်သက်သည့်အ‌ကြောင်း ဖွင့်ဟ‌ပြောခြင်းမျိုးအား မကြားဖူးခဲ့ပါချေ။ 


သူ  မူလက မေးကြည့်ရန်စဉ်းစားလိုက်သော်လည်း ဤသည်က ကျူးရှု၏ ကာရိုက်တာအကျင့်စရိုက်ပင်ဖြစ်သောကြောင့် သူမေးလျှင်လည်း မည်သည်ကိုမျှပြန်ဖြေလိမ့်မည်မဟုတ်ကြောင်း တွေးလိုက်မိသည်။


သူ့အနေဖြင့်  ‘လာစမ်းပါ...ကိုယ့်ဘာသာပဲ ကြိုးစားပြီး ရှာဖွေလိုက်’ ဟုသာ ကိုယ့်ဟာကိုယ် အားမွေးလိုက်နိုင်သည်။‌


မမျှော်လင့်ထားစွာဖြင့် အစဉ်အေးစက်၍ ရှိန်လောက်သော အရှိန်အဝါများရှိနေသည့် ကျူးသခင်လေးက ဤသို့သော ကလေးဆန်ဆန် အရုပ်စွန်ကလေးအား နှစ်သက်နေလေသည်။


မော့၀မ်ယွီ ရယ်မောလိုက်သည်။


“တကယ်တော့ သူက ထူးဆန်းပြီး ချစ်စရာကောင်းတဲ့ သခင်လေးပဲ...”


သို့သော်လည်း ဆေးဆိုင်တွင် ဆေးများ၀ယ်ယူပြီးချိန်၌ မော့၀မ်ယွီ၏ လက်ထဲတွင် အကြွေစေ့ တစ်စေ့မျှပင် မကျန်‌တော့ချေ။ ကျူးမိသားစုအိမ်တွင်လည်း ယခုတလော ငွေကြေးအလွန်ကျပ်တည်းနေခြင်းဖြစ်ရာ ကျူးမိသားစုအိမ်မှ ငွေအား စွန်‌၀ယ်ရန် မသုံးသင့်ပေ။ 


ထို့ကြောင့် သူကိုယ်တိုင် လုပ်‌ပေးရန်သာ ဆုံးဖြတ်လိုက်သည်။ ၎င်းက ကျူးရှုအား အံ့ဩသွားစေနိုင်သလို အခန့်သင့်ပါက အမြဲတစေ ရုပ်တည်နေတတ်သော သခင်လေးအား ပြုံးအောင်လည်း လုပ်နိုင်‌လောက်ပေမည်။ 


ထိုသို့တွေးတောလိုက်ရင်း မသိလိုက်မသိဘာသာဖြင့် မော့၀မ်ယွီ ပြုံးလိုက်မိပြီး ယုန်ပုံလေ့ကို ရေးဆွဲရန်သာ စိတ်နှစ်ထားလိုက်‌တော့သည်။


_


ရက်အနည်းငယ်အကြာတွင် ဆေးဆိုင်မှ အလုပ်သမားကောင်လေးက ‌မှာယူထားသော ဆေးဝါးများအားလုံးကို လာရောက်ပို့ပေးခဲ့သည်။ 


သူက သေသေချုချာ ရေတွက်ခဲ့ပြီး မှာထားသောအမယ်များထဲမှ တစ်ခုတစ်လေမှ လိုခြင်းမရှိ‌နေပေ။ 


တခြားသော အပိုထည့်ပေးလိုက်သည့် သစ်ကြားပိုးရွက်ကဲ့သို့ အရာများပင်လျှင် ပါနေသေးသည်။ 


“ဆေးဆိုင်က လူက အတော် သဘောကောင်းတာပဲ”


မော့၀မ်ယွီက ပစ္စည်းများအား စီစစ်နေခဲ့ပြီး ဆေးဆိုင်မှလူကြီးအား ဆက်၍ချီးကျူးနေခဲ့သည်။


“ကိုယ်  ဆေးဆိုင်ကို ရောက်တဲ့အချိန်တုန်းက မြင်တာတော့ သူက နည်းနည်း... ပိုပြီး တက်ကြွနေခဲ့သလားလို့လေ၊ အခုလည်း သူက အပိုအဆောင်းတွေတောင် ထပ်ထည့်ပေးလိုက်သေးတယ်”


သူ ခဏရပ်တန့်လိုက်ပြီး ကျူးရှုထံသို့ မျက်လုံးများကွေးညွတ်နေအောင် ပြုံးပြလိုက်ပြီး ပြောလိုက်သည်။


“အဲဒီလူကြီးက တကယ့်ကို လူကောင်းတစ်ယောက်ပဲ”


သူ၏ မူလကမ္ဘာတွင် ထိုသို့ သဘောကောင်းသောသူမျိုးကို သိပ်မတွေ့ခဲ့ရဘဲ ၀ယ်ယူလိုက်သည့်အရာအများစုကလည်း မစုံမလင်ဖြစ်နေတတ်ခြင်း သို့မဟုတ် အပျက်အစီးများရောပါနေခြင်းမျိုး ကြုံရလေ့ရှိသည်။ 


သူနှင့်အရင်းနှီးဆုံး အသိအကျွမ်းဖြစ်သည့် ညီအစ်ကိုဆိုသူကပင် သူကာလကြာရှည်စွာ ကြိုးစားဖန်တီးခဲ့ရသော စီမံကိန်းစာအုပ်အား ခိုးယူသွားကာ သူ့၏အကျိုးအတွက်သူ ငွေအများအပြား ရှာသွားခဲ့‌သည်။


ကျူးရှုက ခေါင်းကိုအသာညိတ်လိုက်ပြီး ဆေးအိတ်ကိုသာ ငုံ့ကြည့်‌နေလိုက်ကာ မည်သည်ကိုမျှပြန်မပြောလာခဲ့ချေ။


မော့၀မ်ယွီ ထိုပုံစံအား ကြည့်လိုက်ပြီး ကျူးရှု ယုန်အရုပ်စွန်ကလေးအား တွေ့ခဲ့ချိန်က သူ၏မျက်လုံးများထဲမှ ပုံရိပ်ကို တစ်ဖန်ပြန်မြင်ယောင်သွားခဲ့သည်။


သူ ပြုလုပ်ထားသည့် ယုန်ပုံအရုပ်စွန်ကလေးအား ကျူးရှု တွေ့လိုက်ရလျှင် ပျော်ရွှင်သွားမည့်ပုံအား သူ စိတ်ထဲ၌ တွေးတောကြည့်‌‌လိုက် မိသည်။ 


သူ ထိုအကြောင်းအား တွေးကြည့်လိုက်လျှင်ပင် စိတ်ခံစားချက်များ ကောင်းမွန်လာရတော့သည်။


 သို့သော်လည်း စက္ကူစွန်က အသင့်မဖြစ်ခင်တွင် သူ အရင်ဆုံး စမ်းသပ်ကြည့်ရပေဦးမည်။ 


မော့၀မ်ယွီတစ်ယောက် စိတ်ကျေနပ်မှုများဖြင့် ခေါင်းညိတ်လိုက်ပြီး လက်မှဖုန်များအား ခါလိုက်ကာ ဆေးကြောလိုက်ပြီးနောက် စားဖိုဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။


သူက လှော်ထားသော သကြားခဲနှင့် အခြားပါ၀င်ပစ္စည်းများထည့်၍ အိုးထဲသို့ ရေတစ်၀က်ခန့်ထည့်ကာ ၀က်သားတုံးအားထည့်လိုက်ပြီး ခဏပြုတ်ထားလိုက်သည်။ 


ထို့နောက်တွင် ပါးပါးလှီးထားသော အာလူးပြားများ၊ ကြာစွယ်များ၊ ကောက်ရိုးမှိုများနှင့် အခြားအရာများအား ထည့်လိုက်ပြီးနောက် ငရုတ်သီးအနှစ်အနည်းငယ် ထည့်ကာ အချိန်ခဏ ချက်ထားလိုက်သည်။ 


သိပ်မကြာခင်မှာပင် အလွန် မွှေးပျံ့ပြီး စားချင်စဖွယ် စတူးဟင်းအနံ့က အိမ်ခြံ၀န်းတစ်ခုလုံးသို့ သင်းပျံ့သွားတော့သည်။


သို့သော်လည်း အနည်းငယ် ညိုညစ်နေသော အသားပေါင်းရည်များဖြင့် အပြည့်ဖြည့်ထားသော အိုးအား စားပွဲသို့သယ်လာချိန်တွင် မတိုင်ခင်က မော့ဝမ်ယွီ၏လက်ရာကို မြင်ဖူးခဲ့ပြီးဖြစ်သော ကျူးရှုနှင့်အားရှုတို့က မအံ့ဩသော်လည်း အရသာမြည်းစမ်းရန် စောင့်ဆိုင်းနေခဲ့‌သော အခြားသူများကမူ မျက်နှာပျက်သွားကြသည်။ 


တခြားသူများထံမှ ငရုတ်အနှစ်၏ အရသာအား လက်ခံနိုင်၊မခံနိုင်ကို စမ်းစစ်လိုသောကြောင့် မော့ဝမ်ယွီက တခြားသော အစေခံများကိုပါ လာရောက်မြည်းစမ်းရန် ခေါ်ခဲ့သည်။ 


သို့ရာတွင် စတူးဟင်းအိုးပတ်လည်မှ လူလေးငါးယောက်ကမူ ဟင်းပုံစံအား ကြည့်ကာ စားကြည့်ရန် မဝံ့ရဲနိုင်ကြပေ။


ဟင်း၏ ရနံ့မှာ အလွန်မွေးကြိုင်သော်လည်း ထိုကဲ့သို့ထူးဆန်း‌သော အရောင်အဆင်းမျိုးဖြင့် ဟင်းပွဲမျိုးအား သူတို့မမြင်ဖူးကြပေ။ 


ထိုအရာက အညိုရောင်နှင့် အနက်ရောင် ရောနှောနေခဲ့ပြီး တစ်ခါမျှမမြင်ဖူးသော အရာများလည်း ရောပါနေခဲ့သည်။ 


အနံ့ကို ပြင်းပြင်းရှုလိုက်မိပါက သီးပင် သီးသွားနိုင်သည်။ သူတို့သည်က သခင်လေး ချက်ကျွေးသော ထူးဆန်းသည့်ဟင်းများအား မကြာခဏ စားခဲ့ဖူးသော်လည်း ယခုကဲ့သို့ အမဲရောင်ဟင်းကတော့ဖြင့် တစ်မျိုးကြီးဖြစ်နေခဲ့သည်။ 


အိမ်အလုပ်များ လုပ်ပြီးသွားသော အိမ်တော်ထိန်း၏ နှုတ်ခမ်းက လှုပ်ခတ်သွားရပြီးနောက် ပြောလိုက်လိုက်သည်။


“ရှီးရယ်၊ ကျွန်တော်ကတော့ ဗိုက်မဆာသေးပါဘူး၊ ဒါကြောင့် အလုပ်လေး နည်းနည်းလောက် အရင်သွားလုပ်လိုက်အုန်းမယ်လေ”


ထိုသို့ပြောနေချိန်တွင် သူက သူ့၏ အကျီလက်များအား ဆွဲတင်လိုက်ပြီး မျက်လုံးများလည်း ပြူးနေကာ အမြန်ဆုံး ပြန်ပြေးချင်နေဟန်ပေါ်သည်။ 


မော့ဝမ်ယွီက စားပွဲမှ ပြေးရန် ကြံနေသော အိမ်တော်ထိန်းကြီး၏ အကျီလက်အား အမြန်ဆွဲထားလိုက်ပြီး အလျင်ပြောလိုက်သည်။


“ဘာလို့ ထွက်ပြေးဖို့ ကြံနေရတာလဲ!! အခုထိ မြည်းတောင် မမြည်းရသေးဘူးလေ”


အိမ်ထိန်းကြီးကလည်း အလျင်လိုနေခဲ့သည်။


“ရှီးရယ်ရယ်၊ အဲဒီဟင်းအရောင်က ကျွန်တော်မစားနိုင်ဘူးထင်တယ်၊ ကျွန်တော် ဒီအတိုင်းပဲ...”


‘ကျွန်တော်ဒီအတိုင်းပဲ သခင်လေးချက်တာတွေပဲ စားလိုက်ပါတော့မယ်!!!’ 


သို့သော်လည်း ဘေးနားတွင် လူများရှိနေသဖြင့် အိမ်တော်ထိန်းက သူ့ရင်ထဲမှ စကားအား ဆက်မပြောနိုင်တော့ခေေ။ 


သူ မှတ်မိနေပါသေးသည်။ တစ်ချိန်တုန်းက သခင်လေးလည်း ထိုကဲ့သို့သော “ဘဲပေါင်းဟင်း” အား ယုံကြည်ချက်ရှိစွာ ချက်ခဲ့ဖူးသည်။


 သို့သော် နောက်ဆုံးရလာဒ်ကတော့ဖြင့် ဟင်းကတူးလျှင်တူး မဟုတ်လျှင် ဟင်းထဲမှ အသီးအရွက်အားလုံး မဲတူး‌နေသော အရာလေးများအဖြစ် တစ်စစီဖြစ်သွားတတ်သည်။ 


ယခုလည်း သူ့ရှေ့မှဟင်းပွဲက အဘယ့်ကြောင့် ထိုသို့အရောင်ပြောင်းလဲသွားရသနည်း ဟုတွေးတောနေဆဲပင်။ အရှေ့မှ ဟင်းအိုးအားကြည့်ကာ ယခုဟင်းနှင့်ယှဉ်လျှင် “တရုတ်ဘဲပေါင်းဟင်း” ကပင် ပို၍ နူးညံ့ပြီး အထဲတွင် ပါ၀င်သောဟင်းသီးဟင်းရွက်များအား သူပြောနိုင်သေးသည်။ 


တစ်ဖက်လူက တွေးတောနေသည်အား ကြည့်၍ မော့၀မ်ယွီက သူ၏ ပွင့်ဟနေသော ပါးစပ်ထဲသို့ အာလူးတစ်တုံးအား အမြန်ထည့်‌လိုက်သည်။


 ဟင်းက နွေးနေဆဲဖြစ်ပြီး ဤအခြေ‌အနေတွင် တစ်ဖက်လူအား ရှင်းပြမည့်အစား အရသာအား မြည်းစမ်း‌စေလိုက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။


အိမ်ထိန်း၏ စကားများနှင့် ပုံစံကြောင့် ကျူးရှုက ချောင်းအနည်းငယ် ဟန့်လိုက်ပြီး သူ၏နားရွက်ဖျားများက ချက်ချင်းနီရဲလာခဲ့သည်။


မော့၀မ်ယွီတစ်ယောက် သူ့အရှေ့မှ အိမ်တော်ထိန်းကြီးသည် အစက အဆိပ်အားစားလိုက်ရသလို မျက်နှာမှ ခဏအကြာတွင် မျက်ခုံးများက ဖြောင့်တန်းသွားသည်အား ကြည့်နေလိုက်သည်။ 


ထိုသို့ ပြောင်းလဲသွားသည့်အချိန်က တစ်ခဏအတွင်းမှာပင်ဖြစ်သည်။


အိမ်တော်ထိန်း၏ပုံစံကြောင့် အခြားသူများကလည်း ချီတုံချတုံဖြင့် အတုံးသေးလေးများ ယူ၍မြည်းလိုက်ကြသည်။ 


တစ်လုပ်ခန့် မြည်းကြည့်ရာမှစ၍ အိုးတစ်အိုးလုံး ပြောင်သည်အထိ မရပ်တန့်နိုင်ခဲ့ကြသည်မှာ ယခုလေးတွင်ပင် ဟင်းအား မကြိုက်သလို ဖြစ်နေခဲ့ကြသူများနှင့်ပင်မတူတော့ချေ။ 


မော့၀မ်ယွီ စိတ်ကျေနပ်မှုကြောင့် အသာခေါင်းငြှိမ့်လိုက်သည်။ လူတိုင်း၏ အကြိုက်ကို ညှိရန် ခက်ခဲလှပြီး အစားအစာတစ်ခုအား စားသည့်လူတိုင်းက ကြိုက်သည်‌ဆိုသည်မှာ ရှားလှသည်။


ယခုကြည့်ရသည်မှာ သူ အောင်မြင်သွားခြင်း ဖြစ်ပေသည်။


မော့၀မ်ယွီ ကျုးရှုအား အသာပြုံးပြလိုက်ကာ သူအောင်မြင်သွားပြီဖြစ်ကြောင်း ပြောပြချင်ခဲ့သည်။


 မကြာမီပင် ကျူးရှု၏ ဗာဒံစေ့မျက်လုံးလေးများထဲတွင် လှိုင်းလေးများ ‌ထွက်ပေါ်လာခဲ့သည် ချီးကျူးဟန်ဖြင့် အသာအယာ ပြန်ပြုံးပြလာခဲ့လေသည်။ 


သူတို့နှစ်ဦးကြားတွင် တိတ်တဆိတ် အပြန်အလှန်နားလည်မှုရှိခဲ့ပြီး တစ်ပြိုင်နက် ထရပ်လိုက်ကြကာ ခြံ၀င်းဘက်သို့ လျှောက်သွားခဲ့ကြသည်။


သူတို့ထွက်သွားသည်ကိုပင် သတိမမူမိခဲ့ကြသော လူအုပ်စုကမူ တစ်ဇွန်းပြီးတစ်ဇွန်း ပါးစပ်အပြည့် သွပ်သွင်းနေခဲ့ကြပြီး သူတို့ အမြဲတစေ လေးစားခဲ့သော အိမ်ထိန်းကြိီးကိုပင် တွန်းတိုက်နေခဲ့ကြသည်။ 


“ရပ်ကြတော့!!”


လက်ထဲတွင် ပန်းကန်လုံးတစ်ခုကိုင်ထားပြီး မုတ်ဆိတ်တွင် အညိုရောင်ဟင်းနှစ်အနည်းငယ် ပေနေသော အိမ်တော်ထိန်းကြီးက တွန်းတိုက်ခံလိုက်ရသဖြင့် ဒေါသထွက်ကာ အော်ပြောလိုက်သည်။


လူတိုင်းက အိုး‌နံဘေးတွင် ဝိုင်းနေကြပြီး နောက်ဆုံးလက်ကျန် ဂေါ်ဖီပန်းပွင့်အား သူ့ထက်အငယ်များက လုစားသွားမည်ကိုကြည့်ကာ မ‌ကျေမနပ်ခံစားလိုက်ရသည်။


“မင်းတို့အခု ဘာနဲ့တူနေပြီလဲ ကိုယ့်ကိုယ်ကိုယ် ကြည့်ကြအုန်း!!”


အိမ်ထိန်းကြီးက ဆူလိုက်သောအခါ ပါးစပ်‌ထောင့်နားတွင် ပေပွနေခဲ့သော အစေခံလေးများအားလုံးက အိမ်ထိန်းကြီးဘက်သို့ကြောင်တောင်တောင်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ 


ထိုအခိုက်တွင် အိမ်တော်ထိန်းကြီးက လူအုပ်နံဘေးမှ ထွက်လိုက်ကာ စားပွဲဆီသို့ ဟန်ပါပါလျှောက်သွားလိုက်ပြီး အခြားသူများနှင့်ပြိုင်လုရန်မလိုသော မထီမဲ့မြင်ဟန်ဖမ်းလိုက်သည်။ 


အနီးမှ အစေခံငယ်များ သတိမထားမိခင်မှာပင် အိမ်ထိန်းကြီးသည် သူ့လက်ထဲမှ တူအား အလင်း၏အရှိန်ဖြင့် အမြန်ဆွဲထုတ်လိုက်ပြီး သူ့အားကြည့်နေသော မျက်လုံး နှစ်စုံ သုံးစုံအောက်တွင်ပင် နောက်ဆုံးလက်ကျန် ‌အနှစ်များ‌နှင့်ရောနေသော ဂေါ်ဖီပန်းပွင့်များကို အမြန်ယူစားလိုက်တော့သည်။


အားလုံးက ပြိုလဲသွားကြပြီး သူတို့လက်ထဲမှ ပန်းကန်နှင့်တူများအား ချလိုက်ကြကာ မျက်ရည်အပြည့်မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။ 


‘အဲဒါက နောက်ဆုံးလက်ကျန်လေး!...နောက်ဆုံးကျန်တဲ့ဟာလေးလေ!!!’

__