အခန်း(9)
မတိုင်ခင်အချိန်က ဖြစ်သွားခဲ့သော အဖြစ်အပျက်က မော့၀မ်ယွီ ဈေးဆက်၀ယ်မည့် စိတ်ကူးအား မသက်ရောက်ခဲ့ပါချေ။
သူက ရွှံ့များဖြင့် ပေနေသော ကြာစွယ်၊ အာလူး စသည့် ဟင်းသီးဟင်းရွက်အချို့အား ၀ယ်လိုက်ပြီးနောက် ငရုတ်သီးမှုန့်ကိုရှာရန် လှည့်ပတ်ကြည့်လိုက်ပြန်သည်။
မော့ဝမ်ယွီသည် ဆိုင်အတော်များများတွင် လိုက်လံမေးခဲ့သော်လည်း သူတို့က ငရုတ်သီးမှုန့်အား မကြားဖူးခဲ့ကြပေ။
“ဒီကမ္ဘာမှာ ငရုတ်သီးမှုန့် မရှိတာများလား”
မော့၀မ်ယွီ ရေရွတ်လိုက်ပြီး ဝါးခြင်းထောင့်စွန်းတွင် ထွက်နေသော ကြာစွယ်အား လျစ်လျူရှုလိုက်ပြီး နောက် ခြင်းကို ကိုယ်နှင့် ကပ်ကာ ကိုင်ထားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အ၀တ်များမှာ ရွှံ့များ ပေသွားခဲ့လေသည်။
ကျူးရှု မော့၀မ်ယွီ၏ အကျီထက်တွင် ပေနေသော ရွှံများအား ကြည့်လိုက်ပြီး သူ၏ တောက်ပနေသော မျက်လုံးများက မှောင်ကျသွားသည်။
ယခုလေးတင် သူက ဝါးခြင်းတောင်းအား သူ သယ်ယူမည်ဖြစ်ကြောင်း ပြောလိုက်သော်လည်း မော့၀မ်ယွီက သူ့အား ယူခွင့်မပေးခဲ့ချေ။
မော့၀မ်ယွီက သူ့အား ကလေးကိုချော့သလို ချော့မော့ပြောဆိုခဲ့ပြီးနောက် ဘေးဘက်နေရာတွင် စောင့်နေရန်သာမှာခဲ့ပြီး အနီးအနားသို့သွားကာ ငရုတ်သီးမှုန့် ရနိုင်မည့်နေရာအား လိုက်လံမေးကြည့်နေခဲ့သည်။
အမှန်တကယ်တမ်းတွင်တော့ မော့၀မ်ယွီသည်ကား ကျူးသခင်လေး၏ အ၀တ်များအား ညစ်ပေသွားစေလိုခြင်းမရှိခဲ့ချေ။
ထို့ကြောင့် လူများနေသော ဈေးတွင် သခင်လေးအား ဘေးဘက်တွင် ရပ်နေခိုင်းခြင်းကသာ သူ့အား တခြားအရာများနှင့် မထိမိစေရန် ကာကွယ်နိုင်ပေလိမ့်မည်ဟု တွေးတောခဲ့သည်။
သို့သော် ကျူးရှုကမူ အထင်လွဲသွားခဲ့ပြီး ဤသို့ တွေးတောခဲ့သည်။
‘ငါက ပြဿနာရှာနေလို့ သူငါ့ကို မခေါ်ချင်တာနေမယ်’
သူသည်ကား စကားများများ မပြောချင်တတ်သူဖြစ်၍ တစ်ဖက်လူပြောသကဲ့ ဘေးသို့ကပ်ကာ လူရှင်းသောနေရာတွင်သာ မျက်နှာသေဖြင့် ရပ်နေခဲ့သည်။
သူ၏မျက်နှာမှာ အလွန်အေးစက်နေသဖြင့် သူ့အားစကားပြောရ န်ပြင်လိုက်သော အနီးမှ ဆိုင်ပိုင်ရှင်ကပင် တန့်သွားခဲ့ရလေသည်။
ထို့အပြင် သူက ပိုက်ဆံရှင်းပေးရန် သွားခဲ့သော်လည်း မော့၀မ်ယွီကသူ့ဘာသာပင် ရှင်းစရာရှိသည်များအား ရှင်းလိုက်ပြန်သည်။
ယခု မော့ဝမ်ယွီ၏အာရုံမှာ ငရုတ်သီးမှုန့် ရှာရန်သာ ဖြစ်ပေသည်။ သူက ဟင်းသီးဟင်းရွက်သည်ကြီးထံသို့ တစ်ဖန်ပြန်သွားကာ ငရုတ်သီး၏ ပုံပန်းသဏ္ဍာန်အား ပြောပြ၍ ထပ်မေးရန်ကြံနေခဲ့သည်။
ဟင်းရွက်သည်ကြီးက ဇွဲရှိရှိ မေးနေသော ချောမောသော ကောင်လေးကြောင့် သေချာ အာရုံစိုက် နားထောင်လိုက်သည်။ ခဏအကြာတွင် သူမက အနည်းငယ်တွေးတောလိုက်ပြီး ပြောလိုက်လေသည်။
“အနီရောင် ချွန်ချွန်သေးသေးလေး...အင်း...အဲဒီလိုဟာမျိုးကို တစ်ယောက်ယောက်စိုက်နေတာတော့ တွေ့ဖူးတယ်...သူ့ဆီလမ်းညွှန်ပေးမယ်လေ...သခင်လေး...........မင်းက.........”
လူသံများဖြင့် ဆူညံနေသဖြင့် မော့၀မ်ယွီ သေချာမကြားလိုက်ရသော်လည်း တစ်ယောက်ယောက်က ငရုတ်သီး စိုက်နေသည် ဟုကြားလိုက်ရသောအခိုက်တွင် သူ၏ မျက်တောင်များ မြင့်တက်သွားခဲ့သည်။
‘မျှော်လင့်ချက်ရှိပြီ’
ကျူးရှုတစ်ယောက် ပျင်းလာခဲ့ပြီး ‘ရှေ့နားသို့ တိုးသွားရမည်လား’ ၊ ‘မော့၀မ်ယွီကို ပိုက်ဆံကူရှင်းရန် ကူညီရမည်လား’ စသဖြင့် တွေးနေခဲ့စဉ်တွင် ရုတ်တရက် သစ်သားယုန်အရုပ်ကလေးတစ်ခုက သူ့၏ရှေ့တွင် ပေါ်လာခဲ့သည်။
ယုန်လေး၏ နားရွက်ကလေးများက သူ၏ ခေါင်းလုံးလုံးကလေး နံဘေးသို့ ထွက်နေပုံက လုံးလုံးဝိုင်းဝိုင်းကလေးဖြစ်နေပြီး ချစ်စရာကောင်းနေခဲ့လေသည်။
သူအနည်းငယ် အံ့ဩသွားခဲ့ပြီး ယုန်ရုပ်လေးအား ကိုင်မ,ထားသော လက်တစ်စုံကို ကြည့်လိုက်မိသည်။
တဖြည်းဖြည်း ထိုလက်တစ်စုံက ရွေ့လျားသွားခဲ့ပြီးနောက် ပြုံးနေသော မိုးမခမျက်၀န်းတစ်စုံက ထွက်ပေါ်လာခဲ့သည်။
“ဒါက မင်းအတွက် လက်ဆောင်...ကြိုက်လား”
မော့၀မ်ယွီသည်ကား တိမ်များအကြားမှ နေရောင်ခြည်လေးကဲ့သို့ တောက်တောက်ပပ ပြုံးနေခဲ့သည်။
“ဆိုင်ရှင်တစ်ယောက်က ဒါလေး ရောင်းနေတာကို တွေ့တော့ မင်းနဲ့တူလို့ဆိုပြီး ၀ယ်လာခဲ့လိုက်တာ”
ကျူးရှု စကားမပြန်ခ့်ဘဲ ယုန်အရုပ်ကလေးကိုသာ ငုံ့ကြည့်နေလိုက်သည်။ ယုန်လေးသည်ကား ချစ်စရာကောင်းသော ပုံစံ ရှိသော်ငြား သူ၏ နှုတ်ခမ်းလေးများက တင်းကြပ်စွာ စေ့ပိတ်ထားခဲ့ပြီး တည်ငြိမ်၍ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သည့် အသွင်မျိုး ပေါ်သည်။
တစ်ဖက်သူထံမှ တုံ့ပြန်မှုအား မရခဲ့သဖြင့် မော့၀မ်ယွီလည်း သိပ်ပြီးဂရုမထားနေတော့ဘဲ ယုန်အရုပ်လေးကိုသာ တစ်ဖက်လူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က မူလပိုင်ရှင်စုဆောင်းထားသော အဖိုးတန်ငွေလေးများဖြစ်ပြီး သူက ခဏတာ ‘ဗုဒ္ဓအားပန်းကပ်ရန်’ ချေးငှားထားခြင်းသာ ဖြစ်သည်လေ။
ကျူးရှုသည်ကား သူရပ်နေခိုင်းခဲ့သော နေရာတွင်ပင် နနာခံခံ ရပ်နေခဲ့ပြီး အနည်းငယ်စိတ်ဆိုးနေဟန် ပေါ်သော်လည်း အခြားနေရာသို့ မသွားခဲ့ချေ။ ကျူးရှု၏အလွန်နာခံနေသော ပုံစံက မော့၀မ်ယွီအား အနည်းငယ် ရှက်သွားစေခဲ့သည်။
သူသည်ကား ဟင်းသီးဟင်းရွက်များကို ရွေးနေရင်းဖြင့် ကျူးသခင်လေးအား လုံးလုံးလျားလျား မေ့သွားခြင်းဖြစ်သည်။ ယုန်အရုပ်လေးများကို ရောင်းနေသည်အား တွေ့ချိန်မှသာ ရုတ်တရက် သတိရသွားခဲ့ပြီး တစ်ခု ၀ယ်လာခဲ့ခြင်းဖြစ်ချေသည်။
ကျူးရှုက မငြင်းဆန်သဖြင့် မော့၀မ်ယွီလည်း သူသိရှိလာခဲ့သည်များအား အသံကျယ်ကျယ်လေး ပြန်ပြောပြလိုက်သည်။
“ဟင်းရွက်သည်ကြီး ပြောတာကတော့ အရှေ့ဈေးဘက်ကိုသွား၊ ဈေးကျော်ပြီးရင် ညာကွေ့ ပြီး လမ်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ လမ်းကြားလေးထဲ ၀င်သွားရင် ငရုတ်သီးစိုက်တဲ့သူရဲ့အိမ်ကိုတွေ့ ...”
“ခင်ဗျားမှာ ပိုက်ဆံရှိသေးလား”
ကျူးရှုက ရုတ်တရက် ဖြတ်မေးလိုက်သည်။
“ဟမ်...”
မော့၀မ်ယွီ မတုံ့ပြန်နိုင်ခဲ့....။
ကျူးရှုသည်ကားသူ၏ မျက်လုံးများကိုပင့်လိုက်ပြီး မော့၀မ်ယွီအားကြည့်ကာ မည်သည့်မေးခွန်းကိုမျှ ဆက်မမေးခဲ့ဘဲ ထိုမေးခွန်း၏ အဖြေကိုသာ စောင့်နေလိုက်သည်။
မော့၀မ်ယွီလည်း မူလပိုင်ရှင်စုထားသော ငွေ ၁၀၀ အားပြန်စဉ်းစားမိပြီး စတင်တွက်လိုက်သည်။
“ကိုယ် အသီးအရွက်၀ယ်တာက ၃၀...ခဏနေတော့ ကြက်ဥနည်းနည်း၀ယ်လိုက်တာ ၁၀...ယုန်လေးကို၀ယ်လိုက်တာ ၅၀...”
မော့၀မ်ယွီ ယခုမှသာ ထို ယုန်ရုပ်လေးမှာ အလွန်ဈေးကြီးသည်ဟု တွေးတောမိလိုက်သည်။ သူ့ထံတွင်ယခု ငွေ(၁၀)သာ ကျန်ရှိနေခဲ့ပြီး ဤကမ္ဘာတွင် ငရုတ်သီးက ဈေးမည်မျှရှိသည်အားလည်း မသိသေးပေ။
သူ ထိုအရာအား စဉ်းစားမိပြီးနောက် သူ၏ငွေရေးကြေးရေးက ခက်ခဲနေကြောင်းကို ခံစားမိလိုက်သည်။
မော့၀မ်ယွီသည် မျက်နှာရှုံ့မဲ့လိုက်မိပြီး ပြန်ဖြေလိုက်သည်။
“ဘာမှမရှိတော့ဘူး....တစ်ဆယ်ပဲ ကျန်တော့တယ်”
မမျှော်လင့်ထားစွာပင် ကျူးရှုသည်ကား သစ်သားယုန်ရုပ်လေးအား ကိုင်ထားရင်းဖြင့် မော့၀မ်ယွီ၏ အဖြေကား အလွန်နှစ်သက်နေသကဲ့သို့ ခေါင်းငြိမ့်ကာ စိတ်ကျေနပ်သလို ပြောလာခဲ့သည်။
“အရမ်းကောင်းတယ်”
မော့၀မ်ယွီတစ်ယောက် သူ နားကြားမှားလိုက်သည်ဟု ထင်ခဲ့ပြီး ကျူးရှုထံသို့ ကြောင်တောင်တောင်ဖြင့်ကြည့်လိုက်သည်။
ကျူးရှုက အေးစက်သောအသွင်အပြင်ဖြင့် ဘယ်ဘက်လက်ထဲတွင် ယုန်အရုပ်ကိုကိုင်ကာ ညာဘက်လက်ထဲတွင် သူ့ကိုယ်ပိုင် ငွေထုတ်အားကိုင်လျက် သူ့အားကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကျူးရှု၏နှုတ်ခမ်းများက မပြုံးနေခဲ့သော်လည်း သူ၏ ဗာဒံစေ့မျက်၀န်းထဲတွင်တော့ ကျေနပ်နေမှုက အတိုင်းသား ပေါ်လွင်နေခဲ့သည်။
မကြာမီ၌ပင် ကျူးရှုက တည်ငြိမ်စွာ ပြောလိုက်သည့်စကားကို သူကြားလိုက်ရသည်။
“ကျွန်တော့်မှာ ငွေရှိတယ်....ကျွန်တော့်ကို အဲဒီကို ခေါ်သွား”
“……….”
မော့၀မ်ယွီသည် ရုတ်တရက် ရယ်မောချင်လာခဲ့သည်။ ကျူးရှုသည်ကား နောက်တစ်ကြိမ် သူ့အား ပစ်ထားခဲ့မည်ကို စိုးရိမ်နေခဲ့ခြင်းသာဖြစ်ပေသည်။
ထို့ကြောင့် ‘သူ့တွင်ပိုက်ဆံရှိသည်’ ဟူသောအချက်အား အကြောင်းပြချက်အဖြစ် သုံးလိုက်ခြင်းဖြစ်သည်။
မော့၀မ်ယွီ ပျော်ရွှင်သွားခဲ့ပြီး အချိန် အတော်ကြာမှ ပြန်ပြောလိုက်သည်။
”ကောင်းပြီလေ...ကိုယ် မင်းကိုခေါ်သွားပါ့မယ်”
‘ဘယ်လိုတောင်မှ သူ့ရဲ့စိတ်သူ မဖော်ပြတတ်တဲ့ ကောင်လေးလဲ...’
သူတိာ့နှစ်ဦး ဟင်းရွက်သည်အဒေါ်ကြီး ညွှန်ပြသည့်လမ်းအတိုင်း လာခဲ့ကြရာ အရင်ဆုံး သူတို့မြင်လိုက်ရသည်က မကျယ်လွန်း မသေးလွန်းသော ခြံကွက်ကလေးဖြစ်သည်။
ကျူးအိမ်တော်၏ ခြံ၀င်းနှင့် ယှဉ်လိုက်လျှင်တော့ အများကြီး သေးသော ခြံကလေးဖြစ်သော်ငြား ခြံထဲတွင် သီးပင်စားပင် များပြား၍ အစစ်အမှန် စိုက်ပျိုးလယ်မြေဟု ခံစားရသည်။
ခြံ၀င်းက သိပ်မကျယ်၀န်းဘဲ အတွင်း၌ အုတ်ကျွပ်မိုး အိမ်လေးတစ်လုံးဖြင့် သီးနှံစိုက်ပျိုးရာ မြေကွက်ငယ်လေးသာရှိသည်။
ခြံ၀င်း၏ ထောင့်နားတွင် ကြက်ခြံအသေးစားကလေးလည်း ရှိပြီး ကြက်နှစ်ကောင် သုံးကောင်က ထိုခြံထဲမှ ပျော်ပျော်ပါးပါးဖြင့် တကွတ်တွတ် အော်နေခဲ့ကြသည်။
စိုက်ပျိုးမြေကွက်အတွင်း စိုက်ထားသော ဟင်းသီးဟင်းရွက်များက စုံလင်လှသည်။ ထောင့်နားတွင်စိုက်ထားသော အနီရောင်နှင့် အစိမ်းရောင် ငရုတ်ပင်များကိုလည်း မော့၀မ်ယွီ တွေ့လိုက်ရလေသည်။
ချက်ပြုတ်ရာတွင်သုံးနိုင်လောက်အောင် လုံလောက်စွာ များပြားသော ပမာဏဖြစ်ပေသည်။
မည်သို့သော ဆော့စ်မျိုး ဖန်တီးရမည်အား သူစဉ်းစားနေချိန်တွင် အိမ်ထဲမှ အဒေါ်ကြီးတစ်ယောက် ထွက်လာပြီး သူတို့နှစ်ဦးအား တွေ့လိုက်ရသည့်အတွက် အံ့ဩသွားပုံပေါ်သည်။
မော့၀မ်ယွီ မော့ကြည့်လိုက်ရာ အသက်လေးဆယ်ကျော်ငါးဆယ်အရွယ် အဒေါ်ကြီးတစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုအဒေါ်ကြီး၏ မျက်နှာတွင် တင်းတိတ်အနည်းငယ် ရှိနေခဲ့သော်လည်း သူမ၏အသွင်က နူးညံ့ပြီး စိတ်သဘောထား သိမ်မွေ့ဟန်ပေါ်သည်။
သာမန်အ၀တ်အစားများသာ ၀တ်ဆင်ထားခဲ့သော်လည်း သူမ၏ သိမ်မွေ့သော ဟန်ကဖြင့် ပေါ်လွင်နေဆဲပင်။
“အဒေါ်က အဒေါ် ရှီ လား”
မော့၀မ်ယွီက နှစ်လိုဖွယ်အပြုံးလေးဖြင့် သူ့ကိုယ်သူ အရင် မိတ်ဆက်လိုက်သည်။
“ကျွန်တော်က မော့၀မ်ယွီပါ ကျူးမိသားစုအိမ်က သားမက်ပါ ...ဒီဘက်က ကျူးရှုက ကျွန်တော့်ရဲ့အမျိုးသားလေ”
ကျူးရှုသည် ကိုယ်ကိုအနည်းငယ်ကိုင်းညွတ်၍ နှုတ်ဆက်လိုက်သည်။
‘အမျိုးသား’ ဟူသည့်စကားအား ကြားလိုက်ချိန်တွင် ကြောင်အမ်းသွားခဲ့သော်လည်း သူထိုအရာအား မဖော်ပြခဲ့။
“ကျွန်တော်တို့က အဒေါ် ရှီက ဒီနေမှာ ဒီအသီးတွေ ကိုယ်တိုင်စိုက်တယ်ဆိုလို့ နည်းနည်းလောက် ၀ယ်ဖို့ လာခဲ့တာပါ”
မော့၀မ်ယွီက နာမည်အား မပြောလိုက်ဘဲ ထောင့်နားရှိ ငရုတ်သီးပင်များအား လက်ညှိုးထိုးပြလိုက်သည်။
သူ လူအတော်များများအား လိုက်မေးခဲ့သော်လည်း ‘ငရုတ်သီး’ အား သိသူဟူ၍ မရှိခဲ့သဖြင့် နာမည်ပြောနေလျှင်လည်း အပိုပင်ဖြစ်ပေသည်။
ယခု ငရုတ်ပင်များကို စိုက်ထားသော အဒေါ် ရှီ သည်လည်း ထိုအရာများအား မည်သို့ခေါ်သည်ကို သိလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် သူမက ထိုငရုတ်သီးများအားလည်း အရှေ့ပိုင်းဈေးတွင် ရောင်းလိမ့်မည်မဟုတ်။
မျှော်လင့်ထားသလိုပင် အဒေါ် ရှီက သူတို့နှစ်ဦးအား အနည်းငယ် မျက်မှောင်ကြုံ့၍ ကြည့်လိုက်ပြီး အထဲသို့၀င်ကာ ရေနွေးကြမ်း နှစ်ခွက် ငှဲ့လာခဲ့ကာ ပြန်ထွက်လာခဲ့သည်။ ပြီးနောက် နူးညံ့သော အသံဖြင့် ပြောလာသည်။
“လာခဲ့ကြလေ၊ ရေနွေးကြမ်း ခဏလောက် သောက်ကြပါဦး...ဘာလို့ ဒီအနီရောင်အသီးကို၀ယ်ချင်တာလဲ...ဘယ်နေရာမှာသုံးဖို့အတွက်လဲ”
မော့၀မ်ယွီက ရေနွေးပန်းကန်အား လက်ခံလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
သူက ဒီကမ္ဘာမှ ငရုတ်သီးကို ခေါ်ဆိုသည့် နာမည်အား စိတ်ထဲတွင် မှတ်ထားလိုက်သည်။ သူက ထိုအသီးများအား ဟင်းချက်ရာတွင် သုံးရန် သူ့ရည်ရွယ်ချက်အား ပြောပြခဲ့သော်လည်း သူချက်ပြုတ်မည့်ဟင်းလျာများ၏ အကြောင်းကိုတော့ မပြောခဲ့ပေ။
၎င်းအားကြားသော် အဒေါ် ရှီ၏ သံသယက ပိုသိသာလာပြီး သူမက ထိုအနီရောင်အသီး၏ ဇစ်မြစ်အားပြောလာသည်။
“ဒီအနီရောင်အသီးရဲ့အရသာက တကယ် ထူးဆန်းတယ်၊ ဒါကို အနောက်ပိုင်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်ဆီက လက်ဆောင်ရထားတာလေ၊ သူပြောတာတော့ ဒီအသီးက အံ့အားသင့်စရာ သက်ရောက်မှုမျိုး ရှိတယ်တဲ့၊ အဲဒါနဲ့ အဒေါ်လည်း စိုက်ထားလိုက်တာ၊
ဒါပေမဲ့ ဈေးထဲမှာ သွားရောင်းတော့ ဘယ်သူကမှ ဒီအသီးကို မ၀ယ်ချင်ကြဘူး၊ သူတို့က ဒီအသီးက စားလို့မရတဲ့အပြင် အသုံးလည်းမ၀င်ဘူးတဲ့၊ အဒေါ်လည်း ရှင်းပစ်ဖို့ကို အချိန်မရှိတာနဲ့ ဒီတိုင်း ဆက်စိုက်ထားလိုက်တာ
အခုတော့ ဒီကသခင်လေးက ဒါကို ဟင်းချက်တဲ့နေရာမှာ သုံးဖို့လို့ ရုတ်တရက်ကြီး လာပြောနေတယ်ဆိုတော့..”
အဒေါ် ရှီက စကားကို ထိုသို့ အဆုံးသတ်လိုက်ပြီး မျက်လုံးများကို ပင့်မ,လိုက်ပြီး ဘာကိုမျှ ဆက်မပြောလာခဲ့တော့ပေ။
*