အခန်း(18)
ဈေးလှည်းထဲ၌ နှပ်ထားပေါင်းထားသော အစားအစာများ..အနှစ်များဖြင့် အသင့်ဖြစ်နေပြီဖြစ်သည်။ စားသုံးသူများ ထိုင်ရန် ခုံနှင့်စားပွဲလေးများလည်း ပြင်ဆင်ထားပြီးပေပြီ။
မနက်ခင်းတုန်းက တစ်၀က်ခန့် ချက်ပြုတ်ပြီးစီးထားသော စားသောက်ဖွယ်ရာများကို ထုပ်ပိုး၍ မော့၀မ်ယွီနှင့်ကျူးရှုတို့ တွန်းလှည်းလေးကို အသာတွန်းကာ ဈေးသို့ထွက်လာခဲ့ကြသည်။
သူတို့နှစ်ဦးသား တွန်းလှည်းပေါ်တွင် ‘မော့ကျူး စားဖွယ်ရာ’ ဟူသော ဆိုင်းဘုတ်လေးအား အတူတကွ တပ်ဆင်လိုက်ကြသည်။ မော့ကျူးဟု အမည်ပေးရန်အတွက် သူတို့နှစ်ဦး အတူ သဘောတူခဲ့ကြခြင်းဖြစ်ပေသည်။
အားရှုသည်လည်းလိုက်၍ ကူချင်ခဲ့သော်လည်း ကျူးရှုက အိမ်တွင် စောင့်၍ အိမ်အလုပ်များအား စီမံစေခဲ့သည်။
“ကံကောင်းလို့ အဒေါ်ရှီက အရှေ့ပိုင်းဈေးမှာ ရောင်းဖို့နေရာရှာပေးခဲ့လို့သာပေါ့...ဒီမှာက ဖြတ်သွားတဲ့ယာဉ်တွေက များပြီး အနောက်ပိုင်းကလူတွေကလည်း ဒီကို လာတတ်ကြတယ် သူတို့ကတစ်ဆင့် ကိုယ်တို့ဆိုင်အကြောင်းကို လူသိများလာဖို့ မျှော်လင့်ရတာပဲ”
မော့၀မ်ယွီက တက်ကြွစွာပြောလိုက်သည်။ ကျူးရှုကလည်းခေါင်းငြိမ့်၍ ရယ်မောကာ ထောက်ခံခဲ့လေသည်။ မော့၀မ်ယွီ ဆက်လက်၍တိုင်ပင်လိုက်သည်။
“ရုန်စစ်...ကျွန်တော်က ခေါက်ဆွဲကို ပြုတ်မယ် မင်းက ပန်းကန်တွေကို စားမယ့်သူဆီကို ချပေးပေါ့...ဟုတ်ပြီလား”
ကျူးရှုက မည်သည့်အရာကိုမျှမငြင်းဆိုပဲ လက်ခံလိုက်သည်။
တစ်ဖက်လူ၏ စိတ်အားထက်သန်မှုကိုသိ၍ ထိုလူငယ်၏ စိတ်တိုင်းကျသာ စီမံစေခဲ့သည်။
မနက်စောစောစီးစီးတွင် အလုပ်လုပ်ရန် ထရသော စားသုံးသူများအတွက် မော့၀မ်ယွီနှင့်ကျူးရှုက အသားပေါင်းခေါက်ဆွဲအား မောန်နာရီမှ ချန်နာရီအထိ (နံနက် ၅နာရီမှ ၉နာရီအထိ) ရောင်းရန် ဆုံးဖြတ်လိုက်သည်။
ချန်နာရီနောက်ပိုင်းတွင်မူ ပေါ့ပေါ့ပါးပါး အမယ်များကိုသာ ရောင်းချမည်ဖြစ်သည်။
၎င်းက အစောပိုင်းတွင် မနက်စာရောင်းပြီးနောက်ပိုင်းတွင် အဆာပြေစာရောင်းသည်နှင့်တူသည်။ ၀ယ်သူများ၏ မတူညီသော လိုအပ်ချက်များကို အသီးသီး ဂရုစိုက်ပေးရန်လိုအပ်သည်။
ကျူးရှုအတွက်မူ ယခုက ပထမဆုံးအကြိမ် ဆိုင်ဖွင့်ဖူးခြင်းဖြစ်၍ အရောင်းအ၀ယ်နည်းလမ်းများကို မသိသဖြင့် မော့၀မ်ယွီစီမံသည်ကိုသာ သဘောတူခဲ့သည်။
သို့သော် မော့ဝမ်ယွီကမူ ကျူးရှုနှင့်ဆက်၍တိုင်ပင်နေခဲ့ပြီး သူခေါင်းငြှိမ့်မှသာ ဆုံးဖြတ်ချက်ချပေသည်။
ယခုမူ မောန်နာရီရောက်ရန် တစ်နာရီခန့်လိုသေးသည့်အတွက် ဆိုင်ခန်းများက စတင်ခင်းကျင်းနေကြဆဲပင်။ တချို့ဆိုင်များရှိ ပူပူနွေးနွေး ပေါင်းခံအိုးများမှ အငွေ့တထောင်းထောင်း ထွက်လျက်ရှိကာ ဆောင်းရာသီအေးအေးတွင်ပင် ပတ်၀န်းကျင်အား အနွေးဓာတ်များ ထုတ် လွှတ်နေခဲ့သည်။
တစ်ဖက်တွင် မော့၀မ်ယွီကတော့ အလျင်မလိုခဲ့ပေ။ သူ ဆိုင်းဘုတ်တပ်ဆင်ပြီးနောက် အခြားသော ပြုတ်ထားသည့် အရံအမယ်များကို အတုံးသေးသေးလေးများ လှီးကာ ပန်းကန်ထဲသို့ထည့်၍ အတန်းလိုက်စီထားနေလေသည်။
ထိုသို့စီထားပုံက တစ်ခုခုအတွက် ပြင်ဆင်နေဟန်နှင့်တူသည်။ တခြားဆိုင်များမှလူများက ချက်ပြုတ်ထားသောဟင်းလျာများကို မကြားဖူးသည့်အတွက် အလုပ်များနေကြသည့်ကြားကပင် ခေါင်းလေးများပြူ၍ စပ်စုနေကြသေးသည်။
သူတို့တွေ့လိုက်သည်က ကျူးသမက်လေးသည် အမဲရောင် အရာများကို အေးဆေးတည်ငြိမ်စွာ လှီးနေခဲ့ပြီး ကျူးသခင်လေးက ထည့်ဖို့အတွက် ပန်းကန် ပြင်ဆင်ပေးနေသည်။ သူတို့ကို ကြည့်ရသည်က အစီအစဉ်တကျ ရှိလှသည်။
တွန်းလှည်းကလည်း သူတို့တစ်ခါမျှ မမြင်ဖူးသော ပုံစံအသစ်အဆန်းဖြစ်ပေသည်။ လှည်းအတွင်းတွင် စဉ့်တီတုံးများ ပန်းကန်လုံးများက စီစီရီရီ ရှိနေပြီး ခဏအကြာတွင် လှည်းအတွင်းမှ အငွေ့များလည်း တငွေ့ငွေ့ထွက်လာခဲ့ကာ သူတို့တစ်ခါမှ မရခဲ့ဖူးသော ရနံ့မျိုးကို ရလိုက်ကြသည်။
အငွေ့တအူအူကြားတွင် ပုံရိပ်နှစ်ခု ရှိနေခဲ့ပြီး သူတို့၏အပြုံးများက ထိုအထဲ၌ ပျော်၀င်နေသကဲ့သို့ပင်။
ထိုမြင်ကွင်းကို ကြည့်နေရသည့်လူများ၏ အမြင်တွင် သူတို့နှစ်ဦးမှာ လိုက်ဖက်သောစုံတွဲဖြစ်နေသည့်အတွက် အားလုံးက ရိုးသားစွာပင် အားကျသလို ခံစားလိုက်ရသည်။
သူတို့အားလုံး ထိုသို့တွေးနေမိကြောင်း သတိပြုမိလိုက်သောအခါ အကုန်လုံး ခေါင်းယမ်းလိုက်ကြပြီး အတွေးများကို ဖယ်ထုတ်လိုက်ကြရသည်။ ချစ်ခင်ဖွယ်မဟုတ်တဲ့သူ နဲ့ ရူးကြောင်ကြောင်ကောင်လေး.. ဤသည်က နတ်ဖတ်သည့် စုံတွဲဖြစ်လိမ့်မည်။
နံနက်ခင်း နေရောင်ခြည်လေးက တိမ်များအကြားမှတစ်ဆင့် ဖြာကျလာပြီးကွေ့ဟွား တစ်မြို့လုံးအပေါ်သို့ အလွှာပါးဖြင့် ဖုံးအုပ်ထားခဲ့သည်။
နံနက်ခင်း လင်းကြက်တွန်သံများကလည်း ခြံ၀င်းများထဲမှ ထွက်ပေါ်လာခဲ့သည်။ မြို့ထဲမှ လူများ၏ အလုပ်များသော တစ်နေ့တာက ထိုသို့ပင် အစပြုခဲ့သည်။
ဆောင်းဦးနေ့လေးတစ်နေ့၏ အစကို နွေးထွေးသော မနက်စာလေးဖြင့် စတင်ကြရမည်ပင်။
ဈေးထဲ၌ မနက်စာရောင်းသည့် ဆိုင်များ ပေါများပြီး အများစုရောင်းချသည်မှာ ပေါက်စီ ၊ ပေါင်မုန့် နှင့် ကိတ်မုန့်ပေါင်း များပင်ဖြစ်သည်။
စတူးချက်ထား၊ နှပ်ထားသော အစားအစာများကို ရောင်းသည့်ဆိုင်က နည်းပါးပြီး သူ့ကဲ့သို့ အမဲရောင် ဟင်းရည်ဖြင့်ရောင်းသည့်ဆိုင်မရှိသလောက်ပင်။
ဆိုင်တိုင်းနီးပါး၏ရှေ့တွင်အစားအစာ အသင့်ဖြစ်သည်အား ထိုင်စောင့်နေခဲ့ကြသောသူများရှိကြသော်လည်း မော့ကျူး ဆိုင်ရှေ့တွင်တော့ဖြင့်မည်သူမျှ မရှိနေခဲ့။
“အဲဒါက ကျူးအိမ်က သခင်လေးနဲ့ သမက် မဟုတ်လား... သူတို့က ဘာလို့ ဒီကိုလာပြီး ဆိုင်ဖွင့်နေကြတာတုန်း!?”
“ဟိုတလောက သူတို့အိမ်မှာ အကြွေးတွေတင်လို့ ပြဿနာတတ်ခဲ့သေးတော့ မတတ်နိုင်တော့လို့ဖြစ်မှာပေါ့၊ ဒါပေမဲ့ သူတို့အခု ဘာတွေရောင်းနေကြတာလဲ မဲမဲကြီးဖြစ်နေတော့ မစားချင်ပါဘူး”
“ဟုတ်တယ်၊ အဲလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး၊ အဆိပ်ရှိနေတာမျိုး မဟုတ်ဘူးလား၊ အနံ့ကတော့ အဝေးကနေတောင်တော်တော်မွှေးတယ်နော်”
လူတိုင်း ပြောဆိုနေခဲ့ကြသော်လည်း မည်သူကမှ ရှေ့ထွက်ပြီးမ၀ယ်ရဲပေ။ တော်တော်များများက စားဝတ်နေရေး ရုန်းကန်နေကြရသူများဖြစ်သည့်အတွက် အကြွေးများလည်း ရှိနေခဲ့ကြသည်။
အရသာဆိုးပြီး ဗိုက်မပြည့်နိုင်သော အစားအစာမျိုးကို ၀ယ်စားမိလိုက်ပါက သူတို့၏ငွေများ ဆုံးရှုံးသွားပါလိမ့်မည်။
ရင်းနှီးနေပြီးသောအစားအစာမျိုးကိုသာ ဗိုက်အ၀ဖြည့်ပြီး မိသားစု စား၀တ်နေရေးအတွက် ပြေးလွှားရုန်းကန်ကြရမည်ဖြစ်သည်။
အားလုံးက အခြေအနေကို စောင့်ကြည့်နေခဲ့ကြပြီး ၀ယ်သူမရှိသဖြင့်မော့၀မ်ယွီ မည်သို့ဖြစ်သွားမည်အား မျက်ခုံးပင့်၍ သတိထားကြည့်နေကြသည်။
“ဘယ်သူကမှ လာမစားချင်ဘူးဆိုမှတော့ ဘာလို့ဆိုင်ဖွင့်နေအုန်းမှာလဲ”
ဘန်းမုန့်ပေါင်းဆိုင်မှ ဆိုင်ရှင်က ပါးစပ်ကို လက်ဖြင့် အသာအုပ်၍ လှောင်ရယ်နေခဲ့သည်။ သူက မော့၀မ်ယွီမည်မျှ ထိတ်လန့်သွားမည်ကို ကြည့်နေခဲ့သည်။
အဆုံးတွင်တော့မော့၀မ်ယွီက သူမျှော်လင့်ထားသလို စိုးရိမ်ပူပန်နေခြင်းမရှိပါဘဲ အေးအေးဆေးဆေးပင် အမဲရောင်အရာများအား လှီးနေခဲ့ပြီး ပန်းကန်လုံးထဲသို့ အစီအရီ ထည့်နေခဲ့သည်။ ထို့နောက် ပန်းကန်လုံးများကို ဗန်းပေါ်တင်၍ လှည်းဆီသို့ ယူသွားလိုက်ကာ စိတ်အားထက်သန်စွာ ပြုံးရယ်လိုက်လေသည်။
မော့၀မ်ယွီသည်ကား နံဘေးမှ ဆိုင်ခန်းများဆီသို့ ပျင်းရိစွာ ဝေ့ကြည့်လိုက်ပြီး သူ့အားလှောင်ရယ်နေခဲ့သော ဘန်းမုန့်ပေါင်းဆိုင်မှ လူကိုလည်း ငဲ့လိုက်ကာ နူးညံ့သောအပြုံးလေးဖြင့် တစ်ဖက်လူကို ပြုံးပြလိုက်သော်လည်း စေ့စေ့မကြည့်ခဲ့ပေ။
တစ်ဖက်မှ ဆိုင်ရှင်ကလည်း အနည်းငယ် ကြောင်အသွားခဲ့ရသည်။
မော့၀မ်ယွီ မည်သည့်အရာကို လုပ်မည်ဆိုသည်ကို သူမသိခဲ့ချေ။ ခဏအကြာတွင်တစ်ဖက်သူက သူ သိလိုသည့် အဖြေကိုပြန်ပေးလိုက်သည်။
“ဖြတ်သွားပြီးမှတော့ လက်လွတ်မခံနဲ့နော်...ဒီက စတူးချက်ထားတဲ့ ဟင်းပွဲတွေကို အလကား လာမြည်းစမ်းလို့ရတယ်၊ မကြိုက်ရင် ငွေရှင်းစရာမလိုဘူး!!ပထမဆုံး စားမဲ့လူငါးယောက်က ခေါက်ဆွဲတစ်ပွဲကို အလကား စားရမှာပါ!!”
လူငယ်လေး၏ ပျင်းရိနေသလို တစ်ချိန်တည်းမှာပင် ရှင်းလင်းကြည်လင်ပြီး ရိုးသားသော အသံက စည်ကားနေသော ဈေးတန်းတစ်လျှောက် ပျံ့နှံ့သွားသည်။
ထိုအသံက ဖုန်မှုန့်များ မီးခိုးများအကြားကနေ ဖြတ်သွားဖြတ်လာသူများ၏ နားထဲသို့ ရောက်ရှိသွားသည်။
ဘန်းမုန့်ဆိုင်မှ ဆိုင်ရှင်က မျက်လုံးပြူးသွားခဲ့သည်။ မည်သူကမှ မနက်စာကို ထိုကဲ့သို့ မရောင်းပေ။
‘လူတွေကို အလကားကျွေးပြီး သူတော်ကောင်းလုပ်မလို့လား...အဲလိုလုပ်ရင် သူ့ဆိုင်ကို လူတွေရောက်လာမယ်လို့ထင်နေတာလား’
ဤကဲ့သို့ အရာမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။
ဆိုင်ရှင် စိတ်ဓာတ်ကျသွားခဲ့သည်။
သူ့ဆိုင်ရှေ့မှ လူများက”မယူတော့ဘူး” ဟုပြောကာ မျက်နှာချင်းဆိုင်မှ မော့ကျူးဆိုင်သို့ အလောတကြီး ပြေးသွားကြသည်။
၎င်းက အမှမ်တကယ်အလုပ်ဖြစ်သွားသဖြင့် ဆိုင်ရှင်မှာ ကြောင်အမ်းသွားရသည်။
ဒါက တကယ့်ကိုအဓိပ္ပာယ်မရှိဘူး!
ဆိုင်ရှင်က မျက်လုံးပြူးသွားပြီး အပြေးသွားရန်ကြံနေသောဈေး၀ယ်သူတစ်ယောက်အား လှမ်းဆွဲကာ ပြောလိုက်သည်။
“ဒီတိုင်း ထွက်သွားမလို့လား...တစ်ဖက်က ပြောတဲ့အတိုင်း ယုံတယ်ပေါ့”
ဆိုင်ရှင် မူးမေ့ချင်သကဲ့သို့ ဖြစ်နေကာ ဆက်ပြောလိုက်သည်။
“ဒါ့အပြင် သူရောင်းနေတဲ့ဟာကလည်း ဘာမှန်းမသိဘူးလေ၊ အဲဒါတောင်မှ သူပြောတာနဲ့ချက်ချင်းပြေးသွားတော့မယ်ပေါ့”
၀ယ်သူက အားနည်းသည့် ပညာရှင်တစ်ဦးဖြစ်ပြီး အများနှင့်မတူဘဲ နူးညံ့ညင်သာသည့်အလုပ်မျိုးဖြင့် အသက်မွေးနေရခြင်းဖြစ်သည်။
အားကြီးသော ဆိုင်ရှင်က ဆွဲထားသဖြင့် သူ မရုန်းနိုင်ဘဲ စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။
“အဓိပ္ပာယ်ရှိလို့လား လာမေးမနေနဲ့!! ကိုယ်သွားချင်တဲ့နေရာကိုယ်သွားမှာပဲ!!...မင်းငါ့ကို လာတားမနေနဲ့ ၊ မင်းကြောင့် ပထမဆုံးအလကားစားရမဲ့ခေါက်ဆွဲပန်းကန်ကို လွတ်သွားလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ဆိုင်ရှင်၏လက်ကို ဆွဲဖြုတ်ကာ အမြန်အပြေးသွားလိုက်သည်။
ဆိုင်ရှေ့၌ လူတွေများလာချိန်တွက် မော့၀မ်ယွီသည် အေးအေးဆေးဆေးပင် စတူးချက်ထားသော အမယ်များကို ထည့်လိုက်ပြီး ချက်ထားသော အသီးအရွက်များကို အပေါ်မှ တင်ပေးလိုက်သည်။အရာအားလုံးကို အေးဆေးစွာ လုပ်ကိုင်နေပြီး လူများနေသဖြင့် လောနေခြင်းမျိုးလည်းမရှိပေ။
သူပြောထားသလိုပင် လှီး၍ ပြင်ဆင်ထားပြီးဖြစ်သော ဟင်းသီးဟင်းရွက်များကိုလည်း လူတိုင်းအားမြည်းစမ်းစေပြီး ကြေးပြားတစ်ပြားတလေမှ မတောင်းခံခဲ့ချေ။
လူတိုင်းကလည်း အရှေ့မှ အမဲရောင်ဖြစ်နေသော ပန်းကန်များကိုကြည့်၍ တူကိုင်ရန် ခက်ခဲနေခဲ့ကြသော်လည်း အနံ့ကြောင့် သွားရည်ကျလာကြသည်။ လူကြီးတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
“ကောင်လေး မင်းချက်ထားတာက ဘာတွေလဲ၊ ဘာလို့ကြည့်ရတာ ထူးဆန်းနေရတာလဲ”
“အကိုကြီး...ခင်ဗျားအရင်မြည်းစမ်းကြည့်ပါ ခင်ဗျား အရသာမကြိုက်ရင် ပိုက်ဆံပေးဖို့မလိုပါဘူး”
မော့၀မ်ယွီက နွေးထွေးသော အပြုံးလေးဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲပြောလိုက်သည်။ သူ့အပြုံးလေးကပင် လူတိုင်းအား ယုံကြည်စိတ်ချသွားစေနိုင်သည်။ သို့သော်လည်း မော့၀မ်ယွီအား သေချာသိလျှင် သူ့အပြုံးက ၀ယ်သူများကို ဆွဲဆောင်ရန် ဖန်တီးထားသော အရာဖြစ်ကြောင်း သိနိုင်ပေသည်။
ကျူးရှုက ဟင်းရည်ထည့်ရန်အတွက် ဆေးကြောထားသော ဝါးဆစ်ဘူးများအား ပြင်ဆင်နေခဲ့ပြီး သူလှည့်ကြည့်လိုက်ချိန်တွင်မော့၀မ်ယွီ၏ အပြုံးအား တွေ့လိုက်ရသောကြောင့် နှလုံးခုန်သံပင်မမှန်ဖြစ်သွားသည်။
ခဏတာ ရပ်တန့်နေခဲ့ပြီးနောက် ကျူးရှု မျက်လွှာအသာချလိုက်ကာ အမြန်ပြန်လှည့်ခဲ့သည်။
ထိုလူကြီးက ခေတ္တ ခဏမျှ တွန့်ဆုတ်နေခဲ့သော်လည်း အလကားကျွေးသော အသီးအရွက်ဟင်းနှင့် ပထမဆုံးငါးယောက်ကိုသာ ကျွေးသော ခေါက်ဆွဲပန်းကန်အား မြည်းကြည့်လိုက်သည်။ သူပါးစပ်အပြည့် တစ်လုပ်စားပြီးနောက်တွင် မျက်လုံးများပင် ပြူးကျယ်လာခဲ့သည်။
“တစ်ပန်းကန်ထပ်ပေး!”
ထိုလူကြီးက အများကြီးပြောမနေခဲ့ဘဲ ခေါက်ဆွဲများကိုသာ အမြန်မျိုချနေခဲ့သည်။
“ရတာပေါ့”
ထိုကဲ့သို့ အခြေအနေကြောင့် အခြားသူများကလည်း အချင်းချင်းကြည့်လိုက်ကြကာ အသံတိတ်ပင် မြည်းစမ်းချင်စိတ်များ ရေလှိုင်းသဖွယ် ဖြစ်ပေါ်လာပြီး အလကားရသည့် လေးပန်းကန်ကို လုယူရန် ရည်ရွယ်လိုက်ကြသည်။
“ကျုပ်ကိုလည်း ခေါက်ဆွဲတစ်ပန်းကန်ပေးပါ!...ဒီကိုလည်းတစ်ပန်းကန်!!”
မကြာခင်မှာပင် အလကားကျွေးသော နမူနာ ပန်းကန်များကုန်သွားခဲ့သော်လည်း တစ်ခါမှ မမြည်းစမ်းဖူးသော အရသာသစ်ကို စားကြည့်ရန် လာရောက်နေသော လူတန်းကြီးက ရှိနေသေးသည်။
မော့၀မ်ယွီ လှည်းအား တည်ဆောက်ခဲ့ချိန်က ခေတ်သစ်တွင်သုံးသော ခေါက်သိမ်းနိုင်သည့် စားပွဲများလည်း တစ်ခါတည်းပြုလုပ်ခဲ့သေးသည်။ ထိုစားပွဲများက နေရာအများကြီးမယူဘဲခေါက်သိမ်းရလွယ်ပြီး ခင်းရလွယ်သည်။ ဘေးတွင် ခုံလေးများချထားလိုက်သည့်အခါ အတန်းလိုက်လေးဖြင့် ဆိုင်တန်းလေးသဖွယ်ဖြစ်သွားသည်။
စားပွဲတိုင်းတွင် ဝါးဆစ်လေးများဖြင့် ထည့်ထားပေးသောငရုတ်ဆီများလည်းရှိပြီး စားသုံးသူများက လိုအပ်လျှင်အရသာအတွက် ထည့်၍စားနိုင်သည်။
“ကြည့်ရတာ နည်းနည်းဆိုးပေမဲ့ တကယ့်ကို စားကောင်းတယ်”
“ဟုတ်တယ် ဟုတ်တယ်...ငါ တစ်ခါမှ ဒီလို ခေါင်းပါပွင့်သွားလောက်တဲ့ အရသာမျိုး မစားဖူးဘူး!! အခု ဒါစားပြီး အားတွေတောင် ပြန်ပြည့်သွားသလိုပဲ”
တစ်ဖက်လူက ပြန်ပြောလိုက်သည်။
“မင်းက အခုမှ အလုပ်စလုပ်မှာလေ ပြေးဖို့လွှားဖို့ အားလုံလောက်အောင်မရှိဘူးလား”
သစ်သားခုံလေးများက တစ်သုတ်ပြီးတစ်သုတ် လူပြည့်နေခဲ့ရာ ပန်းကန်လုံးများ အချအသိမ်းလုပ်ရသော ကျူးရှုအဖို့ လက်မလည်အောင် ဖြစ်နေလေသည်။
မော့၀မ်ယွီက လှီးရ ချက်ရနှင့် လုပ်စရာပိုရှုပ်နေခဲ့သော်လည်း သူ အစီအစဉ်တကျရှိနေခဲ့ပြီး ကျူးရှုကိုပင် မသိလိုက်မသိဘာသာဖြင့် တစ်လျှောက်လုံး ကူညီပေးနေခဲ့လေသည်။
*