အခန်း(10)
မော့၀မ်ယွီသည်လည်း တစ်ဖက်လူ၏ စကားအား နားလည်လိုက်ပြီး သူနားလည်ကြောင်းလည်း ပြသလိုက်သည်။
အဒေါ် ရှီက ဤအသီးများအား သူ တခြားနေရာတွင် သုံးရန် ရည်ရွယ်နေမည်အား စိုးရိမ်၍ သူ့အား မရောင်းရဲခြင်းဖြစ်သည်။
ဤသည်က ခရမ်းချဉ်သီးနှင့် မခြားပေ။ ဆိုရလျှင် မည်သူကမျှ ခရမ်းချဉ်သီးအား ပထမဆုံး စမ်းစားမည့်သူ မဖြစ်ချင်ခဲ့ကြ။ ထိုခရမ်းချဉ်သီးများက အဆိပ်ရှိသည်ဟုပင် လျှောက်ပြောကြပေလိမ့်မည်။
ယခု ငရုတ်သီးသည်လည်း အနည်းငယ်ထူးဆန်းသော ပုံစံရှိပြီး ပုံမှန်မဟုတ်သော အနံ့ရှိသေးသည်။ ထိုအသီးအား မည်သူကမျှ မစားရဲသည်မှာ ပုံမှန်ပင်ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက်ကတော့ဖြင့် ငရုတ်သီးအား စတင်၍ ပထမဆုံး မြည်းစမ်းရပေလိမ့်မည်။
သူ အဒေါ် ရှီအား စကားဖြင့်ပြော၍ ရှင်းပြရမည်လော သို့မဟုတ် သူမ၏ရှေ့တွင်ပင် တစ်ကိုက်ကိုက်ကာ စားပြလိုက်ရမည်လောဟု တွေးနေစဉ်မှာပင် ခြံတံခါးအား ဖွင့်လိုက်သော အသံကို ကြားလိုက်ရသည်။
သုံးယောက်သား အသံလာရာသို့ လှမ်းကြည့်လိုက်ကြသည်။
မော့၀မ်ယွီ တွေ့လိုက်သည်က ကလေးတစ်ယောက်သည် ဝါးဖြင့်လုပ်ထားသော ခြံစည်းရိုးတံခါးအား ကိုင်လျက်ရှိပြီး ထူပူနေဟန်ပေါ်သော မျက်နှာတစ်ခြမ်းနှင့် ပြင်းထန်သော အကြည့်ဖြင့် မလှုပ်မရှားဘဲ နေရာတွင်ရပ်ကာ သူ့အား စူးစိုက်ကြည့်နေလေသည်။
မော့၀မ်ယွီက မျက်လုံးကျယ်သွားပြီး အံဩတကြီးပြောလိုက်သည်။
“မတိုင်ခင်က ကလေး!?”
ရှီယန် : “.......”
ရှီယန်သည်ကား သူ့ရှေ့တွင် သူ့အား ထိုကဲ့သို့ ကလေး ဟု ခေါ်သည်အား လုံး၀ မနှစ်သက်ပါချေ။
ရှီယန်သည်ကား တစ်ဖက်လူအား ပြေးရိုက်ချင်စိတ်ကို ထိန်းထားလိုက်ပြီး ယနေ့မနက်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများအား သူ့အမေထံသို့ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
အဒေါ် ရှီသည်လည်း စိတ်ညစ်ညစ်ဖြင့် ဦးစွာ သူ့၏သားအား ရိုက်လိုက်သည်။ ပြီးနောက် သူ့သားလေးအား ကယ်ပေးခဲ့သော မော့၀မ်ယွီ၏ တောင်းဆိုမှုအား ချက်ချင်းလက်ခံခဲ့လေသည်။
အဒေါ် ရှီက သူမတွင်လည်း အသုံးမလိုသဖြင့် ခြံထဲမှ ငရုတ်သီးအားလုံးအား အလကားပေးမည် ဟု ပြောလာခဲ့သည်။
မော့၀မ်ယွီကတော့ ထိုသို့ရရှိလာသည့်အပေါ် အလွန်ပင် ပျော်ရွှင်သွားခဲ့လေသည်။
သူ့အနေဖြင့် အဒေါ် ရှီအား ထပ်ခါထပ်ခါ ရှင်းပြနေရန်လည်း မလိုတော့သလို ကျူးရှု၏ ငွေထုပ်ထဲမှ ငွေများလည်း ထွက်စရာမလိုတော့ပါချေ။
၎င်းအားတွေးမိပြီးနောက် မော့၀မ်ယွီတစ်ယောက် ကျူးရှုထံသို့ အသိအမှတ်ပြုခံချင်သည့် မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
ထို့နောက်တွင် မျက်လုံးကိုပင့်မ,ကာ အနည်းငယ်ပြုံးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သာ ချီးကျူးလိုက်လေသည်။
မော့၀မ်ယွီမှ အသားအနည်းငယ် လိုချင်သည်ဟုဆိုလာသည့်အတွက် အဒေါ် ရှီသည်လည်း သူမ၏ခင်ပွန်းဖြစ်သူမှာ အမဲလိုက်သူဖြစ်သဖြင့် ရစ်ငှက်သား နှင့် ယုန်သားအား ဈေးအနည်းငယ်လောက်ဖြင့် ရောင်းပေးနိုင်ကြောင်းပြောခဲ့သည်။
ထိုမျှတင်မကသေးဘဲ တခြား ဈေးကြီးပေးရသော အစားအစာများကိုလည်း ဈေးလျော့၍ ရောင်းပေးမည်ဟု ပြောလာခဲ့သည်။
မော့၀မ်ယွီသည် ရှီယန်အား ပြုံးပြလိုက်ပြီး ‘ဤလူကြမ်းကောင်လေးက သူ့လက်ထဲမှ ရတနာလေးတစ်တုံးဖြစ်လာမည်ကို မသိခဲ့’ ဟုတွေးမိလိုက်လေ၏။ ကလေး၏မိဘများမှာ ထိုကောင်လေးအား အလွန်ချစ်ကြသည့်ဟန်ပေါ်သည်။
သူ အမှန်တကယ်ပင် မနာလိုဖြစ်မိသည်။ သူ့ထံတွင် ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံးမရှိခဲ့သဖြင့် ဘ၀တွင် မိဘများထံမှ အချစ်ခံရသော ခံစားချက်အား လုံး၀ မခံစားဘူးခဲ့ပါချေ။
သို့သော် အချိန်ကြာမြင့်စွာ တစ်ဦးတည်း လွတ်လပ်စွာ ရှင်သန်လာခဲ့ပြီးနောက်တွင်တော့ ထိုအရာက သိပ်အရေးမကြီးတော့သလို ခံစားမိလာခဲ့ရသည်။ ယခုကဲ့သို့ မနာလိုစိတ်ကလေး ပေါ်လာတတ်ခြင်းများက မကြာမကြာ ဖြစ်တတ်သော်လည်း ခဏတာသာဖြစ်ပြီးမကြာမီအချိန်တွင် မေ့မေ့ပျောက်ပျောက်သာ ပြန်ဖြစ်သွားမည်ပင်။
ဘ၀တွင် အခြေအနေတစ်ခု၌ နေသားကျသွားသောအခါတွင် ကြောက်ရွံခြင်းနှင့် စိတ်သက်သာရာရခြင်းအား တပြိုင်နက် ခံစားရပေလိမ့်မည်။
သူလုပ်ခဲ့သမျှသည်ကား ရှီယန်အား နံစော်နေသည့်လူကြီး ဖမ်းမမိစေရန် ဆန့်ကျင်ဘက်လမ်းအား ညွှန်ပြခဲ့ခြင်းသာရှိသည်။ သူက မည်သည်ကိုမျှခက်ခက်ခဲခဲ မကူညီခဲ့ပါသော်ငြားယခုကဲ့သို့ အကျိုးကျေးဇူးများစွာ ရခဲ့သေးသည်။ တကယ့်ကို မဆိုးလှပါပေ။
ငရုတ်သီးများသည်ကား အခန့်သင့်စွာဖြင့် ရင့်မှည့်နေပြီဖြစ်သည်။ ထို့ကြောင့် မော့၀မ်ယွီ ငရုတ်သီးများအားခူးယူထုပ်ပိုးကာ ကျေးဇူးတင်စကားဆိုလိုက်လေ၏။ ပြီးနောက်တွင် နံဘေး၌ ရပ်နေခဲ့သော ရှီယန့်အား ကြည့်လိုက်ပြီး သူ၏ မေးစေ့အား ပွတ်သပ်တွေးတောကာ ရုတ်တရက် လက်လှမ်းလိုက်ပြီး ကောင်လေး၏လည်ပင်းအား အသာဆွဲလှည့်လိုက်သည်။
ရှီယန်သည်ကား တစ်ဖက်လူ၏ ရင်းရင်းနှီးနှီးအပြုအမူအား မနှစ်သက်သော်လည်း ထိုလူက နှစ်ဦးတည်း ကြားနိုင်သော အသံဖြင့် ပြောလာခဲ့လေသည်။
“လမ်းထဲမှာ တခြားလူကို ကြက်ဥအပုတ်တွေနဲ့ ပေါက်တာမျိုးကို မင်းမလုပ်သင့်ဘူးနော်”
တစ်ဖက်လူက သူ့အား လာသင်ပြနေသဖြင့် ရှီယန်၏ မျက်လုံးများက ရုတ်တရက် ထက်ရှမှုများ ဖုံးလွှမ်းသွားသည်။ သူက သူ့လက်အား မြှောက်လိုက်ပြီး တဖက်လူအား လုံး၀ မသနားဘဲ တံတောင်ဖြင့် ပိတ်ထိုးရန် ကြံလိုက်သော်လည်း တစ်ဖက်က ချောမောသည့်လူက စကားဆက်၍ပြောလာခဲ့ချေသည်။
“နောက်တစ်ခါဆိုရင် သူ ညဘက် မှောင်မှောင်မဲမဲနှင့် လေတဖြူးဖြူးလမ်းထဲမှာ တစ်ယောက်တည်း လမ်းလျှောက်မဲ့အချိန်ကို မင်း စောင့်ရမယ်၊ အဲဒီအချိန်ကျမှ သူ့ကို ကျောက်ခဲတွေ ဒါမှမဟုတ် ကြက်ဥပုတ်တွေနဲ့ ကောက်ပေါက်လိုက်၊ သူ မင်းကို မမြင်စေနဲ့ ဟုတ်ပြီလား၊ မင်း အခုလိုနေ့ခင်းကြောင်တောင်ကြီး လမ်းပေါ်မှာ သူ့ကိုပေါက်မှတော့ တမင်သက်သက် ရန်ပွဲဖြစ်ဖို့ ဖိတ်ခေါ်သလိုမဖြစ်သွားဘူးလား?”
ထိုစကားများအား ကြားသော် ရှီယန်တစ်ယောက် အံ့ဩသင့်မှုများနှင့်မျက်လုံးများပင် ကျယ်သွားပြီး တစ်ဖက်လူအားကြည့်လိုက်မိသည်။
မော့၀မ်ယွီက သူ့အား မျက်တောင်အသာခပ်ကာ ပြုံးပြနေခဲ့လေသည်။
“ဒါကမှ ဆိုးရွားတဲ့သူမျိုးကို သင်ပြပေးသင့်တဲ့အလုပ်မျိုးပဲ”
_
မော့၀မ်ယွီတစ်ယောက် ငရုတ်သီးများဖြင့် ပြန်လာခဲ့ပြီးနောက်တွင် ပုလင်းအကြီး နှစ်ပုလင်းစာမျှငရုတ်ဆီများကို ပြုလုပ်နိုင်လောက်မည်ဟု တွေးလိုက်သည်။
ထို့ကြောင့် မော့၀မ်ယွီ ဂိုထောင်အတွင်းမှ ပုလင်းအနည်းငယ်ထုတ်ကာ ဆေးကြောပြီးနောက် အကျီလက်အား မ,တင်ပြီး ငရုတ်သီးများအား စတင်လှီးရန် ပြင်လိုက်သည်။
သူသည်ကား အရသာအလွန်ပြည့်၀သော ငရုတ်အနှစ်အား ဖန်တီးနိုင်မှသာ အသင့်ဖြစ်နေခဲ့ပြီ။ ငရုပ်သီးများကို နှပ်ထားသော အနှစ်များအဖြစ် ပြောင်းလဲလိုက်ပါက တိုက်ရိုက် အရသာခံနိုင်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် အဒေါ် ရှီထံမှ ငရုတ်သီးများ ရလာသည်နှင့် ချက်ချင်း အလုပ်စလုပ်ရန် ပြင်လိုက်ခြင်းဖြစ်ပေသည်။
ကျူးမိသားအိမ်၏ စားဖိုဆောင်က ကြီးမားကျယ်၀န်းပြီး အလင်းရောင်သည်လည်းကောင်းမွန်သည်။
နေ၀င်ချိန်များတွင်တောင်မှ ချက်ပြုတ်ရန် ဖြစ်နိုင်ပေသေးသည်။ ဟင်းချက်ရန် မီးဖိုသည်လည်း ဖုန်တစ်စက်မျှ မရှိပဲ သန့်ရှင်းနေခါ့သည်။
ချက်ပြုတ်နေရင်း အသုံးလိုလာလျှင် ချက်ချင်း ယူသုံးရန် ထင်းတုံးများကိုလည်း အဆင်သင့် ထောင့်ဘက်တွင်စီထားသေးသည်။
နေရာ ကျယ်ကျယ်၀န်း၀န်းရှိသည့်အတွက် မော့၀မ်ယွီတစ်ယောက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည်။ သူ့အနေဖြင့် မနက်ကလည်း ချက်ပြုတ်ခဲ့သေးသည်ဖြစ်ရာ ယခုတွင် စားဖိုဆောင်၏ အနေအထားအား အသားကျနေပြီဖြစ်ပြီး တစ်ဦးတည်း အလုပ်ရှုပ်နေခဲ့တော့သည်။
ကျူးရှုသည်ကား မည်သို့ ကူညီပေးရမည်ကို မသိသဖြင့် မော့၀မ်ယွီ၏ လှုပ်ရှားမှုတစ်ခုချင်းစီကို နံဘေးမှပင် ရပ်ကြည့်နေခဲ့သည်။
သူတို့သည်ကား ငရုတ်သီးရှာဖွေနေခဲ့ရသဖြင့် အနည်းငယ် အိမ်ပြန်နောက်ကျခဲ့သည်။ ယခုတွင်မူ နေ၀င်ရီတရော ဝါရွှေရောင် အလင်းများက စားဖိုဆောင် ပြတင်းမှတဆင့် ၀င်ရောက်လာကာ သူတို့နှစ်ဦးအပေါ်သို့ ဖြာကျနေခဲ့ပေပြီ။
ကြက်သွန်ဖြူမွှာများအား လှီးနေချိန်တွင် မော့၀မ်ယွီ၏ မျက်လုံးများက ငွေ့ရည်သိုင်းနေခဲ့သည်။ သူ မွန်ထူမှုကို အနည်းငယ်ရှောင်ရှားလိုစွာဖြင့် ခေါင်းမော့လိုက်ချိန်တွင် သူ၏ မျက်ရည်ဝဲနေသော မျက်လုံးများအား ဂရုထား၍ ကြည့်နေသော ကျူးရှုအား မြင်လိုက်ရသည်။
သူတစ်စုံတစ်ခုအား ပြောရန်ပြင်သော်လည်း လက်ရှိတွင်တော့ မည်သည့် စကားကိုပြောရမည်အား မေ့သွားခဲ့ပြီးဖြစ်ကာ ကြောင်အမ်း၍သာ ကြည့်နေခဲ့မိသည်။
ကျူးရှု၏ကိုယ်ပေါ်သို့ ကျရောက်နေသော ပုစွန်ဆီရောင် အလင်းများက သူ့ကိုယ်မှ အရောင်အဝါများ လွှင့်ထုတ်နေသကဲ့သို့ပင် ထင်မြင်မိစေသည်။ ကျူးရှု၏ မျက်လုံးဖျော့ဖျော့လေးများက ကြည်လက်တောက်ပနေခဲ့ပြီး ထိုမျက်လုံးထဲတွင် မော့၀မ်ယွီ၏ ပုံရိပ်က အလင်းပြန်နေခဲ့သည်။
သူ၏ နှုတ်ခမ်းဖျော့ဖျော့တစ်စုံကလည်း အနည်းငယ်မြင့်တက်သွားခဲ့ပြီး အမြဲ အေးစက်နေတတ်သော သခင်ငယ်လေးထံမှ နွေးထွေးမှုလေးအား ခံစားမိစေခဲ့သည်။
သခင်ငယ်လေး၏ ကြည်လင်နေပြီးသား အသားအရည်ကလည်း နွေးထွေးသော ရောင်ခြည်အောက်တွင် အဖိုးတန် ကြွေသားကဲ့သို့ အလွန် ချောမွတ် ကြည်လဲ့နေခဲ့သည်။
အသာလေး ထိလိုက်လျှင်ပင် ချက်ချင်း ကွဲကြေကျသွားတော့မလိုပင် ထင်ရပေသည်။
တစ်ဖက်လူက ကြောင်အနေသည်အား တွေ့သော် ကျူးရှူသည်လည်း မသိစိတ်ကနှိုးဆော်မှုကြောင့် ပြုံးလိုက်မိပြီး မော့၀မ်ယွီ၏ မျက်လုံးများထဲမှ ရှုပ်ထွေးနေမှုများအား စိုက်ကြည့်နေလိုက်မိသည်။
ကျူးရှု၏ ဆွဲဆောင်မှုရှိလွန်းသောမျက်၀န်းများနှင့် ဆုံလိုက်သောအချိန်တွင် မော့၀မ်ယွီမှာ ချက်ချင်း နောက်လှည့်လိုက်ပြီး မျက်တောင် တဖြတ်ဖြတ်ခတ်ကာ သတိပြန်၀င်ရန် ကြိုးစားလိုက်သည်။
သူ့အနေဖြင့် ယခုလေးတင် တွေးလိုက်မိသည့် အတွေးများအား ပြန်သတိလည်လာပြီးနောက်တွင်တော့ မော့၀မ်ယွီတစ်ယောက်မှာ ပူပြင်းလာရသော မျက်နှာကိုသာ လက်ဖြင့် ဖုံးအုပ်ထားလိုက်မိတော့သည်။
အခုလေးတင် သူ.. သူ ကျုးရှုရဲ့ မျက်နှာလေးကို သွားပြီး ထိကိုင်ချင်နေခဲ့တာ...!!
ဘယ်သူကမှ လာထိတာကို မကြိုက်တဲ့ ထိုကျူးသခင်လေးကိုမှ.....!
လွန်ခဲ့သော ရက်အနည်းငယ်က အတူနေထိုင်ခဲ့ကြပြီးနောက်တွင် မော့ဝမ်ယွီအနေနှင့် ကျူးရှုသည်ကား ထိုမျှ ကြောက်စရာမကောင်းသည်ကို သိခဲ့သော်လည်း လူနှစ်ဦးကြားက ဆက်ဆံရေးဟူသည်မှာ အချိန်တစ်ခုတော့ဖြင့် လိုစမြဲပင်။
ရက်အနည်းငယ်သာ အတူရှိခဲ့ဖူးချိန်တွင် သူ့ဘက်မှ စိတ်အားထက်သန်စွာဖြင့် တစ်ဖက်လူ၏ မျက်နှာအား သွားထိကိုင်ရန်မှာ လုံး၀ လုံး၀ မဖြစ်နိုင်ပေ......။
သူ့အတွက် ဖြစ်နိုင်ခဲ့လျှင်တောင်မှ အေးစက်မှုများကိုသာ ထုတ်လွှင့်နေသူ ကျုးသခင်လေးအတွက်တော့ဖြင့် မဖြစ်နိုင်သည့်အရာဖြစ်သည်။
ရလာဒ်အနေဖြင့် မော့၀မ်ယွီတစ်ယောက် အလွန် စိတ်လှုပ်ရှားသွားခဲ့ပြီး သူ ယခုလေးတင် ငရုတ်သီးများ လှီးခဲ့ခြင်းအား လုံးလုံး မေ့လျော့သွားခဲ့ကာ ငရုတ်သီးလှီးထားသာ လက်များဖြင့် မျက်လုံးအား ပွတ်မိသွားလေတော့သည်။
ချက်ချင်းပင် သူ့၏မျက်လုံးများက မီးလောင်နေသလို ခံစားလိုက်ရပြီး မျက်ရည်များလည်း ထွက်လာခဲ့သည်။
မော့၀မ်ယွီ အလျင်စလို မျက်လုံးများအား ဆေးကြောပစ်ချင်ခဲ့သော်လည်း သူ့၏အနီးတွင် ရေမရှိနေခဲ့ချေ။ ထို့အပြင် သူ့၏မျက်လုံးများက ပူထူနေပြီး မဖွင့်နိုင်သဖြင့် မည်သည့်နေရာဘက်သို့ လျှောက်သွားရမည်ကိုလည်း မမြင်ရနိုင်ပေ။
မော့၀မ်ယွီတစ်ယောက် မျက်လုံးကိုမှိတ်၍သာနေလိုက်ရပြီး မျက်လုံးအား ပွတ်ခြင်း ၊သုတ်ခြင်းတို့ မလုပ်ပဲနေလိုက်သောကြောင့် မျက်ရည်များက တောက်လျှောက် စီးကျလာခဲ့တော့သည်။
‘သေစမ်း!! ဒါက မတွေးသင့်တာတွေကို တွေးလိုက်မိလို့ အပြစ်ဒဏ်ခံရတာများလား...’
*