အခန်း(13)
မော့ဝမ်ယွီတစ်ယောက် သူ့ဘက်မှ ကာကွယ်သည့်စကားကိုသာ ပြောနိုင်ခဲ့ပြီး အပြစ်ကင်းသောမျက်လုံးလေးများဖြင့်သာ မျက်တောင်တဖျတ်ဖျတ် ခတ်နေလိုက်သည်။
သူ့အနေဖြင့် တစ်ဖက်လူအား တားဆီးချင်ခဲ့သော်လည်း တစ်ဖက်လူက အလွန်လျင်မြန်၍ တားရန်မမှီခဲ့ခြင်းဖြစ်ပေသည်။
ထို့ကြောင့် သူ့ပြောသည့်အကြောင်းပြချက်သည်လည်း မှန်ကန်နေခဲ့သည်။
ငရုတ်အနှစ်သည်ကား ပြီးပြည့်စုံပြီး အစပ်အရသာကလည်း ကွက်တိပင်ဖြစ်သည်။ အားရှုကဲ့သို့ အစပ်မကြိုက်သူမျိုးကပင် ခဏအကြာတွင် အရသာအား ချီးကျူးလာခဲ့သည်။
သို့သော်လည်း အသားနှင့် အသီးအရွက်များအား နှပ်ရန်အတွက် လိုအပ်သော ပါ၀င်ပစ္စည်းများအား မ၀ယ်ရသေးချေ။ မော့၀မ်ယွီသည်ကဆော့ ငရုတ်အနှစ်ပုလင်းအား အလေးအနက်ကြည့်ကာ သူ၏မေးစေ့အား အသာထိလိုက်သည်။
သူ့ထံတွင် မည်သည့်ပစ္စည်းများ လိုသေးသည် ဟူသောစကားအား ကြားသော် ဘေးဘက်တွင်ရှိနေသော ကျူးရှုသည်က မျက်လွှာအသာချကာ ခေတ္တရပ်တန့်နေခဲ့ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်သည်။
“နွယ်ချိုနဲ့ သစ်ကြားပိုးခေါက် နှစ်မျိုးလုံးက ဟွေ့ချန်ဆိုင် မှာရှိတဲ့ ဆေး၀ါးတွေ”
ခဏရပ်လိုက်ပြီး တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။
“ဟွေ့ချန်ဆိုင်ဆီကို သွားရင်ရလောက်တယ်”
ကျူးရှုမှ တခြား မည်သည့်အရာကိုမှထပ်မပြောလာခဲ့သော်လည်း သူပြောလိုက်သည့် စကား၏နောက်တွင် အဓိပ္ပာယ်က ရှင်းလင်းလှသည်။
မော့၀မ်ယွီလိုသော ပစ္စည်းအမယ်အားလုံးနီးပါးက ဆေးအမယ်များသာဖြစ်၍ ဟွေ့ချန်တွင် အစုံရနိုင်သည်။
ဟွေ့ချန်သည်ကား ကွေ့ဟွားမြို့၏ အရှေ့ပိုင်းဈေးတွင်ရှိသော ဆေးကုသခန်းလေး ဖြစ်သည်။
မော့၀မ်ယွီ နောက်ဆုံးတစ်ကြိမ် အပြင်သို့ထွက်သွားခဲ့ချိန်က ၎င်းကို သတိထားခဲ့မိသည်။
ယခု ကျူးရှု၏ စကားအားကြားသော် သူ့အာရုံက တစ်ဖက်မှ သိပ်ပြီး ဂရုတစိုက်ဟန်ပန်မျိုးရှိမနေသော သခင်ငယ်လေးထံသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး အံ့ဩမှုအနည်းငယ်ဖြင့် လှည့်ကြည့်လိုက်မိသည်။
ကျူးရှု၏ ဗာဒံစေ့ မျက်လုံးလေးများက မျက်လွှာချထားပြီး သူ၏ မျက်လုံးထဲမှလျစ်လျူမရှုနိုင်မှုများအား အသာဖုံးကွယ်ထားသည်။
သူ၏ အေးစက်မှုများသည်ကား ဟင်းနံ့နှင့် ထင်းမီးခိုးငွေ့ရနံ့များဖြင့် ပြည့်နှက်နေသော မီးဖိုခန်းထဲတွင်အနည်းငယ် လွင့်ပြယ်သွားဟန်ပေါ်နေခဲ့သည်။
ပတ်၀န်းကျင်မှ လူတိုင်းနှင့် အစေးမကပ်နိုင်သော ကျူးရှူ...
အခြားလူများနှင့်ဆိုလျှင် အမြဲ ဝေးဝေးတွင်သာ ရှိနေခဲ့သည့် ထိုသူသည်ကား ယခုအချိန်တွင် မော့၀မ်ယွီအား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေခဲ့သည်။
ဓသည်က အနည်းငယ် မမျှော်လင့်ထားခဲ့သော အရာဖြစ်သော်လည်း မော့ဝမ်ယွီကို အမှန်တကယ့်ကို ခံစားချက်ကောင်းစေသည်။
တစ်ဖက်လူပြောခဲ့တဲ့ အရာများကို မော့ဝမ်ယွီသိပြီးခဲ့ပြီး ဖြစ်နေခဲ့ရင်တောင်မှပေါ့ ..။
ငရုပ်သီးအနှစ်နှပ်သည့် နေရာတွင် သုံးရန်လိုသော ဟင်းအမယ်အများစုက ဆေးဘက်သုံးများဖြစ်ပေသည်။
တက္ကသိုလ်ကောင်းကောင်းမှ ဘွဲ့ရလာခဲ့သော မော့၀မ်ယွီသည်က ၎င်း၏အခြေခံလောက်ကိုဖြင့် သိပနေသေးသည်။
သူအချိန်ကြာမြင့်စွာ ပူပန်တွေးတောနေရခြင်းက ပမာဏမည်မျှ ၀ယ်ထားရမည်ကို တွေးတောနေခဲ့ခြင်းကြောင့်သာဖြစ်သည်။
ကျူးရှုက တစ်ဖက်လူမှ သူပြောနေသည်အား နားမလည်ဟု အထင်မှားကာ ကြင်နာစွာဖြင့် သူ့အား နောက်တစ်ကြိမ် ထပ်မံသတိပေးခဲ့သည်။
“သိပါတယ်” ဟူသောစကားက မော့၀မ်ယွီ၏ ပါးစပ်ထဲသို့ ရောက်လာခဲ့ပြီးမှ ပြန်လည်မျိုချခြင်းကို ခံခဲ့ရလေသည်။
ကျူးရှု၏ အေးတိအေးစက် မျက်ခုံးတန်းလေးများအား ကြည့်ရင်း မော့၀မ်ယွီ မျက်တောင်အသာခတ်ကာ ဝမ်းနည်းကြေကွဲနေသည့်ဟန်ဖြင့်ည ပြောလိုက်သည်။
“ဟွေ့ချန်က ဘယ်နားမှာလဲဆိုတာ ကိုယ် သေသေချာချာမသိဘူး...ရုန်စစ်ကပဲ ကိုယ့်ကို ခေါ်သွားပေးလို့ရမလား”
“ရတယ်လေ”
ဟွေ့ချန်တွင် လက်ရှိ ကျန်ရှိနေသော ဆေးပစ္စည်းများက မစုံလင်တော့ချေ။ ပို့ဆောင်ရန်အတွက်သည်လည်း ရက်အနည်းငယ် စောင့်ရန်လိုအပ်နေလေးသည်။
ထိုအချိန်မှသာ ကျုးအိမ်တော်မှ အမှာများကို ဆေးဆိုင်အလုပ်သမားတစ်ဦးက လာပို့ပေးမည်ဖြစ်သည်။
တခြားသောအရာများ လုပ်စရာ အလျင်လိုခြင်းမရှိသဖြင့် မော့၀မ်ယွီလည်း တခြားမည်သည်ကိုမှ ထပ်မံ မေးမြန်းမနေခဲ့ဘဲ ကျေးဇူးတင်စကားပြောပြီးနောက် ကျူးရှုနှင့်အတူ ထွက်လာခဲ့သည်။
ဟွေ့ချန်မှ ကြီးကြပ်သူက သူတို့နှစ်ဦးအား တံခါးအထိ လိုက်ပို့ပေးခဲ့လေသည်။
မော့၀မ်ယွီက ပျော်ရွှင်စွာနှင့်ပင် ကျူးရှု၏ နောက်မှ လိုက်ပါသွားသည်အား မြင်သော် ထိုလူကြီးက မုတ်ဆိတ်များကို အဓိပ္ပာယ်ပါပါ သပ်လိုက်သည်။
“ဆရာကြီး...တချို့ ဆေးဝါးတွေက ရဖို့ခက်တယ်လေ...သူတို့ကို ကူညီပေးဖို့ ဘာလို့ဒီလောက်တောင် ကြိုးစားပေးတာလဲ”
ဆိုင်မှအလုပ်သင်လေးက အခြေအနေအား ရိပ်မိခဲ့ပြီး ဆေးများကိုကိုင်လျက်ပင် စိတ်၀င်တစားမေးမိသည်။ သူ့၏ဆရာသည် အမြဲတစေ ဈေး၀ယ်သူများအတွက် စိတ်အားထက်သန်နေတတ်သူဖြစ်သော်လည်း ကျူးမိသားစုအိမ်ဆော်မှ တောင်းဆိုသော ဆေးအမယ်အချို့ကမူ ရှာဖွေရန်အလွန်ခက်ခဲသည်။
ထိုမျှမကသေး သူ၏ဆရာက လာ၀ယ်သော လူငယ်လေးအား ဈေးတစ်၀က်သာပေးရန်ပင် ပြောခဲ့သေးသည်။ သို့သော် တစ်ဖက်မှ လူငယ်လေးက ၎င်းအား ငြင်းခဲ့ပြီး ဈေးအမှန်အတိုင်းပင် ပေးပါမည်ဟု ပြောလာခဲ့သည်။
“မင်းမသိပါဘူး ကောင်စုတ်လေး...အဲဒီ ကျူးမိသားစုအိမ်က သားမက်ကောင်လေးက အနာဂတ်မှာ ပြောင်းလဲသွားပြီး ကောင်းမွန်တဲ့ အကြောင်းကံတွေ ရလာလိမ့်မယ်လို့ ငါ ခံစားနေရတယ်”
ဆေးဆိုင်ကြီးကြပ်သူက မျက်မှောင်ကြုတ်၍ဆက်ပြောလိုက်သည်။
“ဘာလို့လဲဆိုတာကိုတော့ ငါသေချာမပြောနိုင်ဘူး...ဒါ့အပြင် ကျူးသခင်လေးကိုလည်းကြည့်လေ၊ သူက သူ့အမျိုးသားကို ကောင်းကောင်းဆက်ဆံခြင်း မရှိဘူးလို့ ပြောနေကြပေမဲ့ ဒီနေ့ သူတို့က ဒီကို ဆေးလာ၀ယ်တာတောင် အတူတူလာခဲ့ကြတာ၊
ဒါကဘာအဓိပ္ပာယ်လဲ၊ ကျူးသခင်လေးက အခုတော့ ကျူးသမက်လေးကို စပြီး ဂရုစိုက်လာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ”
နံဘေးမှ နားထောင်နေသူက မည်သည်မှထပ်မပြောလာတော့ချေ။
သူ့အနေဖြင့် ကျူးအိမ်တော်က ခဏတာ အရှုပ်အထွေးများ ဖြစ်နေသည်အား သိခဲ့ပြီး သူကသာ တစ်ဖက်လူ ခက်ခဲနေမှုအား အကျိုးအမြတ်ယူခဲ့ပါက သူသည် အခြားသူများအား ပို၍ခက်ခဲအောင် ဖန်တီးနေသလိုဖြစ်သွားပြီး နောက်ဆုံးတွင် ပြန်၍ထိခိုက်လိမ့်မည်။
တစ်ပါးသူအား ကူညီရင်း ကိုယ့်ကိုယ်ကိုယ်လည်း ကူညီရာရောက်သည့် အပြုအမူများကသာ အနာဂါတ်ခရီးအား ဖြောင့်ဖြူးစေလိမ့်မည်။
သို့သော် ထိုအကြောင်းအရာများအား ဖွင့်ဟပြောနေရန်မလို မိမိဘာသာ သိရှိထားရန်သာလိုအပ်ပေသည်။
အလုပ်သင်ကောင်လေးသည်လည်း ကြီးပြင်းလာပြီး ပြဿနာပေါင်းစုံ ကြုံဆုံလာရပြီးနောက်တွင် နားလည်လာပေလိမ့်မည်။
သူက ဤမြို့ထဲတွင် နေထိုင်ခဲ့သည်မှာ ကာလကြာရှည်လှပြီဖြစ်ပြီး ကျူးရှု၏ သူမတူသော အကျင့်စရိုက်အား သိထားခဲ့ပြီးဖြစ်ကာ ၄၎င်းတို့အပေါ် အာရုံများစွာ မထားခဲ့ခြင်းသာဖြစ်သည်။
ယနေ့ကြည့်ရသည်မှာတော့ ကျူးသခင်လေးသည် တစ်ဖက်မှ သားမက်ကလေးအား အထူးစိတ်၀င်တစားရှိနေဟန်ပေါ်သည်။ သို့သော် ဤသည်က သူတို့ ကျူးအိမ်တော်မှ ကိစ္စများသာဖြစ်ပြီး သူနှင့် မသက်ဆိုင်ပေ။
“ဒါပေမဲ့ ခုနကပြောခဲ့သလိုပဲ အဲဒီ သားမက်လေးက အတော့်ကို ပြောင်းလဲသွားတယ်၊ သူက ယဉ်ကျေးပြီး ဆေး၀ါးတွေအကြောင်းကိုလည်း သိနေသေးတယ်၊ အရင်တုန်းက အရူးလေးလို ပုံစံမျိုးနဲ့ လုံး၀မတူတော့ဘူး”
ဆေးဆိုင်မှလူကြီးက စကားအနည်းငယ် ရေရွတ်လိုက်ပြီး ခေါင်းအသာငြှိမ့်လိုက်သည်။ သို့ပေသိ ထိုအရာကလည်း သူပူပင်ရမည့်ကိစ္စမဟုတ်သည့်အတွက် များများစားစား ထပ်မတွေးနေခဲ့တော့ချေ။
သူ ၀ယ်လိုသော ဆေးဝါးများကလည်း ဘေးဥပါဒ်မဖြစ်သော အရာများသာဖြစ်၍ တစ်ဖက်လူအား လိုလိုလားလားပင် ရောင်းပေးလိုခဲ့သည်။
အကယ်၍ ထိုသူ လိုချင်သော ဆေးများက တစ်ဖက်လူအား ထိခိုက်စေနိုင်သောအရာမျိုးဆိုပါက ရောင်းမရောင်းကို ပြောရန်ခက်ခဲပေသည်။
အကြောင်းသင့်စွာပင် တစ်ဖက်မှလည်း အန္တရာယ်ကင်းသော ဆေးဝါးများကိုသာ တောင်းဆိုခဲ့သည်။
ဆေးဆိုင်တာ၀န်ခံ လူကြီးသည်ကား သူ၏ မုတ်ဆိတ်မွှေးအား အသာထိတွေ့ကာ အချိန်အတော်ကြာမှသာ ဆိုင်ထဲသို့ ပြန်လှည့်၀င်သွားခဲ့သည်။
အလုပ်သင်ကလေးသည်ကား သူ့၏ဆရာပြောသွားခဲ့သည်များအား သိပ်နားမလည်လိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းအသာငြှိမ့်ကာ မော့၀မ်ယွီမှာသော ဆေးများကို ပြင်ဆင်ပေးရန်သာ အပြေးသွားခဲ့တော့သည်။
ဆေးဆိုင်မှ အလုပ်သမားလေးက ဆေးလာမပို့မီတွင် မော့၀မ်ယွီတစ်ယောက် ကျုးမိသားစုအိမ်တော်တွင် စာရွက် အပိုင်းအစများအား လိုက်ရှာခဲ့သည်။ ထို့နောက် စာရွက်ပေါ်တွင်တွန်းလှည်းသဏ္ဍာန်ကို စတင် ရေးဆွဲခဲ့သည်။
ကျူးမိသားစုအိမ်မှ ဈေးဆိုင်မှာ ပေါင်နှံထားခဲ့သည်မှာ ကြာပြီဖြစ်ပြီး မော့၀မ်ယွီအတွက် ဆိုင်ဖွင့်ရန် နေရာမရှိပေ။
ထို့ကြောင့် သူ့အနေဖြင့် တွန်းလှည်းအသေးလေးတစ်ခုကို ဖန်တီးပြီး ဈေးဆိုင်တန်းတွင် ဆိုင်ဖွင့်ရန် တွေးတော့ထားလိုက်သည်။
သူက မည်သို့သော တွန်းလှည်းပုံစံက အသုံး၀င်လောက်မည်ကို အချိန်အတော်ကြာသည်အထိ စဉ်းစားနေခဲ့ကာ လက်ရှိတွင်တော့ ပုံစံ တစ်ခုအား ရွေးချယ်နိုင်ခဲ့ပြီဖြစ်ပေသည်။
ဤပုံစံကိုရရှိရန်အတွက် သူ တစ်နေ့လုံးပင်စဉ်းစားနေခဲ့ရသည်။
ကျူးရှုတစ်ယောက် သူ့အခန်း၏ ဘေးဘက် အခန်းမှ ဖြတ်သန်းသွားချိန်တွင် တံခါးပွင့်နေသည်အား တွေ့ပြီး အထဲသို့ သတိလက်လွတ် လှမ်းကြည့်လိုက်မိသည်။
အခန်းထဲမှ ကြမ်းပြင်တွင် စာရွက်စများ အပုံလိုက် ရှိနေခဲ့ပြီး ထိုစာရွက်များပေါ်တွင် ရှုပ်ထွေးနေသည့် အရာတစ်ခုအား ရေးခြစ်ထားဟန်ပေါ်သည်။
မော့၀မ်ယွီကဆော့ ထိုစာရွက်အပုံအလယ်တွင် ထိုင်လျက်ရှိပြီး သူ၏ မင်ရောင်ဆံပင်များအား ချည်နှောင်ထားကာ လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ထားလျက် ကြမ်းပေါ်မှ စာရွက်အား စေ့စေ့ကြည့်နေလေသည်။
မိုးခမခ မျက်လုံးများက အသာမျက်လွှာချနေခဲ့ပြီး သူ့၏နှုတ်ခမ်းစွန်းများကတော့ တင်းကျပ်စွာ ပိတ်ထားခဲ့ကာ မျက်လုံးအောက်မှမြင်ကွင်းအား အထူးအဖိုးတန်သည့်အရာတစ်ခုကို ကြည့်နေသကဲ့သို့ သေသေချာချာ အာရုံစူးစိုက်နေခဲ့သည်။
ကျူးရှုအတွက် မော့၀မ်ယွီ၏ အပြုံးနှင့် ရင်းနှီးနေခဲ့ပြိီးဖြစ်သော်လည်း တစ်ဖက်လူ၏ အလွန်အမင်း အာရုံစိုက်နေသည့်ပုံစံကိုတော့ မရင်းနှီးခဲ့သေးပါချေ။
သူ စာရွက်ပေါ်မှ ပုံရိပ်အား တစ်စွန်းတစ်စမြင်သော် ခဏမျှ ရပ်တန့်သွားခဲ့သည်။ စာရွက်ပေါ်တွင် ဆွဲသားနေသည့်အရာအား သူတိတိကျကျ မမြင်ရသော်ငြားလည်း အကြမ်းပြောရလျှင် ယုန် သို့မဟုတ် စွန်နှင့်တူသည်။
‘စက္ကူစွန်လား’
ကျူးရှုသည် ကြောင်အ,သွားခဲ့ပြီး ယမန်နေ့က လမ်းတွင်တွေ့ခဲ့သော စက္ကူစွန် အရောင်းဆိုင်အား ပြန်သတိရသွားခဲ့ရကာ အဖြေပေါ်လာခဲ့သည်။
သို့သော် ချက်ချင်းပင် ထိုအတွေးအား ပယ်ချလိုက်ပြီး အမြန်ပင်မျက်လွှာချလိုက်မိပြန်သည်။
သူသည်လည်း သူ့ကိုယ်သူ သိခားခဲ့သည်။ သူဆိုသည့်လူသည်ကား မည်သို့သော အချိန်အခါကမျှ ချစ်စဖွယ် မဖြစ်ခဲ့ပါချေ။
သူ့အတွက် တစ်စုံတစ်ယောက်မှ အထူးတလည် စက္ကူစွန်လေး ဖန်တီးပေးရန် ဆိုသည်ကလုံးလုံးလျားလျား မဖြစ်နိုင်အရာပင် ဖြစ်ပေလိမ့်မည်။
*