အခန်း (၁၉)
Viewers 1k

အခန်း (၁၉) ထွက်ခွါခြင်း

 

ယောင်ရန်ကို ရွှီရူဟန်က စိုက်ကြည့်ရင်း ပြတ်သားစွာပြောလိုက်လေသည်၊

 

မလိုပါဘူး။ မင်းပေးတဲ့ပိုက်ဆံက လုံလောက်ပါတယ်…။

 

 ထိုစကားကြောင့် ယောင်ရန်သည် သူ၏ စေတနာကို လက်ခံလိုက်ရပေသည်။ ဂိုဒေါင်ထဲမှ လမ်း လျှောက် ထွက်လာပြီးနောက် ရွှီရူဟန်က သူမအား…၊

 

ငါ လိုက်ပို့ပေးပါ့မယ်…။

 

ယောင်ရန်သည် ခဏလောက် စဉ်းစားပြီးနောက် ခေါင်းခါ၍ ငြင်းဆိုလိုက်ပေသည်၊

 

ပစ္စည်းတွေ သယ်ဖို့ လူတွေကို စောင့်ရဦးမယ်။ ရှင်အရင်ပြန်နှင့်ပါတော့။ ဒီနေ့အတွက် ကျေးဇူးတင် ပါတယ် မစ္စတာရွှီ..။

 

ရွှီရူဟန်လည်း အတင်းအကြပ် မတိုက်တွန်းတော့ဘဲ ထက်ခွါသွားခဲ့လေသည်၊

 

ကောင်းပါပြီ။ ဂရုစိုက်သွားပါ…။

 

ရွှီရူဟန်နဲ့ သူ့လူများ ထွက်သွားပြီးနောက်၌ ယောင်ရန်က အဘိုးရွှီအား ဖုန်းခေါ်လိုက်လေသည်။

အဘိုးရွှီ၊ ကျွန်မ ပစ္စည်းတွေရပါပြီ။ မွေးနေ့လက်ဆောင် စောစောပေးလို့ ကျေးဇူးတင်ပါတယ်နော်…။

 

ထိုကဲ့သို့ပြောသည်ကို ကြားသောအခါ အဘိုးရွှီက ပြုံးပြီး၊

 

မင်းကြိုက်ရင် ကောင်းတာပေါ့။ မင်းရဲ့အစ်ကိုကြီး ရွှီရူဟန်နဲ့ စကားပြောဖြစ်လား…။ဟုမေးလိုက်လေသည်။

 

ယောင်ရန်ကဟုတ်ကဲ့ဟု ဖြေလိုက်သောအခါ

 

ဘယ်လိုလဲ။ သူ့ကို သဘောကျလား….။

 

အဘိုးရွှီက စိတ်အားထက်သန်စွာ မေးလာသောအခါ ယောင်ရန်သည် စိတ်မသက်မသာ ဖြစ်သွားပြီး စကား လမ်းကြောင်း လွှဲလိုက်လေသည်။

 

အဘိုးရွှီ၊ နှစ်လနေရင် မုန်တိုင်းလာနိုင်တယ်လို့ ကျွန်မကြားတယ်။ အဘိုး ပစ္စည်းတွေကို ကြိုတင် စုဆောင်း ထားပြီး ကုန်းမြင့်တဲ့နေရာကို ပြောင်းထားသင့်တယ်…။ ဟုသူမက သတိပေးလိုက်လေ၏။

 

အဘိုးရွှီသည် အဆက်အသွယ် များသည့်အတွက်ကြောင့် ထိုအကြောင်းကို သိပြီးသားဖြစ်နိုင် သော် လည်း ဤလက်ဆောင်များအတွက် သူ၏ ကျေးဇူးကို ဤအမူအရာလေးဖြင့် ပြန်ဆပ်ချင်ခဲ့ခြင်း ဖြစ်ပေ သည်။

 

အဘိုးရွှီက ပျော်ရွှင်စွာ ရယ်မောလိုက်ရင်းဖြင့် ပြောလိုက်လေသည်၊

ကောင်းတယ်။ တကယ်ပဲ မြေးမလေးရှိတာက မြေးယောက်ျားလေးရှိတာထက် ပိုကောင်းတယ်။ ရန်ရန်၊ မင်း ရူဟန်ကို စဉ်းစားကြည့်သင့်တယ်။ မင်းသာ သူ့ကို သဘောကျရင် မင်းတို့နှစ်ယောက် အမြန်ဆုံး လက်ထပ်နိုင်အောင် အဘိုး အကောင်းဆုံး စီစဉ်ပေးမှာပါ…။

 

ယောင်ရန်က အကူအညီမဲ့စွာနှင့်ပင် စကားစဖြတ်လိုက်သည်၊

 

 “အဘိုးရွှီ၊ ကျွန်မ လုပ်စရာတွေ ရှိသေးလို့ ဖုန်းချလိုက်ပါဦးမယ်…။

 

ကောင်းပြီ။ သွား၊ မင်းလုပ်စရာတွေ လုပ်တော့…။ဟုပြောပြီး ဖုန်းချသွားခဲ့လေသည်။

 

ဖုန်းပြောပြီးသည့်နောက် ယောင်ရန်သည် ဂိုဒေါင်ထဲ ပြန်ဝင်ပြီး ပစ္စည်းအားလုံးကို သူမ၏ နေရာလွတ် ထည့်လိုက်ပေသည် ။ ဂိုဒေါင်အလွတ်ထဲမှ ထွက်လာပြီးသည့်နာက် ကားတစ်စီး ခေါ်လိုက်ရာ  နာရီဝက် ကျော်ကြာမှ ရောက်လာခဲ့လေသည်။

 

ကားသည် ဂိုဒေါင်ရှိရာမှ ထွက်လာသည်နှင့် ယောင်ရန်၏ ဖုန်းသံမြည်လာခဲ့သည်။ ဖုန်းမျက်နှာပြင်ပေါ် မှ နာမည်ကိုကြည့်ပြီး ဖုန်းကိုင်လိုက်လေ၏။

 

ဟယ်လို၊ အဘိုးဟွာ…။

 

ယောင်ရန်ဘက်မှ နှုတ်ဆက်လိုက်သောအခါ တစ်ဘက်မှ နူးညံ့သိမ်မွေ့သော အဘိုးကြီးတစ်ဦး၏ အသံ က ထွက်လာခဲ့လေသည်။ ထို့နောက်…၊

ယောင်ရန်၊ မင်းလိုချင်တဲ့ ဆေးတွေ အဆင်သင့်ဖြစ်ပြီ။ ဘယ်တော့ လာယူမလဲ…။

 

ယောင်ရန်က ခဏစဉ်းစားပြီးနောက် အဘိုးဟွာအား မေးလိုက်လေသည်၊

 

အဘိုးဟွာ၊ ဆေးတွေကို လာပို့ပေးလို့ရမလား….။

 

ရတာပေါ့။ လိပ်စာပေးလိုက်ရင် ဒီနေ့ပဲ လူလွှတ်ပြီး ပို့ပေးလိုက်မယ်…။ ဟူ၍ အဘိုးဟွာက ချက်ချင်း ပြန်ဖြေလိုက်လေသည်။

 

ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် အဘိုးဟွာ…။

 

အဘိုးဟွာက အဘိုးယောင်ကို သတိရပြီး သက်ပြင်းချလိုက်လေ၏။

 

ဒီကလေးမလေးကွာ။ မင်းရဲ့အဘိုးနဲ့ ငါက သူငယ်ချင်းတွေပဲ။ မင်းကို ဂရုစိုက်ပေးတာ ငါလုပ်သင့်တာ ပဲ။ ဆေးတွေ ထပ်လိုရင် ပြောနော်…။

 

ထိုကဲ့သို့ပြောသောအခါ ယောင်ရန် ပြုံးလိုက်မိသည်။ ခဏကြာသည်အထိ စကားပြောပြီးသောအခါ သူမ၏အဘိုးကို သတိရပြီး စိတ်မကောင်းဖြစ်မှာစိုးမိသောကြောင့် ဖုန်းကို အဘိုးဟွာကပင်ချလိုက် လေ​ေသည်။

 

အဘိုးဟွာထံသို့ ငှားထားသောဂိုဒေါင်လိပ်စာကို ပို့ပေးပြီနောက် ယောင်ရန်က ဒရိုင်ဘာအား ပြောလိုက် လေသည်၊

ဦးလေး၊ ဒီလိပ်စာကို မောင်းပေးပါ…။

 

ကောင်းပါပြီ…

 

နှစ်နာရီမျှကြာအောင်မောင်းပြီးနောက် ယောင်ရန်သည် ဂိုဒေါင်ကို ရောက်ရှိခဲ့သည်။ ဒရိုင်ဘာကို ပိုက်ဆံ ရှင်းပြီး ကားပေါ်ကနေ ဆင်းလိုက်သည်နှင့် ထရပ်ကားအကြီး တစ်ဒါဇင်ခန့်သည် တစ်စီးပြီး တစ်စီး ရောက်ရှိလာခဲ့သည်။

 

ထိုကားများသည် အဘိုးဟွာဆီက ပို့လိုက်သည့် ဆေးများ ဖြစ်မည်ဆိုသည်ကို ယောင်ရန် သိပေသည်။ ထို့ကြောင့် အလုပ်သမားများအား ပစ္စည်းများကို ဂိုဒေါင်ထဲသို့ ရွှေ့ခိုင်းလိုက် သည်။ ပစ္စည်းများ အကုန် ချပြီး အလုပ်သမားများ ထွက်သွားချိန်၌ ညအချိန်သို့ပင်ရောက်နေပေပြီ။ ယောင်ရန်က မီးများပိတ်ပြီး ပစ္စည်းအားလုံးကို သူမ၏ နေရာလွတ်ထဲ့သို့ ထည့်ကာ ဂိုဒေါင်ကို သော့ခတ် လိုက်လေသည်။

 

သန်းခေါင်ယံအချိန်လောက်တွင် အဘိုးမူဆီမှ ဖုန်းဝင်လာခဲ့သည်။ ယောင်ရန်သည် အဘိုးမူအား ဂိုဒေါင် လိပ်စာပေးလိုက်ပြီး အိပ်ရာကနေ လျင်မြန်စွာ ထလိုက်လေသည်။

 

လောင်စာဆီသည် နိုင်ငံတော်က ထိန်းချုပ်ထားသော ကုန်ပစ္စည်းမို့ သီးသန့်ရောင်းဝယ်ခြင်းသည် ရာဇဝတ်မှုမြောက်ပေသည်။ ထို့ကြောင့် အဘိုးမူက ယောင်ရန်အား သန်းခေါင်ယံမှာ ပစ္စည်းပို့ရန် ဆက်သွယ်ခြင်းဖြစ်ပေသည်။

 

ယောင်ရန် ဂိုဒေါင်သို့ ရောက်ချိန်တွင် လမင်းက ကောင်းကင်မှာ လင်းနေဆဲပင်။

 

မစ်(စ်) ယောင် ဥက္ကဌမူက ဒီနေရာကို ပစ္စည်းပို့ဖို့ အမိန့်ပေးလိုက်လို့ပါ….။

 

လူတစ်ယောက်က သူမနားကို ချဉ်းကပ်လာပြီး ပြောလိုက်သည်။ ယောင်ရန်က ခေါင်းညိတ်ပြီး ဂိုဒေါင် တံခါးကို ဖွင့်ပေးလိုက်လေသည်။ ယောင်ရန်က အဖွဲ့ခေါင်းဆောင်ကိုကြည့်ပြီး ပြောလိုက်သည်၊

 

အထဲကို ပစ္စည်းတွေ အကုန်ရွှေ့ပေးပါ…။

 

ဟုတ်ကဲ့ မစ်(စ်) ယောင်…။

 

ယောင်ရန်ပြောသည့်အတိုင်း ထိုလူများက တိကျစွာလိုက်နာခဲ့ကြလေသည်။

 

ယောင်ရန်က တိတ်ဆိတ်စွာ ရပ်နေပြီး အနက်ရောင်ဝတ်စုံဝတ်ထားသော လူများက ရေနံစည်ရာနဲ့ချီကို ကုန်တင်ကားတွေပေါ်မှနေ ဂိုဒေါင်ထဲသို့ ရွှေ့နေသည်ကို ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် လေထဲ တွင် ဓာတ်ဆီ၊ ဒီဇယ်၊ အီသနော၊ ရေနံဆီနဲ့ တခြားဆီအမျိုးမျိုးရဲ့ အနံ့များဖြင့် ပြည့်နှက်နေခဲ့ပေသည်။

 

ပစ္စည်းများ အကုန်ရွှေ့ပြီးသွားသည့်အခါ၌ မိုးကောင်းကင်သည်လည်း အပြာရောင်ဖျော့ဖျော့လေး သန်း လာပြီဖြစ်သည်။ ကုန်တင်ကားများသည် အမှောင်ထုကို အကာကွယ်ယူပြီး ထွက်ခွါသွားပြီးနောက် ယောင်ရန်သည် ရေနံစည်အားလုံးကို စုစည်းပြီး သူမ၏ နေရာလွတ်ထဲ့သို့ ထည့်လိုက်လေသည်။

 

ယခုအခါတွင် သူမ၌ အကုန်လုံး ရရှိပြီးပြီဖြစ်သောကြောင့် ဟိုင်ချန်မြို့ကနေ ထွက်ခွာဖို့ အချိန်ရောက် ပေပြီ။ သို့ပေမဲ့ ထိုသို့ မထွက်ခွါခင် သူမ တစ်နေရာသို့ သွားရပေဦးမည်။

 

ယောင်ရန်သည် ထရပ်ကားအသေးလေးဖြင့် သူမ၏ တိုက်ခန်းဆီသို့ ပြန်လာပြီးနောက် တစ်ရေးအိပ် လိုက်လေသည်။ နာရီအနည်းငယ်ကြာသောအခါ နိုးလာပြီး ပစ္စည်းအားလုံးကို ထုပ်ပိုး၍ သူမ၏ နေရာလွတ် ထည့်လိုက်ပေသည်။

 

ဗလာကျင်းနေသော တိုက်ခန်းငယ်လေးကို ကြည့်ရင်း သူမသည် နောင်တလည်းမရ၊ လွမ်းဆွတ်မှုလည်း မရှိသော်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်ပြီး ကြောက် နေခဲ့မိလေသည်။ သူမ ကျောပိုးအိတ် လေးကို လွယ်ပြီး တံခါးကို သော့ခတ်ကာ လေးနှစ်ကျော်နေခဲ့သော တိုက်ခန်းလေးဆီမှ ထွက်ခွာလာ ခဲ့လေတော့သည်။

 

တိုက်ခန်းမှ ထွက်ခွါလာပြီးနောက် လမ်းဘေးဆိုင်များနှင့် စားသောက်ဆိုင်များကို သွားပြီး ဆိုင်တိုင်းမှ အစားအစာ ရာနဲ့ချီ မှာယူလိုက်သည်။ ဤသည်မှာ  ဒီနေရာကို နောက်ဆုံးအကြိမ် လာခြင်းဖြစ်သည်မို့ သူမ အကြိုက်ဆုံး အစားအစာများကို ပိုဝယ်ချင်ခဲ့ခြင်းဖြစ်လေသည်။

 

မနက်စာစားပြီးနောက် ဝယ်ယူထားသော အစားအသောက်များကို သူမ၏ နေရာလွတ်ထဲသို့ ထည့်ပြီး နောက် ယောင်ရန်သည် ကားလေးကို ဟိုင်ချန်မြို့၏  အကောင်းဆုံးလူနေရပ်ကွက်ထဲမှ တစ်ခုဆီ ကို မောင်းလာခဲ့လေတော့သည်။