အခန်း(17)
မော့ယွီချိုင်တစ်ယာကင ထပ်ပြောဆိုချင်ခဲ့သော်လည်း မော့၀မ်ယွီ၏ရှေ့တည့်တည့်တွင် ကျူးရှုရောက်နေခဲ့ပြီး ထိုလူငယ်က အမူအရာကင်းမဲ့နေသောမျက်နှာပေါ်၌ ရေတွင်းဟောင်းများလို အေးစက်နေသော ဗာဒံစေ့မျက်၀န်းတစ်စုံဖြင့် သူမအား စိုက်ကြည့်ကာ တားဆီးလာသည်ကို တွေ့လိုက်ရသည်။
“ဒီကို ဘာလာလုပ်နေတာလဲ”
ကျူးရှုက တစ်ဖက်လူအား အေးစက်စွာ ကြည့်၍ပြောလိုက်လေသည်။
ကျူးရှုထွက်လာချိန်တွင်မော့ယွီချိုင်က သူမ၏လက်အား ပြန်ရုတ်လိုက်ပြီး မော့၀မ်ယွီအား လျစ်လျူရှုလိုက်ကာ မျက်လုံးများကမူ ကောင်းကင်ဆီသို့ ရောက်အောင်လှိမ့်လိုက်လေသည်။
“ငါတို့က ခြုံထဲကနေ လှမ်းတိုက်ခိုက်မှာမဟုတ်ဘူး ၊ ငါ အခု ဒီနေ့ဘဲ ပိုက်ဆံတောင်းဖို့ ဒီကိုလာတာ...ငါတို့ရဲ့သားလေးက စာမေးပွဲအောင်လို့ သူ အားရှိအောင် အသားငါးတွေ၀ယ်ပြီး ချက်ကျွေးရမယ် ၊ ဒီတော့ ငါ့တူရဲ့ ခင်ပွန်းသည်ကောတစ်ယောက်အနေနဲ့ မင်းပိုက်ဆံပေးသင့်တယ်လေ”
သူမက ထိုသို့ပြောပြီးနောက် ရွဲ့စောင်းကာ ထပ်ပြောလိုက်သေးသည်။
“အိုး...ငါမေ့နေတာ၊ မင်းတို့ကျူးမိသားစုအိမ်က အခု အသား၀ယ်စရာငွေတောင် ဘယ်ရှိပါ့မလဲ”
သူမ ထိုသို့ပြောလိုက်ပြီးနောက် သူတို့အမျိုးတစ်စုက ဝိုင်းဝန်း၍ ဟားတိုက်ရယ်မောလာကြသည်။
ဆိုရပါလျှင် သူတို့သည်ကား ထိုသို့မလုပ်ချင်သော်လည်း မော့ယွီချိုင်၏သားဖြစ်သူက လက်ရှိတွင် စာမေးပွဲအောင်မြင်ကာ ကျောင်းတော်သားအဖြစ်သတ်မှတ်ခံလိုက်ရပြီဖြစ်၍ အပြစ်လုပ်ဖို့ရန် မတတ်နိုင်တော့ချေ။ ထို့ကြောင့် သူတို့သည်လည်း လိုက်ပါရယ်မောလိုက်ကြရသည်။
အမှန်တတကယ်တမ်းတွင် သူမရောက်လာခြင်းက ငွေတောင်းရန်မဟုတ်ဘဲ သူမ၏သားက တုန်ရှန်သို့ ၀င်ခွင့်ရခဲ့ပြီဖြစ်၍ ကျုးမိသားအိမ်သို့လာကာ တမင်သက်သက်လှောင်ပြောင်နေခြင်းဖြစ်ပေသည်။
ထိုကျူးမိသားစုအိမ်က မော့မိသားစု၏အဖိုးတန်သားအတွက် ငွေများစွာ ရင်းနှီးမြှုပ်နှံထားသော်လည်း အရူးကောင်ကိုသာ ရရှိခဲ့သည်။
သို့သော် သူမ၏သားဖြစ်သူကမီ ၀င်ခွင်ရပြီး အိမ်၏အဆင့်အတန်းကို ထိပ်ဆုံးသို့မြှင့်တင်ပေးနိုင်ရန် မျှော်လင့်နိုင်ပေပြီ။
ထို့ကြောင့် တမင်သက်သက် ကြွားဝါရန်လာခဲ့ခြင်းဖြစ်သည်။
❤
မော့ယွီချိုင် လမ်းကြားထဲသို့ ပြန်လျှောက်လာချိန်တွင် သူမ၏ မျက်နှာအစစ်အမှန်အား ထုတ်ပြလာခဲ့သည်။
သူမက အပုပ်နံ့နံနေသော ငါးအား လမ်းထောင့်သို့ ပစ်လိုက်ပြီး ဒေါသဖြင့် ကိုယ်ကတုန်နေပြီး ပြောဆိုကာ ရွာသို့ပြန်လာခဲ့သည်။
“အဲ့ဒီကျုးမိသားစုအိမ်က ငါ့ကိုများ လူတွေရှေ့မှာ အရှက်ရအောင် လုပ်ရဲသေးတယ်!!ငါ့သား စာမေးပွဲမှာ ထိပ်ဆုံးဆုရတဲ့ အချိန်ကြမှ နင်တို့အကုန် မျက်ရည်တွေကျပြီး လာတောင်းပန်စေရမယ်”
ရလာဒ်အနေဖြင့် လမ်းကြားထဲတွင် သူမတစ်ယောက်တည်း လမ်းလျှောက်ကာ ပြန်လာချိန်တွင် လေအေးတစ်ချက်တိုက်သွားသည်အား ခံစားလိုက်မိသည်။
သူမ လှည့်ကြည့်လိုက်သော်လည်း လမ်းထဲတွင် သူမမှလွဲ၍ တခြားသူမရှိ။
သရဲတစ္ဆေများနှင့် နတ်များကို အမြဲယုံကြည်သော မော့ယွီချိုင်တစ်ယောက် ကြက်သီးတစ်ချက်ထသွားပြီး လက်မောင်းများကို အသာပွတ်လိုက်ကာ ခပ်တိုးတိုးဆဲရေးလိုက်လေ၏။
သူမ အမြန်ပြေးသွားချင်ခဲ့သော်လည်း ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူမ၏ နှလုံးသားက လည်ပင်းမှုတစ်ဆင့် ထွက်ကျလာတော့မတတ်ဖြစ်သွားရသည်။
သူမတွေ့လိုက်ရသည်မှာ ကလေးအရိပ် မဲမဲတစ်ခုက ဘယ်ဘက်အပေါက်မှ ခုန်ထွက်လာပြီး ညာဘက်အပေါက်သို့ ၀င်ရောက်ပျောက်ကွယ်သွားခြင်းကိုပင်ဖြစ်သည်။
နေ့ခင်းဘက် ရှင်းရှင်းလင်းလင်းကြီး ဖြစ်နေလျက်ပင် မော့ယွီချိုင်တစ်ယောက် ထိတ်လန့်သွားခဲ့ပြီး ချွေးအေးများ စီးကျလာခဲ့သည်။
သူမက အသက်ပြင်းပြင်းရှူ၍ ဤသည်က ဆိုးပေလှသည့် ကလေးတစ်ယောက်ဟုသာတွေးပြီး ကိုယ့်ဘာကိုယ် စိတ်သက်သာရာရစေလိုဟန်ဖြင့် ပြောလိုက်သည်။
“ဘယ်လိုလူကများ ကိုယ့်ကလေးကိုကိုယ် မျက်စိအောက်မှာဂရုစိုက်ကြည်သမနေဘဲ လွှတ်ထားရတာတုန်း”
သို့သော် ပြန်ဖြေသံ မကြားခဲ့ရဘဲ လေအဝှေ့တွင် နံရံမှတစ်ဆင့် သူမ၏အသံကသာ ပဲ့တင်ရိုက်နေခဲ့သည်။
“ကိုယ့်ရဲ့ကလေး...”
“ကလေး.....”
ပဲ့တင်ထပ်နေသော အသံများက ပြတ်သားပြီး တုန်လှုပ်ဖွယ်ကောင်းလှသည်။
ထိုအသံက သူမပြောခဲ့သောစကားပင်ဖြစ်သော်ငြား အနည်းငယ် ကွဲပြားနေပြန်သည်။
ထိုအသံက သူမအသံမြှင့်ပြီးပြောနေသကဲ့သို့ပင်ဖြစ်ပြီး တစ်နည်းနည်းအားဖြင့် ကလေးသံကဲ့သို့ ဖြစ်နေသည်။
၎င်းက တစ္ဆေပုံပြင်ထဲမှ ကလေးကဗျာကဲ့သို့ဖြစ်နေလေ၏။
အသံက တစ်စထက်တစ်စ နီးကပ်လာပြီး ပို၍ချောက်ချားဖွယ်ကောင်းလာခဲ့သည်။
အဆုံးတွင် သူမ၏ မျက်နှာသို့ လေအေးတစ်ချက်က ပြင်းပြင်းတိုက်ခတ်လာခဲ့ခဲ့လေသညာ။
ကြောက်ရွံ့ပြီး မတ်မတ်မရပ်နိုင်ခဲ့သော မော့ယွီချိုင်မှာ အသိစိတ်ပြန်လည်လာခဲ့ပြီး “အား” ဟုအော်ကာ အလျင်အမြန် လှည့်ပြေးတော့သည်။
သူမ၏ နောက်ကျောဘက်တွင်မူ လမ်းထောင့်နားတွင် ကလေးတစ်ယောက်က အေးစက်စွာရပ်ကြည့်နေခဲ့လေသည်။
မော့၀မ်ယွီက ကျူးရှုအား သူ့ဘက်မှ တောင်းပန်မှုအား ဖော်ပြရန်အတွက် အမောပြေ အအေးများ ဖျော်တိုက်ခဲ့သည်။
“ကိုယ် တောင်းပန်ပါတယ်...ခုနက ကိုယ် ရုတ်တရက်ကြီး မင်းရဲ့ခါးကို ဖက်မိသွားတယ်..၊ မော့ယွီချိုင်က မင်းကိုရွယ်မှာကို စိုးတာနဲ့ ရွေးချယ်စရာမရှိဘဲ လုပ်လိုက်ရတာပါ...”
မော့၀မ်ယွီ၏ မိုးမခမျက်လုံးများက တစ်ဖက်လူကို စိုက်ကြည့်လိုက်ကာ ၎င်းမျက်ဝန်းများထဲတွင် တောင်းပန်မှုများဖြင့် ပြည့်နေခဲ့သည်။
ယခုလေးတင် ကျုးရှုအား စကားပြောဆိုနိုင်ရန်နှင့် မော့ယွီချိုင်၏ မျက်နှာအား ဖြတ်ရိုက်လိုက်နိုင်ရန် ကူညီပေးချိန်၌ လူအများ၏ရှေ့တွင် ကျူးရှု၏ခွင့်ပြုချက်မပါဘဲ တစ်ဖက်လူ၏ခါးအား ဆွဲဖက်ထားလိုက်မိသည်။
သူ့အနေဖြင့် အမှန်ပင် အလွန်အားနာပြီး တောင်းပန်ချင်နေခဲ့ခြင်းဖြစ်ပေသည်။ ကျုးရှုသည်ကား သူတစ်ပါးမှ သူ့အားထိသည်ကို မနှစ်သက်သောသူဖြစ်ပြီး သူ့အနေဖြင့် ထိုစည်းအား ကျော်၍မဖြစ်ပေ။
သူက ကျုးမိသားစုအိမ်မှ သားမက်ဖြစ်သော်လည်း သူတို့၏ပက်သက်မှုက အမည်ခံပက်သက်မှုသာဖြစ်ပြီး ကျူးရှု၏ အမျိုးသားဟူသည့်ဂုဏ်ပုဒ်က အမှန်မဟုတ်သည်ကို နှစ်ဦးလုံး သိရှိနားလည်ထားကြသည်။
မော့၀မ်ယွီက ခေါင်းကို ငုံ့ထားခဲ့ကာ ကျူးရှုအား မော့မကြည့်ရဲခဲ့ပေ။ သူအဆူခံရတော့မည်ဟု တွေးနေစဉ်မှာပင် တစ်ဖက်လူက အေးဆေးစွာပြောလာခဲ့သည်။
“ငါ စိတ်မဆိုးပါဘူး...”
မော့၀မ်ယွီ တစ်ဖက်လူထံမှ အပြုံးရိပ်အနည်းငယ်လောက်ဖြင့် ပြောလာသော အေးစက်သည့် စကားသံအား ကြားလိုက်ရသည်။
“ငါ့ကို ကာကွယ်ပေးတဲ့အတွက်တောင် ကျေးဇူးတင်ရဦးမှာလေ”
မော့၀မ်ယွီက အံ့ဩသွားပြီး ခေါင်းကိုမော့လိုက်ရာ ကျူးရှု၏ မျက်လုံးများနှင့် ဆုံလိုက်ချိန်တွင် သူ့ အသက်ရှူသံများကပင် အေးခဲသွားသလို ခံစားလိုက်ရသည်။
“မင်းက ငါ့ရဲ့ခင်ပွန်းသည်ပဲလေ... ဒီလိုကိစ္စမျိုးအတွက် တောင်းပန်ဖို့မလိုပါဘူး”
ကျူးရှုက ပုံမှန်ကဲ့သို့ပင် ရိုးရှင်းနေခဲ့သော်လည်း သူ၏ ဗာဒံစေ့မျက်၀န်းဖျော့ဖျော့အတွင်း၌မူ အဆုံးမဲ့သော နွေးထွေးမှုများဖြင့် ပြည့်နှက်နေသလိုပင်။
ဆောင်းဦးရာသီတွင် တိမ်တိုက်များအကြားက နွေးထွေးသော နေရောင်ကလေး ထွက်ပေါ်လာသလိုမျိုးနှင့်လည်း ဆင်တူနေခဲ့သည်။
အေးစက်နေသည့်အချိန်၌ လူတိုင်း၏ နှလုံးသားထံသို့ နေရောင်ခြည်လေးက ကျဆင်းလာပြီး နွေးထွေးမှုဆောင်ကျဉ်းလာသကဲသို့သို့ ဖြစ်နေခဲ့သည်။
မော့၀မ်ယွီက ကျူးရှုတစ်ယောက် အမှန်တကယ် သူ့အား စိတ်ဆိုးနေခြင်းမရှိသည်ကိုမြင်လျှင် တောင်းပန်ခြင်းကို ရပ်တန့်လိုက်သည်။ သူတကယ်ကို စိတ်သက်သာရာရသွားခဲ့ရသည်ဝ။
“ကိုယ်သိပါတယ်၊ မင်းက ပါးစပ်ကနေ တစ်ချို့အရာတွေကို အကျယ်ကြီး ထုတ်မပြောနိုင်ပေမဲ့လည်း နှလုံးသားကတော့ နူးညံ့တဲ့သူလေ၊
နောက်ပြီး ဒီလိုမျိုးတွေဖြစ်လာရင် ဘာမှစိတ်မပူနဲ့ ဒီတိုင်းသာ စိတ်ထဲရှိသလို ပြောချလိုက်၊ ကိုယ်ကပဲ အကုန်လုံးကို တားပေးထားမယ်”
မော့၀မ်ယွီက ခိုင်မာစွာ ပြောလိုက်သည်။
“ကိုယ်က အဲဒီလိုမျိုး အမျိုးအဆွေအားကိုးနဲ့ နေရာတကာ အမြီးတနှံ့နှံ့ဖြစ်နေတတ်တဲ့ လူတွေကို သည်းမခံနိုင်ဘူး၊ အခုအချိန်ကစပြီး ကိုယ် မင်းကုု ကာကွယ်ပေးမယ်၊ မင်း ဘာမှစိတ်ပူစရာမလိုဘူး”
သူ့တွင် အဖေအမေ မရှိသော်လည်း ငွေကြေးအနည်းငယ်ရှိခဲ့ပြီး သူ့နံဘေးတွင် ဆွေမျိုး အမျိုးအစားပေါင်းစုံက ရှိနေတတ်သဖြင့် သူ ထိုလူများအား မည်သို့ဆက်ဆံရမည်ကို ကောင်းကောင်းသိခဲ့သည်။
ဤနေ့တွင် အဒေါ်တစ်ယောက်က အကူအညီတောင်းရန်လာခဲ့ပါက နောက်နေ့တွင်မူ အသက်အရွယ်အိုမင်းနေသည့်အဒေါ်က အကြောင်းပြ၍လာလိမ့်မည်။
နောက်တစ်နေ့တွင် ဦးလေးက သူ့၏အရှုပ်များအားရှင်းရန် ငွေလို၍ ငွေလာချေးမည်။
ထိုသို့သော အရာမျိုးကို သူအလွန်ပင် စိတ်ရှုပ်ခဲ့ရသည်။
အစပိုင်းတွင် သူတို့က သနားဖွယ်ကောင်းသည့်အတွက် သူပေးကမ်းခဲ့သော်လည်း တစ်ရက်တွင် အမျိုးတစ်ယောက်မှ ပြောလာခဲ့သည်။
သူသည်ကား မကြာခင် သေတော့မည်ဖြစ်ပြီး သူ့၏ ကလေးများအတွက် အိမ်များ ဆောက်ပေးခဲ့ချင်သည်။ မော့ဝမ်ယွီထံမှ ပိုက်ဆံများအတွက်မူ ပြန်ပေးရန်မတတ်နိုင်တော့ပေ။
မော့ဝမ်ယွီအနေဖြင့် သည်းမခံနိုင်တော့ဘဲ တစ်ဖက်လူ၏ အိမ်သို့သွားကာ တစ်အိမ်လုံးကို ဖျက်စီးပေးလိုက်လေသည်။
ထိုအခါမှသာ အမျိုးများထံမှ ငွေများ ပြန်ရောက်လာခဲ့ပြီး သူ့ထံမှ ထပ်တောင်းရန်လည်း အလွန်ကြောက်လန့်သွားကြသည်။
ထိုအချိန်မှသာ သူတို့ကဲ့သို့လူများနှင့် ဆက်ဆံရာတွင် အမြဲတစေသဘောကောင်းပေးပါက မိမိကိုယ်ကိုယ် ဒုက္ခများစေနိုင်ပြီး တစ်ဖက်လူကိုလည်း ပိုဆိုးသည့်အရာများ လုပ်ဖြစ်လာအောင် ပံ့ပိုးပေးသည်နှင့်သာ တူကြောင်းကို သိရှိခဲ့သည်။
မော့ယွီချိုင်ကဲ့သို့ လူမျိုးက သူများကိုသာ အရှက်ခွဲချင်ပြီး ကိုယ်တိုင် အပြောဆိုခံရမည်ကိုတော့ ကြောက်လန့်တတ်ကြသည်။
ထို့ကြောင့် မော့၀မ်ယွီက စိတ်ပျက်စွာဖြင့် သူမအား အရှက်ခွဲ၍ အမြန်နှင်လွှတ်ခဲ့ခြင်းဖြစ်ပေသည်။
ကိုယ်တိုင်ယှဥ်၍ ရန်ဖြစ်နေခြင်းထက် ထိုသို့ ပလွှတ်လိုက်ခြင်းက ပို၍ ပြဿနာရှင်းနိုင်သည်။
မော့၀မ်ယွီ၏ စကားများကို ကြားပြီးနောက် ကျူးရှုက ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူ့မျက်လုံးထဲမှ အပြုံးရိပ်က ပိုမိုနက်ရှိုင်းလာကာ နှုတ်ခမ်းထောင့်စွန်းလေးများကပင် မထိန်းနိုင်ဘဲ ကော့တက်လာခဲ့သည်။
ကျူးရှု ညင်သာစွာပြုံး၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်....ပြီးတော့ စက္ကူစွန်လေးအတွက်လည်း ကျေးဇူး...”
ကျူးရှု အခန်းထဲသို့ပြန်ခဲ့စဉ်က ခုံထက်တွင် ယုန်ပုံသဏ္ဍာန်စွန်ကလေး ရောက်နေသဖြင့် မော့၀မ်ယွီလာထားသွားခြင်းဖြစ်ကြောင်းကို သိလိုက်သည်။
မော့၀မ်ယွီက သူ စွန်လိုချင်နေသည်ကို မည်သို့သိသွားသည်ကိုတော့ သူမသိပေ။
ဤသည်ကသူတို့နှစ်ယောက်ကြားမှ စိတ်ချင်းနားလည်နေခြင်းပင် ဖြစ်ပေလိမ့်မည်။
သူ့အနားမှလူများက ထိုသို့မသိခဲ့ကြသော်လည်း မော့၀မ်ယွီကတော့ဖြင့် တစ်ချက်တည်း သတိထားမိခဲ့လေသည်။
မော့၀မ်ယွီ ရောက်မလာခင်က မည်သူကမျှ သူ့အား သူ နှစ်သက်သည့်အရာဖြင့် အံ့ဩပျော်ရွှင်အောင် မလုပ်ပေးခဲ့ဖူးပေ။
မော့၀မ်ယွီကသာ သူ စွန်လေးများကို ကြိုက်နှစ်သက်သည်ကိုလည်း သိနေခဲ့သည်။ ထိုအရာက စက္ကူစွန်ကလေးမျှသာဖြစ်သော်လည်း သူ့အတွက် ပထမဆုံးဖြစ်၍ အလွန်ပျော်ရွှင်နေမိခဲ့သည်။
ထိုနေ့က မော့၀မ်ယွီမှာ အမှန်ပင် ထိုယုန်အရုပ်စွန်အတွက် ပုံစံရေးဆွဲနေခြင်းဖြစ်ပေလိမ့်မည်။ ထို့အပြင် ၎င်းသည်က သူ့ကဲ့သို့ နှစ်လိုဖွယ်မကောင်းသော ကောတစ်ယောက်အတွက်ဖြစ်နေသေးသည်။
တစ်ဖက်လူမှ စွန်အကြောင်းကို အစဖော်လာသောအခါတွင် မော့၀မ်ယွီ၏ မျက်နှာတစ်ခုလုံး နီရဲလာခဲ့ပြီး နားရွက်ဖျားများပင် ရဲတက်လာခဲ့သည်။
ယခုလေးတင် ဒေါသဖြစ်နေခဲ့သော အမူအရာကလည်း ပျောက်ကွယ်သွားပြီး ရှက်ရွံ့နေသော မိန်းမငယ်လေးကဲ့သို့ လှုပ်ရှားလာခဲ့လေသည်။
“ကြိုက်.. မင်း ကြိုက်ရဲ့လား”
သူသည်ကား ပထမဆုံးအကြိမ်အဖြစ် စွန်ကို ကိုယ်တိုင်လုပ်ခဲ့ခြင်းဖြစ်ပြီး ယုန်ပုံစံဖြစ်သောကြောင့် ပို၍ ခက်ခဲခဲ့သည်။
ဆိုရလျှင် သူ သေချာကောင်းမွန်အောင် မလုပ်နိုင်ခဲ့ချေ။ လေထဲတွင်ပျံဝဲနိုင်ရန်အတွက် ဘက်ညီအောင်လည်း ပြုလုပ်ခဲ့ရသဖြင့် ယုန်၏ပုံစံက ပန်းရောင် နားရွက်လေးများကို ကြိုးဖြင့်ချည်ထားသော ကာတွန်းရုပ်ယုန်လေးကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ယုန်ရုပ်လေးက ထိုထက်ပိုပြီး ပန်းရောင်သန်းကာ ပို၍ နူးနူးညံ့ညံ့လေးဖြစ်နေသင့်သည်။
ကျူးရှုက ခေါင်းငြိမ့်လိုက်ပြီး ထူးဆန်းသည့် ယုန်အရုပ်စွန်ကလေးအား ပြန်မြင်ယောင်ကြည့်လိုက်ကာ ညင်သာရယ်မော၍ ဆိုလိုက်သည်။
“ငါအရမ်းကြိုက်တယ်...အဲဒါက ချစ်စရာကောင်းတယ်လေ
ပြီးတော့...မင်းကလည်း ချစ်စရာကောင်းတယ်။
ကျူးရှုကနောက်ဆုံး အတွေးကိုတော့ဖြင့် သေချာပေါက် ထုတ်မပြောခဲ့ပါ။
ကျူးရှု၏စကားအဆုံးတွင် မော့၀မ်ယွီ၏ မျက်နှာမှာ ပို၍ နီရဲလာခဲ့ပြီး ခရမ်းချဥ်သီးအမှည့်တစ်လုံးကဲ့သို့ပင် ဖြစ်နေခဲ့သည်။
သူသည်ကား လူကြီးထံမှ ချီးကျူးခံလိုက်ရသော ကလေးတစ်ယောက်ကဲ့သို့ မျက်နှာက နီရဲနေခဲ့သော်ကြား မျက်လုံးများကမူ တောက်ပနေခဲ့ပြန်သည်။
ကျူးရှုက အနည်းငယ် ကြောင်အ,သွားပြီး ခေါင်းအသာစောင်းကာ တွေးတောလိုက်မိလေသည်။
သူဘာများ မှားပြောမိလိုက်လဲ။ ဘာလို့ ဒီလောက်တောင် မျက်နှာက နီရဲလာရတာလဲ။
ယုန်လေးက ချစ်စရာကောင်းတယ်လို့ပြောလိုက်ရုံပဲလေ။
လူလည်းပဲ ချစ်စရာကောင်းတယ်မလား။