အပိုင်း (၆)
Viewers 12k

Part 6


ထန်ထန် ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီနေ့ကနေစပြီး သူမပြောင်းလဲရမယ်...


မီးဖိုချောင်စားပွဲပေါ်က ဟင်းချက်ရာမှာသုံးတဲ့ ပါ၀င်ပစ္စည်းတွေကိုသူမ တစ်ချက်လှမ်းကြည့်လိုက်တယ်။ ပေါင်ပေါင်လေးကို အားပေးဖို့အတွက် သူမဘာသာချက်ပြုတ်ဖို့အစီအစဉ်ချလိုက်တယ်။


"အန်တီလီ ကျွန်မ နံရိုးဟင်းချက်လိုက်မယ်... ပေါင်ပေါင်လေးအတွက် ချက်ပေးချင်လို့..."


"အာ..."


အန်တီလီ လှုပ်ရှားနေရမှ ရပ်တန့်သွားပြီး...


 "မဒမ်က ဟင်းချက်ချင်တယ်... ချက်တတ်တယ်လား..."


ထန်ထန်က ဒီလိုမေးခွန်းမျိုးကို အလွယ်တစ်ကူမဖြေနိုင်ဘူးဖြစ်နေတယ် 


"ကျွန်မ လုပ်နိုင်တယ်ထင်တယ်, အရင်တုန်းကချက်ဖူးမယ်ထင်တာပဲ ချက်ကြည့်တာပေါ့..."


အမှန်အတိုင်းပြောရရင် အန်တီလီက ထန်ထန်ချက်ပြုတ်နိုင်လားဆိုတာ သူမ မသိဘူး။ သူမ သံသယ၀င်နေသော်လည်း ထန်ထန် ကိုမငြင်းသင့်ဘူး။ အထူးသဖြင့် ထန်ထန် ကအရင်စပြီးမေးတဲ့အခါမျိုးမှာပေါ့။ အဲ့ဒါကြောင့် အန်တီလီက 


"ကောင်းပြီ... မဒမ်လုပ်လိုက်ပါ..." 


အဆိုးဆုံးဖြစ်လာရင်တောင် သူမအနေနဲ့ အသစ်တစ်ပွဲပြန်ချက်လို့ရနေတာပဲ။


ထန်ထန် က ချိုသာစွာပြုံးလိုက်ပြီး နံရိုးကိုကောက်ကိုင်လိုက်ကာ ဘေစင်ထဲမှာ ရေဆေးလိုက်တယ်။ ကံကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ နှစ်ရက်လုံး အန်တီလီချက်တာကို သူမ တိတ်တဆိတ်ကြည့်ထားပြီးဖြစ်တယ်။ အဲ့ဒါကြောင့် အသုံးအဆောင်တွေကို ဘယ်လိုသုံးရမလဲ သူမသိပြီးဖြစ်တယ်။ အသုံးအဆောင်တွေကို ချောချောမွေ့မွေ့ မသုံးနိုင်သေးပေမယ့်လဲ သူမ အမှားတွေမလုပ်မိပါဘူး။


သူမ နံရိုးတွေကို သန့်စင်ပြီးတဲ့အခါမှာ သူမ စတင်ပြင်ဆင်တော့တယ်။ သူမက နံရိုးတွေကို ဟင်းခတ်အမွေးအကြိုင်တွေထဲနှစ်လိုက်တယ် အဲ့ဒါက အရသာကိုပိုကောင်းစေပြီးတော့ သူမအရင်ဘ၀တုန်းက အမြဲသုံးခဲ့တဲ့နည်းဖြစ်တယ်။ 


တဖက်မှာတော့ အန်တီလီက သူမရဲ့ကျွမ်းကျင်တဲ့ လုပ်ရပ်တွေကြောင့် အံ့ဩနေဟန်ရှိတယ်။ အန်တီလီသာ သူမကို ရှောင်ကျိုးလေး ရဲ့ အမေလို့သာမသိခဲ့ဘူးဆိုရင် တခြားတစ်ယောက်လို့ သူမထင်လောက်နိုင်တယ်။ လူတစ်ယောက်က ဘယ်လိုတောင် ရုတ်တရက်ကြီး ပြောင်းလဲနိုင်တာလဲ... သူမက လုံး၀ကိုတခြားတစ်ယောက်လိုဖြစ်သွားပြီး အဲ့ဒါက သူမမှတ်ညဏ်ကိုဆုံးရှုံးလိုက်ရလို့များလား...


ထန်ထန်က အန်တီလီရဲ့ အံ့ဩတဲ့အကြည့်ကို ဘာမှလုပ်မပေးနိုင်တဲ့အတွက် စိတ်မဝင်စားတော့ဘူး။ သူမရဲ့ အထူးကျွမ်းကျင်တဲ့စကေးတစ်ခုဖြစ်တဲ့ နံရိုးဟင်းချက်တဲ့နေရာမှာပဲ သူမစိတ်ကိုနှစ်ထားလိုက်တယ်။ 


အရင်ဘ၀မှာ သူမက ဟင်းချက်တာကိုကြိုက်နှစ်သက်သူဖြစ်တယ်။ သူမရဲ့ သေးငယ်တဲ့ခြံဝင်းလေးထဲမှာပဲ ခြေချုပ်မိနေရတာဖြစ်တဲ့အတွက် သူမကိုယ်တိုင်စားဖို့ကို သူမဘာသာချက်ပြုတ်ခဲ့ရတယ်။ အဲ့ဒါကြောင့် ထန်ထန် အသက်ငါးနှစ်ရောက်တဲ့အခါမှာ သူမရဲ့အထိန်းတော်တွေဆီကနေ ဘယ်လိုချက်ပြုတ်ရလဲဆိုတာ သင်ယူခဲ့တယ်။ သူမတဖြည်းဖြည်းအသက်ကြီးလာတဲ့အခါ သူမအထိန်းတော်ကလဲ အသက်ကြီးလာပြီဖြစ်တဲ့အတွက် သူမကိုယ်တိုင်ပဲချက်ပြုတ်စားသောက်ရတာနဲ့ အဆုံးသတ်သွားတယ်။ အဲ့ဒါကြောင့် သူမရဲ့ ချက်ပြုတ်တဲ့စကေးကလဲ တိုးတက်လာပါတယ်။ ပြီးတော့ ချက်ပြုတ်ခြင်းကလဲ သူမရဲဝါသနာဖြစ်လာတယ်။


နံရိုးဟင်းကျက်ခါနီးမှာ  မွှေးကြိုင်တဲ့အနံ့ကို အန်တီလီခံစားလိုက်မိတယ်။ အန်တီလီ အနံ့ရှုလိုက်ပြီး ပြောနိုင်တာကတော့ အဲ့ဒီဟင်းပွဲကမြည်းကြည့်စရာမလိုပဲနဲ့ကို အရသာရှိနေမှာသေချာတယ်။ ပြီးတော့ အဲ့ဒါက သူမချက်တာထက်ကိုပိုပြီး အရသာကောင်းမယ်ဆိုတာ အသေအချာပဲ။


ရှောင်ကျိုး ရဲ့အမေက အရက်မသောက်ပဲ အရက်ကြောင့်မူးရူးမနေတဲ့အချိန်ဆိုရင်  သူမဆီမှာ ကောင်းကွက်တစ်ချို့ရှိနေသေးလို့ အန်တီလီပထမဆုံးအကြိမ်ခံစားလိုက်မိတယ်။ ဆရာကလဲ ဒီလိုမျိုး အမျိုးသမီးကိုသဘောကျခဲ့တာဖြစ်နိုင်တယ် ဒါကြောင့်လဲ သူမကိုလက်ထပ်ခဲ့တာဖြစ်မယ်။ ဒါပေမယ့် ဘာက သူမကိုဒီလိုပြောင်းလဲစေခဲ့တာလဲ။


"အန်တီလီ ရှောင်ကျိုး ကို စားဖို့အတွက် သွားခေါ်ပေးနိုင်မလား..."


 တကယ်လို့ သူမကိုယ်တိုင်သွားခေါ်မယ်ဆိုရင် သူမကိုစိတ်ဆိုးနေသေးတဲ့ ကလေးလေးက ထွက်လာဖို့ငြင်းမယ်ဆိုတာကို ခန့်မှန်းပြီးဖြစ်တယ်။


အန်တီလီက ခေါင်းငြိမ့်ပြလိုက်တယ်။ စားပွဲပေါ်ကို ဟင်းပွဲတစ်ချို့တင်ပြီးနောက် ရှောင်ကျိုးကို သွားခေါ်လိုက်တယ်။


အန်တီလီ ဘယ်လိုပြောလိုက်လဲ သူမ မသိပေမယ့် ရှောင်ကျိုး က လိမ်လိမ်မာမာနဲ့ အခန်းထဲကထွက်လာတယ်။ သူ့အမူအယာက ဗလာဖြစ်နေပြီး သူမကိုနည်းနည်းလေးတောင်လှမ်းမကြည့်ဘူး။


ထန်ထန် က နံရိုးချိုချဉ်ပန်းကန်ကို အသေးလေးနားချပြီး ပြောလိုက်တယ် 


" ပေါင်ပေါင် မာမီချက်ထားတဲ့ နံရိုးဟင်းကို မြည်းကြည့်ပါဦး, အဲ့ဒါက အရမ်းအရသာရှိတာနော်..."


အန်တီလီကလဲ ကူပြီးပြောလိုက်တယ်


 "ရှောင်ကျိုး သားမာမီက သားအတွက်အခုပဲလုပ်ထားပေးတာ လာ…မြန်မြန်လေး စားကြည့်ပါဦး..."


အသေးလေးက လုံး၀မလှုပ်ရှားပဲ တခြားပန်းကန်ထဲက ခရမ်းသီးဟင်းကိုလှမ်းယူကာ


 "ကျွန်တော် နံရိုးမကြိုက်ဘူး..."


အန်တီလီက သူမခေါင်းကို အကူအညီမဲ့စွာနဲ့ ယမ်းလိုက်ပြီး ထန်ထန်ကို အားလျော့တဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။


ထန်ထန် က  စိတ်ဓါတ်မကျပေ။ အဲ့ဒီအသေးလေးက တခြားဟင်းခွက်ကိုလက်လှမ်းလိုက်ပေမယ့် သူ့မျက်လုံးတွေက နံရိုးဟင်းကို အမြန်လှမ်းကြည့်လိုက်တာကို သူမသိရှိပြီးဖြစ်တယ်။ သူမ ပြုံးနေလိုက်တယ်။


ဒီကလေး ဘယ်လောက်တောင်အဆင်မပြေဖြစ်နေလိုက်သလဲ... အဲ့ဒါကအရမ်းချစ်ဖို့ကောင်းတာပဲ...


သူမ ခဏလောက်စဉ်းစားပြီးနောက် သူမရဲ့ပန်းကန်လုံးကိုမယူကာ ချိုင်းထောက်နဲ့ မီးဖိုချောင်ကိုထွက်သွားတယ် 


"ထမင်းထပ်ထည့်ဖို့ မီးဖိုချောင်ကိုသွားလိုက်ဦးမယ် ကျွန်မနဲ့ အတူတူလိုက်ဦးမလား အန်တီလီ..."


"အာ... ကျွန်မက…" 


အန်တီလီက စကားပြောတာရုတ်တရက် ရပ်သွားပြီး ထန်ထန်ရဲ့ အပြုအမူတွေက သူမနောက်ကို လိုက်ခဲ့ဖို့ပြောနေတာကိုတွေ့လိုက်တယ်။ 


" ဟုတ်ကဲ့ ကျွန်မလဲ ထမင်းလိုက်ယူမယ် ကျွန်မထမင်းတွေ အများကြီးစားလိုက်မိတာပဲ... "


လူကြီးနှစ်ယောက်လုံး မီးဖိုချောင်ထဲဝင်လိုက်ရတဲ့အကြောင်းပြချက်က ရှောင်ကျိုး အတွက်ပါပဲ။ သူမတို့က မီးဖိုချောင်ကမထွက်ခင် အချိန်တချို့ကြာအောင်နေလိုက်တယ်။ သူမတို့ ထွက်လာတဲ့အခါမှာ အသေးလေးက ပုံမှန်အတိုင်းဆက်စားနေတုန်းပါပဲ။ အဲ့ဒါက ဘာမှမပြောင်းလဲသွားပါဘူး။ ဒါပေမယ့် ထန်ထန်သိလိုက်ရတာက ပန်းကန်ထဲက နံရိုးတစ်တုံးကတော့ ပျောက်သွားတာကိုပါပဲ။


 သူမနှလုံးသားထဲကနေ ပြုံးလိုက်မိပြီး သူမကိုယ်သူမ ချီးကျူးလိုက်ကာ အခုကနေစပြီးတော့ အသေးလေးအတွက် အရသာရှိတဲ့ အစားအစာတွေလုပ်ပေးတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အတိတ်တုန်းက သူမကိုထိန်းတဲ့ ကလေးထိန်းက သူမကိုစိတ်ဆိုးတိုင်း သူမ(ကလေးထိန်း)အကြိုက်ဆုံးဟင်းတွေ ချက်ပေးလိုက်တဲ့အခါဆိုရင် ဒေါသတွေ မြန်မြန်ပျောက်သွားလေ့ရှိတယ်။ 


အဲ့အချိန်မှာပဲ အန်တီလီရဲ့အိတ်ကပ်ထဲက ဖုန်းမြည်လာတယ်။ အန်တီလီက သူမရဲ့ပန်းကန်လုံးကိုချလိုက်ပြီး ဖုန်းကိုကိုင်လိုက်ကာ


 "ဟဲလို... သား ဘာလို့ခေါ်တာလဲ...ဟင်..."


တဖက်ကဘာပြောလိုက်လဲဆိုတာ မသိပေမယ့် အန်တီလီရဲ့ အပြုအမူတွေကပြောင်းလဲသွားပြီး အလန့်တကြားမတ်တပ်ရပ်လိုက်တယ်...


 " ဘာလို့ဂရုမစိုက်ရတာလဲ... သူမအဆင်ပြေရဲ့လား... "


"ကောင်းပြီ...ကောင်းပြီ...အမေအဲဒီကို တတ်နိုငိသလောက် ချက်ချင်းလာခဲ့မယ် မင်း ဖန်ဇီကိုသေချာဂရုစိုက်ထား..."


ဖုန်းချလိုက်ပြီးနောက် အန်တီလီက ရှောင်ကျိုး နဲ့ ထန်ထန်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ထို့နောက်သူမ တစ်စုံတစ်ယောက်ကို အပူတပြင်းဖုန်းခေါ်ပေမယ့်လဲ မရခဲ့ပါဘူး။ သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး 


"ဆရာကဖုန်းမကိုင်ဘူး...သူပြန်မရောက်သေးတာဖြစ်မယ်...ကျွန်မဘာလုပ်သင့်လဲ..."


ထန်ထန်က အန်တီလီ စိတ်လှုပ်ရှားနေတာကိုကြည့်ပြီး မေးလိုက်တယ် 


"အန်တီလီ ဘာဖြစ်လို့လဲ...တခုခုဖြစ်နေတာလား..."


"ကျွန်မသားအခုပဲဖုန်းခေါ်တာ သူပြောတာက ကျွန်မချွေးမပြုတ်ကျလို့တဲ့ ပြီးတော့သူမက လမစေ့ပဲကလေးမွေးနေပြီတဲ့... အခုဆေးရုံရောက်နေပြီး ကျွန်မရဲ့ အကြီးဆုံးမြေးလေးကို ကြည့်ရှု့စောင့်ရှောက်ပေးမယ့်သူ ဘယ်သူမှမရှိဘူးဖြစ်နေတယ်... ဒါပေမယ့် ကျွန်မသွားရင် ရှောင်ကျိုးလေးကိုဘယ်လိုလုပ်မလဲ...ဆရာရဲ့ဖုန်းကိုလဲဆက်မရဘူး...အာယာ…ဘယ်လိုလုပ်ရပါ့မလဲ... "


လမစေ့ပဲ စောစောမွေးတယ်...


 အဲ့ဒီအကြောင်းကို သူမ ကြားဖူးတယ်။ အဲ့ဒါက အမျိုးသမီးတွေအတွက်အသက် အန္တာရာယ်များတယ်, အဲ့ဒါကြောင့် အန်တီလီက ဒီအခြေအနေကို အရမ်းစိုးရိမ်နေတာပဲဖြစ်မယ်။


ထန်ထန် က စကန့်ပိုင်းလောက်စဉ်းစားလိုက်ပြီး ပြောလိုက်တယ်..


 " အန်တီလီ ရှင်သွားပြီးတော့ ရှင့်ရဲ့ချွေးမကို ဂရုစိုက်သင့်တယ်... ကျွန်မ ပေါင်ပေါင်ကိုကြည့်ထားလိုက်ပါ့မယ်... စိတ်မပူပါနဲ့, ကျွန်မပေါင်ပေါင်ကို သေချာဂရုစိုက်မှာပါ...’’


"အာ... အဲ့ဒါက…’’ 


ထန်ထန်က ဒီနှစ်ရက်လုံးလုံး ရှောင်ကျိုး ကို ဂရုစိုက်နေပေမယ့်လဲ လွန်ခဲ့တဲ့နှစ်တွေမှာလျစ်လျူရှုထားတာတွေကြောင့် သူမအနေနဲ့ စိုးရိမ်နေမိတယ်။ အဲ့ဒါကြောင့် ဘယ်လိုလုပ်ပြီး သူမကို လွယ်လွယ်နဲ့ ကလေး ကိုထိန်းဖို့ လွှတ်ထားရဲမှာလဲ... သူမ က အရက်တွေပြန်သောက်ပြီး အရင်လိုမူးရူးနေပြန်ရင်ကော ဘယ်လိုလုပ်မလဲ...


အန်တီလီက အတွေးများနဲ့ရှုပ်ထွေးနေပြီး ချွေးများပါပြန်လာတယ်။ သူမလက်မလျော့ပဲ ကျိယန်ကိုဖုန်းထပ်ခေါ်လိုက်တယ် ဒါပေမယ့် ဘယ်သူမှဖုန်းလာမကိုင်ပါဘူး။


တချိန်လုံးအသံတိတ်ပြီးနားထောင်နေတဲ့ ရှောင်ကျိုး က


 " အဖွားလီ... အဖွားသွားလိုက်ပါ, သားကအဆင်ပြေပါတယ်... ကိုယ့်ဘာသာကိုယ် စောင့်ရှောက်တတ်ပါတယ်..."


အန်တီလီက အကြိမ်ကြိမ်တုံ့ဆိုင်းနေသော်လဲ အဆုံးမှာတော့ သူမမှတခြားနည်းလမ်းလဲ မရှိတော့ချေ။ အဲ့ဒါကြောင့် သူမအံကြိတ်လိုက်ပြီး ထန်ထန် ကိုပြောလိုက်တယ်...


 " မဒမ် ရှောင်ကျိုးလေးကိုသေချာဂရုစိုက်ဖို့လိုတယ်...သူ့ကို အနိုင်မကျင့်ပါနဲ့, အရက်လဲထပ်မသောက်ပါနဲ့... "


ထန်ထန်ကခေါင်းငြိမ့်လိုက်ပြီး


 " စိတ်လျော့ပါ အန်တီလီ ကျွန်မ ကတိပေးပါတယ်... "


အန်တီလီက ရှောင်ကျိုးဘက်လှည့်၍ထပ်ပြောလိုက်တယ် 


" အဖွားဖုန်းနံပါတ်က သားရဲ့နာရီသေးသေးလေးထဲမှာရှိတယ် တခုခုဖြစ်တာနဲ့ အဖွားကိုခေါ်လိုက်နော်... "


ကျိရှောင်ကျိုး ကနာခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။


အန်တီလီက အလျင်စလိုနဲ့ သူမအခန်းကိုပြေး၀င်သွားပြီး သူမရဲ့ ပစည်းတွေကိုကောက်သိမ်းနေတယ်။ သူမထွက်လာတဲ့အခါ ကဒ်တစ်ခုနဲ့ ငွေသားအထပ်လိုက်ကြီးပါလာတယ် 


" ဒီဟာက နေ့စဉ်အသုံးစာရိတ်အတွက် ကျွန်မကို ဆရာပေးထားတာပါ, အခုဒါတွေကို မဒမ်ကိုပေးပါတယ်...ရှောင်ကျိုး လေးကိုလဲသေချာဂရုစိုက်ပေးပါ ကျွန်မပြန်လာလို့ရတာနဲ့ ချက်ချင်းပြန်လာပါမယ်..."


ထန်ထန် က အဲ့ဒီအနီရောင်စက္ကူအထပ်လိုက်ကြီးက ပိုက်ဆံမှန်းသူမအကြမ်းအားဖြင့်နားလည်လိုက်တယ်။ သူမက အဲ့ဒါတွေကိုယူလိုက်ပြီး ပြောလိုက်တယ်...


 " ကျွန်မသိပါတယ် အန်တီလီ ကျွန်မတို့ကိုစိတ်မပူပါနဲ့ အန်တီလီရဲ့ချွေးမကိုသာ ဂရုစိုက်လိုက်ပါ..."


ထန်ထန် က အာမခံပြီးပြောနေပေမယ့်လဲ အန်တီလီကတော့ စိုးရိမ်နေဆဲဖြစ်တယ် ဒါပေမယ့်လဲ သူမသက်ပြင်းချက်ပြီးထွက်ခွာသွားတော့တယ်။ 


အိမ်ထဲမှာတော့ သားအမိနှစ်ယောက်သာကျန်နေခဲ့တော့တယ်။


ရှောင်ကျိုး က တစ်ရှုးကိုကိုင်လိုက်ပြီး သူ့ပါးစပ်ကိုသုတ်လိုက်တယ်။ ပြီးသွားတဲ့အခါမှာ သူက ထိုင်ခုံပေါ်ကနေ ဖြေးငြင်းစွာဆင်းလိုက်ပြီး သူအခန်းဆီသို့ပြေးသွားလေတယ်။


သူမ တားလိုက်ချင်ပေမယ့်လဲ ရှောင်ကျိုး လောက်သွက်လက်မှုမရှိတာကြောင့် နောက်ဆုံးမှာတော့ စားပွဲခုံကိုသာ ရှင်းလင်းလိုက်တော့တယ်... သူမရဲ့ခြေထောက်ဒဏ်ရာကြောင့် မီးဖိုချောင်ထဲကို သန့်ရှင်းသွားအောင်လုပ်ရတာ အချိန်တစ်နာရီလောက်ယူလိုက်ရတယ်။


ထန်ထန် က နံရံမှာရှိနေတဲ့ နာရီကိုမကြည့်တတ်သေးပါဘူး။ အဲ့ဒီအစား သူမက စိတ်နှင့် ခန့်မှန်းပြီးတွက်ချက်လိုက်တာဖြစ်ပြီး အချိန်ကမစောတော့ဘူး။ ထို့နောက် သူမ ရှောင်ကျိုး အခန်းတံခါးကိုခေါက်လိုက်ပြီး 


" ပေါင်ပေါင် အိပ်ချိန်ရောက်ပြီနော် မာမီကူပြီးဆေးကြောပေးဖို့လိုလား.... "


ပြန်ဖြေသံမကြားရတဲ့အတွက် ထန်ထန်က တခါးကိုဖွင့်ဖို့ကြိုးစားလိုက်တယ်။ တံခါး လောခ့်မချထားတာတွေ့တဲ့အတွက် သူမအံ့ဩသွားတယ်။


တံခါးဖွင့်ပြီးတဲ့နောက် အိပ်ယာဘေးမှာ မီးအိမ်လေးထွန်းထားတာကို တွေ့လိုက်တယ်။ အသေးလေးက ဘောလုံးလေးလိုကွေးကွေးလေး နေနေတယ်။ သူအိပ်ပျော်နေလားဆိုတာ သူမအနေနဲ့ မသေချာဘူး။


သူမ တဖြေးဖြေးအနားကပ်လိုက်ပြီး စောင်ကိုအောက်သို့အနည်းငယ်ဆွဲချလိုက်တဲ့အခါ အသေးလေးရဲ့ခေါင်းကိုမြင်လိုက်ရတယ် ...


" ပေါင်ပေါင်... သားအိပ်ပျော်နေပြီလား... "


အသေးလေးရဲ့ မျက်လုံးငြိမ်သက်နေပေမယ့် သူ့မျက်တောင်လေးတွေကတော့ လှုပ်ရှားနေတယ်။ သူက အိပ်ချင်ယောင်ဆောင်နေတာပဲ။


ထန်ထန် ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး သူမကိုယ်သူမ စကားပြောချင်ယောင်ဆောင်လိုက်ကာ ...


" ပေါင်ပေါင်လေးက အိပ်ပျော်နေတာပဲ..."


ရှောင်ကျိုး ရဲ့ မျက်တောင်လေးတွေက တဖန်လှုပ်ရှားသွားပြန်တယ်။


ထန်ထန် စောင်ကိုငြင်သာစွာ မလိုက်တဲ့အခါ အသေးလေးက အ၀တ်အစားလဲပြီးဖြစ်နေတာကို တွေ့လိုက်ရတယ်။ သူ့ကိုယ်ကထွက်လာတဲ့ အမွှေးနံ့လေးကို သတိထားမိလိုက်တာကြောင့် သူ့ဘာသာရေချိုးပြီးဖြစ်လောက်တယ်။ သူမရင်ထဲ နူးညံ့မှုတွေနဲ့ ပြည့်နှက်သွားတယ်။ ဒီကလေးလေးက ကိုယ့်ဘာသာ စားသောက်တတ် ရေချိုးတတ်တယ်။ သူက တကယ်ကို ကလေးကောင်းလေးတစ်ယောက်ပဲ။ 


သူမရဲ့အကြီးဆုံးအစ်မဖြစ်သူက သူ့သားလေး ကိုအိမ်တော်ကို ခေါ်လာတာကို မှတ်မိသေးတယ်။ အဲ့ဒီအချိန်တုန်းက ကလေးက ၅ နှစ်ရှိပြီဖြစ်သော်လည်း သူ့ကိုထိန်းကျောင်းဖို့အတွက် ဘယ်နေရာသွားသွား အိမ်စေတွေကအမြဲပါနေတယ်။ နောက်ပြီး သူအစာစားတဲ့အခါဆိုရင်လဲ ကလေးထိန်းက ခွံ့ကျွေးရတယ်။ သူက ရှောင်ကျိုး လိုအစွမ်းအစမရှိဘူး။


သူမ ကလေးက တခြားကလေးတွေထက်သာတာကြောင့် ထန်ထန် က ချက်ချင်းပဲ ဂုဏ်ယူမိသလိုခံစားလိုက်ရတယ်။ သူမက ရှောင်ကျိုး ကိုမြှောက်ပြောလိုက်တယ် ...


" ငါတို့ရဲ့ ပေါင်ပေါင်လေးက အရမ်းစွမ်းတာပဲ...ကိုယ့်ဘာသာ ရေချိုးတတ်တယ် အဲ့ဒါက အရမ်းအံ့ဩဖို့ကောင်းတာပဲ..."


အသေးလေးရဲ့ ၀မ်းဗိုက်လေးလှုပ်ရှားသွားတယ်။


သူမက သတိမထားမိသလို ဟန်ဆောင်ရင်း ရှောင်ကျိုး ကို အသာလေးပုတ်လိုက်တယ်။ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကိုတောင်းပန်ရမယ်။ အမှားလုပ်တဲ့သူက သူမ မဟုတ်သော်လဲ သူမက မူလပိုင်ရှင်ကိုယ်ထဲရောက်နေပြီဖြစ်တယ်။ သူမက မူလပိုင်ရှင် ကိုယ်ထဲရောက်နေမှတော့ သူမလုပ်ခဲ့သမျှအားလုံးကို တာ၀န်ရှိနေပြီဖြစ်တယ်။


" ပေါင်ပေါင်... မာမီမှားသွားပါတယ်...မာမီက အရင်တုန်းကမကောင်းခဲ့ဘူး ဟုတ်တယ်မဟုတ်လား...အဲ့ဒါက မာမီ့ခေါင်းမကောင်းခဲ့လို့ပါ...ဒါပေမယ့် ဒဏ်ရာရပြီးတော့ မာမီ့ခေါင်းကအလုပ်ပြန်လုပ်သွားပြီလေ... မာမီ့အမှားကိုသိပါပြီ... ပြီးတော့ မာမီပြောင်းလဲပါ့မယ်နော်...အခုကစပြီး နောက်ကိုဆို ပေါင်ပေါင်လေးနဲ့ ဒယ်ဒီအပေါ်မှာကျိန်းသေ ကောင်းပေးပါ့မယ်။ သားလေးက မာမီ့ကိုစောင့်ကြည့်နေပေါ့ ဟုတ်ပြီလား..."


ထန်ထန်က ရှောင်ကျိုး ရဲ့ ကိုယ်လေးတောင့်နေပြီး နှုတ်ခမ်းတွေအတင်းစေ့ထားတာကို သတိထားလိုက်မိတယ်။


သူမ အရာအားလုံးကိုပြောပြီးတဲ့အခါမှာ  ကိုယ်ကိုကိုင်းလိုက်ပြီး ကလေး နဖူးလေးကိုနမ်းလိုက်တယ်။ ထို့နောက် အခန်းထဲကမထွက်ခင် ထပ်ပြောလိုက်တယ်...


  " ပေါင်ပေါင်...အခု မာမီသွားအိပ်တော့မယ်နော်... "


အသေးလေးက ဒီအတိုင်းပဲဆက်နေနေတဲ့အတွက် သူမ ပြုံးလိုက်ပြီး တံခါးကို ငြင်သာစွာပိတ်လိုက်တယ်။


နောက်တစ်နေ့မနက်ရောက်တဲ့အခါ ...


သူမ မနက်စာကိုစောစောထလုပ်နေတယ်။ သူမက မနက်စာတင်မကဘူး အနီရောင်ပဲကိတ်လေးကို အသေးလေးကျောင်းသွားရင်စားဖို့ လုပ်ပေးနေတယ်။


သူမပြီးသွားလို့ အသေးလေးကိုသွားနှိုးဖို့ ပြင်လိုက်တဲ့အခါမှာ သူက မီးဖိုချောင်အခန်း၀ကိုရောက်နှင့်နေပြီ ဖြစ်တယ်။ သူအချိန်ဘယ်လောက်ကြာကြာ သူမကိုကြည့်နေလဲဆိုတာ သူမမသိလိုက်ဘူး။ ဒါပေမယ့် သူမက နှုတ်ဆက်မလို့ပြင်လိုက်တဲ့အချိန်မှာပဲ ရှောင်ကျိုး က ရုတ်တရက်ပြေးထွက်သွားတယ်။


မနက်စာကို စားပွဲပေါ်တင်ပြီးတဲ့အခါမှာတော့ ထန်ထန် က ဆိုဖာပေါ်မှာရှိနေတဲ့ ရှောင်ကျိုးကိုခေါ်လိုက်တယ်...


 " ပေါင်ပေါင်ရေ... လာပါဦး မနက်စာစားပြီး ကျောင်းသွားရအောင်..."


သူမပြောတာကို အသေးလေးက တုံ့ပြန်လိုက်ပြီး ဆိုဖာပေါ်က ခုန်ဆင်းလိုက်တယ်။ ထို့နောက် စားပွဲနားသို့သွားကာ သူ့ခြေထောက်တိုတိုလေးတွေနဲ့ ထိုင်ခုံပေါ်သို့တွယ်တက်လိုက်တယ်။ သူနေရာယူပြီးတဲ့အခါမှာတော့ စတင်စားသောက်တော့တယ်။