Ch 11
Viewers 1k

အခန်း(11)


မော့၀မ်ယွီတစ်ယောက် ငရုတ်သီး၏  ဒဏ်နှင့် ပူစပ်နေခဲ့ပြီး စိတ်သောကရောက်နေချိန်တွင် အေးစက်နေသော လက်တစ်ဖက်က သူ့၏မျက်နှာအား အသာဆွဲပင့်လာခဲ့သဖြင့် သူရုတ်တရက် ထိတ်လန့်သွားခဲ့ရသည်။


 သူ ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ ကျူးရှု၏ အနည်းငယ် မျက်မှောင်ကြုံ့ထားသော မျက်ခုံးတန်းများကိုသာ တွေ့လိုက်ရလေသည်။ သူ့၏မျက်နှာပေါ်မှ လက်သည်ကား ကျူးရှု၏လက်ဖြစ်သည်အား သိလိုက်ရသဖြင့် သူခဏတာ ရပ်တန့်သွားခဲ့သည်။ 


“နာနေလို့လား...” 


အေးတိအေးစက်နိုင်သော အသံလေးထဲတွင် စိတ်ပူနေသော အရိပ်အယောင် အနည်းငယ် ပေါ်ထွက်နေခဲ့သည်မှာ နွေရာသီတွင် ရေခဲတုံးများကို ဘေးပတ်ပတ်လည်မှ ရံထားသည့်အချိန် ရေခဲငွေ့လေးများ အငွေ့ပျံလာသကဲ့သို့ပင်။


သိပ်မကြာမီမှာပင် အေး၍ စိုစွတ်နေသော အရာတစ်ခုက သူ၏မျက်လုံးများပေါ်သို့ ရောက်လာခဲ့ပြီး ပူစပ်နေသော ခံစားချက်များသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ 


မော့၀မ်ယွီ မသိစိတ်ကြောင့် ထိုအရာအား ဆွဲယူလိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာအား ပင့်ကိုင်ထားခဲ့သော လက်များကလည်း ရုတ်သွားသည်ကို သတိထားမိလိုက်သည်။


“ကိုယ့်ဘာသာသုတ်...” 


ကျူးရှု ထိုသို့ပြောပြီး နောက်ကိုပြန်လှည့်ကာ မီးဖိုခန်းထဲမှ ထွက်သွားတော့သည်။ မော့၀မ်ယွီတစ်ယောက် မျက်ရည်များအား သုတ်ရန်အတွက် သန့်စင်ပြီး စိုသွတ်နေသော အ၀တ်စလေးအား ကိုင်ထားလျက်နှင့်ပင် မတ်တပ်ရပ်ကာ ကျန်ရစ်ခဲ့ရလေသည်။


 အ၀တ်စိုဖြင့် သုတ်ပြီးနောက်တွင် မော့၀မ်ယွီ၏ မျက်လုံးများထံမှ လောင်ကျွမ်းနေသည့်ခံစားချက်များက အတော်သက်သာသွားခဲ့ပြီး ကျူးရှုမှ သူ့လက်အား ပြန်ရုတ်သွားခဲ့သော ပုံရိပ်အား မျက်ရည်များကြားမှ  ပြန်မြင်ယောင်မိလိုက်ပြန်သည်။


 ထိုပုံစံလေးမှာ သူ့ထံမှ ထွက်‌ပြေးလိုခြင်း၏ လက္ခဏာပင် မဟုတ်ပါလော...??


‘ကျူးရှောင်ကုန်းက ငါဘာတွေတွေးနေလဲဆိုတာကို သိသွားလို့လား၊ ဒါကြောင့် စိတ်ဆိုးသွားတာလား’


(T/n: ရှောင်ကုန်း: =ခင်ပွန်းသည်လေး)


မော့၀မ်ယွီ ပဟေဠိဖြစ်နေခဲ့ပြီးနောက်တွင် သူ့၏နှုတ်ခမ်းစွန်းများက အမှတ်မထင် အနည်းငယ် ကွေးတက်သွားခဲ့ရပြန်သည်။ သူ၏  ခန္ဓာကိုယ်အား မည်သူမှ လာရောက်ထိတွေ့သည်ကို မကြိုက်တတ်သော ကျုးရှုက ယခုလေးတင်ကမှ သူ့၏မျက်နှာအား ထိတွေ့သွားသည်ကို တွေးလိုက်မိသည်။


တစ်ဖက်လူသည်ကား ထိုအပြုအမူကြောင့် အလျှင်အမြန် ထွက်ပြေးသွားခြင်း‌ဖြစ်ပေမည်။


မော့၀မ်ယွီ ခဏတာ ရယ်‌မောလိုက်ပြီး သူ့၏မျက်လုံးမှ လောင်ကျွမ်းနေသော ခံစားမှု လုံး၀ ပျောက်ကွယ်သွားချိန်တွင် အကျီလက်များအား တစ်ဖန်ပြန်မ,တင်လိုက်ကာ အပြုံးတစ်ခုဖြင့် ငရုတ်အနှစ်လုပ်ရန် ပြန်လည်စတင်ပြင်ဆင်လိုက်ပြန်သည်။


 ရှင်းမပြနိုင်သော တစ်စုံတစ်ခုကြောင့် သူ့၏ခံစားချက်များမှာ အလွန်ပင် ကောင်းမွန်နေခဲ့သည်။






ညသန်းခေါင်အချိန်တွင် လမင်းကြီးက ထူထဲသော တိမ်တိုက်များအား ဖောက်ထွင်း၍ အနည်းငယ်မျှ ထွက်‌ပေါ်နေခဲ့ပြီး ရှင်းလင်းနေသော လမ်းကြားတစ်လျှောက်တွင် မှောင်မဲနေခဲ့သည်။


လမ်းက အလွန် မှောင်လွန်းနေပြီး ရှေ့ဆက်ရန်အတွက် မြင်ကွင်းအား မြင်နိုင်ရန်ပင် မဖြစ်နိုင်လောက်အောင်ဖြစ်နေခဲ့ရသည်။


လီသို့ကန်းသည်ကား သူ၏ လည်ဂုတ်ကို ပွတ်သပ်လိုက်ပြီးနောက် နံရံအား လက်ထောက်လိုက်ချေသည်။


သူ့အနေဖြင့် သူ့၏အနောက်မှ တစ်စုံတစ်ယောက် လိုက်လာသကဲ့သို့ ခံစားနေရသော်လည်း သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင်မူ မည်သူ့ကိုမျှ မတွေ့ရပါချေ။ 


သူ၏ နံဘေးတွင် ဖြတ်တိုက်သွားသော လေအေးများကြောင့် သူ့၏ခြေထောက်များအား တုန်ရီလာစေသည်။ 


“သေစမ်း၊ အစတည်းက ဒီလမ်းကို တစ်ယောက်တည်း မလျှောက်လာခဲ့သင့်ဘူး”


လီသို့ကန်းက တစ်ဦးတည်း ရေရွတ်နေခဲ့ပြီး နံရံအလွတ်အား မှီ၍ ဆဲဆိုနေခဲ့သည်။ သူ ယနေ့ ငွေသိမ်းရန်အတွက် ဈေးသို့သွားခဲ့ရာတွင် အလွန်ကြာမြင့်စွာ သောင့်ဆိုင်းနေခဲ့ရသော်လည်း အဆုံးတွင် ငွေတစ်ပြားတစ်လေမျှ မရလာခဲ့ဘဲနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။ 


သူ့အနေဖြင့် အိမ်သို့  အမြန်ပြန်မရောက်မည်စိုး၍ ဤဖြတ်လမ်းမှပြန်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


သူ လမ်းထဲသို့ စ၀င်သည့်အချိန်က လရောင်ရှိနေသေးသည်။ ယခု သူလမ်းထဲသို့ ဆက်လျှောက်လာခဲ့ချိန်မှသာ ထိုနေ့က သူ ဤလမ်းထဲမှာပင် ခွေးကိုက်ခံခဲ့ရခြင်းအား ပြန်သတိရမိလိုက်ပြီး ခြေဖဝါးများက အေးစက်လာခဲ့သည်။


 ထိုမျှမကသေး ယခု သူ့နောက်မှ ခြေသံဖွဖွအားလည်း တောက်လျှောက်ကြားနေခဲ့‌ရသော်လည်း သူ ပြန်လှည့်ကြည့်လိုက်ချိန်တိုင်း မည်သည့်အရာ တစ်ခုတလေကိုမျှ မမြင်ခဲ့ရပေ။ 


လီသို့ကန်း ချက်ချင်းပင် သူ့၏ပုခုံးအား ကြုံ့လိုက်မိသည်။


“ငါကြောက်လာပြီနော်၊ ခုတလော ငါ မကောင်းတဲ့အရာတွေ အများကြီးလုပ်ခဲ့မိတာ၊  လက်စားချေခံရတော့မယ်ထင်တယ်..”


လီသို့ငန်းတစ်ယောက်သည်ကား သူ့၏ဖခင် မကြာမကြာပြောသော ‘အတုံ့အလှည့်’ ဟူသော စကားအား ပြန်တွေးမိကာ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။


 မကြာသေးမီကပင် သူအရှေ့ပိုင်းဈေးထဲမှ ဆိုင်တစ်ဆိုင်အား ဖျက်စီးပစ်ခဲ့ပြီး အနောက်ပိုင်းဈေးတွင်လည်း လုံခြုံရေး စရိတ်အား အဆမတန် တိုးတောင်းခဲ့သေးသည်။ 


လတ်တလောကပင် ကလေးတစ်ယောက်အားလည်း ရိုက်နှက်ခဲ့သေးသည်။ လီသို့ကန်း ထိုအဖြစ်အပျက်များအားတွေးမိကာ ဆိုးဝါးသော ခံစားချက်ကြီး ရလာခဲ့သည်။


ထိုအခိုက်တွင် ရုတ်တရက် သူ့၏နံ‌ဘေးရှိ နံရံဆီမှ အသံတစ်သံကြားလိုက်ရသည်။ လီသို့ကန်း လည်း ချက်ချင်း လှည့်ကြည့်လိုက်ချိန်တွင် သူ့ထံသို့ ဦးတည်လာနေခဲ့သော အနက်ရောင် အရိပ်ငယ် တစ်ခုအား တွေ့လိုက်ရလေသည်။ 


ထို့နောက်တွင် ထိုအရိပ်ထံမှ သူ့အား တစ်ခုခုဖြင့် ကောက်ပေါက်လာခဲ့ကာ ဖောက်ခနဲအသံကို ကြားလိုက်ရပြီးချိန်တွင် မခံနိုင်စဖွယ် အနံ့တစ်မျိုးက သူ့၏ မျက်နှာထက်မှ ထွက်ပေါ်လာခဲ့သည်။ 


ရွံစရာကောင်းသော အနှစ်များက သူ့ဆံပင်များပေါ်မှ စီးကျလာခဲ့ပြီး လီသို့ကန်း ထိုအရာများအား စမ်းကြည့်လိုက်ပြီး မေ့လဲကျတော့မတတ်ဖြစ်သွားခဲ့သည်။ 


ထိုမျှနှင့်မပြီးသေး...အနက်ရောင် အရိပ်ထံမှ အနက်ရောင်အရိပ် အသေးကလေးများစွာ ပေါ်လာခဲ့ပြီး လီတုန်းကင်း၏ မျက်နှာထက်သို့ မိုးရွာချသကဲ့သို့ ပစ်ပေါက်နေခဲ့သည်။ 



သူမျှော်လင့်ထားသလိုပင် ထိုအရိပ်များမှာ ဦးဆောင်သည့် အနက်ရောင် အရိပ်ထံမှ ထွက်‌ပေါ်လာကြခြင်းဖြစ်သည်။ 


အနက်ရောင်အရိပ်များကကောင်းကင်တစ်ခုလုံး ပြည့်နေသကဲ့သို့ပင် များပြားလာခဲ့ပြီး သူအချိန်မီ မရှောင်တိမ်းနိုင်ခဲ့ချေ။



 သူယခုတွင် သူ့ကိုယ်‌ထက်မှ အနံ့ဆိုးအားလည်း ဂရုမစိုက်နိုင်တော့။  နာကျင်စွာဖြင့်သာ တအားအားအော်ဟစ်ပြီး ပြေးရတော့သည်။ 


သူ့၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပစ်ပေါက်ခံရသည့်ဒဏ်ကြောင့် နာကျင်နေဆဲဖြစ်ပြီး အကြီးစား ပိုးမွှားတစ်ကောင် ကိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ 


သူ့အနေဖြင့် ထိုအရိပ်များအား ပြန်လှည့်ကြည့်ချင်ခဲ့သော်လည်း အလျင်အမြန်ပင်မပုန်းရှောင်နိုင်ခဲ့သည့်အတွက် အတတ်နိုင်ဆုံးအရှိန်ကုန်မြှင့်ကာသာ ထွက်ပြေး‌နေရလေသည်။


လီသို့ကန်းမှာ နှာခေါင်းများ ဖူးယောင်၍ မျက်နှာသည်လည်း ဖုဖောင်းလာသည်အထိ အပစ်ခံခဲ့ရသည်။ သူ့၏ဆံပင်များကလည်း ချွဲကျိနေဆဲဖြစ်ကာ နံစော်နေသော အပုပ်နံ့ကလည်း သူ့အား အော့အန်ချင်လာစေသည်။


သူ့အနေဖြင့် အော်ဟစ်၍ အကူအညီတောင်းချင်ခဲ့သော်လည်း ဤလမ်းကြားထဲတွင် အိမ်တစ်အိမ်မှမရှိခဲ့ဘဲ ခြောက်ကပ်နေခဲ့လေသည်။


“မရိုက်နဲ့တော့? မပစ်ပါနဲ့တော့!! ငါမှားတာသိပါပြီ!”


လီသို့ကန်း အခြေအနေအား ဂရုမစိုက်နေတော့ဘဲ အော်ပြောခဲ့သည်။


 အဆုံးတွင် တချို့သော နတ်ကောင်းနတ်မြတ်များက သူ၏ ဆိုးဝါးသော နေ့စဉ်အပြုအမူများကြောင့် သူ့အား အပြစ်ဒဏ်ခတ်နေသည်ဟုသာ တွေးတောနေခဲ့မိလေသည်။


သူ့၏အော်သံအား ကြားသကဲ့သို့ အနက်‌‌ရောင်အရိပ်ငယ်များက ခေတ္တရပ်သွားခဲ့ပြီး လေအေးတစ်ချက် က တိုက်ခတ်သွားသည်။


လီသို့ကန်း၏ မသိစိတ်က ဤအရိပ်များသည် သူဘာဆက်ပြောမည်အား စောင့်နေသည်ဟုထင်လိုက်ကာ အရဲစွန့်၍  ဆက်ပြောလိုက်သည်။


“ငါ‌ နောက်ထပ် လူတွေကို မဆဲဆို အနိုင်မကျင့်ရဲ တော့ပါဘူး၊ငါကတိပေးတယ် ဘယ်တော့မှ ထပ်မလုပ်တော့ဘူး!! ငါ အကယ်၍ ထပ်လုပ်ခဲ့ရင် ငါ...ငါ အပြင်သွားရင် လှည်းနဲ့ အတိုက်ခံရပြီး တွင်းထဲကျပြီး သေပါစေ....”



လီတုန်းကင်း အပူတပြင်းဖြင့် အော်ပြောကာ အံကြိတ်ထားလိုက်ပြီး ကျိန်ဆိုခဲ့သည်။


“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”


ယခုတွင်တော့ သူ့အနေဖြင့် တခြား မည်သည်ကိုမျှ မစဉ်းစားနိုင်တော့ချေ။ သူ့၏အသက်အား မသေအောင် ကြိုးစားရန်သာ သိတော့သည်။


 တစ်ဖက်မှ နတ်ဘုရားများက သူ့အား ခွင့်မလွှတ်မည်ကို သူ ပူပန်နေခဲ့သည်။ သူ မျှော်လင့်နေခဲ့သကဲ့သို့ တစ်ဖက်မှ လက်ခံသွားဟန်ပေါ်ပြီး ခဏတာ ရပ်တန့်သွားကြလေသည်။


လီတုန်းကင်း မည်သည့်လှုပ်ရှားမှုမှ မ‌တွေ့တော့ချိန်တွင်မှ စိတ်အေးသွားပြီး သက်ပြင်းအသာချရန် ပြင်လိုက်ရာ ယခင်ကထက် ပို၍ ပုံပေါ်လာသော ဝိုင်းစက်သည့် အနက်ရောင်အရိပ်ငယ်လေးတစ်ခုက တစ်ဖက်မှ သူ့ထံသို့ တိုက်ရိုက်လျှောက်လာခဲ့ပြီး သူ့ဘယ်ဘက်ပါးအား ရိုက်ခတ်လိုက်သည်။


“ဖောင်း” ခနဲ ပြတ်ပြတ်သားသားအသံက ပေါ်ထွက်လာခဲ့ပြီး လီတုန်းကင်း လဲကျသွားခဲ့လေသည်။



သူ့အနေဖြင့် လှုပ်ရှားမှုမပြုနိုင်ဘဲ သူမြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။ 


အချိန်တော်တော်ကြာလျှင် သေးငယ်သော ပုံသဏ္ဍာန်တစ်ခုက အမှောင်များကြားမှ ထိုးထွက်လာခဲ့ကာ မေ့လဲနေသော လီသို့ကန်း၏ရှေ့နားတွင် ရပ်တန့်သွားခဲ့သည်။ သူသည်ကား ရှိီယန်ပင်ဖြစ်ချေသည်။


ရှီယန်သည်ကား အေးစက်သော မျက်နှာထားဖြင့် ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံး ကြက်ဥအပုတ် အနှစ်များဖြင့် ပြည့်နေခဲ့သော လီတုန်းကင်းအား ပိတ်ကန်ခဲ့ပြီး တစ်ဖက်လူထံမှ လှုပ်ရှားမှုအား မတွေ့ရတော့မှသာ ရပ်တန့်လိုက်သည်။ 


ထို့နောက်တွင် သူ တစ်ဖက်လူအား အေးစက်စွာ ငုံ့ကြည့်လိုက်လေသည်။ လီသို့ကန်း၏ တစ်ကိုယ်လုံးကို ခြစ်ရာထင်စေခဲ့သော ကျောက်ခဲလေးများမှာ သူ့၏ကိုယ်နံဘေးတွင် ပြန့်ကျဲနေခဲ့သည်။ 


ထိုကျောက်ခဲကလေးများသည်ကား မကြာသေးမီက အရိပ်အသေးလေးများပင်ဖြစ်၍ မကြာမီကသူ့မျက်နှာထက်သို့ လွင့်ပျံလာ‌ခဲ့သော အရိပ်ဝိုင်းဝိုင်းတစ်ခုမှာ ကြက်ဥပုတ်သာ  ဖြစ်ပေသည်။ 



ရှီယန်က သူ့မျက်နှာအား လီတုန်းကင်း ရိုက်ချခဲ့သလို တစ်ပုံစံတည်း ပြန်ရိုက်ချနိုင်ခဲ့သည်။


ရှီယန် အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။ လီသို့ကန်းမှာ ကြက်ဥလေးတစ်‌လုံးကြောင့် ဤမျှ ရှက်စရာကောင်းအောင် သေမတတ်လန့်ဖြန့်၍ မေ့လဲသွားလိမ့်မည်ဟု သူမထင်ခဲ့ချေ။


မော့၀မ်ယွီ၏ နည်းလမ်းကလည်း ဤမျှ အလုပ်ဖြစ်လောက်မည်ဟု မမျှော်လင့်ခဲ့ပေ။ ယခုနည်းလမ်းက ခဏအတွင်းမှာပင် လီသို့ကန်းအား သူ့အမှားကိုသူ အကြိမ်ကြိမ် ၀န်ခံစေခဲ့သည်။


လီသို့ကန်းလိုလူမျိုးသည်ကား အားနည်းသူကိုသာ အနိုင်ကျင့်တတ်ပြီး သန်မာသူများအား ကြောက်ရွံတတ်သည့် လူမျိုးဖြစ်သည်။ 



ယခုကဲ့သို့ ထိုက်တန်သော သင်ခန်းစာမျိုးပေးမှသာ တော်ရာကျပေမည်။  ဤကဲ့သို့ အထိတ်တလန့်ဖြစ်ခဲ့ပြီးမှသာ အနာဂတ်တွင် သူက ဆိုးရွားသော အရာများအား ထပ်မလုပ်ရဲတော့မှာဖြစ်သည်။ 



သူ့အနေဖြင့် ဤလမ်းမှဖြတ်သွားချိန်တိုင်း ယခုအဖြစ်အပျက်အား အမြဲအမှတ်ရနေ‌ပေလိမ့်မည်။


ရှီယန်အနေဖြင့် လီသို့ကန်း ဈေးသို့သွားမည့်နေ့အား ရွေးချယ်ခဲ့ပြီး ယခုကဲ့သို့ အချိန်ကောင်းအားစောင့်ဆိုင်းကာ တစ်နေ့လုံး သူ့နောက်သို့ လိုက်နေခဲ့ခြင်းဖြစ်ပေသည်။


 ရှီယန် မြေပေါ်လဲကျနေသော လီတုန်းကင်းအား အမှိုက်တစ်ခုကို ကြည့်သလို ငုံ့ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။ 



မော့၀မ်ယွီပြောသည်မှာ မှန်ပေသည်။ အမှိုက်လိုကောင်မျိုးကို သင်ပြရန်အတွကင နည်းလမ်းက ဤနည်းတစ်မျိုးသာ ရှိသည်။ ၎င်းက အမှန်ပင် အလုပ်ဖြစ်ခဲ့သည်။

__