အခန်း(19)
မော့၀မ်ယွီသည်က သူ မွေးလာကတည်းက သန်မာပြီး အရာအားလုံးကို အခက်အခဲမရှိ လုပ်ကိုင်နိုင်သည်ဟုပင်ဆိုနိုင်သည်။
နံနက်စာရောင်းချိန် ကျော်သွားသည်နှင့် မော့၀မ်ယွီက စကားများများ ပြောမနေဘဲ ခေါက်ဆွဲရောင်းသော သစ်သားပြားများအား ဖယ်ရှားလိုက်သည်။
သို့သော်လည်း ဆိုင်ရှေ့တွင် ခေါက်ဆွဲ၀ယ်စားချင်သူ အများအပြား ရှိနေသေးသည်။
သူတို့ဆိုင်၏ အရှေ့ဘက်ရှိ အ၀တ်အထည်ဆိုင်မှလူသည်က တစ်မနက်လုံး ဝါးလှည်းပေါ်မှ ချက်ပြုတ်ထားသော အနက်ရောင်ဟင်းရည်နှင့် ခေါက်ဆွဲကို တစ်မနက်လုံး ငေးကြည့်နေခဲ့သည်။
အထည်အလိပ်ဆိုင်ထဲထိပင် လွင့်ပျံ့လာသော ခေါက်ဆွဲရနံ့ကို ရှူရှိုက်ပြီးနောက် ဆိုင်ရှင်အမျိုးသားမှာ သွားရေကျနေခဲ့ရသည်။
ထိုလူသည်က သူ့ဇနီးသည်အား စိတ်ဆိုးသလို ကြည့်လိုက်ပြီး သူ့ဇနီးသည် အထည်လိပ်များအား ကိုင်တွယ်နေချိန်တွင် အနီးမှ အလုပ်သမားလေး၏ လက်မောင်းအား လှမ်းဆွဲ၍ အမြန်ပြောလိုက်သည်။
“အဲဒီဆိုင်ကို သွားပြီးငါ့အတွက်တစ်ခုခု ယူလာပေး.၊ ဒီနေရာကနေတောင် အနံ့က အရမ်းကောင်းလို့ ငါသည်းမခံနိုင်တော့ဘူး၊ ငါအဆာပြေမုန့် မစားရတာ ရက်ပေါင်းများစွာ ရှိနေပြီ”
ထိုအလုပ်သမားလေးက အထိတ်တလန့်ဖြင့် ဆိုင်ရှင်အမျိုးသမီးအား လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။
“မရဘူးလေ သူဌေး ၊မနေ့ညကပဲ တိုင်းရင်းဆေးတွေ သောက်ထားသေးတယ်မဟုတ်လား၊ သူဌေးကတော်က သူဌေးကို သေသေချာချာစောင့်ကြည့်ထားခိုင်းပြီး ဘယ်ဆိုင်ကမှ အဆာပြေ ၀ယ်မစားအောင် တားခိုင်းထားတယ်၊ အခု ကျွန်တော့်ကို လုပ်ခိုင်းနေတာက...”
ကောင်လေးက ထိုစကားပြောနေချိန်မှာပင် လည်ပင်းကို လက်၀ါးစောင်းဖြင့်ခုတ်ဖြတ်သည့်ဟန်ပြုကာ မျက်လုံးလှန်လိုက်ပြီး လျှာထုတ်ပြ၍ သေချင်ယောင်ဆောင်ပြသည်။
ဆိုင်ရှင်က ကောင်လေး၏ခေါင်းအား တစ်ချက်ရိုက်လိုက်ပြီး ဒေါသထွက်စွာ ပြောလိုက်သည်။
“မင်းက သူဌေးဖြစ်တဲ့ ငါ့စကားကို နားထောင်မှာလား သူဌေးကတော်စကားကို နားထောင်မှာလား!!”
ကောင်လေးကလည်း ၀န်ခံလိုက်သည်။
“သေချာပေါက်...သူဌေးကတောာရဲ့စကားကို နားထောင်ရမှာပေါ့....”
ကောင်းပြီ။ သူ့မှာ ဂုဏ်သိက္ခာတွေ အဆင့်အတန်းတွေ အရှက်တွေမရှိတဲ့အပြင် အခု ဇနီးသည်ရဲ့စကားကိုပါ နားထောင်နေရပြီ။ အဆင်ပြေပါတယ်။
သို့သော်လည်း သူသည်ကား မွေးပျံ့နေသော ရနံ့အား တွန်းလှန်နိုင်ခြင်းမရှိသဖြင့် ကောင်လေးအား အပြေးသွားရန် မုန့်ဖိုး ဆင့် ၅၀ ပေး၍ သွားရန်စေလိုက်သည်။
သူတို့နှစ်ဦးသားက လမ်းကြားထဲတွင် မျက်နှာချင်းဆိုင် ဆောင့်ကြောင့်ထိုင်နေကြကာ မွေးပျံ့သော ပူပုနွေးနွေး ပြုတ်ချက်ထားသောအဆာပြေစာအား တစ်ယောက်တစ်လုပ် မျိုချစားသောက် နေခဲ့ကြသည်။
“ကောင်းချက်ပဲ ! ဒါက အရမ်းကောင်းတယ်!! ဘာလို့ဒီလောက် အရသာရှိနေတာလဲ!! အပတ်တိုင်း နေ့တွေမှာ ဒါကိုစားနိုင်မယ်ဆိုရင်တော့ ပင်ပန်းတယ်လို့တောင် ခံစားမိတော့မှာမဟုတ်ဘူး”
ဆိုင်ရှင်က မိမိပုံရိပ် ကျဆင်းမည်ကိုပင် လျစ်လျူရှုထားပြီး အတင်းမျိုချ ကာ ပါးစပ်ထဲသို့ သွင်းနေခဲ့သည်။
ကောင်လေးကလည်း တစ်ချက်တစ်ချက် ခေါင်းငြိမ့်ထောက်ခံနေပြီး ပါးစပ်အပြည့် အလုပ်အနည်းငယ် ထည့်ပြီးနောက် ခေါက်ဆွဲများကို တိုက်ရိုက်မျိုချတော့သည်။
“ကျွန်တော်ကြားတာတော့ အဲဒါ ကျူးအိမ်က သားမက် မော့၀မ်ယွီ ဖွင့်တာတဲ့၊ ပြီးတော့ ကျူးသခင်လေးကိုလည်း သူနဲ့ အတူခေါ်လာသေးတယ်”
“ကျူးအိမ်က သားမက်.. အဲဒါ အရူးကောင်မဟုတ်ဘူးလား၊ သူက ဘယ်လိုများ ဒီလောက်အရသာရှိတာတွေကို ချက်နိုင်နေရတာလဲ၊ ကျူးသခင်လေးဆိုတာကလည်း သူ့အပေါ် အရမ်စအေးစက်တယ်ဆို ၊ဘယ်လိုဖြစ်လို့ အတူတူတောင် လိုက်လာရတာလဲ”
ကောင်လေးက အနှစ်များဖြင့် ရောနေသော နောက်ဆုံး အာလူးဖတ်လေးအား မျိုချလိုက်ပြီး ပါးစပ်အသာသုပ်လိုက်သည်။
“အဲဒါတွေ အကုန်လုံးက အတင်းအဖျင်းတွေပဲလေ ကျွန်တော်တို့က မျက်လုံးနဲ့ မမြင်ရတဲ့အရာကို ဘယ်လိုလုပ် သိနိုင်မှာလဲ၊ကျွန်တော်ထင်တာတော့ အကုန်လုံး တစ်ဆင့်စကားတွေပဲမလား၊ သူကတကယ်တော့ တော်တဲ့သူဖြစ်နေနိုင်တာပဲ”
“အင်း အဲဒါ အမှန်ဘဲ”
တစ်ပန်းကန်ဟူသော ပမာဏအနည်းငယ်က ချက်ချင်း ကုန်သွားပြီးနောက် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ထပ်တစ်ပန်းကန် ထပ်၀ယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကောင်လေးက ထရပ်လိုက်ချိန်တွင် ဆိုင်ရှင်၏နောက်ဘက်တွင် သူဌေးကတော်က ရပ်နေသည်အား တွေ့လိုက်ရသည်။
သူချက်ချင်းပင် ထိတ်လန့်ပြီး ဖြူဖျော့သွားခဲ့ရသည်။
“ဘာရပ်လုပ်နေတာလဲ၊ မြန်မြန်သွား၀ယ်လေ!! ငါဒီရက်ပိုင်း ဆာလောင်မှုကြောင့် ရူးတော့မလိုဖြစ်နေတာ!!”
ဆိုင်ရှင်က ပြင်းပြင်းပြပြဖြစ်နေခဲ့သော်လည်း သူ့ရှေ့မှကောင်လေးက ခေါင်းပင်မော့မလာခဲ့ဘဲ မလှုပ်မရှား ရပ်တန့်နေခဲ့သည်။ ထိုကောင်လေး အသာလှမ်းကြည့်လာချိန်တွင် သူ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
“သူဌေး၊ ဒီတိုင်း အိမ်ပြန်ပြီးပဲ သူဌေးကတော်ချက်ပြုတ်ထားတဲ့ အစားအစာတွေပဲ ပြန်စားတာ မကောင်းဘူးလား....”
ဆိုင်ရှင်က မျက်လုံးလှန်ပြီး ပြောလိုက်သည်။
“ငါစားချင်တာ စားလို့ရတယ်ဟုတ်လား၊ အဲဒါတွေက ဒီအတိုင်း ဆားမပါဘဲ ရေသက်သက်လိုပဲ.၊ အဲဒါတွေက လူစားလို့ရတဲ့အရလား!!”
ကောင်လေးက လက်ကျန်အနှစ်များကို အာရုံစိုက်၍ ငုံ့စားနေသေးသော ဆိုင်ရှင်ကို ထိတ်လန့်စွာ ကြည့်နေပြီး တိတ်တိတ်ကလေး ဆုတောင်းပေးလိုက်မိသည်။
“အဲဒါတွေက လူစားလို့ရဲ့ဟာလား!!!ဟုတ်လား”
ရုတ်တရက် ဆိုင်ရှင်၏ အနောက်မှ အသံတစ်သံထွက်လာသည်။
ဆိုင်ရှင်က တောင့်တောင့်ကြီးဖြင့် လှည့်ကြည့်လိုက်သည်။ ရင်းနှီးနေသော အသံအား ကြားလိုက်ရပြီးနောက် သူ၏ မသိစိတ်က တုန်လှုပ်သွားခဲ့ပြီး အနှစ်ထည့်ထားသော ဝါးဆစ်ကလည် “ခလောက်” ဟု မြည်သံနဲ့အတူ အောက်သို့ပြုတ်ကျသွားခဲ့သည်။
သူ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ သူ့အား မှောင်မဲနေသော မျက်နှာဖြင့် ကြည့်နေသော ဇနီးသည်ဖြစ်သူအား တွေ့လိုက်ရသည်။
လူကြီးက ပြုံးဖြဲဖြဲဖြင့် ချွေးစေးများထွက်နေသော လည်ပင်းကိုအသာကုပ်လိုက်ပြီး သူ့လက်ထဲမှတူအား မိန်းမဖြစ်သူထံ လှမ်းပေးလိုက်သည်။
“မိန်းမ...တစ်လုပ်လောက် မြည်းကြည့်ပါလား”
ထိုနေ့ နေ့လည်တွင် လူများစည်ကားနေသော အရှေ့ပိုင်းဈေးတွင် အနက်ရောင် ဝါးဗူးစွတ်ပြုတ် ဆိုင်ရှေ့တွင် ၀ယ်ရန် တန်းစီနေကြသော လူတန်းကြီးက ထူးဆန်းသော အသံကြီးအား ကြားလိုက်ရသည်။
သို့သော် ထိုအသံက “နောက်တစ်ပွဲလောက်” ဟူသော အသံအောက်တွင် ပျောက်ကွယ်သွားတော့သည်။
အလုပ်များသော နံနက်ခင်းအပြီးတွင် နေ့လည်အချိန်ရောက်မှသာ ၀ယ်သူများ ရပ်တန့်သွားတော့သည်။
ကျူးရှုနှင့် မော့၀မ်ယွီတို့ အချင်းချင်း စကားတစ်ခွန်းပြောလိုက်ကြပြီး လမ်းကြားထောင့်နားမှ လူရှင်းသည့်နေရာတွင် ခေတ္တနားရန် သွားထိုင်လိုက်ကြသည်။
ကျူးရှုက သူ၏နာကျင်နေသော လက်မောင်းကို အသာပွတ်သပ်လိုက်ကာ လက်ကိုပင် မ,မနိုင်တော့။
သူက တစ်မနက်ခင်းလုံး ပန်းကန်လုံးများ ချပေး၍ ငွေသိမ်းသည့် တာ၀န်ကို လုပ်ဆောင်နေခဲ့သည်။
သူ တစ်ခါမျှ ပင်ပင်ပန်းပန်း အလုပ်မျိုး မလုပ်ဖူးသဖြင့် အလုပ်လုပ်ရသည့် ဘ၀က မလွယ်ကူမှန်း သိလိုက်ရသည်။
သူတို့၏ အိမ်တွင် အကြွေးများဝိုင်းနေပြီး နည်းလမ်းမျိုးစုံ ရှာဖွေနေခဲ့ရသော်လည်း သူ့မိဘများက သူ့အား ဂရုတစိုက်ဖြင့် မပင်မပန်းစေဘဲ သခင်လေးဘ၀တွင်သာ နေစေခဲ့သည်။
မိဘများက ငွေချေးရန် သွားရောက်ရှာဖွေနေကြသည်ဟုသာ တွေးခဲ့သော်လည်း ယခုမှသာ ထိုအရာကလည်း လွယ်ကူမည်မဟုတ်ကြောင်း တွေးလိုက်မိသည်။
ယခုကိုယ်တိုင် အလုပ်လုပ်ကြည့်မှာသာ ဘ၀ဆိုသည့် အရသာကို ကိုယ်တိုင်ခံစားဖူးတော့သည်။
မီးဖိုမှ မီးခိုးနံ့များက ပြင်းလွန်းပြီး ၀ယ်သူများ၏ ဟာသများနှင့် အစားအသောက်အတွက် ချီးကျူးသံများကို နားထောင်ရသည်မှာလည်း သူ့နှလုံးသားကို နွေးထွေးစေသည်။
ထိုခံစားချက်က အေးစက်နေသော အိမ်ကြီးထဲတွင် အဘွားဖြစ်သူက သူ့ဆံပင်လေးများကို ပွတ်သပ်ပေးနေခဲ့သော နွေးထွေးမှုမျိုးနှင့် တူညီသကဲ့သို့ပင်။
ဖော်ပြ၍ မရနိုင်သော ခံစားချက်မျိုးဖြစ်ပြီး သူ့နှလုံးသား အောက်ခြေမှပင် ကျေနပ်ခြင်းများကို ခံစားရသည်။
ကျူးရှု အသာအယာပြုံးလိုက်ပြီး မော့၀မ်ယွီ အဘယ်ကြောင့် ဆိုင်ဖွင့်ချင်သည်အား နားလည်လိုက်သည်။
ပိုက်ဆံတစ်ခုတည်း အတွက်ကြောင့် မဟုတ်တာလည်း ဖြစ်နိုင်တာပဲ....
“ပင်ပန်းလို့လား..”
သူ ထိုသို့တွေးတောနေချိန်မှာပင် သူ့မျက်နှာအနားသို့ အေးမြလေးတစ်ခုက နီးကပ်လာခဲ့သည်။ ကျုးရှုက သူ့မျက်နှာကို အသာလှည့်လိုက်လျှင် မော့၀မ်ယွီ၏ အပြုံးလေးအား တွေ့လိုက်ရသည်။
တစ်ဖက်လူက ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးချိန်တွင်လည်း ရိုးသားပြီး နူးညံ့သော အပြုံးလေးဖြင့်သာ ရှိနေခဲ့သည်။
သို့သော် ထိုအပြုံးက ဆိုင်ဖွင့်ချိန်ကအပြုံးနှင့်တော့ အနည်းငယ်ကွာခြားနေသလိုပင်။
ထိုအချိန်က ထူးဆန်းသော အပြုံးနှင့်မတူဘဲ ယခုမှာ နွေးထွေးသော နေရောင်ခြည်လေးကဲ့သို့ပင်ဖြစ်နေခဲ့သည်။ ကျူးရှုတစ်ယောက် အဝေးသို့ အမြန်ပင် အကြည့်လွှဲလိုက်ရသည်။
သူ အတွေးများစွာတွေးနေမိခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း တစ်ဖက်လူအတွက် အခက်အခဲမဖြစ်စေလိုပေ။
တစ်မနက်လုံး ထိုသူကသာ ပိုပင်ပန်းနေခဲ့ခြင်းဖြစ်သည်လေ။ ထို့ကြောင့် ကျူးရှု ခေါင်းခါလိုက်ကာ မပင်ပန်းကြောင်းပြောလိုက်သည်။
“လှည်းကကော...”
ကျူးရှုက မေးလိုက်သည်။ သူတို့နှစ်ယောက်လုံး ထွက်လာလျှင် လှည်းအား မည်သူက ကြည့်မည်နည်း။
မော့၀မ်ယွီက အသာထိုင်လိုက်ကာ ကျူးရှုလက်ထဲသို့ ပန်းကန်လုံးအား ထည့်ပေးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ရတယ်၊ အနားမှာရှိတဲ့ အဒေါ်တစ်ယောက်ကို ခဏကြည့်ပေးဖို့ အကူအညီတောင်းခဲ့တယ်( အခု၀ယ်သူလည်းမရှိတော့ဘူးလေ အကုန် အိမ်ပြန်ပြီး ထမင်းစားနေလောက်ကြပြီ”
“ဒါက ရေခဲခြစ်၊ လူနည်းနည်းရှင်းတုန်းက ဘေးဆိုင်ကနေ အိုးသွားငှားပြီး လုပ်ထားတာ”
ကျူးရှု ကြိုက်တတ်မှန်း သိသွားကတည်းက သူ မကြာမကြာ လုပ်ကျွေးဖြစ်သည်။ ရေခဲခြစ်လုပ်ရသည်က အနည်းငယ်မျှပင် လက်မ၀င်ဘဲ အပြင်တွင်လည်စ လွယ်လွယ်ကူကူလုပ်၍ရသည်။
လူနည်းသည့်အချိန်တွင် သူသည်လည်းအားနေသဖြင့် ရေခဲခြစ်လုပ်ထားခဲ့ခြင်းဖြစ်သည်။
တစ်မနက်သာရှိသေးသော်လည်း မော့၀မ်ယွီက အားလပ်သည့်အချိန်များကို အနီးအနား ဆိုင်များမှ ဆိုင်ရှင်များနှင့် စကားပြောဆိုကာ ရင်းနှီးမှု ရယူနိုင်ခဲ့ပြီဖြစ်သည်။
သစ်လွင်တက်ကြွသော အပြုံးလေးနှင့် နှိမ့်ချတတ်သော စကားပြောဟန်က အနီးအနားမှ အဒေါ်ကြီးများ၏ နှလုံးသားအား ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် အိုးကိုလည်း ငှားနိုင်ခဲ့သည်။
နေ့လည်ဘက်တွင် လူရှင်းသည်က ပုံမှန်ပင်ဖြစ်သည်။ မြို့ထဲမှ လူများက အလုပ်အတွက် မနက်စောစောထကြရပြီး မနက်စာအတွက် ပြင်ဆင်ချိန်မလုံလောက်သည့်အတွက် မနက်စာကို ၀ယ်စားကြရခြင်းဖြစ်သည်။
နေ့လည်ဘက်တွင် အချိန်လုံလုံလောက်လောက်ရသဖြင့် နေ့လည်စာကို ကိုယ်တိုင်ချက်ပြုတ်စားနိုင်ကြသည်။
သို့သော် သူနှင့်ကျူးရှုမှာ အသွားအပြန်လုပ်ရသည်မှာ ပင်ပန်းသဖြင့် နေ့လည်အချိန်တွင် ခဏနားကာ စောင့်လိုက်ပြီး ပန်းကန်အနည်းငယ် ထပ်မံရောင်းချရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုမှသာ သူတို့၏ အကြွေးကို ခပ်မြန်မြန် ပြန်ပေးနိုင်လိမ့်မည်။
ဆောင်းဦးကာလ၏ နေ့လည်အချိန်က ပူပြင်းနေခြင်းမရှိပေ။ နေက ဦးခေါင်းတည့်တည့်တွင် ရောက်နေသော်လည်း ၎င်းကပင် အနည်းငယ် နွေးထွေးစေသည်။
လှေကားထစ်က ကျဉ်းမြောင်းပြီး သူတို့နှစ်ဦးကလည်း တစ်ယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ် ထိုင်နေခဲ့ကြသည်။ မော့၀မ်ယွီကတော့ မတိုင်မီအချိန်လေးကမှ အလုပ်ပြီးလာသည့်အတွက် တစ်ကိုယ်လုံး ပူလောင်နေသကဲ့သို့ ခံစားနေရသည်။
ကျုးရှုကတော့ ပန်းကန်လုံးကို ယူလိုက်ပြီး မည်သည်ကိုမျှ မပြောခဲ့ချေ။ နံဘေးမှ လူငယ်ထံမှ ခန္ဓာကိုယ်မှ အပူရှိန်ကြောင့် သူသည်လည်း နွေးထွေးလာသကဲ့သို့ ခံစားလာရသည်။
“ဈေးကို နေ့လည်စာအတွက် လာတဲ့သူတွေက ပင်ပင်ပန်းပန်း အလုပ်မျိုးကို လုပ်တဲ့သူတွေပဲ၊ သူတို့က တစ်နေ့ကို ငွေအများကြီးမရှာနိုင်တော့ လွယ်တဲ့နည်းကို သုံးလိုက်တာ”
ခဏရပ်ပြီးနောက် မော့၀မ်ယွီက ဆက်ပြောလိုက်သည်။
“ဒါကလည်း စီးပွားရေးနဲ့ ဆိုင်တဲ့အရာတစ်ခုပဲ”
နောက်ဆုံးတွင် သူက ကျုးရှုအား လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများက အသာကျဉ်းမြောင်းသွားကာ စိတ်ကျေနပ်သည့် အသွင်အား ဖော်ပြနေခဲ့သည်။
ကျူးရှုကတော့ တစ်ဖက်လူပြောသည့် အဓိပ္ပာယ်အား နားမလည်ခဲ့ပေ။ အကြာကြီး ကြောင်အမ်း နေခဲ့ပြီးမှ မော့၀မ်ယွီဘက်သို့လှည့်ကာ ရှုပ်ထွေးနေသကဲ့သို့ ကြည့်လိုက်သည်။
မော့၀မ်ယွီက ထပ်မံရှင်းပြမနေတော့ဘဲ အသာပြုံး၍ ပြောလိုက်သည်။
“အနာဂါတ်မှာ ကိုယ်ပိုင်ဆိုင်မဖွင့်ချင်ရင် အဲဒီနည်းလမ်းကို သုံးလို့ရတယ်လို့ပြောတာ၊ ဘာကိုမှ သိပ်ပြီး ပူပင်မနေနဲ့ လုပ်ချင်တာကိုလုပ်လိုက်”
ကျူးရှု၏ မျက်လုံးလေးများအတွင်း လှိုင်းကလေးများ ဖြတ်ပြေးသွားပြီး ရှေးဟောင်း ရေတွင်းများကဲ့သို့ ကြည်လင်လှသော ဗာဒံစေ့ မျက်လုံးလေးများက အနည်းငယ် ကျယ်လာခဲ့သည်။
နေရောင်နွေးနွေးအောက်တွင် ကြည်လင်ဖြူ၀င်းနေသော မျက်နှာလေးထက်တွင်လည်စ အံ့ဩသည့်အရိပ်အယောင်က ပေါ်လာခဲ့သည်။
အမြဲတမ်း သူ့ရင်ထဲတွင် သိုဝှက်ထားခဲ့ပြီး မည်သူ့ကိုမျှ ၊ အတူကြီးပြင်းခဲ့သော အားရှုနှင့် မိဘများကိုပင် ထုတ်မပြောခဲ့သော အရာများရှိသည်။
သို့သော် မော့၀မ်ယွီကတော့ ထိုအရာများအား အမှတ်တမဲ့ပင်ဖြစ်၀ေ၊ အမှန်တကယ်ပင်ဖြစ်စေ သိရှိနေခဲ့သည်သာ။
သူက ကိုယ်တိုင်လုပ်ချင်သည့်အရာကို လုပ်ရန် ပြောခဲ့သည်။
ထိုသူက အမှန်တကယ့်ပင် တစ်ခုခုဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် အနီးအနား လမ်းကြားတစ်ခုတွင် နံရံအားမှီထားခဲ့သော အရိပ်ကလေးတစ်ခုက ထိုစကားသံများကိုကြားသော် သူ၏ ရန်လိုသော မျက်လုံးလေးများက မျက်လွှာအသာချသွားခဲ့လေသည်။
_