Part 14
စားသောက်ဆိုင်အပြင်အဆင်က သူမခန့်မှန်းထားတာထက် ပိုကောင်းမွန်နေတယ်။ စားသောက်ဆိုင်အတွင်းမှ တောက်ပနေတဲ့စကျင်ကျောက်ကြမ်းခင်းများက လူတိုင်းရဲ့အရိပ်ကိုရောင်ပြန်ဟပ်နေစေတယ်။ လူတိုင်းကလဲ သစ်လွင်တောက်ပနေသလို လှပတဲ့အမျိုးသမီးတစ်ယောက်ကလဲ အလယ်မှာထိုင်ပြီး ပီယာနိုတီးနေတယ်။ ဒီစားသောက်ဆိုင်က သာမာန်စားသောက်ဆိုင်မဟုတ်မှန်း သူမ ကြည့်ရုံနဲ့ ခန်းမှန်းမိလိုက်တယ်။
သူမအံ့ဩသွားရပြီး ဒီစားသောက်ဆိုင်မှာစားမယ်ဆိုရင် စျေးကြီးမယ်ဆိုတာ မေးကြည့်စရာမလိုအောင် သိနိုင်တယ်။
သူမ ကျိယန်ရဲ့လက်ကိုအမြန်ဆွဲလိုက်တယ်။
“ဘာဖြစ်လို့လဲ...”
ကျိယန် သူမကိုနားမလည်နိုင်စွာနဲ့ကြည့်လိုက်တယ်။
သူမက ၀န်ထမ်းတွေကြားသွားမှာကိုစိုးရိမ်ပြီး အနားတိုးသွားကာ သူ့နားကိုကပ်၍ တိုးတိုးလေးပြောလိုက်တယ်
“ ဒီနေရာကစျေးကြီးမယ့်ပုံပဲ အထဲမဝင်ပါနဲ့တော့ အဲ့ဒါက အလဟသဖြစ်နေလိမ့်မယ် ကျွန်မ ရှင်နဲ့ပေါင်ပေါင်အတွက် အိမ်မှာချက်ပေးနိုင်ပါတယ် ကျွန်မတို့ဒီနည်းလမ်းနဲ့ ပိုက်ဆံအကုန်အကျ သက်အောင်လုပ်လို့ရပါတယ်...’’
အခုအချိန်က ကျိယန် တစ်ယောက်တည်းကသာ အိမ်အတွက်ပိုက်ဆံရှာနေရတာဖြစ်တယ်။ ပေါင်ပေါင်နဲ့သူမရဲ့ဘ၀က သူ့အပေါ်မှီခိုနေရတာဖြစ်ပြီး အန်တီလီရဲ့လုပ်အားခကလဲရှိသေးတယ်လေ။ သူ့လစာကအများကြီးမဟုတ်ဘူး, အဲ့ဒါကြောင့် သူမတို့ပိုက်ဆံကို အလွယ်တကူမဖြုန်းသင့်ဘူး။
ထန်ထန် ကသူ့ကိုအဲ့လိုပြောမယ်လို့လုံးဝမျှော်လင့်မထားတဲ့အတွက် ကျိယန်အေးခဲသွားတယ်။ သူမက ပိုက်ဆံတွေစုဖို့နဲ့ မဖြုန်းဖို့အတွက်ကို တကယ်ကြီးတွေးနေတာပဲ။
အရင်တုန်းကဆိုရင် သူမလက်ကိုဖြန့်ပြီး သူ့ဆီကပိုက်ဆံအမြဲတောင်းနေကျ။ လစဉ်အသုံးငွေတောင် သူမကဘယ်တုန်းကမှ လုံလောက်ခဲ့တာမဟုတ်ဘူး အခုတော့သူမက…
လတ်တလောသူ့ခံစားချက်ကိုဖော်ပြဖို့က အတော်လေးခက်ခဲသွားတယ်။ ကျိယန် ပြန်ဖြေလိုက်တယ်
“ အဲ့ဒါကိစ္စမရှိပါဘူး, ဒီမှာမကြာခဏလာစားဖို့လောက်တော့ ကိုယ်တတ်နိုင်ပါသေးတယ်, ပြီးတော့ ရှောင်ကျိုးကလဲ ဒီကအစားအစာတွေကိုကြိုက်တယ်လေ...”
ရှောင်ကျိုး နာမည်ပြောလိုက်တာနှင့် သူမကတုံ့ဆိုင်းသွားပြီး
“ဒါ…ဒါဆိုရင်တော့ အဆင်ပြေပါတယ်, ကျွန်မကရေခဲမုန့်မစားတော့ပါဘူး, ရှင် ပေါင်ပေါင် အတွက်တစ်ခုပဲဝယ်လိုက်ပါ...”
ကျိယန် က ငိုရခက် ရယ်ရခက်တွေဖြစ်ကုန်တော့တယ်။ သူက ရေခဲမုန့်လောက်တော့ ၀ယ်ကျွေးနိုင်ပါသေးတယ်။ သူမက သူ့အတွက် အဲ့လောက်ကြီးပိုက်ဆံချွေတာဖို့မလိုပါဘူး။
သူတို့တွေက အဓိကစားစရာတွေကိုမှာလိုက်ပြီး ရေခဲမုန့်တွေကိုတော့ ထန်ထန် နဲ့ အသေးလေးအတွက် မှာလိုက်တယ်။
သူမ ကျိယန်လက်ကိုထပ်ဆွဲပြီး စိုးရိမ်တကြီးနဲ့ပြောလိုက်ပြန်တယ်
“ ရှင်ဘာလို့ရေခဲမုန့်နှစ်ခုတောင်မှာလိုက်တာလဲ ကျွန်မ မစားတော့ဘူးလို့ပြောထားတယ်လေ, ရေခဲမုန့်တစ်ခုစျေးက နည်းတာမဟုတ်ဘူး, အဲ့ပိုက်ဆံနဲ့ ကျွန်မဟင်းနှစ်ပွဲတောင်ချက်လို့ရတယ်...”
“…အဲ့ဒါက ဘာမှမဖြစ်ပါဘူး, ကိုယ်တတ်နိုင်ပါသေးတယ်, စိတ်မပူပဲနဲ့စားလိုက်ပါ...”
သူ့အနေနဲ့ သူမရဲ့ငွေကိုချွေတာတတ်တဲ့ ဒီလိုမမျှော်လင့်တဲ့အပြောင်းအလဲတွေကို နေသားမကျဘူးဖြစ်နေတယ်။ သူနဲ့ရှိနေတဲ့သူမက သူသိခဲ့တဲ့ ထန်ထန် မဟုတ်ဘူးဆိုတဲ့ခံစားချက်သာ ရှိနေတော့တယ်။
အသေးလေး က သူ့မာမီရဲ့အပြုအမူတွေကိုမြင်တဲ့အခါ ခဏစဉ်းစားလိုက်ပြီး သူမအကျီကိုဆွဲလိုက်ကာ
“ မာမီ, စိတ်မပူပါနဲ့, ဒီမှာစားပြီးသွားလို့ အိမ်ရောက်တဲ့အခါကျရင် ဒယ်ဒီပိုက်ဆံတွေအကုန်အကျသက်သာအောင် သားကလျော့စားပေးပါ့မယ်”
သားအဖနှစ်ယောက်လုံးက သူမကိုစားစေချင်မှတော့ သူမကသက်ပြင်းသာချလိုက်ပြီး
“ ကောင်းပါပြီ, ဒါပေမယ့် မာမီတို့အိမ်ပြန်ရောက်တာနဲ့ ရေခဲမုန့်လုပ်နည်းကိုသင်လိုက်တော့မယ်, ဒါမှ နောက်ဆိုရင်သားအတွက်လုပ်ပေးနိုင်ပြီး ပိုက်ဆံလဲသက်သာမှာ...”
သူမကြည့်ဖူးတဲ့ တီဗီအစီအစဉ်ကိုသတိရသွားတယ်။ အဲ့ဒီမှာ ဒီလိုရေခဲမုန့်လုပ်နည်းတွေကိုသူမမြင်ဖူးတဲ့အတွက် အဲ့ကနေသင်ဖို့ဆုံးဖြတ်လိုက်တော့တယ်။
ကျိရှောင်ကျိုး ခေါင်းငြိမ့်လိုက်ပြီး
“ အိုကေ မာမီ, သားအခုကစပြီး ဒယ်ဒီပိုက်ဆံတွေကိုချွေတာဖို့ ရေခဲမုန့်၀ယ်မစားတော့ဘူး...”
ကျိယန်ပြောစရာစကားတွေပျောက်ရှသွားတော့တယ်။ သူတို့စားဖို့ရေခဲမုန့်ကို အိမ်မှာလုပ်စားရတဲ့အထိ သူဘယ်လိုများဆင်းရဲသွားတာလဲ...
သားအမိနှစ်ယောက်လုံး ငွေချွေတာရေးနည်းလမ်းတွေ ဆက်ဆွေးနွေးမှာကို မခံစားနိုင်တော့တဲ့ သူ က စကားခေါင်းစဉ်ပြောင်းအောင် ရေခဲမုန့်တွေကိုသူတို့ဘက်သို့ တွန်းပို့လိုက်တော့တယ်
“ဟုတ်ပါပြီ, အရင်ဆုံးတော့စားကြရအောင်, မဟုတ်ရင် မုန့်တွေအရည်ပျော်ကုန်လိမ့်မယ်...”
ရေခဲမုန့်အရည်ပျော်မယ်ဆိုတဲ့ စကားကြားလိုက်ရတဲ့ သားအစ်မိနှစ်ယောက်လုံးက အမြန်ပဲ ကိုယ်စီဇွန်းကိုကောက်ကိုင်ကာ စတင်စားကြတော့တယ်။
ဒါက ထန်ထန် ပထမဆုံး ရေခဲမုန့်စားဖူးတာဖြစ်တယ်။ သူမတီဗီမှာမြင်ဖူးသော်လဲ အရသာကဒီလိုမျိုးဆိုတာ မသိခဲ့ဘူး။ အရသာကအဲ့လောက်ပြင်းမယ်လို့ သူမမထင်ခဲ့မိဘူး။ သူမပါးစပ်တစ်ခုလုံး အချိုတွေနဲ့ပြည့်နှက်နေပြီး ရှောင်ကျိုး ဘာလို့ဒီလောက်တောင်ကြိုက်လဲဆိုတာ သူမအံ့ဩနေမိတယ်...
အသေးလေးကရေခဲမုန့်ကို ဇွန်းအပြည့်ခပ်ယူလိုက်ပြီး Tang Tang နှုတ်ခမ်းနားကပ်လိုက်ကာ
“မာမီ, သားရဲ့စတော်ဘယ်ရီကိုစားကြည့် အဲ့ဒါကအရမ်းအရသာရှိတာ...”
သူမ စားလိုက်ပြီးတဲ့နောက် အသေးလေးအတွက် သူမရဲ့ရေခဲမုန့်ကို တစ်ဇွန်းအပြည့်ခပ်ပြီး ခွံ့ကျွေးလိုက်ပြန်တယ်, အဲ့အတိုင်းပဲ သားအမိနှစ်ယောက် အပြန်အလှန်ကျွေးနေကြတော့တယ်။
“ကျိယန်...”
အဲ့အချိန်မှာပဲ အမျိုးသမီးတစ်ယောက်အသံက သက်သောင့်သက်သာဖြစ်နေတဲ့လေထုကို နှောက်ယှက်လိုက်တော့တယ်။ ကျိယန် အနားကို လူလေးယောက်ရောက်လာတော့တယ်။
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ရယ်, အသက်ငယ်ငယ် အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ရယ်ပေါ့။ သူတို့ရဲ့၀တ်စားပုံနဲ့ အရှိန်အဝါတွေကို ကြည့်ခြင်းအားဖြင့် သူတို့ကသာမန်လူတွေမဟုတ်မှန်း သိနိုင်တယ်။
ကျိယန် က ထိုလူအုပ်ကိုတချက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲက ပျော်ရွှင်မှုတွေက ချက်ချင်းပဲ ပျောက်ရှသွားတော့တယ်။ သူရဲ့ခံစားချက်မရှိတဲ့မျက်နှာက သူတို့ကို ပြန်တုံ့ပြန်မယ့် အရိပ်အယောင်တောင်မရှိတော့ဘူး။
သက်လတ်ပိုင်းအမျိုးသမီးက ကျက်သရေရှိစွာ၀တ်ဆင်ထားပြီး ကျိယန် ရဲ့ အေးစက်တဲ့မျက်၀န်းတွေကို စိတ်ထဲမထားပေါ်နေတယ်။ အဲ့ဒီအစား သူမက ပတ်၀န်းကျင်ကိုကြည့်ပြီး ပြုံးလိုက်ကာ
“ ရှောင်ကျိုး ကိုပါခေါ်လာတာပဲ, ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ, အားလုံးအတူတူစားကြမလား တို့တွေဆုံဖို့ဆိုတာ ရှားတယ်လေ...”
ကျိယန် မျက်မှောင်ကျုတ်ပြီး အေးစက်စွာနဲ့ပြောလိုက်တယ်
“ ကျွန်တော်တို့က အဲလောက်မရင်းနှီးဘူးလို့ထင်တယ်, ကျေးဇူးပြုပြီး ကျွန်တော်တို့စားနေတာကို မနှောက်ယှက်ပါနဲ့...”
သက်လတ်ပိုင်းအမျိုးသမီးက အေးခဲသွားပြီး သူမကအနည်းငယ်ရှက်သလိုဖြစ်သွားတယ်။
ဒါကိုကြည့်ပြီး သူမဘေးမှာရပ်နေတဲ့ သက်လတ်ပိုင်းလူက ဒေါသထွက်လာတယ်။ သူက ကျိယန် ရဲ့မကောင်းတဲ့အမူအရာကို အပြစ်တင်လိုက်ပြီး
“ ဒါကိုယ့်ထက်အကြီးတွေကို ပြောတဲ့ပုံစံလား မင်းရဲ့အပြုအမူကောင်းတွေက ဘယ်မှာလဲ...’’
ကျိယန်ရဲ့ မျက်လုံးထဲ အေးခဲမှုတွေဖြတ်သွားပြီး သူ့နားကအပူချိန်တွေကလဲကျဆင်းကုန်တယ်
“ အကြီး...ခများက ဘယ်သူ့အတွက်အကြီးလဲ...ကျေးဇူးပြုပြီး စကားကိုသတိထားပြောပေးပါ တစိမ်းတွေကို ဆွေမျိုးတွေလို့အလွယ်တကူ လိုက်မသတ်မှတ်ပါနဲ့...”
“မင်း…”
သက်လတ်ပိုင်းအမျိုးသားက မျက်လုံးတွေပြူးကျယ်လာပြီး ဒေါသထွက်နေတော့တယ်။ သူ့ကိုဘယ်သူမှ ဒီလိုမျိုးမပြောရဲဘူး။
သက်လတ်ပိုင်းအမျိုးသမီးက ချက်ခင်းပဲ အဲ့ဒီအမျိုးသားကိုနှစ်သိမ့်ရန် ကျောကိုပုတ်လိုက်ပြီး
“လာပါတော့ လောင်ကျိ ကလေးကိုစိတ်ဆိုးမနေပါနဲ့တော့ အပြင်မှာပြောတာပဲ ပိုကောင်းပါတယ်...”
သူတို့အတွဲနောက်မှာရပ်နေတဲ့ အသက်ငယ်ငယ်အမျိုးသားက ကျိယန်နဲ့ထန်ထန်ကိုရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး သက်လတ်ပိုင်းအမျိုးသားကိုပြောလိုက်တယ်
“ အဖေ သူ့တို့စားနေတာကို မနှောက်ယှက်ပဲ အရင်သွားစားရအောင်...”
သက်လတ်ပိုင်းအမျိုးသားက သူ့ရင်ကိုဖိလိုက်ပြီး တစ်ချက် ဟမ့် လိုက်ကာအဝေးသို့ လျောက်သွားတော့သည်။ ကျန်တဲ့သူတွေကလဲ သူ့နောက်ကလိုက်သွားကြသည်။
အသက်ငယ်ငယ် အမျိုးသမီးကတော့ ထန်ထန် ကို အကြည့်စိမ်းတွေနဲ့တောက်လျောက် ကြည့်နေခဲ့တာဖြစ်ပြီး သူမက ထန်ထန်ကို သိနေတဲ့ပုံပေါ်တယ်။
သူမက အဲ့အကြောင်းကိုမေးကြည့်ဖို့ ခေါင်းမော့လိုက်စဉ်မှာပဲ ကျိယန် က သူမကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်နေတာကို မြင်လိုက်ရတော့တယ်။ အဲ့ဒါက သူမကို သူကစုံစမ်းနေသလိုပဲ။
“ယောကျာ်း, ဘာဖြစ်လို့လဲ...”
သူမ စိတ်ရှုပ်ထွေးစွာနဲ့မေးလိုက်တယ်။
ကျိယန် ကအဝေးသို့ အကြည့်လွှဲလိုက်ပြီး
" ဘာမှမဟုတ်ပါဘူး...”
အသေးလေးက ကျိယန် ရဲ့စိတ်အခြေအနေ မကောင်းတာကို သတိပြုလိုက်မိပြီး ရေခဲမုန့်စားနေရာမှရပ်လိုက်ကာ
“ ဒယ်ဒီ မပျော်တော့ဘူးလား... စောနကလူတွေက မကောင်းတဲ့သူတွေလား...”
ကျိယန် ကခေါင်းကိုယမ်းလိုက်ပြီး
“ ဒက်ဒီ အဲ့လူတွေကိုမသိပါဘူး ပြီးတော့ ပျော်လဲမပျော်တော့ဘူး, မြန်မြန်စားပြီး အိမ်ပြန်ကြရအောင်...”
ကလေးက ရေခဲမုန့်အပြည့်တစ်ဇွန်းခပ်လိုက်ကာ ကျိယန် နှုတ်ခမ်းနားသို့ကပ်လိုက်ပြီး
“ ဒယ်ဒီ ရေခဲမုန့်နည်းနည်းစားလိုက်, အဲ့ဒါဆို ဒယ်ဒီ့စိတ်က နေလို့ပိုကောင်းသွားလိမ့်မယ်...”
ကျိယန် စိတ်လျော့ချလိုက်တယ်။ သူ ရှောင်ကျိုး ရဲ့အပြုအမူကောင်းလေးကို မဖျက်စီးချင်တဲ့အတွက် ပါးစပ်ဟလိုက်ပြီး ရေခဲမုန့်ကိုစားလိုက်တယ်။ သူကရေခဲမုန့်တွေကို မျိုချလိုက်ပြီး အသေးလေးခေါင်းကိုပွတ်လိုက်ကာ
“ အိုကေ ဒယ်ဒီစိတ်အခြေအနေက အခုပိုကောင်းသွားပြီ, သားဘာသာစားလိုက်ဦး..."
အသေးလေးက သူ့ရေခဲမုန့်ကို ပျော်ရွှင်စွာဆက်စားနေတော့တယ်။
ထန်ထန် ကတော့ အသေးလေးလို့မဟုတ်ပေ။ ကျိယန်ကအစောကတွေ့ခဲတဲ့လူစုကိုသိမှန်း သူမခံစားမိနေတယ်။ သူတို့က သူ့ရဲ့ရန်သူတွေဖြစ်နိုင်တယ်။ မဟုတ်ရင် သူ့ ရဲ့စိတ်အခြေအနေက ဒီလောက်ဆိုးပါ့မလား။ ဒါပေမယ့် သက်လတ်ပိုင်းအမျိုးသားက အကြီးတွေလို့ ပြောသွားတဲ့အတွက် သူတို့ကတစ်ကယ်ပတ်သတ်နေမလားဆိုတာတော့ သူမမသိဘူး။
သူမရဲ့မေးခွန်းတွေကို စိတ်ထဲမှာပဲထားလိုက်တော့တယ်။ သူတို့က သူမခင်ပွန်းသဘောမကျတဲ့သူတွေ ဖြစ်နေမှတော့ သူမကလဲ သူတို့ကိုသိဖို့မလိုတော့ဘူး။ ပြီးတော့ ကျိယန် က သူတို့ကိမသိဘူးပြောတဲ့အတွက် သူမကလဲမမေးတော့ဘူး။
- - - - - - - - - - - - - - - - -
သူတိုအိမ်ပြန်ရောက်တော့ အချိန်က ည ကိုးနာရီရှိပြီဖြစ်တယ်။ ကျိယန်က ကလေးကို ရေချိုးခန်းထဲ တခါတည်းခေါ်သွားတော့တယ်။ ရေချိုးပြီးတဲ့အခါ သူတို့ကအိပ်ယာထဲဝင်ဖို့အဆင်သင့်ဖြစ်နေကြပြီး အသေးလေးက မေးလိုက်တယ်
“ ဒယ်ဒီ, သားတို့အခုလုပ်နေတဲ့ နည်းလမ်းက မကောင်းဘူးလို့ထင်တယ်...”
“ဟင်...ဘာကိုမကောင်းတာလဲ...”
သူ ရှောင်ကျိုးရဲ့ ဆံပင်ကိုလေမှုတ်ရင်းမေးလိုက်တယ်။
“သားတို့ကနှစ်ယောက်အတူတူနေပြီး မာမီကတစ်ယောက်တည်းဆိုတော့ မာမီကြောက်နေလိမ့်မယ်...”
အသေးလေးကပြောလိုက်တယ်။
“အာ...”
ကျိယန် အသေးလေးဘာလို့ ဒီလိုပြောလဲဆိုတာ နားမလည်ဘူးဖြစ်သွားတယ်။
ရှောင်ကျိုးက သက်ပြင်းချလိုက်ပြီး သူ့ခြေထောက်သေးသေးလေးတွေကို သူ့ဒယ်ဒီဗိုက်ပေါ်တင်လိုက်တယ်။
“သားတို့ကအတူတူအိပ်ကြပြီး မာမီကတစ်ယောက်တည်းအိပ်ရတာလေ, မာမီမကြောက်ပဲနေပါ့မလား...”
သူ အသေးလေးပြောတဲ့အဓိပ္ပာယ်ကို သိပေမယ့် ဘယ်လိုဖြေရမှန်းမသိလေဘူး။
ရှောုကျိုး က သူအဖေစကားပြန်တာကိုစောင့်မနေတော့ဘူး။ သူ့အဖေက ဒါကိုနားမလည်ဘူးလို့ယူဆလိုက်ပြီး
“ ဒယ်ဒီ သားတော့ မာမီကြောက်နေမယ်လို့ထင်တာပဲ ဘာလို့လဲဆိုတော့ ကျိုးရန် က သားကိုပြောဖူးတယ်။ သူ့မာမီက ညဆိုတစ်ယောက်တည်းအိပ်ရမှာကြောက်တယ်တဲ။ သူ့မာမီက သူ့ဒက်ဒီကာကွယ်ပေးတာကို လိုအပ်တယ်တဲ့။ အဲ့ဒါကြောင့် ညတိုင်းသူ့ဒက်ဒီက သူ့မာမီကိုကာကွယ်ပေးဖို့ တူတူအိပ်ပေးရတယ်တဲ့။ ပြီးတော့ အခန်းထဲမှာအိပ်ယာမလောက်လို့ ကျိုးရန် က တခြားအခန်းမှာ သူ့ဘာသာအိပ်ရတယ်တဲ့....”
သူ့မာမီဆိုရင် ကျိုးရန် ရဲ့မာမီထက်ပိုပြီးပိန်နေတာဆိုတော့ သူ့မာမီကပိုပြီးတော့ကာကွယ်ဖို့လိုမှာပဲ
ကျိုးရန် က ကျိရှောင်ကျိုးရဲ့အတန်းဖော်ပဲဖြစ်တယ်။
ကျိယန် ပြောစရာစကားပျောက်သွားတယ်။ အဲ့ကလေးရဲ့မိဘတွေက ကလေးကိုလှည့်စားတဲ့နေရာမှာတော်တာပဲ။
“ဒယ်ဒီ မာမီကမိန်းကလေးလေ, ပြီးတော့ ယောကျာ်းတွေဖြစ်တဲ့သားတို့က မာမီကိုကာကွယ်ပေးမယ်ဆိုရင် မကောင်းဘူးလား...”
သူ ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်သွားပြီး သူက စကားတစ်ခွန်းပဲပြောလိုက်နိုင်တော့တယ်
“ ဒါဆို သားမာမီနဲ့အဖော်သွားလုပ်ပေးမလား...”
အသေးလေးက လေးလေးနက်နက်နဲ့ ခဏစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်တယ်
" ဒယ်ဒီ, သားတို့နှစ်ယောက်လုံးမာမီကို အဖော်လုပ်ပေးသင့်တယ်, သားက ကလေးပဲရှိသေးလို့ မသန်မာသေးဘူး, ဒယ်ဒီက အရွယ်ရောက်နေပြီဆိုတော့ မာမီကိုပိုကာကွယ်ပေးနိုင်တာပေါ့....”
ကျိယန်မျှော်လင့်ချက်မဲ့စွာနဲ့ နားထင်ကိုနှိပ်လိုက်မိတယ်။ အမှန်ကိုမပြောနိုင်တဲ့အတွက် သူထပ်ပြောလိုက်တယ်
“ ဒါပေမယ့် ဒယ်ဒီက ဒီအခန်းထဲကထွက်ရင်အိပ်ပျော်မှာမဟုတ်ဘူး, အဲ့ဒါကြောင့် သားပဲသွားပြီး မာမီကိုအဖော်လုပ်ပေးလိုက်ပါလား, ဒါဆိုသားမာမီ ကြောက်တော့မှာမဟုတ်ဘူးလေ...”
“အာ... ဒါဆို…”
အသေးလေးက ခေါင်းကိုကုတ်နေပြီးနောက် ရုတ်တရက်အကြံရသွားပြီး
“ ဒါဆို မာမီကိုဒီမှာပဲ အိပ်ဖို့ခေါ်လိုက်ရအောင် အဲ့လိုဆိုရင် ဒယ်ဒီလဲအိပ်ပျော်ပြီလေ, ပြီးတော့ မာမီ့ကိုလဲ သားတို့တူတူကာကွယ်လို့ရတာပေါ့...”
ဒါက ကျိယန် သူ့သားရဲ့လိမ်မာပါးနပ်မှုကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရတဲ့ ပထမဆုံးအကြိမ်ပဲ။ ဒါကြောင့် သူကတခြားဆင်ခြေတစ်ခုထပ်ပေးလိုက်တယ်
“ မရဘူး မာမီကလဲ တခြားအခန်းထဲမှာဆိုရင် အိပ်ပျော်မှာမဟုတ်ဘူးလေ, အဲ့ဒါကြောင့် သားပဲသွားပြီး မာမီနဲ့အဖော်လုပ်ပေးလိုက်ပါ...”
“တကယ်လား... အဲဒါဆို သားမာမီကိုသွားမေးလိုက်ဦးမယ်...”
ထို့နောက်, အသေးလေးက အိပ်ယာပေါ်ကနေခုန်ချကာ ထန်ထန် အခန်းဆီသို့ပြေးသွားတော့တယ်။ သူကအရမ်းအလျင်လိုနေတာကြောင့် သူ့ဖိနပ်အပါးလေးကိုစီးဖို့တောင် မေ့သွားတော့တယ်။
ထန်ထန် က မအိပ်သေးပေ.အဲ့ဒါကြောင် ဘောင်းဘီပဲဝတ်ထားတဲ့အသေးလေးက တံခါးခေါက်သံနှင့်အတူ ပြေး၀င်လာတာကို တွေ့လိုက်ရတဲ့အတွက် ရုတ်တရက်သူမလန့်သွားပြီး
“ပေါင်ပေါင် ဘာဖြစ်လို့လဲ...”
ပောင်ပောင်က အိပ်ယာပေါ်ကို အလောတကြီးတက်လိုက်ပြီး သူမ ရဲ့လက်ကိုကိုင်ရင်း
“ မာမီ, ဒီအခန်းမှာ အိပ်မှဖြစ်မှာလား...”
“ဟမ်...ဘာလို့မေးတာလဲ...”
“မာမီက ဒီအခန်းထဲမှာပဲအိပ်လို့ပျော်တယ်လို့ ဒယ်ဒီကပြောတယ်, အဲ့ဒါကြောင့် သားတို့တူတူ ဒယ်ဒီအခန်းမှာအိပ်လို့မရဘူးတဲ့, အဲ့ဒါဟုတ်လား မာမီ...”
သူမ မျက်နှာက အနီရောင်သို့ပြောင်းသွားပြီး ဘာတွေဖြစ်လဲဆိုတာကို သူမခန်းမှန်းနိုင်လိုက်တယ်
“ အမ်း…မာမီကဒီအခန်းထဲမှာပဲ အိပ်လို့ပျော်တာ...”
“အိုး... အဲ့လိုလား”
ကျိရှောင်ကျိုး စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်မိတယ်။ သူ့မိဘတွေနဲ့အတူတူအိပ်ချင်တဲ့ သူ့အိမ်မက်လေးကပျက်စီးသွားပါပြီ။ သူကခံစားသွားရပြီး
“ အဲ့ဒါဆို သားမာမီနဲ့ပဲအိပ်တော့မယ်, သားကယောကျာ်းတစ်ယောက်ပါ, သားမာမီကိုကာကွယ်နိုင်တယ်...”
သူမရှောင်ကျိုးပြောတဲ့စကားတွေကို နားလည်ဖို့ကြိုးစားနေတုန်း သူကအခန်းထဲက ပြေးထွက်သွားပြန်တယ်။ ထို့နောက် ခဏအကြာမှာ သူ့ရဲ့ခေါင်းအုံးသေးသေးလေးကိုသယ်လာပြီး သူမအိပ်ယာပေါ်ကို တက်လာတော့တယ်။
သူမ ခေါင်းအုံးတစ်ဖက်နဲ့ ကုတင်ပေါ်သို့ တက်ဖို့ခက်ခဲစွာကြိုးစားနေတဲ့ အသေးလေးကို ကူညီလိုက်တယ်။
အသေးလေးက သက်ပြင်းချရင်းနဲ့ သူ့ခေါင်းအုံးကို ထန်ထန့် ခေါင်းအုံးဘေးနားမှာ နေရာချလိုက်တယ်။ စိတ်ကျေနပ်စွာနေရာချပြီးတဲ့နောက် သူ့ရင်ဘတ်ကိုပုတ်လိုက်ရင်း
“မာမီအတွက်သားက ဒီနေ့ညအဖော်လုပ်ပေးမယ်, မာမီကြောက်ဖို့မလိုတော့ဘူး...”
သူမဘယ်တုန်းက တစ်ယောက်တည်းအိပ်ရတာ ကြောက်ဖူးလို့လဲ...
“သားဒယ်ဒီနဲ့ ဒီညတူတူမအိပ်တော့ဘူးလား...”
ရှောင်ကျိုး အနည်းငယ်၀မ်းနည်းစွာနဲ့ ပြန်ဖြေလိုက်တယ်
“ဒယ်ဒီက ယောကျာ်းတစ်ယောက်ပါ, သူတစ်ယောက်တည်းအိပ်ရလို့ ကြောက်မှာမဟုတ်ပါဘူး, ဒါပေမယ့် မာမီကျတော့မိန်းကလေးလေ, မာမီကြောက်မှာစိုးလို့ သားကမာမီကိုကာကွယ်ပေးရမှာ...”
သူမ ချိုမြိန်မှုတွေနဲ့ပြည့်နှက်သွားတော့တယ်။ သူမက အသေးလေးကိုဖက်လိုက်ပြီး နဖူးလေးကိုနှစ်ကြိမ်နမ်းလိုက်ကာ
“မာမီရဲ့အဖိုးတန်လေးက တကယ်ကိုကောင်းတာပဲ, မာမီသားကိုချစ်တယ်...”
အမှန်တကယ်တော့, သူမ ပေါင်ပေါင် နဲ့အိပ်ချင်နေတာပဲဖြစ်တယ်။ နောက်ပြီးတော့ ကလေးက လေးနှစ်တောင်မပြည့်သေးတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်းအိပ်တာက သူမကိုစိုးရိမ်စိတ်ဖြစ်စေတယ်။ ညဘက်တွေဆို စောင်ကိုကန်ထုတ်ပစ်ပြီး အအေးမိမှာ, အိပ်ယာပေါ်ကပြုတ်ကျမှာတွေကို စိုးရိမ်မိတဲ့အတွက် ညဘက်တွေဆို သူမခဏခဏသွားကြည့်ရတယ်။ သူမကလဲ သူ့ကိုသူမနဲ့လာအိပ်ဖို့မပြောရဲတဲ့အတွက် အခုလိုသူ့ဘာသာ လာအိပ်တဲ့အတွက်အရမ်းကိုပျော်နေမိတယ်။ အသေးလေးနားလည်မှုလွဲပြီး သူမတစ်ယောက်တည်းအိပ်ရမှာ ကြောက်တယ်ဆိုတာကိုလဲ သူမအနေနဲ့ဘာမှမဖြစ်လေဘူး။
အသေးလေးက သူမကိုပြန်နမ်းပြီး ရှက်သံလေးနဲ့
“သားလဲ မာမီကိုချစ်တယ်...”
“ဘယ်လိုတောင် ချစ်ဖို့ကောင်းနေတာလဲ..
.”
သူမ သူ့ကိုထပ်ဖက်ထားလိုက်မိတယ်။ သူကအရမ်းနူးညံ့ပြီး နို့နံ့လေးသင်းနေတာပဲ။ သူမ သူ့ရဲ့အသားပြည့်နေတဲ့ကိုယ်လုံးလေးကို မဖျစ်ညှစ်ပဲ မနေနိုင်ဘူးဖြစ်နေတယ်။
ရှောင်ကျိူး က ရယ်လိုက်ပြီး သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့
“မာမီ, တော်ပါတော့ ဆက်ပြီးဖက်ထားရင် သားပိန်သွားတော့မယ်...”
“ဟား..ဟား... အဲ့ဒါဆို ဝိတ်ချပြီးသားဖြစ်သွားတာပေါ့, သားဒယ်ဒီက သားကို၀လာတယ်လို ပြောနေတာနော်...”
ထန်ထန် ထပ်ပြီး သူ့အသားတွေကို ဖျစ်ညှစ်ဖို့ကြိုးစားနေပြန်တယ်။ သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။
“ခိခိ...သားဝိတ်ချဖို့မလိုပါဘူး, သားရဲ့ ပြည့်ပြည့်ဖောင်းဖောင်းပုံစံလေးက ချစ်ဖို့ကောင်းတာကို...”
သူကမ၀ပါဘူး သူကချစ်ဖို့ကောင်းတာပါနော်...ဟုတ်ပြီလား...
“ဟားဟား... ဟုတ်တာပေါ့, သားက အရမ်းချစ်ဖို့ကောင်းတာ...”
သူမ သဘောတူလိုက်တယ်။
မျက်နှာသာပြန်ပေးတဲ့အနေနဲ့ ကလေး ကလဲ သူမကိုမြှောက်ပြောလိုက်ပြန်တယ်
“ မာမီ မာမီလဲ အရမ်းချစ်ဖို့ကောင်းတာပဲ...”
အသေးလေးက အမှန်အတိုင်းပြောတာ မဟုတ်မှန်း သူမသိပေမယ့်လဲ အပြုံးတွေနဲ့တုန့်ပြန်လိုက်တယ်။
အလောတကြီးနဲ့ အခန်းထဲပြန်ဝင်လာတဲ့ အသေးလေးက တံခါးကိုပိတ်ဖို့မေ့ခဲ့တဲ့အတွက် ရေခပ်ဖို့ထွက်လာတဲ့ ကျိယန်က သူတို့သားအမိတွေ အရှက်မရှိ အပြန်အလှန်မြှောက်ပင့်ပြောဆိုနေတာကို အတိုင်းသားကြားလိုက်ရပြီး နှုတ်ခမ်းတွေကော့တက်သည်အထိ သူပြုံးလိုက်မိတယ်။