အခန်း(၃)ကိုယ်ပိုင်နေရာလွတ်(၃)
Viewers 40k

အခန်း(၃) - ကိုယ်ပိုင်နေရာလွတ် (၃)


ဤတောင်းမျိုးသည် အတော်လေးကြီးမားပြီး ကြက်ဥများစွာဆန့်လေသည်။ ကြက်ဥတစ်ခြင်းတောင်းလျှင် အလေးချိန် ၄၅ပေါင်ရှိတယ်လို့ ဒေါ်ကြီးပြောတာကို ကြားဖူးသည်။


ကြက်ဥ ၁ပေါင်လျှင် ၈ယွမ်ခန့်ကျသင့်ပြီး မူလက ၈.၂ယွမ်ကျတာဖြစ်သည်။ ကြက်ဥခြင်း ၂ခြင်းတွင် ပေါင်၉၀ အလေးချိန်ရှိသော ကြက်ဥများသည် အခွန်လွတ်ကြက်ဥများဖြစ်ပြီး ယွမ် ၇၀၀ကျော်ကုန်ကျသည်။ လျှော့စျေးရတာကိုတောင် စျေးကြီးနေတုန်းပါပဲ။

  

ထုံးစံအတိုင်း ကြက်ဥ ၂ခြင်းက လင်းချင်းဟယ်ကို စိတ်မကျေနပ်နိုင်စေပေမယ့် အဆင်ပြေတယ်လို့ ခံစားနေရတုန်းပါပဲ။ သူမသည် စာရင်းစာရွက်ထဲက ကြက်ဥဟုရေးသားထားကို ဖျက်လိုက်သည်။


ထိုအချိန်၌ မနက်စာဆိုင်မှဒေါ်ကြီးက ဖုန်းခေါ်လာသည်။ လင်းချင်းဟယ်က မနက်စာဆိုင်သို့ ပြန်လာခဲ့သည်။ သူမသည် ဒေါ်ကြီးအား အပြုသဘောဆောင်သောမှတ်ချက်အချို့ကို‌ ပေးခဲ့သည်။ ဒေါ်ကြီးကို ချီးမွှမ်းပြီးနောက်မှာ ပေါက်စီတွေထည့်ထားတဲ့ ဖော့ဗူးကြီးများကို ယူဆောင်သွားခဲ့သည်။

 

ဤဖော့ဗူး၏အရွယ်အစားသည် မကြီးမားသော်လည်း ထုထည်မှာ မသေးငယ်ပါ။ ဖော့ဗူးတစ်ခုလျှင် ပေါက်စီ အလုံးငါးဆယ်ဆန့်သည်။ ပေါက်စီ အလုံး ၃၀၀ကို ဖော့ဗူး ၆ဗူးတွင် အပြည့်ထည့်ထားပြီး ခရီးနှစ်ကြောင်းခန့် သယ်ဆောင်လိုက်ရသည်။


သို့သော်လည်း လင်းချင်းဟယ်သည် ပေါက်စီများကို လိုချင်နေသေးသဖြင့် သူမသည် နောက်ထပ် အခုငါးရာကို မနက်ဖြန်နံနက်အတွက် ကြိုတင်မှာယူခဲ့သည်။

 

အဒေါ်ကြီးသည် ထိုလုပ်ရပ်၏နောက်ကွယ်က အကြောင်းရင်းကို နားမလည်ပေမယ့် လင်းချင်းဟယ်က စပေါ်ငွေ ယွမ် ၁၀၀၀ပေးခဲ့တဲ့အတွက် သူမ အဆင်သင့်ပဲ သဘောတူလိုက်ပြီး ဟန်ပန်မများနေတော့ပါဘူး။ မနက်ဖြန်နံနက်မှာ မုန့်လာယူရန်အတွက် ယခုအချိန်‌လောက်ကိုပင် ချိန်းဆိုခဲ့သည်။ ထိုအချိန်လောက်တွင် သူမသည် ၎င်းတို့အားလုံးကို တူညီသောဖော့ဗူးများဖြင့် ထုပ်ပိုးထားပြီး ဖြစ်ပေလိမ့်မည်။


လင်းချင်းဟယ်က သူတို့စားသောက်ဆိုင်က လူသိများသောဆိုင်ဖြစ်၍ သူမက မည်သည့်အရာကိုမျှ မှားယွင်းလုပ်ဆောင်မှာမဟုတ်ဘူးလို့ ယုံကြည်ပေးခဲ့သည်။


ထို့နောက် ကားမောင်းထွက်ကာ စျေးသို့ပြန်သွားခဲ့ပြန်သည်။ အဘယ်ကြောင့်ဆိုသော် သူမက အဲ့ဒီမှာ ကြက်ဥခြင်းနှစ်ခြင်း ထပ်မံမှာယူထားခြင်းကြောင့်ပင်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် လင်းချင်းဟယ်သည် ကြီးမားသောလှုပ်ရှားမှုတစ်ခုကို မပြုလုပ်ဝံ့ပေ။


ဒီအချိန်မှာ စျေးဖွင့်ပြီး မကြာခင်အချိန်မှာ စျေးဟာ စည်ကားအသက်ဝင်လာခဲ့သည်။


လင်းချင်းဟယ်သည် ဝက်သားရောင်းသည့်နေရာကို လိုက်ရှာလိုက်သည်။ သူမရဲ့ကံက အတော်လေးကို ကောင်းမွန်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူမတွေ့ရတဲ့ဝက်သားက ဒေသတွင်းဝက်သားများဖြစ်သောကြောင့်ပင်။ ဒီအမျိုးအစားက အဆီမများပဲ အရသာကောင်းမွန်လှသည်။ ဝက်သားကို သိပ်မကြိုက်နှစ်သက်တဲ့သူဆိုရင်တောင်မှ ဒီဝက်သားမျိုးကိုတွေ့ရင် အနည်းငယ်လောက်တော့ ဝယ်ယူကြသည်။


ဒါ့ပေမယ့် ထိုဝက်သားစျေးနှုန်းက နည်းနည်းလေးတော့ စျေးကြီးတယ်။ သို့ပေမယ့် လင်းချင်းဟယ်ကတော့ ထိုစျေးနှုန်းလောက်ကို ဂရုမစိုက်ဘူး။


မူလက လင်းချင်းဟယ်သည် အမျိုးအစားအနိမ့်ကိုသာ ဝယ်ယူဖို့စဥ်းစားမိသော်လည်း ဒီဝက်သားအမျိုးအစားကိုမြင်တွေ့လိုက်ရတော့ ထိုအမျိုးအစားအနိမ့်ကိုဝယ်ယူဖို့ကို စိတ်ထဲမှထုတ်ပစ်လိုက်သည်။ လင်းချင်းဟယ်ဟာ ချက်ချင်းပဲ နံရိုးတစ်ခြမ်း၊ ဝက်ဗိုက်သား၊ အဆီနည်းတဲ့အသား၊ အဆီများတဲ့အသားနဲ့ ပထမတန်းစား မိုးခိုသားတို့လို သူမအကြိုက်တွေကို ရွေးချယ်ဝယ်လိုက်တယ်။ ဒီလိုမျိုးပဲ နောက်ထပ်ဝက်သားဆိုင်များမှာလည်း ထပ်တူညီစွာ ထပ်မံဝယ်ယူခဲ့သည်။ 


ထို့သို့သောအခြေအနေကြောင့် ဝက်သားဆိုင်အချို့၏သူဌေးများက ပဟေဠိဖြစ်ကာ သူမကို ဘာအတွက်ဝယ်ယူတာလဲလို့ မေးခွန်းထုတ်လာကြသည်။


“ဒီနေ့ အမေ့ဖက်မှဆွေမျိုးသုံးဦးက ပျော်ပွဲရွှင်ပွဲလုပ်ကြတယ်လေ။ အစကတော့ ဝက်သားပေါ်တဲ့နေရာကနေ ကြိုတင်မှာယူထားပေမယ့် ဝက်သားပေါ်တဲ့သူက တခြားသူကို ရုတ်တရတ် ရောင်းစားလိုက်တယ်။ ဒါက အရေးပေါ်အခြေအနေဖြစ်သွားလို့ သူတို့က ကျွန်မကို ဝယ်ယူပေးဖို့ အကူအညီလာတောင်းကြတယ်။” လင်းချင်းဟယ်က ကူကယ်ရာမဲ့စွာ ရှင်းပြလိုက်သည်။ “ကျွန်မ ထပ်ရှင်းပြဖို့ အချိန်မရှိတော့ဘူး။ ကျွန်မကို နံရိုလေးကို မြန်မြန်လှီးပေးပါဦး။ ဝက်ဗိုက်သားနဲ့ အဆီများတဲ့အသား ရောနှောနေတာကို မပူနဲ့။ ကျွန်မကို သူတို့အကုန်လုံး ပေါင်းချိန်ပေးပြီး ထုတ်ပိုးပေးလိုက်ပါ။”


ဝက်သားဆိုင်ရှင်တချို့က အခြားဝက်သားဆိုင်က သူတို့ကတိပေးထားတာကို ကတိဖြတ်ပြီး အခြားသူကိုရောင်းချလိုက်တယ်ဆိုသောစကားကို သူတို့သေချာနားမလည်သော်လည်း နောက်ထပ်ရှင်းပြမယ့်ပုံမမြင်ရသောကြောင့် ပါးစပ်ပိတ်ထားလိုက်ကြသည်။ 


ဘာလို့ ဝက်သားကို ရုတ်တရတ် အများကြီးဝယ်ရတာလဲ။


မင်္ဂလာပွဲများတွင်သာ ဝက်သားကို များများအသုံးပြုနိုင်တာဖြစ်သည်။


ထို့ကြောင့် သူတို့ဟာ သူမလိုချင်သည့်အသားများနှင့် နံရိုးများကို မဆိုင်းမတွခုတ်ထစ်ကာ ချင်တွယ်ပေးလိုက်ကြသည်။


လင်းချင်းဟယ်သည် ဝက်သားဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် ငွေရှင်းလိုက်သည်။ နံရိုးတစ်မျိုးတည်းကတင် ပေါင်၈၀လောက်ရှိပြီး တစ်ပေါင်လျှင်၂၅ယွမ် ကုန်ကျသည်။ နံရိုးတစ်မျိုးတည်းကပင် ယွမ်၂၀၀၀ကုန်ကျခဲ့သည်။


ဝက်ဗိုက်သား၊ အဆီနည်းတဲ့အသားနှင့် အဆီများတဲ့အသားများကိုလည်း ဝယ်ယူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမအကြောင်းပြသည့် ပျော်ပွဲရွှင်ပွဲများတွင် ထိုအသားများကို ချက်ပြုတ်ပြင်ဆင်ကျွေးမွေးကြောင်းကို သူမ ကြားဖူးလို့ပါပဲ။


တစ်ကြိမ်တည်းအများကြီးဝယ်ယူသောကြောင့် ယွမ်ငွေအနည်းငယ်လောက် သက်သာသော်လည်း ကုန်ကျစရိတ်ဟာ မသေးငယ်လှပါ။


လင်းချင်းဟယ်သည် သူတို့ကို ထိုဝက်သားများအား ကားပေါ်သို့ကူသယ်ပေးရန် အကူအညီတောင်းခဲ့သည်။


သူမသည် နေရာတော်တော်ဝေးဝေးအထိ ကားကို မောင်းနှင်သွားခဲ့သည်။ လင်းချင်းဟယ်သည် အနီးအနားမှာ မည်သူမျှမရှိကြောင်းကို သေချာစစ်ဆေးပြီးနောက် နံရိုးများနှင့် အသားများကို နေရာလွတ်ထဲသို့ ချက်ချင်းထည့်လိုက်သည်။


ဝက်သားများနှင့် နံရိုးတွေရဲ့ ကုန်ကျစရိတ်အားလုံးပေါင်းဟာ ယွမ်၅၀၀၀ကုန်ကျခဲ့သည်။


ပေါက်စီများနှင့် ကြက်ဥများကို ဝယ်ယူစရိတ်အပါအဝင်ဆို သူမသည် ယွမ်၄၅၀၀၀နီးပါး သုံးစွဲခဲ့ပြီးပြီ။


လင်းချင်းဟယ်သည် သူမစာရင်းစာရွက်ထဲမှ အသားဟူသောနာမည်ကို ဖျက်လိုက်သည်။ နံရိုးနဲ့ ဝက်သားများက အချိန်တော်တော်ကြာစားဖို့အထိ လုံလောက်ပါတယ်။ တခြားအသား၊ ကြက်၊ ဘဲ၊ ငါး စသည်တို့ကို မေ့ထားလိုက်သည်။ သူမမှာ ပိုက်ဆံအများကြီးမရှိဘူး။ ပိုက်ဆံအများကြီးရှိရင်တောင်မှ နေရာလွတ်က စတုရန်းဆယ်မီတာလောက်သာ ကျန်တော့သည်။ နေရာက အကန့်အသတ်ရှိနေ၍ အများကြီး မဆန့်နိုင်တော့ပေ။


လင်းချင်းဟယ်သည် အမှန်တကယ်ဖြစ်ပွားနိုင်သည့် အခြေအနေအတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်နေရသည်။


စျေးကိုတော့ သူမ မသွားတော့ဘူး။ ထိုအစား သူမသည် မြို့နှင့်အလှမ်းဝေးသော လက်ကားစျေးရုံကြီးဆီသို့ ကားမောင်းသွားခဲ့သည်။


လင်းချင်းဟယ်သည် အဆင့်မြင့်ဆန်အိတ်၅၀ ဝယ်ယူလိုက်သည်။ တစ်အိတ်လျှင် ၂၀ကျင်း (၁၀ ကီလိုဂရမ်)ပါဝင်ပြီး အဆင့်မြင့်ဆန်များကို လုံခြုံစိတ်ချရသည့်အိတ်များဖြင့် ထုပ်ပိုးထားသည်။


လက်ကားဆန်ဆိုင်မန်နေဂျာက သူမကို သူမကိုယ်ပိုင်စတိုးဆိုင်တစ်ခုဖွင့်တော့မှာလို့ပင် ထင်ခဲ့သည်။ သူက လင်းချင်းဟယ် ဆန်များကို အများကြီး ဘာကြောင့်ဝယ်ယူတာလဲဆိုတာကို သိချင်သောကြောင့် မနေနိုင်ပဲ မေးမြန်းကြည့်မိသည်။


လင်းချင်းဟယ်က ဤသို့ဝယ်ယူရတာက လုပ်ငန်းခွင်မှ လူတိုင်းကို လက်ဆောင်ပေးဖို့အတွက် ဝယ်ယူခိုင်းတာဖြစ်ကြောင်း ရှင်းပြခဲ့သည်။


ဆန်အိတ်၅၀အပြင် ထိပ်တန်းအရည်အသွေးမြင့်ဂျုံအိတ်၅၀ကိုလည်း ထပ်မံမှာယူခဲ့သည်။


များများစားစားဝယ်ယူသည့်အတွက် လက်ကားစျေးနှင့်ရသောကြောင့် စျေးအရမ်းမကြီးဘူး။


အဲ့ဒီဆိုင်မှာပင် မြေပဲဆီပါတင်ထားသည်။ သူမသည် ပန်းတံဆိပ်အမျိုးအစား မြေပဲဆီတစ်မျိုးတည်းကိုသာ ဝယ်ယူခဲ့သည်။ ထိုအမှတ်တံဆိပ်ဟာ အရမ်းစျေးကြီးပေမယ့် ဆီအရမ်းသန့်တယ်။


သူမကိုယ်တိုင်လည်း ထိုအမှတ်တံဆိပ်ကို အသုံးပြုနေတာဖြစ်သည်။ ဆီတစ်ပုံးလျှင် ၅ကီလိုခွဲပါရှိပြီး ၁၁ကျင်းနဲ့ညီမျှသည်။ သူမသည် လက်ကားစျေးကိုကြည့်လိုက်သည်။ ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် သူမသည် ဆီ၅ပုံး ဝယ်ယူခဲ့သည်။ လက်ကားစျေးဖြင့်ဝယ်ယူခဲ့တာကိုတောင်မှ တစ်ပုံးကို ယွမ်၁၀၀လောက် ကုန်ကျသည်။


ဆီ၅ပုံးကို ယွမ်၆၀၀နီးပါးကုန်ကျခဲ့သည်။


ဆန်တစ်အိတ်၏လက်ကားစျေးမှာ ၄၅ယွမ်ဖြစ်ပြီး လက်လီစျေးမှာ ယွမ်၆၀ဖြစ်သည်။ ဆိုလိုတာက ၁၅ယွမ်လောက် သက်သာသည်။


ဒါပေမယ့် ဆန်အိတ်၅၀က ယွမ်၂၂၀၀ကျော်ကုန်ကျပါသည်။

ဂျုံစျေးကလည်း ဆန်စျေးနဲ့အတူတူ‌လောက်ပါပဲ။ ဂျုံအိတ်၅၀ကို ယွမ်၂၀၀၀ကျော်လောက် ကုန်ကျခဲ့သည်။


ဒါတွေအားလုံးပေါင်းလိုက်ရင် ယွမ်၅၀၀၀နီးပါးလောရှိသည်။


လင်းချင်းဟယ်သည် သူမခေါင်းထဲမှာ တွက်ချက်ကြည့်လိုက်ပြီး သူမနေရာလွတ်ကိုလည်း ထပ်မံအကဲဖြတ်လိုက်သည်။ ကြက်ဥ ၂ခြင်း၊ ဝက်သား ၈တောင်းနှင့် အသင့်စားပေါက်စီဖော့ဗူး ၈ဗူးတို့ရှိသည်။ ၎င်းတို့ကြောင့် နေရာလွတ်ဆယ်စတုရန်းမီတာ၏ ခုနှစ်ပုံငါးပုံလောက်သာ ကျန်တော့သည်။ 


ဆန်အိတ်များ၊ ဂျုံအိတ်များနှင့် မြေပဲဆီများကိုနေရာချပြီးနောက် ခုနစ်ပုံသုံးပုံခန့်သာ နေရာလွတ်ကျန်တော့သည်။ 


သူမသည် လက်ကားမန်နေဂျာကို ကုန်ပစ္စည်းများအား မီနီဘတ်စ်ပေါ်သို့တင်ပေးရန် လူများကို ခေါ်ခိုင်းလိုက်သည်။ ဒါပေမယ့် ကုန်စည်တွေကအရမ်းများနေသောကြောင့် မီနီဘတ်စ်မှာ အလုံးစုံ မဝင်ဆန့်နိုင်ခဲ့ပါ။


လင်းချင်းဟယ်သည် ကုန်စည်တစ်ဝက်ကိုတင်ကာ သူမ၏လုပ်ငန်းခွင်သို့ ပြန်လည်ပို့ဆောင်မည်ဟု ဆုံးဖြတ်လိုက်ပြီး နောက်နာရီဝက်အကြာတွင် ပြန်လာခဲ့မည်ဟု မှာကြားခဲ့သည်။ လက်ကားမန်နေဂျာက ကိစ္စမရှိဘူးလို့ဆိုပြီး သူမအား ပြေစာတစ်စောင် ရေးပေးလိုက်သည်။


လင်းချင်းဟယ်သည် မထွက်ခွာခင်မှာ ဆန်အိတ်၅၀နှင့် မြေပဲဆီ၅ပုံးတို့ကို သယ်ယူသွားခဲ့သည်။ လမ်းတစ်ဝက်မှာ ကုန်စည်များကို နေရာလွတ်ထဲသို့ ပို့ဆောင်လိုက်သည်။


ပြီးတော့ စာရင်းစာရွက်မှာ ဆီနှင့်ဆန်ဟူသောအမည်များကို ဖျက်ပစ်လိုက်သည်။ 


အရောင်းမန်နေဂျာတစ်ဦးအနေဖြင့် လင်းချင်းဟယ်သည် တစ်နေ့တာ၏အချိန်များကို အများဆုံးအသုံးပြုရန် ကျွမ်းကျင်လိမ္မာခဲ့သည်။


လမ်းတစ်ဝက်တွင် သူမသည် ဦးတည်ရာနေရာပြောင်းပြီး မြို့နယ်ဆေးရုံဘေးရှိ ဆေးဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။ သူမသည် အရင်က ဤဆေးဆိုင်သို့ တစ်ကြိမ်သွားရောက်ဖူးပြီး သူတို့ဆိုင်တွင် ဆေးပစ္စည်းစုံလင်လှသည်။ ဆေးပစ္စည်းတွေက အတော်စျေးကြီးလှသည်။ တစ်ကြိမ်တစ်ခါသာ ဝယ်ယူခဲ့ဖူးသော်လည်း ယွမ်အနည်းငယ်ခန့် ကုန်ကျခဲ့ရသည်။


ယခုမူ လင်းချင်းဟယ်သည် ထိုအကြောင်းကို အလေးမထားနိုင်တော့ပေ။