Part 12
သူ့ ဒယ်ဒီကစဉ်းစားနေပြီး ဘာမှပြန်မပြောပဲ သူ့ကိုလျစ်လျူရှုထားသည့်အတွက် သူရဲ့ခန္ဓာကိုယ်ကို ကျိယန် ရဲ့ ရင်ဘတ်ပေါ်သို့ရွေ့လိုက်တယ်။ သူ့ရဲ့လက်သေးသေးလေးနဲ့ ကျိယန် ရဲ့မေးစေ့ကိုကိုင်ပြီး မေးလိုက်တယ်
“ ဒယ်ဒီ ဘယ်နှစ်ရက်နေမှာလဲ...’’
ကျိယန် က ကလေး ကိုပြုတ်မကျအောင် ထိန်းထားရင်း
“ဒယ်ဒီက ဒီတခါတော့ ငါးရက်နေမှာ...”
‘’ဝါး..ငါးရက်တောင်...”
အသေးလေး ရဲ့မျက်လုံးတွေက တောက်ပလို့သွားတယ်။
ကျိယန် အတွက် ငါးရက်ဆိုတာ ခွင့်ရက်ရှည်အဖြစ် သတ်မှတ်လို့ရတယ်။ သူ ဘယ်တုန်းကမှ သူ့ဒယ်ဒီနဲ့ အခုလိုရက်အများကြီး အတူတူမနေဖူးပေ။ရှောင်ကျိုး အရမ်းပျော်ရွှင်နေပြီး သူ့ရဲ့အရေးအကြီးဆုံးမေးခွန်းကို မေးလိုက်တော့တယ်...
“ဒယ်ဒီ ဒယ်ဒီ, သားကို ကစားဖို့ဘယ်နေရာခေါ်သွားမှာလဲ...’’
ကျိယန် က ပေါ့ပေါ့ပါးပါးရယ်လိုက်တယ်။ တခြားသူများတွေ့မြင်ရန်ခက်ခဲတဲ့ နူးညံ့နေတဲ့သူ့အမူအယာကို ဖော်ပြလို့နေတယ်
“ကောင်းပြီ ဒယ်ဒီက သားကစားဖို့ခေါ်သွားမယ် ကျောင်းပိတ်ရက်ရောက်တော့မှာမဟုတ်လား...ဒယ်ဒီက ဒီပိတ်ရက်မှာခေါ်သွားပေးမယ်...”
‘’အဲ့ဒါ အရမ်းကောင်းတာပဲ ပန်းခြံနဲ့ငါးပြတိုက်ကို သားသွားချင်တယ်.. သားသူငယ်ချင်းတွေက အဲ့ကိုရောက်ဖူးနေပြီ...”
သူ့အမူအယာက မနာလိုခြင်းအလျဉ်းမရှိပေမယ့်လဲ အဲ့လိုနေရာတွေကို သူ့မိဘတွေနဲ့ တူတူသွားချင်နေတာဖြစ်တယ်။
‘’အိုကေ, ဒက်ဒီတို့သွားကြမယ်...”
ဘာ့ကြောင့်လဲဆိုတော့ သူ့မှာလဲအချိန်မရှိခဲ့သလို့ ထန်ထန် က လဲဂရုမစိုက်ခဲ့တဲ့အတွက် အသေးလေးက ကလေးတိုင်းသွားဆော့ဖူးတဲ့နေရာတွေကို မရောက်ဖူးဘူး။ အခုလိုမျိုး သူ့မှာအချိန်တွေအားနေမှတော့ ဘာလို့များမသွားရမှာလဲ...
‘’အွန်း…’’
အသေးလေးက တကယ်ကိုပဲပျော်ရွှင်နေပြီး ခူကောင်ပေါက်စလေးလို အိပ်ယာပေါ်မှာ လှိမ့်နေတော့တယ်။ သူကလျောက်လှိမ့်နေပြီး
“ဒါဆို, မနက်ဖြန်မူကြိုကိုကော လိုက်ပို့မှာလား, ဒယ်ဒီ... ’’
“ဒါပေါ့...မနက်ဖြန်ကျရင် ဒယ်ဒီ ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ပေးမှာ...”
ရှောင်ကျိုးက လှိမ့်နေတာကိုရပ်လိုက်ပြီးကျိယန်နဲ့မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်လိုက်ကာပြောလိုက်တယ်
“ ပြီးတော့ မာမီကောပဲ၊ မနက်ဖြန်ကျရင် ဒယ်ဒီနဲ့မာမီအတူတူ သားကိုလိုက်ပို့ပေးတာလိုချင်တာနော်, အပြန်လာကြိုရင်လဲ အတူတူလာကြိုပေးနော် သားတို့က မာမီ့ကိုအိမ်မှာ တစ်ယောက်တည်းထားခဲ့လို့မရဘူး, မာမီက သားကိုမတွေ့ရင် ငိုလိမ့်မယ် မာမီက သားကိုမခွဲနိုင်ဘူး...’’
‘’….."
"အိုကေ...”
ကျိယန် က ပြန်ဖြေလိုက်တယ်။
အသေးလေးက မနက်ဖြန်သူ့မိဘနှစ်ယောက်စလုံး သူ့ကိုကျောင်းလိုက်ပို့မယ့်အရေးကိုတွေးပြီး အရမ်းစိတ်လှုပ်ရှားလာတယ်။ သူ့ခံစားချက်တွေကိုဖော်ပြဖို့အတွက် မလုံလောက်ဘူးလို့ခံစားလိုက်ပြီး ကျိယန် ပေါ်ကနေဆင်းလိုက်ကာ အိပ်ယာပေါ်လှိမ့်နေပြန်တယ်။ သူပင်ပန်းလာတဲ့အခါမှပဲ လှိမ့်နေတာကိုရပ်လိုက်တယ်။ နောက်တော့ သူ့ရဲ့ခြေထောက်ဖောင်းဖောင်းတုတ်တုတ်လေးတွေကို လေပေါ်မြှောက်လိုက်ပြီး ဘယ်သူမှနားမလည်နိုင်တဲ့သီချင်းတစ်ပုဒ်ကိုဆိုနေတော့တယ်။
ကလေးလေးက သူပြန်လာတဲ့အချိန်တိုင်းပျော်ရွှင်နေတတ်ပေမယ့် အခုက ပိုပြီးပျော်နေတာကို တွေ့လိုက်တယ်။ အဲ့ဒါ ထန်ထန် ပြောင်းလဲသွားတာနဲ့ ဆိုင်နေလား..."
လွန်ခဲ့တဲ့နှစ်တွေကတည်းက သူမ ကို မကွာရှင်းခဲ့မိတာ မှန်တယ်လို့ ရုတ်တရက်တွေးလိုက်မိတယ်။ ရှောင်ကျိုး က နောက်ဆုံးတော့ သူအမြဲမျှော်လင့်ခဲ့တဲ့ မိခင်မေတ္တာကိုရခဲ့ပြီလေ။
- - - - - - - - - - - - - - - -
နောက်တစ်နေ့ရောက်တဲ့အခါ...
ကျိယန် က ခါတိုင်းလိုပဲ မနက် ၆ နာရီမှာ နိုးလာတယ်။ သူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရှောင်ကျိုးကို လှမ်းကြည့်လိုက်ပြီး ဗိုက်ပေါ်ကို စောင်ခြုံပေးလိုက်တယ်...ထို့နောက် တိတ်ဆိတ်စွာနဲ့ ရေချိုးခန်းထဲမှာ မျက်နှာသစ် သွားတိုက်လိုက်တယ်။
ကျိယန် ကိုမြင်လိုက်တော့ ထန်ထန် အံ့ဩသွားတယ်
“ ရှင်…ဘာလို့အစောကြီးနိုးနေတာလဲ...’’
ကျိယန်လဲ သူမအစောကြီးနိုးနေမယ်လို့မထင်မိဘူး။ သူကခေါင်းငြိမ့်ပြလိုက်ပြီး
“အပြေးလေးကျင့်မလို့...”
‘’အိုး... ကောင်းပာပြီ ကျွန်မ မနက်စာလုပ်တော့မလို့ ရှင်စားချင်တာများရှိလား. ကျွန်မလုပ်ပေးမယ်လေ...”
အစက သူ အပြင်ကနေ မနက်စာ၀ယ်လာမယ်လို့ပြောဖို့ပဲ ဒါပေမယ့်သူ့စကားတွေကို ပြန်မျိုချလိုက်ပြီး...
“ ဘာပဲဖြစ်ဖြစ်ပါ သား နဲ့ကိုယ်က အစားမရွေးပါဘူး...”
‘’အင်း…ကောင်းပြီလေ ကျွန်မ ဆန်ပြုတ်ရယ် ပေါက်စီနဲ့ ဖက်ထုပ်ကြော် လုပ်ထားပေးမယ် ပေါင်ပေါင်က ဖက်ထုပ်ကြော်ကြိုက်တယ်လေ...”
ကျိယန်ခေါင်းငြိမ့်လိုက်တယ်။ ရုတ်တရက် သူဘာပြောရမှန်းမသိဘူးဖြစ်သွားတဲ့အတွက် အိမ်ရှေ့တံခါးကိုသာတွန်းဖွင့်လိုက်ပြီး မနက်ခင်းအပြေးလေ့ကျင့်ဖို့ ထွက်သွားတော့တယ်။
‘’ဟူး...”
အိမ်ရှေ့တံခါးပိတ်သွားတော့မှပဲ ထန်ထန်ရင်ဘတ်ကိုဖိလိုက်ပြီး အသက်ပြင်းပြင်းရှုရဲတော့တယ်။ အရိုးသားဆုံးပြောရရင်, သူနဲ့စကားပြောတဲ့အချိန်တိုင်း သူမကိုယ်သူမ တည်ငြိမ်နေအောင် မနည်းလုပ်ထားရတာဖြစ်တယ်။ သူ့နားမှာရှိတိုင်း သူမ စိတ်လှုပ်ရှားနေတာကို သူ မသိအောင် တည်ငြိမ်အောင်ထိန်းထားပြီး အမြဲဟန်ဆောင်နေရတယ်။
အကြောင်းတစ်ချို့ကြောင့် သူ့အရှေ့ရောက်တိုင်း သူမအနည်းငယ်ရှက်သလို ခံစားနေရတယ်။
ထန်ထန် သူမမျက်နှာကိုကိုင်လိုက်ပြီး အခန်းထဲသို့ဝင်သွားတော့တယ်။ ထို့နောက် သူမရဲ့ရုပ်သွင်ကို မှန်မှာကြည့်လိုက်မိတယ်။
သူမရဲ့ လောလောလတ်လတ်မျက်နှာက ရုပ်ဆိုးတာကိုသိပေမယ့်လဲ, သူမမျက်နှာက ပထမဆုံးစတွေတုန်းကနဲ့ယှဉ်လိုက်ရင် အခုကပိုရုပ်ဆိုးလာတယ်လို့ ခံစားလိုက်ရတယ်။
သူမ မျက်နှာပေါ်က ခရမ်းရောက်ဒဏ်ရာတွေက ပျောက်ကွယ်သွားပြီဖြစ်တယ်။ သူမရဲ့ခြောက်သွေ့နေတဲ့အဝါရောင်အသားအရေပေါ်က အမာရွတ်တွေက သူမကိုပိုပြီးကြောက်လန့်စေတယ်။ ပြီးတော့ ရက်ပေါင်းများစွာအစားများစွာကိုစားသော်လဲ သူမရဲ့အရိုးစုပုံစံက ရှိနေတုန်းပဲဖြစ်တယ်။ အဆိုးဆုံးကတော့ သူမရဲ့ခြောက်သွေ့နေတဲ့ ဆံပင်ရှည်တွေပဲဖြစ်တယ်။ အဲ့ဒါတွေက မီးကျွမ်းထားတဲ့မြက်ခြောက်ရှည်တွေလိုပဲ။ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အသွင်အပြင်ကြီးလဲ, ဘာလို့များ မူလပိုင်ရှင်က သူ့ကိုယ်သူဒီလိုဖြစ်အောင်လုပ်ရလဲဆိုတာ သူမနားမလည်နိုင်ဘူး။(သူလေး မတအားချောမောနေရှာတာ)
ပြီးတော့ သူမကစိတ်အားထက်သန်စွာနဲ့ မျက်နှာကိုအစိုဓါတ်ရအောင် ဆေးကြောပေမယ့်လဲ ဘာလို့ မတိုးတက်လာတာလဲ...
ပေါင်ပေါင်ရဲ့ဒယ်ဒီက သူမရဲ့ရုပ်ဆိုးနေတဲ့ပုံစံကိုကြည့်တဲ့အခါမျိုးဆို သူမကိုယ်သူမ တစ်ခုခုနဲ့တောင် ကာထားလိုက်ချင်တယ်။ အဲ့ဒါကို ပေါင်ပေါင့်ဒယ်ဒီက မျက်နှာတစ်ချက်မပျက်ပဲ သူမကိုကြည့်ပြီးစကားပြောနိုင်တာကလဲ အံ့ဩဖို့ကောင်းတယ်။ သူမ သက်ပြင်းချလိုက်မိတယ် ။ သူ့ဇနီးကအရမ်းရုပ်ဆိုးတာပဲ။ အဲ့ဒါက သူကံမကောင်းတာပဲ။
သူမအနေနဲ့ ပိုလှအောင်လုပ်ဖို့ နည်းများရှိနိုင်မလား...ဒါမှမဟုတ်လဲ ရုပ်ဆိုးတာကို နည်းနည်းလျော့စေမယ့်နည်းကော...
အဲ့ဒီအကြောင်းကို သူမနေ့တစ်ဝက်လောက်စဉ်းစားနေမိပြီး ညှိုးငယ်စွာနဲ့သက်ပြင်းချလိုက်မိတယ်။ သူမဘာမှမစဉ်းစားနိုင်တော့ဘူး။ သူမက မီးဖိုချောင်ကိုသာပြန်သွားပြီး ချက်ပြုတ်နေတော့တယ်။ သူမဆီမှာ အလှတရားမရှိမှတော့ သူမရဲ့သီလကိုသာအရည်အချင်းပြည့်ကြောင်း ပြသဖို့ပဲရှိတော့တယ်။
ကျိယန် က အစားကြီးတယ်။ သူမက သူစားနိုင်တာတွေကို အကြမ်းဖျင်းခန့်မှန်းကြည့်လိုက်ပြီး မနက်စာကို ပုံမှန်ထက်နှစ်ဆလုပ်လိုက်တယ်။ အစားအစာတွေပိုနေရင်တောင်ကိစ္စမရှိပါဘူး သူမအနေနဲ့ ပေါင်ပေါင့်ဒယ်ဒီကိုတော့ အဆာခံခိုင်းလို့မဖြစ်ဘူးလေ။
သူမချက်ပြုတ်ပြီးတဲ့အချိန်က သူအပြေးလေ့ကျင့်ပြီးပြန်လာတာနဲ့ အချိန်ကိုက်ပဲ။ သူမလှမ်းကြည့်လိုက်တော့ ချွေးတွေအပြည့်နဲ့ ကျိယန် ကိုမြင်တွေ့လိုက်တယ်။ သူ့ဆံပင်မှ ချွေးတွေက အကျီပေါ်ကိုစီးကျနေပြီး အဲ့ဒါက သူ့ရဲ့ရင်အုပ်နဲ့ ကြွက်သားတွေကို သိသာစွာမြင်နေရတယ်။ သူ့ဆီက သန်မာမှုတွေကထွက်ပေါ်နေပြီး အဲ့ဒါက အကြောင်းတစ်ချို့ကြောင့် လူတွေကို ရှက်သွေးဖြာအောင်လုပ်နေသလိုပဲ။
သူမ အလျင်အမြန်အကြည့်ကိုလွှဲလိုက်တယ်။ သူမ သူ့ကိုဆက်မကြည့်ရဲတော့ဘူး။ သူမရဲ့နှလုံးခုန်သံကို ထိန်းလိုက်ပြီး
“ရှင်...ရှင် ပြန်လာပြီလား, ကျွန်မ အခုပဲချက်ပြီးတာ, ခဏနေစားလို့ရပါပြီ...”
ကျိယန် က “အင်း” တစ်လုံးသာပြန်ဖြေလိုက်ပြီး အခန်းဆီကိုဦးတည်လိုက်တယ်
“ကိုယ်ရေချိုးပြီး ကလေး ကိုနှိုးလိုက်မယ်...”
‘’အင်း..."
ထန်ထန် သူမပါးကိုပုတ်လိုက်ပြီး တည်ငြိမ်အောင်လုပ်လိုက်တယ်။ သူမ မနက်စာတွေကို စားပွဲပေါ်ယူလာတယ်။ ဆန်ပြုတ်သုံးပွဲရယ် ဇွန်းရယ် တူရယ် ကို စားပွဲပေါ်တင်လိုက်တယ်။ အားလုံးနေရာချပြီးတဲ့နောက် သူမကထိုင်လိုက်ပြီး သားအဖနှစ်ယောက်ကိုစောင့်နေလိုက်တယ်။
ကျိယန် က လျင်မြန်စွာပဲပြီးစီးသွားတယ်။ မကြာခင်မှာပဲ အိပ်ငိုက်နေတဲ့ ရှောင်ကျိုး ကိုချီပြီးထွက်လာလိုက်တယ်။ အသေးလေးက စိတ်လှုပ်ရှားလွန်းပြီး ညကကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ အဲ့ဒါကြောင့် သူက အိပ်ယာကထချင်ပုံမရဘူးဖြစ်နေလို့ ချီလာရတယ်။
ဒါပေမယ့် ထန်ထန့် ရဲ့အချက်အပြုတ်စွမ်းရည်ကြောင့် အစားအစာတွေရဲ့အနံ့တွေကိုရလိုက်ပြီး အသေးလေးက မျက်လုံးပွင့်လာတယ်။ သူ့အရှေ့က အရသာရှိတဲအစားကိုတွေ့လိုက်တဲ့နောက် သူ့ရဲ့အိပ်ငိုက်မှုတွေက အဝေးကိုထွက်ပြေးသွားပြီဖြစ်တယ်။
‘’ဝါး…မာမီ ပေါက်ဆီနဲ့ ဖက်ထုပ်ကြော်လဲပါတယ် သားအကြိုက်တွေ...”
အသေးလေးက သူ့ထိုင်ခုံပေါ်ကိုတက်လိုက်ပြီး စားစရာတွေကိုကြည့်ရင်းပြောလိုက်တယ်။
သူမက သူကြိုက်မှန်းသိတဲ့အတွက် ဖက်ထုပ်ကြော်ပန်းကန်ကို ရှောင်ကျိုးအနားပို့လိုက်ပြီး ပြောလိုက်တယ်
“ဒါဆို အများကြီးစားဖို့ပဲလိုတော့တယ်...”
“နိုးပလော်ပလန်...”
အသေးလေးက အဂ်လိပ်လိုပြောလိုက်ပြီး ဖက်ထုပ်ကြော်ကိုယူကာ ပါးစပ်ထဲသို့ထည့်လိုက်တော့တယ်။ သူရဲ့ပုံက အစားအသောက်ကြေငြာတွေထဲကလိုမျိုး မျက်လုံးတွေပါပြုံးနေတယ်။ သူက ထန်ထန့်ကိုကြည့်လိုက်ပြီး လက်မကိုထောင်လိုက်ကာချီးကျူးလိုက်တယ်
“မာမီ, အရမ်းစားကောင်းတာပဲ...”
ထန်ထန အသေးလေးရဲ့မြှောက်ပင့်ပြောတာကို သဘောကျပြီး အားရပါးရပြုံးလိုက်မိတယ်။
ကျိယန်က ခေါင်းငုံ့နေပြီး မနက်စာကိုတိတ်ဆိတ်စွာစားနေတယ်။ သူမရဲ့ဟင်းချက်စွမ်းရည်ကောင်းတာကိုတော့ သူ၀န်ခံရမယ်, တကယ်လဲ အဲ့ဒါတွေကကောင်းတယ်လေ။ သူကအစားနဲ့ပတ်သတ်ပြီး သိပ်ဂရုမစိုက်တတ်ပေမယ့်လဲ စားတာကိုမရပ်နိုင်ဘူးဖြစ်နေတယ်။
မနက်စာအတွက်, သူမက ဆန်ပြုတ်တစ်ခွက် ပေါက်စီတစ်လုံးနဲ့ ဖက်ထုပ်ကြော်တစ်ခုစားလိုက်တယ်။
ရှောင်ကျိုးလေးက ဆန်ပြုတ်တစ်ခွက် ပေါက်စီတစ်လုံးနဲ့ ဖက်ထုပ်ကြော်နှစ်ခုပေါ့။
ကျန်တာတွေအားလုံးကို ကျိယန်ကအဆုံးသတ်စားလိုက်ပြီး စားပွဲပေါ်မှာ ဘာမှမကျန်တော့ဘူး။
ရှောင်ကျိုး စားနေရာမှရပ်လိုက်တဲ့အချိန်၌ ဗိုက်ပြည့်လွန်းလို့လေတက်တဲ့အသံတွေပါ ထွက်လာတော့တယ်။ အလွန်အကျွံစားလိုက်တဲ့သူက သူတစ်ယောက်တည်းတော့မဟုတ်ပေ။ ကျိယန် လဲ သူ့ကိုယ်သူမထိန်းနိုင်ပဲ အများကြီးစားလိုက်မိတာဖြစ်တယ်။
အသေးလေးက ထန်ထန် တစ်ယောက် သူတို့အနားမှာမရှိကြောင်းသေချာတာနဲ့ ကျိယန် ကို လေသံတိုးလေးနဲ့ပြောလိုက်တယ်
“ ဒယ်ဒီ, မာမီချက်တာစားကောင်းတယ်မဟုတ်လား ဟင်...’’
.သူ့လေသံက ဂုဏ်ယူနေဟန်ရှိတယ်။
“အင်း...’’
ထိုအချက်ကိုတော့ သူလဲ မငြင်းနိုင်ဘူး။
‘’မာမီက အကောင်းဆုံးပဲ...”
အသေးလေး က ဂုဏ်ယူစွာနဲ့ ဆက်ပြောတယ်...“
ဒါဆို ဒယ်ဒီသာ ခဏခဏအိမ်ပြန်လာရင် မာမီချက်တဲ့ စားကောင်းတာတွေကို ခဏခဏစားရတော့မှာ...”
အသေးလေးက အစားအစာတွေကိုအသုံးချပြီး သူ့ဒယ်ဒီအိမ်ကို မကြာခဏပြန်လာစေဖို့ ကြိုးစားနေတယ်။
သူ့ရည်ရွယ်ချက်ကို ကျိယန် မသိပဲဘယ်နေပါ့မလဲ။သူ့ နှလုံးသားကပျော့ပြောင်းသွားပြီး အသေးလေးရဲ့ခေါင်းကိုပွတ်ပေးလိုက်တယ်။
“အိုကေ... ဒက်ဒီ အိမ်ကိုခဏခဏပြန်လာဖို့ ကြိုးစားပါ့မယ်...”
အသေးလေးက သူကိုမကြာခဏတွေ့ချင်နေမှန်း သူသိနေတယ်။ ဒါပေမယ့် သူကစစ်သားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တာဝန်ကိုမေ့ထားလို့မရပေ။ ပုံမှန်ဖခင်တွေလို ကလေးနားမှာ အမြဲမနေနိုင်ဘူး။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး သူအမြဲအပြစ်ရှိသလို ခံစားရတယ်။
သူ တပ်ထဲကထွက်လိုက်ရင်ကော...
ကျိယန်. သူ့အတွေးကို လက်လျော့လိုက်တယ်။
မနက်စာစားပြီးတဲ့နောက် အသေးလေးက ကျောပိုးအိတ်ကိုလွယ်ပြီး ထန်ထန့် ကိုခေါ်လိုက်တယ်
“ မာမီ မြန်မြန်လေး ဒီနေ့ ဒယ်ဒီကသားကို ကျောင်းလိုက်ပို့မှာ သားတို့ ဒယ်ဒီ့ .ကားပေါ်မှာထိုင်ကြမယ် ဒယ်ဒီ့ကားက အကြီးကြီးပဲ...”
ပြောရင်း အသေးလေးက သူ့လက်မောင်းနဲ့ ကြီးမားတဲ့စက်ဝိုင်းပုံစံကိုလုပ်ပြနေတယ်။
သူမ ကျိယန် ကို မရေရာစွာ ကြည့်လိုက်တယ်။
သူက သူမကိုကောလိုက်စေချင်ရဲ့လားမသိဘူး...သူမ ခြေထောက်ဒဏ်ရာကြောင့် သူတို့တွေကိုနှောင့်နှေးစေနိုင်မလား...
ကျိယန် က သူမကိုခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်တယ်
“အားလုံးတူတူသွားကြရအောင်...”
ထန်ထန် စိတ်ထဲမှကြိတ်ပျော်သွားပြီး... ကျိယန် စိတ်ပြောင်းသွားမှာကြောက်တာကြောင့် ဖိနပ်အမြန်လဲလိုက်တာ အသေးလေးထက်တောင် အရင်ပြီးသွားတော့တယ်။
ကျိယန် က SUV အမျိုးအစားဖြစ်တဲ့ကားကိုမောင်းလာတယ်။ အဲဒါက ကျယ်၀န်းပေမယ့်လဲ အားနည်းချက်တစ်ခုရှိသည်။ ခြေနင်းခုံက အရမ်းမြင့်လွန်းတာပဲဖြစ်တယ်။ ဒဏ်ရာရထားတဲ့ သူမလိုလူအတွက်အဲ့ဒါက ခြေထောက်လှမ်းလို့မရအောင်မြင့်လွန်းနေတယ်။
သူမငိုချင်ရင်တောင် မျက်ရည်မကျနိုင်ဘူးဖြစ်နေတယ်။ နှစ်ကြိမ်လောက်ကြိုးစားပြီးနောက် သူမ မတက်နိုင်သေးပဲဖြစ်နေပြီး သူမမျက်နှာကအနီရောင်ပြောင်းလာတော့တယ်။
ရှောင်ကျိုး ကို ကားပေါ်တင်ပေးပြီးနောက် ကားပေါ်တက်ဖို့ကြိုးစားရင်း ကျရှုံးနေတဲ့ သူမကို ကျိယန် သတိထားလိုက်မိတယ်။ အကြောင်းတစ်ချို့ကြောင့် သူမကိုကြည့်ရင်း သူရယ်ချင်စိတ်ဖြစ်ပေါ်လာတယ်။
သူမကို နှစ်စက္ကန့်လောက်ကြည့်ပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူမနားကိုလျောက်သွားလိုက်ကာ ခါးကနေပွေ့၍ ကားပေါ်ကိုတင်ပေးလိုက်တယ်။ အဲ့ဒါက ရှောင်ကျိုး ကိုချီရသလိုပဲ အရမ်းလွယ်တယ်။
ထန်ထန် ထိတ်လန့်သွားပြီးနောက် မျက်နှာကထိန်းမရပဲ နီရဲလာတယ်။ သူမ တကိုယ်လုံးပူလောင်နေသလိုခံစားလိုက်ရတယ်။ အဲ့ဒါက ယောကျာ်းတစ်ယောက်က သူမကိုပွေ့ချီတဲ့ ပထမဆုံးအကြိမ်ပဲဖြစ်တယ်။ သူမက အတတ်နိုင်ဆုံးကြိုးစားပြီး တည်ငြိမ်အောင်ထိန်းထားပေမယ့်လဲ သူမနှလုံးသားက အပြင်ကိုခုန်ထွက်လာမတတ်ခံစားနေရတယ်။
ကျိရှောင်ကျိုး သူမနဖူးကိုစမ်းလိုက်ပြီး စိုးရိမ်စွာနဲ့ပြောလာတော့တယ်
“မာမီ, နေမကောင်းဘူးလား ဘာလို့မျက်နှာက အရမ်းနီနေတာလဲ...”
ထန်ထန်ရဲ့ကိုယ်အပူချိန်ပြန်မြင့်တက်လာပြီး သူမပါးကိုလက်နဲ့အုပ်လိုက်ကာ
“ မာမီမဖျားပါဘူး မာမီက ပူလို့ပါ...”
‘’တကယ်လား အဲ့ဒါဆို သားယပ်ခပ်ပေးမယ်...”
အသေးလေးက သူ့လက်လေးတွေဖြင့် ကြိုးစားပမ်းစား ယပ်ခတ်ပေးနေတယ်...
သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ကားမောင်းသူနေရာက ကျိယန် ကိုလှမ်းကြည့်လိုက်တယ်။ သူမနဲ့အသေးလေးပြောနေတာတွေကို သူသတိမထားမိဟန်ရှိတဲ့အတွက် သူမတိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။ သူမ ရှောင်ကျိုးရဲ့ လက်လေးတွေကိုတားလိုက်ပြီး
“ ရပါပြီ... ရပါပြီ မာမီမပူတော့ပါဘူး ပေါင်ပေါင်လေးကို ကျေးဇူးတင်ပါတယ်...”
အသေးလေးက သူမအဆင်ပြေတာ သေချာမှ သူ့လက်လေးကိုရပ်လိုက်တော့တယ်။
- - - - - - - - - - - - - - - - - - -
မူကြိုကိုရောက်တဲ့အခါ အသေးလေးအထဲထိဝင်သွားတာကို သူမတို့နှစ်ယောက်သားကြည့်ပြီးတဲ့နောက် အိမ်အပြန်လမ်းတွင် ကျိယန်က မေးလိုက်တယ်
“ မင်း၀ယ်ချင်တာတစ်ခုခုရှိလား... မပြန်ခင်ဝင်ဝယ်သွားလို့ရတယ်....”
မနေ့ညက အသေးလေးက သူမနဲ့စျေးဝယ်ထွက်တုန်း အဆင်မပြေဖြစ်တာတွေကို သူ့အားပြောပြထားတယ်။ သူပြန်ရောက်နေမှတော့ သူမစျေးဝယ်တာကိုကူညီပေးနိုင်တယ်လေ။
" ရေခဲသေတ္တာထဲမှာ စားစရာတွေသိပ်မရှိတော့ဘူး။ ကျွန်မတို့နည်းနည်းလောက်ထပ်ဝယ်သင့်တယ်...”
ထန်ထန် သူပြောတာကိုလက်ခံလိုက်တယ်။ ဘာလို့လဲဆိုတော့ သူမတစ်ယောက်ထဲဆိုအဆင်မပြေနိုင်ဘူးလေ။
ကျိယန် ခေါင်းငြိမ့်ပြလိုက်ပြီး စူပါမားကတ် ကားပါကင်နေရာကို မောင်းသွားလိုက်တယ်။ သူက စူပါမားကတ်ထဲကိုဝင်တဲ့အခါမှာ သူမရဲ့အရှိန်အတိုင်းလိုက်လျောညီထွေဖြစ်အောင် ဖြေးငြင်းစွာလျောက်ပေးနေတယ်။ သူခြေတံရှည်တွေနဲ့ ခရုအရှိန်ပေါ့။
ထန်ထန်က သူ့လုပ်ရပ်ကိုသတိပြုမိလိုက်ပြီး ကျိယန် ကအရမ်းကောင်းတဲ့သူပဲလို့ တွေးနေမိတယ်။ ဆွဲဆောင်မှုရှိပြီး နားလည်ပေးတတ်တဲ့ ဒီအမျိုးသားက သူမခင်ပွန်းပေါ့။ သူမစိတ်ထဲ ချိုမြိန်မှုတွေနဲ့ပြည့်နှက်နေတယ်။
ဒီတစ်ကြိမ်တော့ သူကအသားတွေအများကြီးဝယ်လိုက်တယ်။ ကြက်သား, ဘဲသား, ငါး, အမဲသား ပြီးတော့ ၀က်သား စတာတွေပေါ့။ သူမက ကျိယန် အသားစားရတာကြိုက်တာကိုသတိထားမိတယ်။ ဒီအပိုင်းကတော့ သူတို့သားအဖနှစ်ယောက်လုံး တစ်ပုံစံတည်းပဲဖြစ်တယ်။
သူမ အသားတွေဝယ်ပြီးတဲ့အခါမှာတော့ နေ့စဉ်သုံးပစ္စည်းတွေဘက်ကို သွားလိုက်တယ်။ သတိမထားမိပဲ စျေးဝယ်တွန်းလှည်းက ပြည့်နေပြီဖြစ်တယ်။ သူမတို့က အိတ်ကြီးနှစ်အိတ်နဲ့ဆန့်အောင်ထည့်လိုက်တယ်။
သူမက တစ်အိတ်ကိုသယ်ပေးဖို့ပြင်လိုက်ချိန်မှာပဲ ကျိယန်ပြောတာကိုကြားလိုက်ရတယ်
“ မင်းအဲ့ဒါတွေကို သယ်နိုင်မှာမဟုတ်ဘူး, ကိုယ်အိတ်တွေကိုသယ်လိုက်မယ်...”
ထို့နောက် သူ အိတ်တွေကိုပေါ့ပါးစွာနဲ့ ထွက်ပေါက်ဆီကိုသယ်သွားတယ်။
မထင်မှတ်ပဲ, သူမအရင်တစ်ခေါက်က စူပါမားကပ်ကိုလာတုန်းကအချိန်ကို သတိရသွားမိတယ်။ အဲ့ဒီတုန်းကဆိုရင် သူမနဲ့အသေးလေးအတွက် တစ်အိတ်ကိုအတူတူသယ်ဖို့တောင် တော်တော်ခက်ခဲခဲ့တာပဲ။ သူမတို့နှစ်ယောက်လုံး အိမ်ကိုပြန်ရောက်တဲ့အခါမှာ ချွေးအပြည့်ဖြစ်နေခဲ့ကြတာ။ ပြီးတော့ အသေးလေးက သူ့ဒယ်ဒီပါလာရင်ကောင်းမှာပဲလို့ပြောခဲ့သေးတယ်။ အသေးလေးပြောတဲ့ အဲ့ဒီစကားကို သူမလုံး၀သဘောတူတယ်။
“အကို ကျိယန်…”
သူမတိတ်တဆိတ်ပြုံးလိုက်ချိန်မှာပဲ အမျိုးသမီးတစ်ယောက်အသံက သူမအတွေးတွေကို ဖြတ်တောက်လိုက်တယ်။