အခန်း(၆)
Viewers 1k

အခန်း (၆) ယောင်မိသားစု၏ အမွေအနှစ်

 

သေတ္တာအထဲတွင် ပိုးပုဝါပေါ်၌ ရိုးရှင်းလှသော အစိမ်းရောင် ကျောက်စိမ်းဆွဲသီးတစ်ခု ရှိနေခဲ့လေ သည်။ ယောင်ရန်သည် ကျောက်စိမ်းဆွဲသီးကို မြင်လိုက်ရသောအခါ သူမ၏စိတ်ထဲသို့ အမှတ်ရစရာ တစ်ခု ဝင်လာခဲ့လေသည်။

 

ထိုကျောက်စိမ်းဆွဲသီးသည် ယောင်မိသားစု၏ အမွေအနှစ်ဖြစ်ပြီး မိသားစုခေါင်းဆောင် တစ်ဦးမှ တစ်ဦးထံသို့သာ လက်ဆင့်ကမ်းလေ့ရှိကြောင်း သူမ၏အဘိုး ပြောခဲ့သည်ကို သတိရသွားခဲ့သည်။

 

သူမသည် ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်ပြီး စဉ်းစားကြည့်လိုက်လေသည်။

 

*လန်လီဖေးက ဒီကျောက်စိမ်းဆွဲသီးကို သဘောကျပြီး အတိတ်တုန်းက ငါ့ဆီကနေ လုယူသွားတာ စိတ်မကောင်းစရာပဲ။ ဒီတစ်ခါတော့ သူမကို ဒီကျောက်စိမ်းဆွဲသီးပေါ် လက်ဖျားနဲ့တောင် မထိစေရ ဘူး…။*

 

ထိုသို့ တွေးပြီးနောက် ကျောက်စိမ်းဆွဲသီးကို သစ်သားသေတ္တာထဲသို့ ပြန်ထည့်လိုက် ပြီး….

 

လက်ထောက်ဟယ်၊ ကျွန်မ ရှင့်အကူအညီကို လိုတယ်…။”

 

လက်ထောက်ဟယ်က ခေါင်းညိတ်ပြီး

 

မမလေး ဘာများလိုအပ်ပါသလဲ၊ ကျွန်တော့ တိုက်ရိုက်ပြောပါ…။

 

ယောင်ရန်သည် သူ၏ မျက်လုံးများကို စိုက်ကြည့်၍ တည်ငြိမ်စွာပြောလိုက်သည်မှာ၊

 

ကုမ္ပဏီကိုရောင်းမယ်။ အိမ်တွေ၊ ဗီလာတွေ၊ တိုက်ခန်းတွေ၊ ကားတွေ၊ လက်ဝတ်ရတနာတွေနဲ့ ရောင်းလို့ရနိုင်သမျှ ပစ္စည်းအားလုံးကို ရောင်းမယ်။ ဒီကိစ္စကို ရှင် ကူညီပေးနိုင်မလား….။

 

လက်ထောက်ဟယ်သည် သူမ ပြောသည့်စကားကို ကြားပြီးနောက် တုန်လှုပ်သွားခဲ့သည်။ နောက် တစ်စက္ကန့်မျှအကြာ၌ အသိပြန်ဝင်လာပြီး စိုးရိမ်စွာမေးလိုက်လေသည်..။

 

 “မမလေး၊ ဘာလို့ ကုမ္ပဏီကို ရောင်းချင်တာလဲ။ ဥက္ကဌကြီးက ဒီကုမ္ပဏီကို အစကနေ တည်ထောင် ခဲ့ရတာ။ ဒီလိုပဲ ရောင်းလိုက်ရင်တော့

 

ယောင်ရန်သည် သဘာဝဘေးအန္တရာယ်ကြီး ဖြစ်ပေါ်လာတော့မည်ကို သိရှိသော်လည်း မည်သူ့ကိုမှ မပြောပြနိုင်ပေ။ ပိုက်ဆံများ အလဟဿအဖြစ် မပြောင်းလဲမီ သူမ၌ အချိန်ရှိသေးစဉ် လိုအပ်သော ပစ္စည်းများကို စုဆောင်းရန် အသုံးပြုလိုသည်။ ထို့အပြင်၊ သူမသည် နေရာရွှေ့ပြောင်းနိုင်စွမ်းနှင့် ပစ္စည်း များ ဖုံးကွယ်ထားရန် နေရာတစ်ခုကိုလည်း ရရှိထားသဖြင့် ဤဘဝတွင် အသက်ရှင်သန်ရန် အခွင့်အရေး ပို၍များလာပြီဖြစ်သည်။

 

သူမသည် စိတ်ပိုင်းဖြတ်ထားပြီး မျက်တောင်မခတ်ဘဲ လိမ်ညာလိုက်သည်မှာ ….

 

လက်ထောက်ဟယ်၊ကျွန်မ ဒီနိုင်ငံကနေ ထွက်သွားချင်တယ်…။

 

လက်ထောက်ဟယ်သည် ထိုစကားကို ကြားသောအခါ ပြောလိုသည့် စကားများ လည်ချောင်းထဲတွင် တိမ်ဝင်သွားခဲ့သည်။ သူသည် သူမကို စက္ကန့်အနည်းငယ်မျှလောက် ကြည့်လိုက်ပြီးနောက် သက်ပြင်းချ လိုက်ပြီး…၊

 

ကောင်းပြီ။ အားလုံးကို ရောင်းဖို့ ကျွန်တော် ကူညီပေးပါမယ်။ ပြည်ပကို သွားပြီးရင် ဘာလုပ်မလဲ…။

 

ယောင်ရန်က ခေါင်းခါရင်း

 

 “ဒီနိုင်ငံကနေ ထွက်ပြီးမှ စဉ်းစားမယ်…။

 

လက်ထောက်ဟယ်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက်

 

ဒါဆို ကျွန်တော် ပြင်ဆင်မှုတွေ သွားလုပ်လိုက်ပါ့မယ်…။

 

ယောင်ရန်က ခေါင်းညိတ်ပြလိုက်ပြီး

 

 “ကျေးဇူးတင်ပါတယ်…။

 

လက်ထောက်ဟယ် ထွက်သွားပြီးသည့်နောက် ယောင်ရန်သည် ကုတင်ဘေးရှိစားပွဲပေါ်မှ ဖုန်းအားယူ လိုက်လေသည်။ သူမ၏ ဘဏ်အကောင့်ကို ဖွင့်ကြည့်လိုက်သောအခါ လက်ကျန်ငွေသည် ယွမ် ရာဂဏန်း သာ ရှိနေသည်ကို တွေ့လိုက်ရလေသည်။

 

သူမက မိမိကိုယ်ကိုယ် ပြန်၍လှောင်ပြုံး ပြုံးကာ ရယ်မောလိုက်သည်။

 

 “ယောင်အဖွဲ့ရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့ ငါ့မှာ ဒီလောက်ပဲ ပိုက်ဆံရှိတာ။ ငါ့ရဲ့ အရင်ဘဝက တကယ် ကို မိုက်မဲပြီး အသုံးမကျခဲ့တာပဲ…။

 

သူမသည် ဖုန်းကို ဆုပ်ကိုင်ထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ မျက်လုံးများကို ပြန်ဖွင့် လိုက်သောအခါ သူမ၏ မျက်ဝန်းများရှိ အားနည်းချက်နှင့် မိမိကိုယ်ကိုယ် ရွံရှာမှုတို့ ပျောက်ကွယ်သွား ပြီး အေးစက်ပြီး ခိုင်မာသော မျက်လုံးများဖြင့် အစားထိုးလိုက်လေသည်။

 

ရှေ့နေ လီနှင့် လက်ထောက်ဟယ်တို့ထံမှ သတင်းကို စောင့်ဆိုင်းနေစဉ် ယောင်ရန်သည် အပျင်းထူ မနေခဲ့ပေ။ သူမသည် ဝယ်ယူရန် လိုအပ်သည့် ပစ္စည်းများစာရင်းကို စတင်ပြုလုပ်ခဲ့လေသည်။ ပြန်လည် မွေးဖွားပြီးနောက် သူမ၏ စွမ်းရည်များသည် အနိမ့်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။

 

 

အရင်ဘဝတွင် ကမ္ဘာပျက်ကပ်သည် မိုးကြီးခြင်းနှင့် မုန်တိုင်းများဖြင့် စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ရေကြီးခြင်း၊ ဆူနာမီလှိုင်းများ၊ အလွန်အမင်းအေးသော ရာသီဥတု၊ အလွန်အမင်းပူသော ရာသီဥတု၊ ငလျင်လှုပ်ခြင်း၊ အက်ဆစ်မိုးများ၊ ကပ်ရောဂါများ၊ တိရစ္ဆာန်နှင့် အပင်များ ပြောင်းလဲခြင်း၊ ပိုးမွှားများ ကျရောက်ခြင်းနှင့် နျူကလီးယား ဓါတ်ရောင်ခြည်များ အားလုံးသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ သူမသည် မျှော်လင့်ချက်မရှိတော့ဘဲ မိမိကိုယ်ကိုယ် ဖောက်ခွဲလိုက်သည့်နေ့အထိ ဘေးအန္တရာယ်သည် မပြီးဆုံးခဲ့သေးပေ။

 

လက်ရှိတွင် သူမ၏ ကိုယ်ပိုင်နေရာလွတ်သည် စတုရန်းမီတာ တစ်ရာသာ ရှိပြီး ပစ္စည်းအများအပြားကို မသိမ်း ဆည်းနိုင်လောက်ပေ။ သို့သော် အရာအားလုံးကို ရောင်းချပြီးသည့်နောက် ယွမ် ဘီလီယံနှင့်ချီ သော ငွေကြေးများရရှိလာပါက ဤဘဝတွင် ပိုမိုကြာရှည်ပြီး ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်မည်ဟု သူမ ယုံကြည်ပေသည်။

 

ယောင်ရန်သည် သူမ၏ ဖုန်းပေါ်တွင် စာရိုက်နေပြီး ဝယ်ယူရန် လိုအပ်သော ပစ္စည်းများစာရင်းမှာ ပိုမို ရှည်လျားလာခဲ့သည်။ လက်နက်များ၊ အစားအစာများ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အပူဒဏ်နှင့် အအေးဒဏ် ခံနိုင်သော အဝတ်အထည်များ၊ မျိုးစေ့များ၊ မြေဆီလွှာ၊ အိမ်သုံးပစ္စည်းများ၊ ဓါတ်ဆီ၊ အရည်ကျိုဓါတ်ငွေ့၊ နေရောင်ခြည်စွမ်းအင်သုံး မီးစက်များ၊ ဓါတ်ရောင်ခြည်ဒဏ် ခံနိုင်သော ဝတ်စုံများ၊ နေ့စဉ်သုံးပစ္စည်းများ စသည်တို့ ပါဝင်ပေသည်။

 

သူမသည် ရေစွမ်းအားရှိသော်လည်း သူမ၏ စွမ်းရည်များသည် အနိမ့်ဆုံးအဆင့်သို့ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိအဆင့်၌ သူမသည် နေ့စဉ် ရေပုံးအနည်းငယ်ကိုသာ ထုတ်လုပ်နိုင်လေသည်။ သူမ အတွက် လုံလောက်မှု မရှိသဖြင့် ရေ၊ ရေသန့်စင်ဆေးပြားများနှင့် ရေသန့်စင်ရေး ကိရိယာများကိုလည်း စာရင်းထဲသို့ ထည့်ထားလိုက်သည်။

 

သူမသည် ထိုအရာများစွာကို ပြင်ဆင်ရန် လိုအပ်သော်လည်း အခက်အခဲဆုံးမှာ လက်နက်များ၊ ဆေးဝါး များနှင့် လောင်စာဆီတို့ ဖြစ်သည်။ နိုင်ငံတော်က နိုင်ငံသားများ လက်နက်ပိုင်ဆိုင်ခွင့်ကို တားမြစ်ထား ပြီး၊ ဆေးဝါးနှင့် လောင်စာဆီများကိုလည်း ထိန်းချုပ်ထားသည်။

 

ယောင်ရန်သည် ခဏတာ စဉ်းစားပြီးနောက် သူမ၏ ဖုန်းရှိ လိပ်စာ စာအုပ်ကို ဖွင့်လိုက်သည်။ စာရင်း တွင် အမည်များစွာ မရှိသော်လည်း ထင်ရှားသော စီးပွားရေးနှင့် စစ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များသာ ပါဝင် သည်။ ထိုပုဂ္ဂိုလ်များသည် သူမ အဘိုး၏ အချစ်ဆုံးသူငယ်ချင်းများနှင့် ၎င်းတို့၏ သားများ သို့မဟုတ် မြေးများ ဖြစ်ကြပေသည်။

 

သူမ၏အဘိုး ကွယ်လွန်သွားပြီးသည့်နောက်တွင် သူမ၌ ကျန်ရှိခဲ့သည်မှာ ကြီးမားသော အမွေအနှစ်နှင့် ဤထင်ရှားသော ပုဂ္ဂိုလ်ကြီးများနှင့် ဆက်ဆံရေးသာ ဖြစ်လေသည်။

 

ယောင်ရန်သည် စာရင်းကို ခဏတာ ကြည့်ရှုပြီးနောက် သူမ ဆက်သွယ်လိုသည့် အမည်ကို ရှာတွေ့သွား ခဲ့သည်။ ဖုန်းခေါ်ဆိုရန်အတွက် ခလုတ်ကို မနှိပ်မီ သူမသည် အသက်ပြင်းပြင်း ရှူလိုက်သည်။ ခဏကြာ ပြီးသည့်နောက် ဖုန်းတစ်ဖက်မှ အမျိုးသားတစ်ဦး၏ တည်ငြိမ်သောအသံသည် ထွက်ပေါ်လာခဲ့သည်။

 

ရန်ရန်လား

 

ယောင်ရန်သည် စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး…

 

အဘိုးရွှီ ၊ ရုတ်တရက် ဖုန်းခေါ်လိုက်မိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်

 

အဘိုးရွှီ သည် သူမ၏ အားနည်းနေသောအသံကို ကြားသောအခါ စိုးရိမ်စွာဖြင့်

 

ဘယ်လိုလဲ၊ သက်သာရဲ့လား။ မနေ့ညက သတင်းကို ငါတွေ့လိုက်တယ်။ အဲဒီ လန်ကွမ်းဟွေ့ ဆိုတဲ့ တိရစ္ဆာန်က နင့်ကို အဲဒီလို လုပ်ရက်တာ သတ်ပစ်သင့်တယ်။ နင့်အဘိုးသာ အသက်ရှိနေသေးရင် နင့်ကို လန်ကွမ်းဟွေ့ရဲ့ လက်ထဲမှာ ဒီလို ဆင်းရဲဒုက္ခ ခံစေမှာမဟုတ်ဘူး…။

 

အဘိုးရွှီနှင့် ယောင်ရန်၏ အဘိုးတို့သည် တစ်ရွာတည်းသားများ ဖြစ်ပြီး ၎င်းတို့၏ ညီအစ်ကိုအရင်း များထက် ပိုမိုကောင်းမွန်စွာ ပေါင်းသင်းခဲ့ကြသည်။ သူမ၏ အဘိုးက စီးပွားရေးအင်ပါယာကို တည်ထောင်နေခဲ့ချိန်၌ အဘိုးရွှီ သည်လည်း သူ၏ စီးပွားရေးအင်ပါယာကို တည်ထောင်ခဲ့သည်။ သို့သော် သူမ၏အဘိုးနှင့် မတူသည်မှာ အဘိုးရွှီ သည် မြေအောက်လောကမှ သူဌေးတစ်ဦး ဖြစ်လေ သည်။

 

ယောင်ရန်သည် သာမန်လမ်းကြောင်းများမှ လက်နက်များ ဝယ်ယူ၍ မရနိုင်သောကြောင့် အဘိုးရွှီ ထံမှ အကူအညီရယူရန် ကြိုးစားရပေမည်။