အခန်း (၁၂)
Viewers 1k

အခန်း (၁၂) အစားအသောက်များ စုဆောင်းခြင်း ()

 

ယောင်ရန်သည် ခင်းကျင်းထားသောစင်တစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီး

 

ဆိုင်ရှင်၊ အခွံမာသီးအမျိုးအစားတစ်ခုစီကို တန် (၁၀၀) စီ ပေးပါ…။

 

အခြားစင်တစ်ခုပေါ်၌ စားသုံးနိုင်သော အစေ့အဆန်အမျိုးမျိုးကို မြင်လိုက်ပြန်သောအခါ ယောင်ရန် သည် ထပ်ပြောလိုက်ပြန်လေသည်၊

 

ပြီးတော့ အစေ့အဆန်အမျိုးအစားတစ်ခုစီကိုလည်း တန် (၁၀၀) စီ ပေးပါ…။

 

သူမသည် ဆိုင်ရှင်ကို ကြည့်၍ မေးလိုက်လေသည်။

 

ဒီပစ္စည်းတွေအပြင် တခြားဘာတွေ ရောင်းသေးလဲ….။

 

ဆိုင်ရှင်လည်း ချွေးများသုတ်လိုက်ရင်း ပစ္စည်းစာရင်းတစ်ခုကို သူမလက်ထဲ ထည့်ပေးလိုက်ကာ

 

ဒီစာရင်းထဲက ပစ္စည်းတွေ အကုန်ရပါတယ်…။

 

ယောင်ရန်လည်း ပစ္စည်းစာရင်းကို ကြည့်လိုက်ပြီး ရွတ်ပြလိုက်လေသည်၊

သကြားဖြူ၊ သကြားညက်၊ သကြားမှုန့်၊ ပုလဲသကြား၊ သကြားစေ့၊ ကြံသကြား၊ ဒီမာရာ သကြား၊ တာဘိုင်ဒို သကြား၊ မူစကိုဗာဒို သကြား၊ သကြားညို (အညိုရောင်ဖျော့) နဲ့ သကြားညို (အညိုရောင်ရင့်) တို့ကို တစ်မျိုးစီကို တန် (၂၀၀) စီ ပေးပါ…။

 

ဆိုင်ရှင်က သူမ၏ အမှာစာစာရင်းကို ချရေးနေစဉ် ယောင်ရန်က ဆက်လက်မှာယူနေခဲ့သည်၊

 

မှိုခြောက်အမျိုးအစားတစ်ခုစီကို တန် (၁၀၀) စီ၊ ဆေးဘက်ဝင်အပင်ခြောက်အမျိုးအစားတစ်ခုစီကို တန်( ၆၀ )စီ၊ ဟော့ပေါ့အနှစ်ထုပ် အမျိုးအစားတစ်ခုစီကို အထုပ်( ၅၀,၀၀၀) စီ ထပ်ထည့်ပေးပါ…။

 

ယောင်ရန်သည် ဆော့စ်၊ ရှာလကာရည်၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ အမွှေးအကြိုင်အထုပ်များ အမျိုး အစားအလိုက် (တန် ၃၀) စီကိုလည်း ထပ်မှာလိုက်ပေသည်။

 

ယောင်ရန်၏ မှာယူသည့်ပမာဏမှာ အလွန်များပြားသောကြောင့် အစောဆုံး နောက်နေ့မှသာ ပစ္စည်း ပို့နိုင်မည်ဖြစ်သည်။ ထိုဆိုင်တွင် သူမသည် ယွမ် သန်း (၃၀၀) ကျော် သုံးစွဲခဲ့ပြီး ကျေနပ်စွာ ထွက်ခွာခဲ့ သည်။

 

ပဲမျိုးစေ့ဆိုင်၊ ဟင်းသီးဟင်းရွက်မျိုးစေ့ဆိုင်၊ ဆေးဘက်ဝင်အပင်မျိုးစေ့ဆိုင်နှင့် သစ်သီးပျိုးပင်ဆိုင်များ ကို ဖြတ်သွားရင်း ယောင်ရန်သည် ထိုဆိုင်များရှိ ပစ္စည်းများ အားလုံးကို ဝယ်ယူခဲ့ရာ ယွမ် သန်း (၁၀၀) ထပ်ကုန်ခဲ့ပြန်လေသည်။

 

အလွန်အမင်းပူပြင်းပြီးသည့် နောက်ပိုင်းတွင် မည်သည့်အပင်မျှ စိုက်ပျိုးနိုင်တော့မည် မဟုတ်ပေ။ သို့သော် သူမ၌ မျိုးစေ့နှင့် မြေကြီးရှိနေသရွေ့ အနာဂတ်အတွက် မျှော်လင့်ချက် ရှိနေမည်ဖြစ်သည်။

 

နောင်တချိန်တွင် အက်စစ်မိုးနက်များ ရွာမည်ကို စဉ်းစားမိသောအခါ ယောင်ရန်သည် စိုက်ပျိုးအိုး (၁၀,၀၀၀)၊ မျိုးစေ့အမျိုးမျိုး စိုက်ပျိုးရန် သင့်တော်သည့် မြေကြီး တန် (၃၀) ၊ မြေသြဇာ တန် (၃၀)၊ အာဟာရဓာတ်ဖျော်ရည်မှုန့် တန်( ၂၀) နှင့် လယ်ယာသုံးပစ္စည်း အစုံ (၁၀၀) တို့ကို စိတ်ဆုံးဖြတ်ပြီး ဝယ်ယူခဲ့လိုက်သည်။

 

ယောင်ရန်သည် ကုန်ခြောက်လက်ကားဈေးတွင် တစ်နေကုန်နီးပါး ဈေးဝယ်ပြီး ယွမ်( ၁ ) ဘီလီယံကျော် သုံးစွဲကာ ထိုဆိုင်များ၏ ကုန်ပစ္စည်းလက်ကျန်များအားလုံးနီးပါးကို ဝယ်ယူပစ်ခဲ့သည်။ သူမသည် ကုန် ခြောက်လက်ကားဈေးမှ ထွက်ခွာလာချိန်တွင် ကောင်းကင်မှာ အရောင်ပြောင်းနေခဲ့ပြီ ဖြစ်သည်။

 

ဗိုက်ထဲမှ ဆာလောင်မှုကို သတိပြုမိလိုက်သောအခါ ယောင်ရန်သည် ညစာစားရန်အတွက် နေရာရှာရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဖုန်းဖွင့်၍ အင်တာနက်ပေါ်တွင် ခဏရှာလိုက်ပြီးနောက် အနီးအနားတွင် ကောင်းမွန်သော မှတ်ချက်များ ရရှိထားသည့် စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့ရသည်။ ကားပါကင် သို့ လျှောက်သွားကာ ထိုစားသောက်ဆိုင်သို့ ချက်ချင်းပင် ကားမောင်း၍ သွားလိုက်သည်။

 

သူမ ရောက်သည့်အခါတွင် စားသောက်ဆိုင်၏ အစားအသောက်နံ့များက လမ်းတစ်လျှောက်လုံး ပျံ့နှံ့ နေပြီး သူမ၏ဗိုက်ကို ဆာလောင်စေ၍ အသံများပင်ထွက်လာခဲ့သည်။ သူမသည် ထရပ်ကားလေးကို အလျင်မြန်ပင် ရပ်ထားလိုက်ပြီး စားသောက်ဆိုင်ထဲသို့ လမ်းလျှောက်ဝင်သွားခဲ့လိုက်သည်။

 

သူမရောက်လာသည်မှာ စောနေသေးသည့်အတွက်ကြောင့် စားသောက်ဆိုင်တွင် လူသိပ်မရှိသေးပေ။ ယောင်ရန်သည် ထောင့်တစ်နေရာတွင် ဝင်ထိုင်ပြီး အော်ဒါမှာယူရန် ပြင်ဆင်လိုက်သည်။ မီနူးပေါ်ရှိ ဟင်းပွဲစာရင်းကို ကြည့်ရင်းနှင့် သူမသည် တံတွေးများမျိုချမိလိုက်သည်။

 

သူမ၏ ယခင်ဘဝတွင် ယောင်ရန်သည် အမြဲတမ်း ဆာလောင်နေခဲ့ရသည်။ ဗိုက်ပြည့်သည်အထိ အစား အစာ သို့မဟုတ် ရေကို စားသောက်ရသည့်နေ့ရက်သည် တစ်ရက်မှ မရှိခဲ့ဖူးပေ။

 

ပြန်လည်မွေးဖွားပြီးသည့်နောက်တွင် သူမသည် ဆေးရုံမှကျွေးသော အစားအစာကိုသာ နှစ်ရက်တိတိ စားခဲ့ရသည်။ ဆေးရုံမှ ဆင်းပြီးနောက် အချိန်ကုန်သက်သာစေရန် အသင့်စားအစားအစာအချို့နှင့် လမ်းဘေးဆိုင်အချို့မှသာ  ဝယ်ယူစားသောက်ခဲ့ရခြင်း ဖြစ်သည်။ ယခု မီနူးပေါ်ရှိ အရသာရှိသော အစားအသောက်ပုံများကို ကြည့်ပြီး သူမသည် မနေနိုင်တော့ဘဲ လျင်မြန်စွာ မှာလိုက်လေသည်။

 

မကြာမီပင် စားပွဲထိုးများသည် သူမမှာထားသည်များကို ယူလာခဲ့ကြသည်။ ခဏအကြာ၌ စားပွဲပေါ်တွင် အစားအသောက်များဖြင့် ပြည့်သွားခဲ့ပြီဖြစ်သည်။

 

သူမ မှာယူသည့် အစားအသောက်ပမာဏကို ကြည့်ပြီး အနီးနားရှိစားပွဲဝိုင်းတွင် ထိုင်နေသော ဦးလေး တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

 

ဒီခေတ်လူငယ်တွေဟာ အစားအသောက်ကို တန်ဖိုးထားတတ်ပုံ မရဘူး။ ဟင်းပွဲတွေ ဒီလောက်အများ ကြီး တစ်ခါတည်း မှာထားတာ။ အကုန် စားနိုင်ပါ့မလား…။

 

ထိုသူ၏ဘေးတွင် ထိုင်နေသော ဇနီးဖြစ်ပုံရသည့်သူက ထိုသူအား တံတောင်နှင့်တွန်းလိုက်ပြီး

 

ပြောမနေပါနဲ့တော့။ သူ စားနိုင်သည်ဖြစ်စေ၊ မစားနိုင်သည်ဖြစ်စေ ရှင့်ကိစ္စ မဟုတ်ဘူး။ ပါးစပ်ပိတ်ပြီး ရှင့်ခေါက်ဆွဲကိုသာစား…။

 

ဇနီးသည်၏ ဆူပူမှုကို ခံလိုက်ရပြီးသည့်နောက် ထိုဦးလေးသည် စကားပြောခြင်းကို ရပ်လိုက်ပြီး သူ၏ ခေါက်ဆွဲကိုသာ အာရုံစိုက်ပြီး စားနေခဲ့သည်။ ယောင်ရန်လည်း ထိုသူတို့စကားပြောနေသည်ကို ကြား နေရသော်လည်း ဂရုမစိုက်ပေ။ သူစိမ်းများကို ရှင်းပြခြင်းဆိုသည်မှာ အသုံးမဝင်ကြောင်း သူမ သိပေ သည်။

 

အစားအသောက်များကို အရသာခံ၍စားနေစဉ် ယောင်ရန်သည် ကမ္ဘာပျက်ပြီးနောက်တွင် ထိုကဲ့သို့ အရသာရှိသော အစားအသောက်များကို စားနိုင်တော့မည်မဟုတ်သည်ကို တွေးကာ ဝမ်းနည်းမိပြီး ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချလိုက်သည်။ သူမသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး မီနူးပေါ်ရှိ ဟင်းပွဲတစ်ခုစီကို အမျိုး (၃၀၀) စီ ထပ်မှာလိုက်ကာ ညစာကို ဆက်စားနေလိုက်သည်။

 

သူမ၏ အမှာစာကြောင့် စားသောက်ဆိုင်ပိုင်ရှင်သည် ဆိုင်ကို စောပိတ်ရန် ဆုံးဖြတ်လိုက်ပြီး စာဖိုမှုုး များမှာလည်း သူမ မှာထားသည်များကို ပြင်ဆင်ရန်အတွက် အလွန်ပင် အလုပ်များနေခဲ့တော့သည်။ ထို အစားအသောက်များကို ထရပ်ကားအသေးလေးထဲသို့ ရွှေ့လိုက်သောအခါ ကား၏ ကုန်သေတ္တာခန်းမှာ အပြည့်ဖြစ်သွားခဲ့ပြီး ယောင်ရန်သည် စားသောက်ဆိုင်မှ စိတ်ကျေနပ်စွာ ထွက်ခွာခဲ့လိုက်တော့သည်။

 

လူရှင်းသည့်နေရာသို့ ရောက်သောအခါ သူမသည် ထရပ်ကားအသေးလေးကို လမ်းဘေးတွင် ရပ်လိုက် ပြီး အစားအသောက်များကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။

 

အချိန်စောနေသေးသည်ကို သတိရလိုက်သောအခါ သူမသည် ညဈေးသို့ ကားမောင်းသွားလိုက်သည်။ ယောင်ရန်သည် ထိုနေရာ၌ သူမအကြိုက်ဆုံး အစားအသောက်နှင့် သရေစာများစွာရှိပြီး ထိုပစ္စည်းများ ကို စုဆောင်းထားရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဆိုလျှင် ကမ္ဘာပျက်သည့်တိုင် သူမ၏ အကြိုက်ဆုံး အစားအသောက်နှင့် သရေစာများကို ဆက်လက် စားသုံးနိုင်ဦးမည်ဖြစ်ပေသည်။

 

ညဈေးထဲသို့ လျှောက်ဝင်လာပြီးနောက် ယောင်ရန်သည် ဆိုင်တိုင်းတွင် အစားအသောက် အများအပြား မှာယူခဲ့သည်။ ထရပ်ကားအသေးလေး၌ ပစ္စည်းများ အပြည့်ဖြစ်သွားသောအခါ သူမသည် လူရှင်းသည့် နေရာသို့ မောင်းသွားခဲ့ပြီး အစားအသောက်များကို သူမ၏ အာကသထဲသို့ ထပ်မံထည့်လိုက်ပြီးသည့် နောက် ညဈေးသို့ ပြန်လာခဲ့၍ အစားအသောက်များ ထပ်မံဝယ်ယူခဲ့သည်။

 

ထိုကဲ့သို့ အကြိမ်ရေ (၁၀) ကြိမ်ကျော်မျှ ပြေးလွှားပြီးနောက် သူမ၏ နေရာလွတ်ထဲ၌ အစားအသောက် များမှာ တောင်ပုံရာပုံ ဖြစ်နေခဲ့တော့သည်။ ထိုအသင့်စား အစားအသောက်များဖြင့် ယောင်ရန်သည် ချက်ပြုတ် စရာမလိုဘဲ နှစ်ပေါင်းများစွာ စားနေနိုင်မည်ဖြစ်သည်။ တစ်နေကုန် ပြေးလွှားနေခဲ့ ရသော ကြောင့် သူမသည် ပင်ပန်းနွမ်းနယ်နေခဲ့ပြီး သူမ၏ တိုက်ခန်းငယ်လေးသို့ ကားမောင်း၍ပြန်လာခဲ့တော့ သည်။

 

ရေကို မြန်မြန်ချိုးလိုက်ပြီးနောက် သူမသည် အိပ်ရာပေါ်တွင် လဲလျောင်းကာ အွန်လိုင်းစျေးဝယ်ပလက် ဖောင်း များစွာကို ဖွင့်ကြည့်နေလိုက်ပြီး မျက်နှာသစ်ဆေး၊ ခရင်မ်၊ အစိုဓာတ်ထိန်းဆေးနှင့် အခြားသော အလှကုန်ပစ္စည်းများစွာကို မှာယူနေခဲ့သည်။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ သော ပစ္စည်းများကို ပြန်လည်ဝယ်ယူနိုင်ရန်အတွက်မှာ မလွယ်ကူတော့ပေ။

 

ကမ္ဘာပျက်ပြီး ( )နှစ်အကြာတွင် အစိုးရသည် ကုန်ထုတ်လုပ်မှုလိုင်းများကို ပြန်လည်မလုပ်ဆောင်နိုင် သေးကြောင်းကို သူမမှတ်မိသည်။ ထိုအချိန်၌ လူသားများသည် အခြေခံလိုအပ်ချက်များကိုသာ အာမ ခံနိုင်ပြီး ချွေတာစွာဖြင့် နေထိုင်ခဲ့ရသည်။

 

ယောင်ရန်သည် ဟိုင်ချန်မြို့တွင် နေထိုင်ရန် စီစဉ်ထားခြင်း မရှိသောကြောင့် ထိုပစ္စည်းများ အားလုံးကို ဂိုဒေါင်သို့ ပို့လိုက်သည်။ ထို့နောက်တွင် သူမသည် အိပ်ရာမဝင်မီ စာရင်းများကို ပြန်စစ်လိုက်သည်။ ထို ညက သူမသည် သူမ၏ ယခင်ဘဝအကြောင်းကို အိပ်မက်မက်ခဲ့ပြီး အိပ်မက်ဆိုးများကြောင့် အကြိမ် များစွာ လန့်နိုးခဲ့ရလေသည်။