အခန်း
(၉) ဂိုဒေါင်ငှားခြင်း
လက်ထောက်ဟယ်သည်
ဖိုင်တစ်ခုကို ကမ်းပေးလိုက်ရင်း
“ဒါက
လွန်ခဲ့တဲ့ နှစ်ရက်က ရောင်းပြီးသွားတဲ့ ပစ္စည်းစာရင်းပါ။ ငွေအားလုံးကို မမလေးယောင်ရန်ရဲ့ အကောင့်ထဲ ထည့်ပေးလိုက်ပါပြီ။ ကျန်တဲ့ မရောင်းရသေးတဲ့ ပစ္စည်းတွေကတော့ တခြားလုပ်ငန်းတွေ လို ပိုင်ဆိုင်မှုပုံစံ မဟုတ်တဲ့အတွက် ဝယ်သူရှာပြီး လုပ်ထုံးလုပ်နည်းတွေ အပြီးသတ်ဖို့က ရက်သတ္တပတ် အနည်းငယ်လောက် ကြာနိုင်ပါတယ်…။”
သူမတို့
နိုင်ငံကို မုန်တိုင်းမဝင်ခင် သုံးလတိတိ အချိန်ရှိနေသေးသည့်အတွက်ကြောင့်
ပိုက်ဆံလည်းရှိ၊ အချိန်လည်းရှိနေသေးသည့် ယောင်ရန်သည် စိတ်ပူခြင်းမရှိပေ။
“ကောင်းပြီ၊
မင်းပဲ ဆက်ပြီး လုပ်လိုက်ပါ…။”
လက်ထောက်ဟယ်က
ခေါင်းညိတ်ပြီး ထွက်သွားခဲ့လေသည်။
“ဒါဆို
ကျွန်တော် ပြန်ပါဦးမယ်…။”
လက်ထောက်ဟယ်
ထွက်သွားပြီးသည့်အချိန်၌ပင်
ဆရာဝန်အဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့သည်။ သူမအား ကုသပေးနေသော ဆရာဝန်က ယောင်ရန်ကို စစ်ဆေးပြီး ယခင်နေ့က စစ်ဆေးမှုရလဒ်များကိုလည်း ပြန်လည်ကြည့်ရှုခဲ့သည်။
စစ်ဆေး၍
ပြီးသွားသည့် အချိန်၌
ဆရာဝန်က ယောင်ရန်ကို ပြုံးပြလိုက်ပြီး၊
“ဂုဏ်ယူပါတယ်
မမလေး ယောင်ရန်၊ ဒီနေ့ ဆေးရုံက ဆင်းလို့ရပါပြီ။ ဒဏ်ရာတွေအတွက် အမာရွတ် မကျန် အောင် ဆေးတွေညွှန်းပေးလိုက်မယ်။ ဆေးရုံဆင်းဖို့ ကိစ္စတွေကိုတော့ သူနာပြုက ကူညီပေး ပါလိမ့်မယ်…။”
ယောင်ရန်သည်
ခေါင်းညိတ်ပြလိုက်ပြီး
ဆရာဝန်အား ကျေးဇူးတင်စကား ပြောလိုက်သည်။ သူနာပြုမှ ဆေးရုံဆင်းခွင့် ဖောင်ယူလာချိန်တွင် ယောင်ရန်သည်လည်း ဆေးရုံဝတ်စုံကိုလဲပြီး ပစ္စည်းများကို အိတ်ထဲ ထည့်နေပြီဖြစ်သည်။
သူမသည်
ဖောင်ကိုယူလိုက်ပြီး ဆေးရုံစရိတ်များကို
ရှင်းပြီးနောက် ကျောပိုးအိတ်လေးလွယ်ပြီး ထွက်လာခဲ့တော့သည်။
ဆေးရုံမှ
ထွက်လာပြီးသည့်နောက်၌
ယောင်ရန်သည် ဖုန်းကိုထုတ်ပြီး အိမ်ခြံမြေအကျိုးဆောင်နှင့် ဆက်သွယ်ရန်
စာပို့လိုက်လေသည်။
[ဂိုဒေါင်တွေ့ပြီလားရှင်…။]
ခဏမျှကြာမြင့်သည်အထိ
စောင့်ပြီးနောက်တွင် ဖုန်းထဲသို့
စာဝင်လာသဖြင့် ကြည့်လိုက်သောအခါ အိမ်ခြံမြေအကျိုးဆောင်ထံမှ
စာဝင်လာခြင်းဖြစ်လေသည်။
[မစ္စယောင်ရန်၊
လိုချင်တဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့ ဂိုဒေါင်တွေ ရှိပါတယ်။ ဘယ်အချိန် အားပါသလဲ…။]
အဘိုး၏ သူငယ်ချင်းများဆီမှ
ပစ္စည်းများကို မယူခင်
ဂိုဒေါင်ကို အရင်ဆုံး ပြင်ဆင်ထားရမည်ဖြစ်သဖြင့်
အချိန်မရတော့ဘူးဆိုသည်ကို ယောင်ရန် သိသည်။ ထို့ကြောင့် ချက်ချင်းပင် စာပြန်လိုက်လေသည်။
[အခုသွားကြည့်လို့ရပါတယ်..။]
ဂိုဒေါင်အား
အမြန်ဆုံး ငှားချင်နေသော အကျိုးဆောင်သည်လည်း
စက္ကန့်ပိုင်းအတွင်းမှာပင်
ပြန်စာ ပို့လာ ခဲ့သည်။
[ကောင်းပါပြီ။
ဒါဆို ကျွန်တော် ရုံးကနေပဲစောင့်နေလိုက်ပါ့မယ်…။]
[ကောင်းပါပြီ..။]
အိမ်ခြံမြေအကျိုးဆောင်နှင့်
ချိန်းဆိုပြီးသည့်နောက်
ယောင်ရန်သည် တက္ကစီခေါ်၍ ရုံးသို့ သွားလိုက် သည်။ မိနစ်( ၄၀ ) ကြာပြီးနောက် ရောက်ရှိသွားခဲ့လေသည်။ အကျိုးဆောင်သည် သူမအား ရုံးအပြင် ဘက်တွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူသည်
စာရွက်စာတမ်းတွေ တထပ်ကြီးအား ကိုင်ထားပြီး ယောင်ရန်အား ပြုံးပြကာ လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်းပေးရင်း မေးလိုက်လေသည်။
“မစ္စယောင်ရန်လား…”
ယောင်ရန်က
လက်ဆွဲနှုတ်ဆက်ရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်…။”
အိမ်ခြံမြေအကျိုးဆောင်သည်
ဤလုပ်ငန်းနယ်ပယ်၌ အနှစ် (၂၀ )ကျော်ကြာ ကျင်လည်ခဲ့ခြင်းကြောင့် ယောင်ရန်သည် အလွယ်တကူ လှည့်စား၍ရနိုင်မည့်သူ မဟုတ်ဘူးဆိုသည်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် သိလိုက်ပေသည်။ သူက ပြုံးပြပြီး… ၊
“မစ္စယောင်ရန်၊
အခုပဲ ဂိုဒေါင်ကို သွားကြည့်ကြတာပေါ့…။”
“ကောင်းပြီလေ…”
ယောင်ရန်က
သဘောတူလိုက်သည်။
အကျိုးဆောင်သည်
လက်ကိုဆန့်တန်းဖိတ်ခေါ်သည့်
ပုံစံပြုလုပ်ရင်းဖြင့် ဆက်ပြောလိုက်လေသည်
၊
“ကျွန်တော့်ကားနဲ့ပဲ
သွားကြည့်ရအောင်ပါ။ ကြိုက်တာရှိရင် ပြန်လာပြီး စာချုပ်ချုပ်လို့ရပါပြီ…။”
ယောင်ရန်လည်း
မငြင်းဘဲ နှစ်ယောက်သား ကားပါကင်သို့ လျှောက်လာခဲ့ကြလေသည်။ အိမ်ခြံမြေ အကျိုးဆောင်သည် ပထမဦးစွာ ဂိုဒေါင်ဆီသို့ ဦးတည်မောင်းနေရင်းနှင့်ပင်
လမ်းတွင် ယောင်ရန်၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဂိုဒေါင်( ၅ ) ခုအကြောင်း ရှင်းပြနေခဲ့လေသည်။
ပထမဆုံး
ဂိုဒေါင်ကို ရောက်သည့်အခါ၌ ယောင်ရန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဤနေရာ သည် ဂိုဒေါင်အလွတ်အပြင် လူများ ဝင်ထွက်မှုများသော တခြားသောဂိုဒေါင်များလည်း အများကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက နောက်ပိုင်း၌ လိုအပ်မည့် ပစ္စည်းအများကြီးအား နေရာလွတ် ထဲသို့ ထည့်ရန် စီစဉ်ထားခြင်းကြောင့်
လူအများကြီး ဝင်ထွက်သွားလာနေသည့် နေရာသည် သူမ အတွက် မသင့်တော်ပေ။
“အစ်ကို..၊
ဒီနေရာက ကျွန်မအတွက် မသင့်တော်ဘူးရှင့်…။”
ဟု
အိမ်ခြံမြေအကျိုးဆောင်အား
သူမက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ဖောက်သည်အများစုသည်
ပထမဆုံးအကြိမ် ပြသည့်နေရာကို သဘောမကျခြင်းမျိုးသည် ပုံမှန်ပင်ဖြစ် သည်။ ထို့ကြောင့်ပင် အိမ်ခြံမြေအကျိုးဆောင်က
ပြုံးလိုက်ပြီး၊
“ပြဿနာမရှိပါဘူး။
မစ္စယောင်ရန် လိုအပ်ချက်နဲ့ ကိုက်ညီနိုင်မယ့် ဂိုဒေါင်( ၄ ) ခု ရှိနေပါသေးတယ်။ သွားကြည့်ရအောင်…။”
ပထမ
ဂိုဒေါင်မှ ထွက်လာခဲ့ပြီးနောက်
တခြားဂိုဒေါင်များဆီသို့
သွားခဲ့ကြလေသည်။ သို့သော်လည်း ကျန်သော ( ၄ ) ခုမှာလည်း ယောင်ရန်၏ လိုအပ်ချက်များဖြင့် မကိုက်ညီခဲ့ပေ။
ပူပြင်းသော
နေရောင်အောက်တွင် ဂိုဒေါင် ( ၅ ) ခုလုံးအား လှည့်ပတ်ကြည့်ရှုရင်း သူတို့နှစ်ဦးသည် ( ၂ )နာရီမျှ
အချိန်ကုန်သွားခဲ့ပြီ ဖြစ်သည်။
အိမ်ခြံမြေအကျိုးဆောင်သည်
ပဝါဖြင့် ချွေးသုတ်လိုက်ရင်း
“မစ္စယောင်ရန်၊
ဒီနေ့ ကျွန်တော်ပြသခဲ့တဲ့ ဂိုဒေါင်တွေ အားလုံးဟာ သွားရေးလာရေး အဆင်ပြေတဲ့ နေရာကောင်းတွေမှာ တည်ရှိပါတယ်။ ဒီအခွင့်အရေးကို လွတ်သွားရင် ဒီထက် ကောင်းတဲ့နေရာမျိုးကို ရှာဖို့ ခက်ခဲပါလိမ့်မယ်…။” ဟု
ပြောလိုက်ပြီး ဆွဲဆောင်လိုက်လေသည်။
ယောင်ရန်သည်
ခဏမျှကြာအောင် စဉ်းစားလိုက်ပြီးနောက် အိမ်ခြံမြေအကျိုးဆောင်
အားမေးလိုက် သည်။
“ဆရာ့ဆီမှာ
လူအများကြီး မရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်က ဂိုဒေါင်ကြီးတစ်ခုများ ရှိပါသလား။ ကျွန်မက စူပါမားကတ်ဖွင့်ဖို့ စီစဉ်ထားတာမို့လို့ ဖွင့်လှစ်ဖို့အတွက် ပစ္စည်းအများကြီး ပြင်ဆင်ရမှာ ဖြစ်လို့ပါ။ နေ့ရော ညပါ ပစ္စည်းတွေ အများကြီး သယ်ရမယ်ဆိုတော့ တခြားသူတွေရဲ့ စီးပွားရေးကို ထိခိုက်စေနိုင် လို့ပါ…။”
အိမ်ခြံမြေအကျိုးဆောင်သည်
သူမ၏စကားကို နားထောင်ရင်း မျက်လုံးများက အရောင်တောက်လာ
ခဲ့သည်။ သူက ပြုံး၍ ပြောလိုက်လေသည်၊
“မစ္စယောင်ရန်ရဲ့
လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နေရာတစ်ခုတော့ တကယ်ပဲ ရှိပါတယ်…။”
“ကောင်းပါပြီ။
အခု သွားကြည့်လို့ရမလား…။”
“ရပါတယ်…။”
ထို့နောက်
သူတို့နှစ်ဦးသည် ဆင်ခြေဖုံးရပ်ကွက်ဆီသို့ ကားမောင်းလာခဲ့ကြသည်။ လမ်းတွင် အိမ်ခြံမြေ အကျိုးဆောင်မှ
ဂိုဒေါင်အကြောင်းကို ရှင်းပြလာခဲ့သည်၊
“ဂိုဒေါင်ပိုင်ရှင်က
ပိုက်ဆံကို အရေးပေါ် လိုနေတာမို့လို့ လစဉ်ငှားရမ်းခက အရမ်းနည်းပါတယ်။ ဒါပေမဲ့ နေရာကြောင့် ဘယ်သူမှ မငှားကြပါဘူး။ မစ္စယောင်ရန် ကြိုက်တယ်ဆိုရင်တော့ ဈေးနှုန်းကို ပိုပြီး လျှော့ချနိုင်အောင် ဂိုဒေါင်ပိုင်ရှင်နဲ့ အကောင်းဆုံး ညှိနှိုင်းပေးပါ့မယ်…။”
ယောင်ရန်က
ခေါင်းညိတ်ပြီး လိုက်ပြီး ၊
“ဒါဆိုရင်တော့
ဈေးနှုန်းညှိနှိုင်းဖို့ကို
ဆရာ့ကိုပဲ တာဝန်ပေးလိုက်ပါတော့မယ်…။”
အိမ်ခြံမြေအကျိုးဆောင်သည်
ရင်ဘတ်ကိုပုတ်၍ ယုံကြည်မှုရှိစွာဖြင့်
ပြောလိုက်သည်။
“စိတ်မပူပါနဲ့။
ကျွန်တော့်ကိုပဲ ယုံကြည်လိုက်ပါ…။”
ဂိုဒေါင်သို့
ရောက်သောအခါတွင်မူ
ယောင်ရန်သည် ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်ရှု လိုက်သည်။ ဤနေရာတွင် ဂိုဒေါင်တစ်ခုသာ ရှိပြီး တခြားအဆောက်အအုံများ မရှိပေ။
ဤနေရာသည် လူသွားလူလာနည်းပါးသော်လည်း
လမ်းများက
ကောင်းမွန်ပေသည်။ ထိုနေရာမျိုးသည် ယောင်ရန် အတိအကျ လိုချင်သော နေရာမျိုးပင်ဖြစ်လေသည်။
သူမသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး
၊
“ဆရာ၊
ဒီနေရာကို ကျွန်မ လိုချင်ပါတယ်။ တစ်လစာ ငှားပါမယ်…။” ဟုပြောလိုက်လေသည်။