Ch 12
Viewers 1k

အခန်း(12)


ဆောင်းဦးရာသီသည် ကြော့ရှင်းကြည်လင်၍ အေးချမ်းလှ‌ေပသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်မှစ၍ နေအပူချိန်ပြင်းလာခဲ့ပြီး ရာသီဥတုက နွေးသထက်နွေးလာခဲ့သည်။ မော့၀မ်ယွီသည် အနက်ရောင် အ၀တ်အထည်များ ၀တ်ဆင်ထားခဲ့ပြီး သူ၏ချောမောသော မျက်နှာထက်တွင် စိတ်လှုပ်ရှားနေဟန်မှာ ပေါ်‌‌လွင်နေ‌‌ေပသည်။ မိုးမခရွက်များလို ကွေးညွတ်နေသော မျက်လုံး‌များက အရှေ့မှ ပုလင်းထံသို့ စိုက်ကြည့်နေခဲ့၏။


အသက်ပြင်းပြင်းရှူလိုက်ကာ မော့ဝမ်ယွီသည် အရေးကြီးကိစ္စအား ဆုံးဖြတ်လိုက်ရသကဲ့သို့ ပုလင်းအဖုံးအား ဖွင့်လိုက်သည်။ အဖုံးကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် ငရုတ်သီးရနံ့က သူ၏အရသာခံဂလင်းများအား နှိုးဆွလိုက်ကာ နှာခေါင်းတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။


မော့၀မ်ယွီသည် စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းတစ်ချက်ချလိုက်ကာ တင်းတင်းစေ့ထားသော နှုတ်ခမ်းတစ်စုံမှာ မသိမသာ ကွေးညွတ်သွားခဲ့၏။ ၎င်းကပင် လူငယ်ကလေး၏ မျက်လုံးများအား ပိုမိုတောက်ပသွားစေခဲ့သည်။


အနံ့ရသူတိုင်း သွားရည်ကျ‌သွားအောင် ဆွဲဆောင်နိုင်သည့်အနံ့အား ရလိုက်သည်နှင့်တစ်ပြိုင်နက် သူနှပ်ထားသော ငရုပ်အနှစ်သည် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း မော့၀မ်ယွီသိလိုက်ရသည်။ 


သူ ယခုအချိန်ထိ “ဂျင်းနှင့်ကြက်သွန် ထည့်လိုက်တာ များသွားသလား”ဟုတွေးကာ အနည်းငယ် ပူပန်နေတုန်းပင်ဖြစ်‌သည်။ ပမာဏ အနည်းငယ် ပိုများသွားလျှင်ပင် ငရုတ်အနှစ်၏ အရသာက လွန်ကဲသွား‌ပေလိမ့်မည်။ ကံကောင်းသည့်အရာက သူ၏ မူလဘ၀တွင် ငရုတ်အနှစ် ကိုယ်တိုင်လုပ်နေကြဖြစ်သဖြင့် မှန်းဆချက်များ မလွဲသွားခဲ့ပေ။


သူ့ကဲ့သို့ အစားအသောက်ကောင်းများဖြင့် အရသာခံဂလင်းများအား နှိုးဆွ‌ပေးတတ်သည့်သူများမှာ အချိန်ကြာလာသည်နှင့်အမျှ အခြားသူများ ချက်ထားသော ဟင်းပွဲများကို စားရရုံနှင့် မတင်းတိမ်နိုင်တော့ဘဲ ကိုယ့်အကြိုက်နှင့် ကိုက်အောင် ကိုယ်ပိုင်ဟင်းလျာများအား ဖန်တီးတတ်ကြပေသည်။


အနံ့နှင့်ပင် လုံလောက်နေခဲ့ပြီဖြစ်သော်ငြား အရသာကို သူမမြည်းကြည့်ရသေးပေ။ မော့၀မ်ယွီသည် အင်္ကျီလက်အား မတင်လိုက်ပြီး ဇွန်းတစ်ချောင်း ယူကာ တစ်ဇွန်း‌အပြည့်လေး ခပ်၍မြည်းကြည့်ရန်ပြင်လိုက်သည်။ သူ့ပါးစပ်ထဲသို့ ငရုတ်အနှစ်က မရောက်ခင်လေးတွင် အားရှုသည် မီးဖိုခန်းထဲသို့ အလျင် ၀င်ရောက်လာခဲ့သည်။


“ရှီးရယ်..!! ကျွန်တော် ဈေးထဲမှာ ဘယ်သူ့ကိုတွေ့လာခဲ့သလဲ သိလားဟင်!!”


အားရှုက အော်ပြောလိုက်ပြီး သူ၏သူရဲကောင်းဆန်ဆန်မျက်နှာထက်တွင်လည်း ချွေးသီးချွေးပေါက်များရှိနေပေသည်။...သူ့ကြည့်ရသည်မှာ တစ်လမ်းလုံး ပြေးလာခဲ့ဟန်တူသည်။ မော့၀မ်ယွီ ဘာမျှပြန်မပြောရသေးခင်မှာပင် အားရှုက စိတ်မရှည်ဟန်ဖြင့် သူ့ဘာသာ ပြန်ဖြေလိုက်သည်။


“ကျွန်‌တော် လီသို့ကန်း တွေ့ခဲ့တာ !သူဘာလုပ်နေဆိုတာ ရှီးရယ်သိရဲ့လား...!!”


ထိုစကားအားကြားလိုက်ရသည့် အချိန်ကျမှ အားရှုအား လှည့်ကြည့်ရန် မော့ဝမ်ယွီအချိန်ရခဲ့သည်။ သူ အားရှုအား မျက်ခုံးပင့်၍ ကြည့်လိုက်ကာ ပြန်မဖြေခဲ့ချေ။ အားရှုကလည်း သူ့အား ပြန်ဖြေစေလိုခြင်းမဟုတ်သကဲ့သို့ပင်။ အမှန်ပင် အားရှုက သူ့အားစဉ်းစားချိန်ပင်မပေးခဲ့ဘဲ သူ့ဘာသာသူ ‌ပြန်ဖြေလိုက်ပြန်သည်။


“သူလေ တကယ်ကြီး အဒေါ် ရှီကို ဆိုင်ပြန်ဆောက်ဖို့ ကူပေးနေခဲ့တာ!!...သူ့ မျက်နှာ‌ေဖာင်း‌ေဖာင်းကြီးကလည်း ပြုံးလို့ရယ်လို့....သူ အဲ့လို သဘောကောင်းနေတဲ့ပုံစံ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး”


ပြောပြပြီးသည့်နောက်တွင် အားရှုသည် သူယနေ့တွေ့ခဲ့သော လီသို့ကန်း၏ ပုံမှန်မဟုတ်သော ပုံစံကြောင့် အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။


မော့ဝမ်ယွီ့ထံ ပြန်ရောက်လာသည်နှင့် တစ်ပြိုက်နက် လမ်း၌ သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် မှန်သမျှကို ပြောပြလေ့ရှိသည်။ယခု အားရှုသည် မထင်မှတ်ထားလောက်အောင် ဒေါသတကြီးဖြစ်နေခဲ့ကာ လီသို့ကန်းအား ဓားဖြင့် သွားခုတ်လိုသည့်ပုံ ပေါ်နေပေသည်။ အားရှု့သိသည့် လီသို့ကန်းဆိုသူမှာ မိဘနောက်ခံအားကိုးဖြင့် သူတစ်ပါးအား အနိုင်ကျင့်တတ်သူဖြစ်သည်။


ထိုသူသည် လွန်ခဲ့သောရက်အနည်းငယ်ကပင် မင်မျိုးနွယ်အိမ်တော်မှ အစေခံတစ်ယောက်၏ ငွေများကို လုယက်သွားခဲ့သေးသည်။ အားရှုက ထိုအစေခံ‌ဖြင့် ရင်းနှီး‌ေသာ‌ေကြာင့် ထိုလူအား အလွန်အမင်း မုန်းတီးနေမိသည်။ အစေခံအလုပ်သမားတစ်ယောက်အတွက် ငွေစုဆောင်းရသည့်ကိစ္စမှာ လွယ်သည့်အရာမဟုတ်ပေ။ ထိုအစေခံသည် လစဉ်လတိုင်း တူညီသည့် ငွေပမာဏကိုသာရခဲ့ခြင်းဖြစ်ပြီး ကြိုးကြိုးစားစားစု‌ေဆာင်းခဲ့သူလည်းဖြစ်သည်။ မင်မျိုးနွယ်ဆုက လတ်တလော အခက်အခဲများစွာ ကြုံတွေ့နေရခြင်းကြောင့် အစားအစာနှင့် အ၀တ်အထည်များ ပုံမှန်မရတော့ဘဲ ပြတ်တောက်သွားသဖြင့် သူ့အတွက် ပိုမိုခက်ခဲခဲ့ခြင်းဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ သူသည်ယနေ့တွင် အဒေါ် ရှီအား ဆိုင်ကူဆောက်ပေးနေခဲ့ပြီး အခြားသော အမျိုးသမီးများကိုလည်း ကူညီပေးနေခဲ့သော လီသို့ကန်းအား တွေ့ခဲ့ရသည်။ အဆီတ၀င်း၀င်းမျက်နှာက ပြုံး‌ေပျာ်နေခဲ့ပြီး တခြားလူတစ်ယောာက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ပုံစံအား အားရှုအဝေးမှ မှင်သက်စွာ ရပ်ကြည့်နေခဲ့ရသည်။


ထိုအကြောင်းအား ကြားသော် မော့၀မ်ယွီသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူသည်လည်း လီသို့ကန်းကဲ့သို့‌ေသာလူသည် အချိန်တို‌ေလးအတွင်း ဤမျှ ပုံစံပြောင်းလဲသွားလိမ့်မည်ဟု မထင်မိချေ။


“ပြီးတော့ ကြားခဲ့တာရှိသေးတယ်...သူမနေ့ညက လမ်းကြိုလမ်းကြားထဲကနေ တစ်ယောက်ထဲ ပြန်တော့ အဲ့ဒီမှာ တစ်ခုခုဖြစ်ခဲ့တယ်တဲ့ ပြီးတော့ နောက်နေ့လည်း‌ရောက်ရော အခုလိုဖြစ်သွားတော့တာပဲတဲ့”


မော့၀မ်ယွီက အားရှု ထပ်ပြောသည့်အရာအား ကြားသော် တစ်စုံတစ်ခုအားတွေးလိုက်မိကာ အသာပြုံး၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။


“ဘာလို့ အဲ့ကလေးက ဒီလောက်မြန်မြန် လှုပ်ရှားရတာတုန်း”


အားရှုက‌ေတာ့ သေချာမကြားသဖြင့် ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်သည်။


“ကလေး??...ရှီးရယ် ဘယ်ကကလေးကိုပြောတာလဲ”


မော့၀မ်ယွီ ခေါင်းယမ်းပြလိုက်ကာ မည်သည့်အရာမှဆက်မပြောခဲ့ပေ။ လီသို့ကန်းက ချမ်းသာသည့်မိသားစုမှသား‌ဖြစ်သည့်အတွက် ထိုသို့သောအရာမျိုးကို သိပ်ဂရုထားလိမ့်မည်မဟုတ်ပေ။ ထို့အပြင်မကသေး ထိုသူသည် ခွေးရှိသော လမ်းကြားထဲသို့ မဆင်မခြင်၀င်သွားခဲ့ပြီး ခွေးကိုက်ခံခဲ့ရသေးသည်။ ယခု ခွေးကိုက်ခံရသည့် ဒဏ်ရာပင် အပြည့်အ၀ ပြန်မကောင်းသေးခင်မှာပင် ကလေးတစ်ယောက်ထံမှ ပညာပေးခံလိုက်ရသေးသည်။


ထို အပင်ပေါက်လေးက လူချမ်းသာသခင်ငယ်လေးအား သူလုပ်ခဲ့သည့်အရာများအတွက် ခပ်မြန်မြန်ပင် ပြန်ခံစားစေခဲ့သည်။ ပဲ‌ပင်ပေါက်ကလေးက အမြစ်တိုပင်မဲ့ သူ့အမြစ်လေးက ဒီလောက်ဘယ်ညာ‌ယိမ်းနေသည့် ကြားကတောင် ခိုင်မြဲနေတုန်းဆိုတာက အလွန်အံ့ဩစရာပင်။


ထိုအကြောင်းအား သိပ်မတွေးနေ‌တော့ဘဲ ယခုချိန်ထိ ငရုတ်နှစ်အရသာအား မမြည်းစမ်းရသေး၍ ကောင်းမ‌ကောင်း မဆန်းစစ်ရသေးသည်ကို သတိရလိုက်သည်။ အခြားကိစ္စများကို အသာထားကာ နောက်တစ်ကြိမ် ငရုတ်အနှစ်အား ပါးစပ်ထဲသို့ အမြန်ထည့်ရန် ပြင်လိုက်သည်။ သို့သော်လည်း မျက်လုံးထောင့်တွင် မြင်နေရသော အားရှု၏ စိတ်အားထက်သန်နေဟန် မျက်ဝန်းများအား မြင်လိုက်ရချိန်တွင် သူ့လက်များ ရပ်တန့်သွားခဲ့သည်။


“ရှီးရယ်...ဘာတွေ မြည်းကြည့်နေတာလဲ”


အားရှုသည် ငရုတ်အနှစ် ခပ်မောက်မောက်ခပ်ထားသောဇွန်းအား မျက်လုံးလေးပြူး၍ ကြည့်နေခဲ့သည်။

မော့၀မ်ယွီ ရပ်တန့်လိုက်ပြီး ဇွန်းကိုအသာချလိုက်ကာ လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။


“နောက်အနာဂါတ်မှာ ငါက ‘ရှီးရယ်’ လည်းမဟုတ်ဘူး ‘‌ရှောက်ရယ်’ လည်းမဟုတ်ဘူး....အဲ့လိုခေါ်တာကို တော်တော်လေး စိတ်မသက်မသာဖြစ်မိတယ်....ငါတို့က အတူတူပဲ အဆင့်မြင့်တာတွေ နိမ့်တာတွေနဲ့ပက်သက်ပြီး ထူးခြားနေတာမျိူးမရှိဘူး ဟုတ်ပြီလား”


အားရှုသည် ယခုအချိန်ထိ ကလေးစိတ်သာရှိသေးသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ ရိုးရှင်းစွာပင် အရသာရှိမည့်ပုံပေါ်သော အစားအစာအားမြင်လျှင် မျက်လုံးလေးများက တောက်ပလာလိမ့်မည်။ ကျူးရှုနှင့်အတူ ကြီးလာခဲ့ခြင်းဖြစ်သော်လည်း အိမ်စေအဖြစ် သူ့အဆင့်နှင့်သူ အထူးဂရုထားကာ ပြောဆိုနေထိုင်သည်။


အကယ်၍ တစ်စုံတစ်ခုအား စားချင်နေလျှင်တောင်မှ လိမ္မာပါးနပ်စွာ စကားအနည်းငယ် အစပျိုးရုံသာပျိုးပြီး တိုက်ရိုက်တောင်းဆိုလိမ့်မည်မဟုတ်‌ေပ။ ယခုကဲ့သို့ပင် မော့၀မ်ယွီအား တိုက်ရိုက်တောင်းဆိုခြင်းမပြုဘဲ အမေးစကားဖြင့်သာ အစပြုခဲ့သည်။


သို့သော် မော့၀မ်ယွီသည် သူကူးပြောင်းလာခဲ့သည့်နေ့က အားရှုသည် ကျူးရှုအား ကာကွယ်ရန်အလို့ငှာ အသည်းအသန်ပြေးသွားခဲ့သည်ကို ‌မြင်ခဲ့ရချိန်ကတည်းက အားရှုသည် ကျူးရှုအား သူညီအစ်ကိုကဲ့သို့ ဂရုစိုက်ကာကွယ်လိုစိတ်ရှိမှန်း သိရှိခဲ့ရသည်။


ထို့ကြောင့်ပဲ ရက်အနည်းငယ် အတူရှိပြီးနောက်တွင် မော့၀မ်ယွီသည် အားရှုအား ‌ဖအေမတူ မအေကွဲ ညီငယ်လေးအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် ခေတ်သစ်မှလာသောကြောင့် ‘လူတိုင်း တန်းတူညီမျှ ဖြစ်သည်’ ဟူသောအဆိုအား လက်ခံထားသူဖြစ်ရာ ယခု သူ၏ညီငယ်လေးက သူ့‌ရှေ့တွင် ရိုကျိုးနေသည့်မြင်ကွင်းကို မြင်ရသည့် သူ့အတွက် သက်သောင့်သက်သာ မဖြစ်နေခဲ့ပေ။


မော့၀မ်ယွီသိသည်။ သူသည် စာအုပ်ထဲသို့ အချိန်ကူးပြောင်းလာခဲ့တဲ့ သာမာန်လူတစ်ယောက်သာဖြစ်ပြီး ဤကမ္ဘာမှ လူတိုင်း၏ စိတ်သဘောအား ပြောင်းလဲနိုင်လိမ့်မည်မဟုတ်‌ပေ။ သို့သော်ငြားလည်း သူ့နံဘေးရှိ လူများကိုတော့ တတ်နိုင်သလောက် ကြိုးစား ၍ ပြောင်းလဲချင်ခဲ့သည်။


ထိုသို့တွေးပြီးနောက် မော့၀မ်ယွီသည် မနေနိုင်ဘဲ သူ၏အတိတ်အား ပြန်တွေးမိခဲ့သည်။ 


သူငယ်ရွယ်စဥ်က အမှန်တကယ်သဘောကောင်းသော ကောင်လေးဖြစ်ခဲ့သော်လည်း သူ့အစ်ကိုထံမှ အမြဲစနောက်ခြင်းခံခဲ့ရသည်။ စနောက်ခြင်းများ အဆုံးတွင် အကိုကြီးက သူ၏အကြံဉာဏ်များအား ခိုးသွားခဲ့ပြီး ရက်စက်စွာပင် သူ့အားအလုပ်ပြုတ်စေခဲ့သည်။ ထိုသို့ ခံခဲ့ရပြီးနောက်တွင်လည်း သူ မပြောင်းလဲသွားခဲ့ပေ။


အားရှုသည် ထိုကဲ့သို့သော ခေတ်မီ အတွေးအခေါ်များအား နားမလည်နိုင်သဖြင့် မျက်တောင်ခတ်ရင်းဖြင့်သာ ငြိမ်နေလိုက်သည်။တစ်ဖက်လူက မည်သည့်အရာတွေပြောနေမှန်း မသိသော်လည်း ခေါင်းအသာ လိုက်ငြှိမ့်နေမိသည်။ 


မော့၀မ်ယွီကလည်း တွန့်ဆုတ်မနေတော့ဘဲ တစ်ဖက်လူအတွက် သူပြောနေသည့်အရာအား နားလည်ရန် အချိန်တစ်ခုလိုအပ်ကြောင်း လက်ခံလိုက်သည်။ 


သူ့ရှေ့မှကောင်လေးသည်ကား သူလာခဲ့သော မူလကမ္ဘာတွင် သူ မကြုံတွေ့ဖူးသော ချစ်စရာကောင်းပြီး ရိုးသားလှသည့် ကလေးဖြစ်သည်။


မော့၀မ်ယွီ လှည့်ထွက်သွားပြီး အားရှုအတွက် သစ်သားဇွန်းအသေးတစ်ချောင်း ယူဆောင်လာခဲ့ပြီး ငရုတ်နှစ်အား ဇွန်းဖြင့်ကော်ကာ သူ့လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။


“မြည်းကြည့်...အများကြီး မစားနဲ့”


သတိပေးခြင်း မပြီးသေးမှာပင် ကောင်လေးသည် ဇွန်းအား ယူလိုက်ပြီးဖြစ်ကာ ပါးစပ်ထဲသို့ထည့်ရန် မစောင့်ဆိုင်း‌နိုင်တော့သည့်ဟန်ပင်။


အားရှု၏ ဂျုံရောင်သမ်း‌ေနသော မျက်နှာတစ်ခုလုံးမှာ ချက်ချင်းပင် ရဲတွတ်လာခဲ့ပြီး သူ၏ နက်မှောင်သော မျက်ခုံးများကလည်း ရှုံ့တွသွားခဲ့သည်။ ရေအခွက်မနည်း သောက်ပြီးချိန်မှသာ အားရှု ငြိမ်သွားခဲ့ကာ အပူများထွက်သွား‌စေရန် သူ့လျှာအား အပြင်သို့ထုတ်ထားခဲ့သေးသည်။


“ရှီးရယ်!ဘာလို့ ကျွန်တော့်ကို မတားရတာလဲ”


မော့၀မ်ယွီ ကူကယ်ရာမဲ့စွာပြန်ဖြေလိုက်သည်။


“မင်းကို တားတယ်လေ...မင်းက အရမ်းမြန်တာကိုး”



*