Ch 20
Viewers 1k

အခန်း(20)


တစ်မနက်ခင်းလုံး ရှုပ်ရှက်ခက်နေခဲ့ပြီးနောက်တွင် မော့၀မ်ယွီလည်း သူ့လှည်းအား အရင်နေရာဟောင်းဆီသို့ ပြန်တွန်းသွားလိုက်သည်။


ဝါးဆစ်များနှင့် မှိုများကို ပြင်ဆင်ရန် လိုနေသေးသဖြင့် ကျူးရှုက အိမ်သို့ပြန်ခဲ့ပြီး အဆင်သင့်ဖြစ်မှသာ ပြန်လာခဲ့လေသည်။ 


မိုးရွာထားသဖြင့် လေထုက စိုစွတ်နေခဲ့ကာ ၀ယ်သူလည်းပါးနေပြီး အနီးမှ နှစ်ဆိုင်သုံးဆိုင်ခန့်ကသာ အလုပ်ရှုပ်နေခဲ့သည်။ မော့ဝမ်ယွီကလည်း အလျင်လိုမနေခဲ့ချေ။


စားပွဲများ ခုံတန်းများ ခင်းပြီးသည်နှင့် ဆိုင်အရှေ့တွင် အမျိုးသားတစ်ယောက်က လာရပ်နေခဲ့သည်။ 


သူသည်က မည်သည်ကိုမှလည်းမပြောဘဲ ဤအတိုင်း မလှုပ်မရှားရပ်နေခဲ့ခြင်းဖြစ်သည်။


မော့၀မ်ယွီလည်း အလုပ်များနေခဲ့ပြီး သေချာကြည့်မနေခဲ့ဘဲ ပြောလိုက်သည်။


“အသင့်မဖြစ်သေးပါဘူး ၊ ခဏလောက်စောင့်ပေးပါဦးနော်”


ထိုအမျိုးသားက မည်သည်ကိုမှပြန်မပြောဘဲ မော့၀မ်ယွီကို တစ်ချက်ကြည့်လိုက်ပြီး ဘေးကိုလှည့်လိုက်ကာ ခုံတစ်ခုံတွင် ၀င်ထိုင်လိုက်သည်။ 


ထုတ်သိမ်းစရာများကို ပြင်ဆင်ပြီးနောက် မော့ဝမ်ယွီလည်း ၀ယ်သူအား နှုတ်ဆက်ရန်ပြင်လိုက်ပြီး ခေါင်းမော့လိုက်သည်။


“ဧည့်သည်...ဘာများသုံးဆောင်ချင်....”


ခေါင်းမော့ကြည့်လိုက်ချိန်တွင် မော့၀မ်ယွီ၏ စကား‌များ ရပ်တန့်သွားကာ သူ တရားစီရင်ရေး ဇာတ်လမ်းတွဲတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


တစ်ဖက်လူသည်က အမဲရောင် ဘရိုကိတ်အထည်ကား ၀တ်ဆင်ထားလျှက်ရှိပြီး  လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်ကာ လက်ရှိတွင် သူ့ကို ခပ်ပြုံးပြုံးဟန်ဖြင့် ကြည့်နေခဲ့သည်။


တစ်ဖက်လူ၏ အကြည့်များက ကြင်နာတတ်ဟန်ပေါ်သော်လည်း မဖော်ပြနိုင်သော အကြောင်းပြချက်များကြောင့် သူ့ဘ၀အတွက် ထိခိုက်နစ်နာတော့မည့်အရေးကိုသာ ခံစားလိုက်ရသည်။


ခုံတန်းများက အနည်းငယ်‌ သေးနေသော်လည်း တစ်ဖက်လူကမူ သန်မာလွန်းသည်ကို မြင်နေရပြီး သူက ကျဉ်းကျဉ်းကျပ်ကျပ် ထိုင်နေရဟန်‌ ပေါ်သည်။ 


သို့သော်လည်း သူ၏ ဂုဏ်သိက္ခာရှိပြီး အေးဆေးသော စိတ်နေစိတ်ထားအား ဖော်‌ပြလျက်ပင်ရှိသည်။


၎င်းက အင်အားကြီးမားသော ဗျူဟာမှူးတစ်ဦးက မြို့ငယ်လေးတွင် ကိန်းအောင်းနေလိုပုံနှင့် တူညီသည်။


ထိုအရာက အဓိကမဟုတ်သေး...


အဓိကမှာ ထိုလူ၏နံဘေးတွင် ခါး၌ ဓါးကို အသင့်ထိုးထားသော အနက်ရောင်၀တ် သက်တော်စောင့်တစ်ဦးက မျက်နှာတည်ငြိမ်ဖြင့် ရပ်နေခဲ့သည်။ 


အခြားသူများ မြင်လျှင် အနားသို့ပင် ကပ်ရဲလိမ့်မည်မဟုတ်ချေ။


မော့၀မ်ယွီ ကိုယ်တိုင်လည်း ထိုသို့သော ၀တ်စုံမျိုးဖြင့် ရုပ်ရှင်များကြည့်ဖူးသော်လည်း ယခုတွင်တော့ မှားယွင်းသော နေရာသို့ ရောက်လာသလိုပင် ခံစားလိုက်ရသည်။


ခေတ္တရပ်တန့်နေခဲ့ပြီးနောက် မော့၀မ်ယွီလည်း တစ်ဖက်လူ၏ ကိုယ်ရေးအမှန်ကို စဉ်းစားမနေတော့ဘဲ သူ့ဆိုင်မှ အဓိက ဟင်းလျာကိုသာ ရိုးရှင်းစွာ မိတ်ဆက်ပေးခဲ့သည်။


“ခေါက်ဆွဲ တစ်ပွဲ ယူမလား  ဧည့်သည် “


လူကြီး၏မျက်လုံးက တစ်ချက်လက်သွားပြီး အပြုံးဖြင့် တုံ့ပြန်ခဲ့သည်။


“ယူမယ်”


ခေါက်ဆွဲအား အလျင်ပြင်ဆင်ခဲ့ပြီးနောက် မော့ဝမ်ယွီလည်း ပန်းကန်ကို ထိုအမျိုးသားရှိရာစားပွဲတွင် ချ‌ပေးလိုက်ပြီး ဝါးတူကိုကမ်း၍ ပြောလိုက်သည်။


“ဒါလေးကို သုံးပေးပါ”


လူကြီးက အသာယူလိုက်ကာ တက်ကြွစွာပင် မေးလိုက်သည်။


“မင်း ငါဘယ်သူလဲဆိုတာ မသိချင်ဘူးလား”


သူက တူဖြင့် ခေါက်ဆွဲသားများနှင့်ဟင်းရည်ကို အသာ‌နှံ့အောင် မွှေလိုက်ပြီး အနည်းငယ် မြည်းစမ်းရန်ပြင်လိုက်သည်။ 


သူ့နံဘေးမှ ကိုယ်ရံတော်က အလျင်တားရန်ပြင်လိုက်သော်လည်း သူကပြုံးပြီး လက်ကာ၍ တားလိုက်သည်။


မော့၀မ်ယွီ လှမ်းကြည့်လိုက်သောအခါ တစ်ဖက်လူက သူ့ကို အထင်သေးသလို ကြည့်မနေခဲ့ချေ။


ထိုအစား တစ်ဖက်လူက ရက်အတော်ကြာ ဆာလောင်နေခဲ့ဟန်တူသည်။ မော့၀မ်ယွီအနည်းငယ် အံ့ဩသွားခဲ့သည်။ 


တစ်ဖက်လူ၏ ၀တ်ပုံစားပုံနှင့် အနီးမှ အစောင့်တို့ကြောင့် ထိုသူသည် မျိုးရိုးမြင့်ထဲမှ တစ်ဦးဖြစ်မည်ဟု ခန့်မှန်းခဲ့သော်လည်း တစ်ဖက်လူက ဈေးထဲကဆိုင်မှ အစားအစာကို မနှစ်သက်ခြင်းမျိုး မရှိခဲ့။ 


သူ့အမြင်‌တွင် တခြားစားသုံးသူများနှင့် အတူတူပင်ဖြစ်သည်။


“ဒီကိုလာပြီး ခေါက်ဆွဲလာစားတဲ့သူတိုင်းက ဘယ်သူပဲဖြစ်နေပါစေ ထပ်တူညီစွာနှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံ‌ပေးတာ ခံရမှာပဲ”


မော့၀မ်ယွီ အကြည့်လွှဲလိုက်ပြီး သူ့ဆိုင်မှ အဓိက မုန်လာဥချဉ် တစ်ပန်းကန် ချပေးလိုက်ပြီး တစ်ဖက်လူနှင့် မျက်လုံးချင်းစုံလိုက်သည်။


တစ်ဖက်မှလူကလည်း မော့၀မ်ယွီအား မျက်လုံးအနည်းငယ် စွေ၍ ပြန်ကြည့်လိုက်လေသည်။ 


သူ့မျက်နှာထက်တွင် ခံစားမှုမျိုးစုံ ပြည့်နေပြီး ၀မ်းနည်းမှုအနည်းငယ် နှင့် စိတ်သက်သာရာရမှုတို့ကိုပါ တစ်ပြိုင်တည်း မြင်လိုက်ရသည်။


“စားသုံးသူက သာမာန်လူဖြစ်ဖြစ် မင်းမျိုးမင်းနွယ်ဖြစ်ဖြစ် ဒီနေရာကို အစားစားဖို့အတွက်သာ လာကြတာဖြစ်လို့ ကိုယ်စားချင်တဲ့ ဟင်းပွဲကို စားနိုင်ပါတယ်....


လူကြီးမင်းက ဒီဆိုင်က ဟင်းပွဲ‌‌တွေကို နှစ်သက်‌သ၍ အကုန်လုံး အတူတူဘဲမို့လို့ ဘာမှပူပန်စရာမလိုပါဘူး”


တစ်ဖက်လူက အချိန်အတော်ကြာအောင် ပြုံးနေခဲ့ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။


‘”တကယ်လို့ ငါက မင်းရဲ့ ရှင်ခြင်းသေခြင်းကိုပါ ဆုံးဖြတ်နိုင်တဲ့သူဆိုရင်ရော...”


မော့၀မ်ယွီက အသာပြုံးလိုက်သည်။


“ဒါဆိုလည်း ဆုံးဖြတ်လိုက်ပါ၊ ကျွန်တော့်လို သာမာန်ပြည်သူတစ်ယောက်က ဘာတစ်ခုမှပြောပိုင်ခွင့်မရှိပါဘူး”


အကယ်၍ ထိုသူကသာ သူ၏အသက်ကို ဆုံးဖြတ်ချင်ပါက ဟိုးအရင်ကတည်းကပင် ဆုံးဖြတ်ပြီးနေလောက်ပြီဖြစ်သည်။ 


ယခုကဲ့သို့အချိန်တွင် အဘယ်ကြောင့် တိုက်ရိုက်လာပြောနေမည်နည်း။ ထိုမျှမကသေး ဤစာအုပ်အတွင်းမှ ဇာတ်လမ်းဇာတ်အိမ်အရ ကွေ့ဟွားမြို့သည် သမရိုးကျ အပြင်အဆင်များဖြင့် ရိုးရှင်းသော မြို့လေးပင်ဖြစ်သည်။


မြို့ထဲတွင် အာဏာကြီးသောသူများ နေထိုင်ခြင်းမရှိဘဲ အကြီးဆုံး အာဏာပိုင်ဌာနက နိုင်ငံ့တရားရုံးပင်ဖြစ်ချေသည်။


ဤကမ္ဘာတွင် သူ၏ဇာတ်ကောင်ပုံစံ ပြောင်းလဲသွားမှုကြောင့် ဇာတ်လမ်းဖွဲ့စည်းပုံ ကွဲပြားသွားနိုင်သော်လည်း ကမ္ဘာတစ်ခုလုံး၏ ခြုံငုံနောက်ခံမြင်ကွင်းကမူ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်မဟုတ်ပါ‌ချေ။


တစ်ခါသေပြီးသည့်နောက်တွင်တော့ သူ့အတွက် သေခြင်းရှင်ခြင်းအား ဆုံးဖြတ်ပေးမှုကိုလည်း အထွေအထူး ဂရုစိုက်ရန်မရှိတော့ပါချေ။


“ဒါကတော့ မှန်ပါတယ်”


ထိုအမျိုးသားက သဘောတကျ ပြုံးလိုက်ပြီး မုန်လာဥချဉ်တစ်လုတ် ထပ်စားလိုက်သည်။


“ငါရဲ့ မျိုးရိုးနာမည်က ‘ထိုက်’....ပထမနာမည်က ‘ရှီယန်’ ...ငါက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပဲ၊


ကွေ့ဟွားမြို့ကို ရောက်ရောက်ချင်း အရှေ့ပိုင်းဈေးမှာ ‘အနက်ရောင် ဝါးဆစ် ခေါက်ဆွဲဆိုင်’ ဆိုတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်လို့ကြားခဲ့တယ်၊ အဲဒါက ဇာတ်လမ်းဖန်တီးမှုတစ်ခုလို့ထင်ပြီး ကိုယ်တိုင်လာရောက်မြည်းကြည့်တာ၊ ဒီနေ့ ကိုယ်တိုင်စားကြည့်ပြီးတော့မှ ဒါက တကယ်ကိုအရသာရှိတာပဲ”


မော့၀မ်ယွီ ပျော်ရွှင်သွားသည်။


“ကျွန်တော့်ရဲ့ ခင်ပွန်းသည်မဟုတ်ဘဲ လုမေ့မှာ ကျွန်တော်ပထမဆုံးတွေ့ဖူးတဲ့  အရဲရင့်ဆုံးသူက  ခင်ဗျားပါပဲ၊


အဲဒီတော့ ခင်ဗျားကို ‘ဦးလေးထိုက်’ လို့ခေါ်မယ် ရင်းနှီးတဲ့သူအ‌နေနဲ့ပေါ့၊ ကျွန်တော့်နာမည်က ၀မ်ယွီပါ၊ ကျူးမိသားစုအိမ်ကသားမက်ပါ”


မော့၀မ်ယွီ စကားဆုံးသည်နှင့် အနားတွင်ရပ်နေသော အစောင့်က ပြင်းပြင်းထန်ထန်‌ အော်လိုက်သည်။


“လေးလေးစားစား ဆက်ဆံစမ်း!!”


ထိုအစောင့်က သူ့အား လှမ်းဆူခြင်း မပြီးသေးခင်မှာပင် ထိုက်ရှီယန်က လက်အသာကာ၍ တားလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။


“ရတယ်လေ...ဒါက အိမ်တစ်အိမ်ရဲ့ သားမက်ဆိုတဲ့ နေရာကို ဂရုမထားတဲ့ သူမျိုးကို ပထမဆုံးတွေ့ဖူးတာပဲ၊ ကောင်လေး မင်းက စိတ်၀င်စားစရာပဲ”


ဈေးသည်များ၏ ဈေးရောင်းသံများနှင့်အတူ ဝယ်သူရောင်းသူများ တဖွဲဖွဲ စည်ကားလာကာ လူကျလာသော ဈေး၏ တစ်နေ့တာက သက်၀င်စည်ကားလာခဲ့ပြီဖြစ်သည်။


ကျူးရှုက ထုတ်ပိုးပြီးသွားသော ပစ္စည်းများကို သယ်မ၍ ထွက်လာခဲ့သည်။


ထိုက်ရှီယန်ကလည်း အချိန်ကြာကြာ မနေခဲ့ချေ။ ခေါက်ဆွဲကို လက်စသတ်ပြီးနောက် မော့၀မ်ယွီအား စကားအနည်းငယ်ပြောကာ ထွက်ခွာရန်ပြင်ခဲ့သည်။


မော့၀မ်ယွီက တစ်ဖက်လူ၏ လက်အားဖမ်းဆွဲကာ တားလိုက်သည်။


“ဦးလေးထိုက်...ခေါက်ဆွဲတစ်ပွဲက ၂၀ဆင့် မုန်လာဥနှပ်တစ်ပွဲက ၁၅ဆင့်ပါ၊ ကျွန်‌တော့်ကို ငွေမရှင်းရသေးဘူးလေ”


ထိုက်ရှီယန်က အသာပြုံး၍ မော့၀မ်ယွီအားကြည့်လိုက်သည်။


“ငါက ရင်းနှီးတဲ့သူလို့ မင်းခုနက မပြောခဲ့ဘူးလား”


မော့၀မ်ယွီကလည်း ယုံကြည်ချက်အပြည့်ဖြင့် တိုက်ရိုက်ပင် ခွန်းတုံ့ပြန်ခဲ့သည်။


“ဒီနေရာကိုလာပြီး စားသောက်တဲ့သူ မှန်သမျှက ရင်းနှီးတဲ့သူ တွေကြီးပါဘဲ၊ ဒါပေမဲ့ သူတို့တွေ ကျွန်တော့်ကို ကျသင့်ငွေမပေးလို့လား၊


ရင်းနှီးတာက ရင်းနှီးတာတစ်ပိုင်း အခကြေးငွေပေးတာက သက်သက်တစ်ပိုင်းပါ”


သူက သူတော်စင်တစ်ပါးလည်းဟုတ်မနေသလို တစ်ဖက်မှာလည်း သူ့တွင် ဤဆိုင်မှ ၀င်ငွေကိုမှီခိုပြီး အကြွေးများဆပ်ရန် ရှိနေသေးသည်။ 


အဘယ်ကြောင့် ရင်းနှီးသည်ဟုဆိုတိုင်း ပိုက်ဆံမပေးလို့ရနိုင်မည်နည်။


သူ မည်သည်ကိုမှဆက်မပြောလိုက်နိုင်သေးခင်မှာပင် အစောင့်အကြပ်က သူ၏လက်ထဲသို့ ကြေးပြား၃၅ယွမ်အပြင် အနည်းငယ် ပဲ့နေသော ငွေတုံးအချို့ကိုပါ ပေးခဲ့သည်။


ထိုက်ရှီယန်ကမူ စိတ်ဆိုးခြင်းအလျဥ်းမရှိပါဘဲ မော့၀မ်ယွီအား ထူးခြားသော အကြည့်မျိုးဖြင့်သာ ကြည့်နေခဲ့သည်။


“မင်းရဲ့ ဆိုင်က အစားအစာတွေက စားလို့ကောင်းတယ်၊ဒီငွေကို နောက်ထပ် ပါ၀င်ပစ္စည်း‌တွေ၀ယ်ဖို့ သုံးလိုက်၊နောက်တစ်ခါ ထပ်စားဖို့ လာခဲ့မယ်”


‌ထိုက်ရှီယန်က သူ့ကိုယ်သူ စီးပွားရေးလုပ်ငန်းရှင်ဟုသာ ပြောခဲ့သည့်အတွက် စီးပွားရေးသမားတစ်ယောက်အနေဖြင့် ငွေကြေးခက်ခဲမှုရှိလိမ့်မည်မဟုတ်ပေ။ 


သူ နောက်ထပ်တစ်ခါလာချိန်တွင် ယခုထက်ပိုများသော ဟင်းပွဲများကို မှာယူလိမ့်မည်ဖြစ်သည့်အတွက် မော့၀မ်ယွီ ထိုငွေကိုလက်ခံထားလိုက်သည်။ 


တစ်ဖက်လူ၏ အချက်အလက်ကို မယုံကြည်ခဲ့သော်ငြားလည်း ထိုသူက သူ့အား ငွေကိုပေးခဲ့သည်ပင်။


ထိုလူနှစ်ယောက် ထွက်ခွာသွားချိန်တွင်တော့ ကျူးရှုက မော့၀မ်ယွီအား မေးလာခဲ့သည်။ မော့၀မ်ယွီလည်း ရိုးရှင်းစွာပင် ရှင်းပြလိုက်သည်။


“ထိုက်ရှီယန်.....”


ကျူးရှု ခဏတာ ရပ်တန့်နေခဲ့ပြီး သူ ထိုနာမည်အား တစ်နေရာရာတွင် ကြားဖူးနေသကဲ့သို့ ခံစားလိုက်‌နေရသည်။ သို့သော်လည်း မကြာမီပင် ဆိုင်ရှေ့၌ ၀ယ်သူများက များသထက်များလာသောအခါ သူတို့နှစ်ယောက်စလုံး ကိုယ်စီလုပ်ငန်းစရတော့သည်။


ထိုက်ရှီယန် ‌မော့ကျူးဆိုင်သို့ ရောက်လာပြီး ထိုင်ခုံတွင်ထိုင်လိုက်ချိန်မှစ၍ နောက်ဆုံးထွက်ခွာသွားချိန်အထိ ဘေးဘယ်ညာ ဆိုင်ခန်းများမှ လူများသည် မြင်ကွင်းကို အစအဆုံးမြင်ခဲ့ကြရသည်။ ၎င်းက သူတို့၏ သွားများကိုပင် ချက်ချင်း ကြိမ်းတက်လာစေခဲ့သည်။


“အဲဒါ...အဲဒါက အသစ်ခန့်အပ်ထားတဲ့ နိုင်ငံ့တရားသူကြီး ထိုက်ရှီယန် မလား...ဟိုတလောကတော့ သူ ဒီကိုလာမယ်လို့ ကြားမိပေမဲ့ တကယ်ကြီး ရောက်လာလိမ့်မယ်လို့တော့ မထင်ထားမိဘူး”


ကိတ်မုန့်ပေါင်းဆိုင်မှ ဆိုင်ရှင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ သူ့ရှေ့မှ ပေါင်းအိုးထဲမှ အစားအစာများ တူးနေသည်ကိုပင် သတိမမူမိခဲ့ချေ။


တူးနံ့က ပြင်းသထက်ပြင်းလာချိန်မှသာ သတိထားမိခဲ့ပြီး ချက်ချင်းနောက်တစ်အိုးပြောင်းကာ အသစ်များထည့်၍ ပြန်ဖြည့်ခဲ့ရသည်။ 


ဈေးလာ၀ယ်သော စာသင်သားတစ်ယောက်ကလည်း ပြောလာသည်။


“ကျွန်တော်ကြားတာတော့ သူက အဆင့်မြင့်မြင့် အရာရှိတစ်ဦးဖြစ်ခဲ့တာတဲ့ ဒါပေမဲ့ သူ့ကို တရားရုံးက အခြားအရာရှိတွေက ပိတ်ပင်ထားခဲ့တာ၊ အဲဒါကို အုပ်ချုပ်သူက အမျက်တော်ရှပြီး သူ့ကိုဒီမြို့ကို ရာထူးချလိုက်တာတဲ့”


*